စူးရှသည့် မျက်လုံးများ
Vol. 6 Ch. 80
ကောင်တာနောက်ဖက် အတွင်းပိုင်းကို ရောက်မှသာ စာအုပ်ဆိုင်မှာ ထင်သလောက် ကျဉ်းမြောင်းခြင်း မရှိကြောင်း ကာရိုလိုင်း သတိထားမိလိုက်သည်။
ကောင်တာနောက်ဖက်တွင် စာအုပ်စင် ၁၃ တန်း ရှိပြီး တစ်ခုချင်းစီမှာ အနည်းဆုံး ငါးမီတာ ရှည်လျားသည်။ မှိန်ပြပြ အလင်းရောင်၊ ပြွတ်ကြပ်ညပ်နေသည့် စီစဉ်မှုနှင့် ကြမ်းပြင်ပေါ်ရှိ စာအုပ်ပုံများကြောင့်သာ ဆိုင်တစ်ခုလုံး ကျဉ်းကျပ်နေသကဲ့သို့ ထင်ရခြင်း ဖြစ်သည်။
သူမ စာအုပ်စင်တန်းများကို ဖြည်းညှင်းစွာ ဖြတ်လျှောက်လာခဲ့ပြီး၊ စီတန်းထားသည့် စာအုပ်များ၏ ကျောဖုံးများဆီသို့ အကြည့်များ ရောက်ရှိသွားခဲ့သည်။
ကွယ်လွန် ဝိညာဉ်များ၏ စာအုပ် ၊ အိပ်မက်ထဲတွင် ဝှက်ထားသော ပန်းကို ရှာဖွေခြင်း ၊ အတိတ်၏ အရိပ်များကို လိုက်ခြင်း...
စာအုပ်တိုင်း၏ ခေါင်းစဉ်များမှာ သူမကို ရင်တဒိတ်ဒိတ် ခုန်စေခဲ့သည်။ ၎င်းတို့မှာ အစီရင်ခံစာများတွင် ဖော်ပြထားခြင်းမရှိသည့် အကြောင်းအရာများ ဖြစ်သည်။ ကာရိုလိုင်း တစ်ယောက် စိတ်လှုပ်ရှား နေခဲ့သော်လည်း စိတ်ခံစားမှုများကို ထိန်းချုပ်ထားခဲ့ကာ စာအုပ်များကို ကျပန်း ကောက်ယူခြင်းမရှိခဲ့ပေ။
နောက်ဆုံး၌ သူမ၏ အကြည့်များမှာ 'စူးရှသည့် မျက်လုံးများ' ဟု ခေါင်းစဉ်တပ်ထားသည့် စာအုပ်တစ်အုပ်ပေါ်သို့ ကျရောက်သွားသည်။
၎င်းက… စုံစမ်းထောက်လှမ်းခြင်းဆိုင်ရာ ကျွမ်းကျင်မှုနှင့် သက်ဆိုင်နေသည့် စာအုပ်တစ်အုပ် ဖြစ်နိုင်မည်လော။
ကုန်ပစ္စည်းများနှင့် သတ္တဝါများ၏ ခြိမ်းခြောက်မှုတို့ ကဲ့သို့သော အရာများ၏ အဆင့်ကို အကဲဖြတ်ခြင်းမှာ ကာရိုလိုင်း လုပ်နေသည့် အလုပ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ သူမအတွက် ၎င်းက အလွန်အရေးကြီးသော စွမ်းရည်တစ်ခုဖြစ်သည်။
ကာရိုလိုင်း သေသေချာချာ မသိပါချေ။ သူမ စာအုပ်ကို ကောက်ယူလိုက်ကာ အသက်ပြင်းပြင်း ရှူသွင်းရင်း ဖွင့်ဖတ်လိုက်သည်။
ရုတ်တရက်... ခန္ဓာကိုယ်ပေါ်ရှိ အမွေးအမျှင်များက ထောင်မတ်လာကာ နောက်ကွယ်မှ မျက်လုံးတစ်စုံက သူမကို စိုက်ကြည့်နေသကဲ့သို့ ခံစားလိုက်ရသည်။ ထို့နောက်တွင်တော့ တားမြစ်ဘာသာစကား တစ်ခုမှာ သူမ၏ ကိုယ်ပိုင်အသိဉာဏ်ကို လွှမ်းမိုး သွားခဲ့တော့၏။
...
“ကျွန်မ… ဒါကို ယူလို့ ရမလား”
လင်ကျဲသည် မော့ကြည့်လိုက်ရင်း ကာရိုလိုင်း၏ လက်ထဲရှိ စာအုပ်ကို ကြည့်လိုက်သည်။
‘ခံစားချက် စကားပြေ အပိုင်းအစများ၏ ဂန္ထဝင် စုစည်းမှု...’
အလုပ်ကြိုးစားသည့် ဤကုမ္ပဏီ ဝန်ထမ်း မိန်းမငယ်လေးမှာ ယခုလို နူးညံ့မှု၊ ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေသည့် စာအုပ်မျိုးကို နှစ်သက်လိမ့်မည်ဟု လင်ကျဲ လုံးဝ မထင်ထားခဲ့ပေ။
သို့သော်လည်း... သူမ၏ အသံက အနည်းငယ် တုန်ယင်နေကာ မျက်နှာမှာလည်း ဖြူရော် နေခဲ့သည်။ စာအုပ် အတွင်းရှိ အကြောင်းအရာများက သူမကို ထိခိုက်စေခဲ့သလော။
‘အပြင်ပန်း အသွင်အပြင်တွေက ဟန်ဆောင် မျက်နှာဖုံးတွေပဲ... သူက အတော်လေး ထိလွယ်ရှလွယ်တဲ့ မိန်းကလေးတစ်ယောက် ဖြစ်ပုံရတယ်...’
လင်ကျဲသည် စာအုပ်ကို အိတ်ထဲသို့ ထည့်ပေးလိုက်ရင်း...
“ခင်ဗျား အဆင်ပြေရဲ့လား... ဒီစာအုပ်က တစ်ခါတစ်ရံ စိတ်ပျက်အားငယ်စေနိုင်ပေမယ့် ခပ်မြန်မြန်ပဲ ကျော်ဖြတ်သွားနိုင်မှာပါ”
ကာရိုလိုင်းသည် အတင်းအကြပ် ပြုံးပြလိုက်၏။
“စိတ်ပျက်အားငယ်စေတယ်… ဟုတ်ပါတယ်... ဒါပေမဲ့ ကျွန်မ မြန်မြန် အသားကျနိုင်ပါတယ်.... ကျေးဇူးတင်ပါတယ်”
“ဟူး…”
အသက်ကို ခပ်ပြင်းပြင်း ရှူထုတ်လိုက်စဉ် သူမ၏ ခန္ဓာကိုယ်က မထိန်းချုပ်နိုင်ဘဲ တုန်ယင်သွားခဲ့သည်။ မျက်လုံးများကို ထုတ်ပစ်၍ အသစ်တစ်စုံဖြင့် အစားထိုးခံရသည့် ခံစားမှုမှာ သူမ၏ ဘဝတစ်သက်တာတွင် ထပ်မံ ကြုံတွေ့ရတော့မည် မဟုတ်ပေ။
သူမ၏ မျက်လုံးအသစ်များမှာ သက်ရှိ သတ္တဝါများသဖွယ် တွန့်လိမ်နေကြကာ၊ အခြားအရာများကို ကြည့်သည့်အခါ အမျိုးမျိုးသော အချက်အလက်များ ပေါ်လာလိုက် ပျောက်ကွယ်သွားလိုက် ဖြစ်နေသည်ကို သူမ တွေ့မြင်နိုင်နေခဲ့ပေသည်။
...
ရွှစ်… ရွှစ်... ရွှစ်...
လင်ကျဲ တစ်ယောက် စာရင်းစာအုပ်ကို ပေါ့ပေါ့ပါးပါး လှန်လှောရင်း စာရင်းအင်းများကို စစ်ဆေးနေခဲ့သည်။ ငှားယူထားသည့် စာအုပ်များ သတ်မှတ်ရက် ရောက်ရှိလာပါက သူ ဖောက်သည်များအား သတိပေးရန် အတွက် ဖုန်းဆက်လေ့ရှိသည်။ စာအုပ်များ နောက်ကျနေပါက လင်ကျဲမှာ စာအုပ်နှင့် ပတ်သက်ပြီး ပြဿနာရှိ နေသလော သို့မဟုတ် လူပုဂ္ဂိုလ်နှင့် ပတ်သက်ပြီး ပြဿနာရှိ နေသလော ဆိုတာကို အာရုံစိုက်လေ့ရှိသည်။
စာအုပ်နှင့် ပတ်သက်ပြီး ပြဿနာရှိပါက... အခြေအနေပေါ် လိုက်၍ လျော်ကြေးငွေ သဘောတူညီချက်ကို ရယူခြင်းဖြင့် ၎င်းကို ဖြေရှင်းလေ့ရှိသည်။ ထိုသို့ မဖြစ်နိုင်ပါက လျော်ကြေးတောင်းခံရန် ဖောက်သည်ထံ သွားရောက်ရန် လိုအပ်သည်။
လင်ကျဲသည် ပုံမှန်အားဖြင့် အားလပ်နေသောကြောင့် ထိုကဲ့သို့သော အပြင်ထွက် ခရီးလေးများကို အတော်လေး စောင့်မျှော်နေလေ့ ရှိသည်။
သို့သော် ကံဆိုးစွာပင်... လွန်ခဲ့သည့် လပိုင်း အတွင်း၌ ထိုကဲ့သို့ ဖောက်သည်များ မရှိသလောက်ပင်။ ယင်းအစား... အဘိုးဝယ်လ်နှင့် ဒိုရစ်တို့လို ကောင်းသော ဖောက်သည်များကိုသာ လက်ခံရရှိခဲ့ကာ ဒေသထွက် အထူး လက်ဆောင် ပစ္စည်းများကိုပင် ယူဆောင်လာခဲ့ကြသည်။
လူပုဂ္ဂိုလ်နှင့် ပတ်သက်ပြီး ပြဿနာရှိပါက လင်ကျဲမျာ ဖောက်သည်ကို ကူညီရန် အတွက် အားထုတ်မှုအချို့ကို ဝမ်းမြောက်စွာ ပေးလေ့ရှိသော်လည်း စာအုပ်ကိုတော့ ပြန်ပေးရမည် ဖြစ်သည်။
စာအုပ်ဆိုင်ဖွင့်လှစ်ခြင်းမှာ တကယ်တမ်း လွယ်ကူသော အလုပ်မဟုတ်ပေ။
“အင်း… အဘိုးဝယ်လ်က သူ့စာအုပ်တွေကို ပြန်ပေးပြီးပြီ... နောက်တစ်ခါ စာအုပ်လာငှားဖို့တော့ သူ ဘယ်တော့ ပြန်လာမလဲ မသိဘူး... ချားလ်စ်နဲ့ ပြဿနာကိုလည်း သူ ဖြေရှင်းပြီးလောက်ပြီလို့ မျှော်လင့်ပါတယ်…”
“ကျိကျစ်ရှို့ရဲ့ စာအုပ်နှစ်အုပ်ကလည်း သတ်မှတ်ရက် နီးလာပြီ... ဒါပေမဲ့ အဲဒီ ကောင်မလေးကတော့ စာအုပ်တွေကို ပြန်လာပေးမှာ သေချာပါတယ်... သူက ပြန်မပေးရင်တောင် လျော်ကြေး မပေးဘဲ နေလိမ့်မယ်လို့ မထင်ဘူး”
“မေလီဆာ… ငါး-သုံး ကို သူ ဘယ်လောက် လုပ်ပြီးသွားပြီလဲ မသိဘူး... တိုးတက်မှုတွေ ရရှိလာပြီး လူစိမ်းတွေကို လက်မောင်းလှဲဖို့ လိုက်စိန်ခေါ်တာမျိုး မလုပ်တော့ဘူးလို့တော့ မျှော်လင့်ရတာပဲ... ဗဟုသုတဆိုတာ တကယ့် ခွန်အားပဲဆိုတာ သူ တကယ် နားလည်ဖို့ လိုတယ်”
“မေလီဆာအကြောင်း ပြောရရင်… သူ့ အဖေ ဂျိုးဇက် ငှားသွားတဲ့ စာအုပ်အတွက် သတ်မှတ်ရက် နီးလာပြီ ထင်တယ်”
လင်ကျဲသည် ယခင် စာမျက်နှာကို လှန်လိုက်ရာ ဂျိုးဇက်၏ အမည်ကို တွေ့လိုက်ရသည်။ ထိုလူအိုကြီး ချန်ထားခဲ့သော လိပ်စာမှာ မေလီဆာနှင့် မတူသော်လည်း၊ မေလီဆာ၏ ပြောစကားများ အရ သူမ၏ ဖခင်မှာ အလွန် အလုပ်များပြီး အိမ်တွင် နေထိုင်တာ နည်းပါးသည်ဟု လင်ကျဲ သိရှိခဲ့ရသည်။ ထို့ကြောင့်ပင်... ဂျိုးဇက် ရေးသားထားသော လိပ်စာမှာ သူ၏ လုပ်ငန်းခွင် ဖြစ်ဖွယ်ရှိသည်။
ဂျိုးဇက်မှာ စစ်ပြန် တစ်ဦး ဖြစ်သောကြောင့် စာအုပ် ပြန်မအပ်မည်ကို လင်ကျဲ သိပ် စိုးရိမ်ခြင်းမရှိပေ။ သမီး ဖြစ်သူနှင့် ဆက်ဆံရေးကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ခြင်း မရှိလျှင်ပင် ဂျိုးဇက်မှာ သာမန် စာအုပ်ဆိုင် တစ်ခု အပေါ် သစ္စာဖောက်မည် မဟုတ်ပေ။
ပထမ တစ်ခေါက် လာစဉ်အခါတုန်းက လင်ကျဲမှာ ဂျိုးဇက်အား သူ ခံစားနေရသည့် ပြဿနာများနှင့် စိုးရိမ်ပူပန်မှုများကို မျှဝေရန် ကြိုးစားနိုင်ကြောင်း အရိပ်အမြွက် ပြောခဲ့သည်။
ပထမ၌ ဂျိုးဇက်မှာ စိတ်ဝင်စားခဲ့ပုံ ပြခဲ့သော်လည်း လင်ကျဲကို ချက်ချင်း ယုံကြည်ရန် မရွေးချယ်ခဲ့ဘဲ ‘စဉ်းစားရန် လိုအပ်သည်’ ဟုသာ ပြောဆိုခဲ့သည်။ ဖြစ်နိုင်သည်မှာ သူ၏ ဗီဇ အရ သတိထားမှုကြောင့် ဖြစ်လိမ့်မည်။
၎င်းသည် ပုံမှန်ဖြစ်သည်။ နာရီပိုင်းလောက်သာ ဆက်ဆံခဲ့ဖူးသည့် လူစိမ်း တစ်ဦးအား အပြည့်အဝ ယုံကြည်ရန် မဖြစ်နိုင်သလောက် နီးပါး ဖြစ်သည်။
သို့သော်လည်း... လင်ကျဲမှာ ဂျိုးဇက်၏ ဦးခေါင်းအတွင်း မျိုးစေ့တစ်ခု ကို စိုက်ပျိုးထားခဲ့ပြီး ဖြစ်သည်။ ဤမျိုးစေ့က သူ့ကို ပုံမှန် ဖောက်သည်တစ်ဦး ဖြစ်လာစေရန် လုံလောက်သည်ဟု ယူဆလို့ ရသည်။ သို့သော်လည်း... မျိုးစေ့ ပေါက်မပေါက်ကတော့ ကံပေါ်တွင် မူတည်နေဆဲ ဖြစ်သည်။
“ဒါပေမဲ့ အဲဒီအချိန်က မင်းသားလေး စာအုပ်ကို သူ တော်တော် သဘောကျသွားတာပါ... သူ ပြန်လာဖို့ ဖြစ်နိုင်ခြေက အတော်လေး များပါတယ်... မေလီဆာလည်း ရှိသေးတာပဲ... အဲဒီ ကောင်မလေးက လှည့်စားဖို့… အဟွတ်... စာအုပ်ဝယ်ဖို့ ဆွဲဆောင်ရတာ အတော်လေး လွယ်ပါတယ်”
“ကလေးတစ်ဦးကနေ မိဘကို တိုက်တွန်းတာကလည်း အတော်လေး ထိရောက်တဲ့ စျေးကွက်ရှာဖွေရေး ဗျူဟာပဲ... ဟဲဟဲ...”
မိသားစု တစ်ခုလုံးတွင် ထိုကဲ့သို့ အတွေးများကို ထည့်သွင်းပေးပြီးပြီ ဖြစ်ကြောင်း တွေးလိုက်ရင်း လင်ကျဲ တစ်ယောက် ကျေနပ်စွာ ပြုံးလိုက်မိလေ၏။
***