ပြန်လည် ရောက်ရှိလာသော ဧည့်သည်
Vol. 6 Ch. 81
လင်ကျဲ တစ်ယောက် စာရင်း စာအုပ်ထဲမှ စာမျက်နှာ အချို့ကို ဟိုလှန်ဒီလှန် လုပ်လိုက်ကာ ဂျိုးဇက်၏ နာမည် ရှိသည့် နေရာတွင် ပြန်ထားလိုက်သည်။ တကယ်တမ်း အားဖြင့် သူ ဤပါးလွှာသော စာမျက်နှာများကို အကြိမ်များစွာ လှန်လှောခဲ့ပြီး ဖြစ်သည်။ ဖောက်သည် မရှိသည့် အခါနှင့် စာဖတ်ချင်စိတ်မရှိသည့်အခါ ဤစာရင်းစာအုပ်ကို အကြိမ်ရေမရေမတွက်နိုင်အောင် လှန်လှော ကြည့်ရှုခဲ့သည်။
တစ်နေ့တွင် ယခုလို စာရင်းစာအုပ်များ စုပုံနေပြီး ဘဝအကြောင်း ပြောဆိုရန်နှင့် အားပေး စကားများ ဖြန့်ဝေရန် ဖောက်သည်များ အဆုံးမရှိ စီးဆင်းဝင်ရောက်လာလိမ့်မည်ဟု လင်ကျဲ အမြဲတမ်း စိတ်ကူးယဉ်လေ့ရှိသည်။
သို့သော်လည်း လက်တွေ့တွင်တော့ သူ့ ဆိုင်မှ နောက်ဆုံး စာအုပ် ငှားသွားသည့် ဖောက်သည်ပင် သုံးရက်ခန့် ကြာခဲ့ပြီ ဖြစ်သည်။ သူမက ကုမ္ပဏီ တစ်ခု၏ ဝန်ထမ်း တစ်ယောက် ဖြစ်ကာ အတော်လေး လှပသည့် ရုပ်ရည်ကို ပိုင်ဆိုင်ထားသည်။
ယခင်က စာအုပ်ဆိုင်မှာ ဖောက်သည်မရှိဘဲ လပေါင်းများစွာ ကြာသည် အထိ ဖြတ်သန်းခဲ့ဖူးလေရာ လင်ကျဲမှာ ၎င်းကို အကျင့်ဖြစ်နေပြီဖြစ်သည်။
သို့သော်လည်း... မကြာသေးမီ ကာလအတွင်း ဖောက်သည်များ စီးဆင်း ဝင်ရောက်လာမှုက ကွာခြားချက်တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ လင်ကျဲ အနည်းငယ် အထီးကျန်သည်ဟုပင် ခံစားလိုက်ရသည်။
ချွင်... ချွင်...
ရုတ်တရက်... တံခါးတွင် ချိတ်ထားသည့် ခေါင်းလောင်းလေးထံမှ မြည်သံ ထွက်ပေါ်လာ၏။ လင်ကျဲ ခေါင်းမော့ကြည့်လိုက်ရာ ဆံပင်ဖြူများနှင့် သန်မာ ထွားကြိုင်းသည့် လူအိုကြီး တစ်ယောက်ကို မြင်လိုက်ရသည်။ လင်ကျဲ အံ့အားသင့် ဝမ်းသာသွားခဲ့၏။
တံခါးကို ဖွင့်ကာ ဝင်လာသူမှာ အဘိုးကြီး ဂျိုးဇက်ပင် ဖြစ်သည်။ မတွေ့ရသည်မှာ တစ်လနီးပါး ရှိခဲ့ပြီဖြစ်သော်လည်း ဂျိုးဇက်မှာ အမြဲတမ်းလိုပင် ခန့်ညားထည်ဝါနေသည်။ ဝတ်စုံအောက်မှ ဖောင်းကြွနေသည့် ကြွက်သားများနှင့် ကြမ်းတမ်းသော မျက်နှာတို့က သူ့အား ကြောက်မက်ဖွယ် ခြင်္သေ့တစ်ကောင်နှင့်တူစေကာ အခြားသူများကို အလွယ်တကူ ထိတ်လန့်သွားစေနိုင်သည်။
“ဦးကြီး... ကျွန်တော် ခုပဲ တွေးနေတာ... ခင်ဗျား စာအုပ်ပြန်ပေးဖို့ အချိန် ရောက်ပြီဆိုပြီ...”
လင်ကျဲက ပြုံးလျက် ပြောလိုက်၏။ တစ်ချိန်တည်း၌ သူ၏ အာရုံက ဂျိုးဇက်၏ ကျောဘက်တွင် လွယ်ထားသည့် အရာဝတ္ထုဆီသို့ ရောက်ရှိ သွားခဲ့သည်။
စာအုပ်ဆိုင်အတွင်း အလင်းရောင် မှိန်နေသော်ငြားလည်း ၎င်းမှာ အမှောင်ထဲတွင် လျစ်လျူရှု၍ မရနိုင်သည့် တောက်ပမှုမျိုးဖြင့် တဖျတ်ဖျတ်လက် နေခဲ့သည်။ ၎င်းမှာ ရှည်လျားသော ပုံသဏ္ဌာန် ရှိကာ အောက်ပိုင်းကိုတော့ အဝတ်ဖြင့် ထုပ်ပိုးထားကြောင်း လင်ကျဲ ခွဲခြားသိမြင်နိုင်သည်။
ဂျိုးဇက် ကောင်တာထံသို့ ရောက်ရှိလာသောအခါ... နွေးထွေးသည့် မီးအိမ် အလင်းရောင် အောက်တွင် ထိုအရာဝတ္ထုကို ပိုမို ရှင်းလင်းစွာ တွေ့မြင်လိုက်ရသည်။
၎င်းမှာ ရွှေဖြင့်သွန်းလုပ်ထားသော အဆင်တန်ဆာတစ်ခု ဖြစ်သည်။ မျက်နှာပြင်ထက်၌ ကျောက်မျက်ရတနာများ မြှုပ်နှံထားကာ စွဲဆောင်မှုရှိသည့် ရှေးဟောင်း သွေးကြောပုံစံများအား ထွင်းထုထားသည်။
‘ဓား လား...’
လင်ကျဲ ချက်ချင်း ခန့်မှန်းလိုက်၏။ တဖျပ်ဖျပ် တောက်ပနေသည့် ထိုအစိတ်အပိုင်းမှာ ရွှေရောင် ဓားလက်ကိုင် ဖြစ်နေသည်မှာ ရှင်းပါသည်။ လက်ကိုင်တစ်ခုတည်းဖြင့်ပင် ၎င်းမှာ အလွန်တရာ တန်ဖိုး ရှိကြောင်း လင်ကျဲ ခံစားနိုင်ခဲ့သည်။
ဂျိုးဇက်က ပထမဦးစွာ သူကိုင်ထားသော စာအုပ်ကို စားပွဲပေါ် တင်ရင်း ထိုင်ခုံပေါ်၌ ထိုင်လိုက်၏။
“ခင်ဗျားရဲ့ ရက်ရောမှုအတွက် ကျေးဇူးတင်ပါတယ်... ဒီစာအုပ်ကနေ ကျွန်တော် အကျိုးကျေးဇူးတွေ အများကြီး ရခဲ့ပါတယ်...”
ကောင်တာပေါ်၌ တင်ထားသည့် စာရင်းစာအုပ်တွင် သူ၏ အမည် ရေးသားထားသော စာမျက်နှာအား ဖွင့်ထားသည်ကို သတိပြုမိလိုက်ရာ ဂျိုးဇက် အနည်းငယ် အံ့ဩသွားခဲ့၏။
“ခင်ဗျား အချိန်အကြာကြီး စောင့်နေခဲ့ရပုံရတယ်...”
“တကယ်တော့ သိပ်မကြာပါဘူး”
လင်ကျဲ ရယ်မောလိုက်၏။ ဂျိုးဇက် စာအုပ်ပြန်လာအပ်ရမည့် အချိန်ကို ခန့်မှန်းနေခဲ့ပြီး အကယ်၍ စာအုပ်သာ ပြန်မအပ်လာပါက လျော်ကြေး မည်ကဲ့သို့ တောင်းရမည်ကို တွေးနေခဲ့ကြောင်းကိုတော့ သူ ပြောပြလို့ မဖြစ်ပေ။
လင်ကျဲ ‘မင်းသားလေး’ စာအုပ်ကို လှမ်းယူလိုက်ရင်း လှန်လှော ကြည့်လိုက်၏။ စာအုပ် ကောင်းမွန်နေဆဲ ဖြစ်ကြောင်း စစ်ဆေး အတည်ပြုပြီးနောက် ငှားယမ်းမှု ပြန်ရောက်ပြီဖြစ်ကြောင်း စာရင်းတွင် မှတ်သားလိုက်သည်။
ထို့နောက် သူက ဘောပင်ကို ချထားလိုက်ကာ ပြုံးရင်း ဆက်ပြောလိုက်သည်။
“ဦးကြီးကို ကြည့်ရတာ အခြေအနေ ကောင်းနေတဲ့ပုံ ရတယ်... ဒီစာအုပ်က ပြီးခဲ့တဲ့ တစ်လ အတွင်း ဦးကြီးကို အထောက်အကူ ပေးခဲ့ပုံရတယ်”
ဂျိုးဇက်က ခေါင်းညိတ်ပြရင်း သက်ပြင်းချလိုက်သည်။
“အမှန်ပါပဲ... ဒါက ကျွန်တော့်ရဲ့ နာကျင်မှုတွေကို အများကြီး လျှော့ချပေးခဲ့ပါတယ်... အရင်က မရှိခဲ့ဖူးတဲ့ ပုံစံမျိုးနဲ့ စိတ်ကို အနားယူစေခဲ့ပါတယ်... မစ္စတာလင်ကို အထူးပဲ ကျေးဇူးတင်မိပါတယ်”
“ရပါတယ်ဗျာ... ဖောက်သည်တွေရဲ့ ပြဿနာတွေကို ကူညီဖြေရှင်းပေးရတာ ကျွန်တော့်ရဲ့ အကြီးမားဆုံး ပျော်ရွှင်မှုပါ”
PTSD စိတ်ရောဂါမှာ လွယ်ကူစွာ ကုသနိုင်သည့် အရာမဟုတ်ပေ။ သို့သော်လည်း... ကလေးပုံပြင်တစ်ခုမှာ လူ့စိတ်ကို အပန်းပြေစေနိုင်သောကြောင့် ၎င်းမှာ ဂျိုးဇက်အတွက် အထူးခြားဆုံးနှင့် အထိရောက်ဆုံး ဆေးဝါး တစ်ခု ဖြစ်နိုင်သည်ဟု လင်ကျဲ ယူဆမိသည်။
ရောဂါဝေဒနာ ခံစားနေရသော ဖောက်သည်တစ်ဦးကို သက်သာရာရစေနိုင်ခဲ့ခြင်းက လင်ကျဲကို တကယ်ပဲ ဝမ်းသာစေခဲ့သည်။
လင်ကျဲ၏ ပရော်ဖက်ရှင်နယ် ဆန်ဆန် အပြုံးမှာ ပိုမို နက်ရှိုင်းလာခဲ့၏။
“ဪ ဟုတ်သား... ကျွန်တော် အရင်က ပြောခဲ့တဲ့ ကိစ္စကို ခင်ဗျား စဉ်းစားပြီးပြီလား”
ဂျိုးဇက် အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ရင်း ကျောတွင် လွယ်ထားသည့် အရာဝတ္ထုကို ဖြုတ်ချလိုက်သည်။
ဘုန်း...
အရာဝတ္ထုမှာ စားပွဲပေါ်သို့ ပြုတ်ကျသွား၏။ ထုပ်ပိုးထားသည့် အဝတ်များမှာလည်း ပြေလျော့သွားကာ ပုံပန်း သွင်ပြင် အတိအကျကို ဖော်ထုတ်လိုက်သည်။ ၎င်းက တကယ်ပဲ ဓားရှည်တစ်ချောင်း ဖြစ်သည်။
အဖိုးတန် ကျောက်မျက်များအား ကျပန်း စီတန်းကာ အလှဆင်ထားသည့် ရွှေသွန်း ဓားလက်ကိုင်နှင့် ထူထဲ ခန့်ညားပုံရသည့် အဖြူရောင် ဓားအိမ်တို့က လင်ကျဲ၏ မျက်လုံးများကို ဆွဲဆောင် သွားခဲ့သည်။ ၎င်းမှာ လက်ရာမြောက်သော အနုပညာလက်ရာတစ်ခု ဖြစ်သည်။
“ကျွန်တော် စဉ်းစားပြီးပါပြီ”
ဂျိုးဇက်က ပြောလိုက်၏။
“ဒါက ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ပါပဲ”
....
မှုန်မှိုင်းမှိုင်း လေထု အတွင်း၌ ဓားအိမ်မှာ တောက်ပသည့် အလင်းရောင်များကို ထုတ်လွှတ် နေပုံ ရသည်။ ရွှေဓားလက်ကိုင်နှင့် ကျောက်မျက်ရတနာများ၏ တန်ဖိုးကို ပယ်ချလိုက်လျှင်ပင် ၎င်း၏ ထွင်းထုထားသော အမှတ်အသားများနှင့် ပုံပန်း သဏ္ဌာန်တို့က မည်သူ့ကို မဆို ၎င်း၏ လက်ရာမြောက် အနုပညာအား အံ့အားသင့်စေဖို့ လုံလောက်သည်။
မျဉ်းကွေးတိုင်းမှာ အလွန် လှပကာ ဓားအိမ်ပေါ်တွင်ပင် ရှုပ်ထွေးသော ကနုတ်များကို ထွင်းထုထားသည်။ ၎င်း၏ လက်ကိုင်ထိပ်ရှိ ကြက်ခြေခတ် သဏ္ဌာန် လက်ကာ အလယ်တွင် ကြည်လင်သည့် အနက်ရောင် ကျောက်မျက် တစ်ခုကို မြှုပ်နှံထားသည်။
ဓားမှာ ခန့်မှန်းခြေအားဖြင့် ၁.၃ မီတာ ရှည်လျားသည်။ နှစ်ဖက်သွားပါ ဓားတစ်ချောင်း အနေဖြင့် လက်ခံနိုင်သည့် အတိုင်းအတာ အတွင်း၌ ရှိသည်။ ကြက်ခြေခတ်ပုံစံ လက်ကိုင် လက်ကာသည်လည်း ဝင့်ကြွားခြင်း မရှိဘဲ ထိုဓားအရှည်အတွက် အတော်လေး သင့်လျော်ပုံရသည်။
လင်ကျဲမှာ ပစ္စည်းများကို အကဲဖြတ်ရာ၌ ကျွမ်းကျင်မှု မရှိသော်လည်း၊ လက်ရာမြောက်မှု ထွင်းထုထားပုံကို ကြည့်ခြင်း အားဖြင့် (ရွှေနှင့် ကျောက်မျက်များက အတုများ ဖြစ်နေလျှင်ပင် ) ထိုဓား၏ တန်ဖိုးမှာ သာမန်မဟုတ်ကြောင်း ပြောနိုင်ခဲ့သည်။
သာမန်အခြေအနေများအောက်တွင် ဆိုလျှင် မည်သူမျှ ထိုကဲ့သို့သော ဓားကို တိုက်ပွဲ အတွင်းသို့ ယူဆောင်သွားလိမ့်မည် မဟုတ်ပါချေ။
မတော်တဆ ထိခိုက်မိလျှင် ထိုလက်ရာမြောက် ပစ္စည်း ပျက်စီးရချည်ရဲ့..။
ကောင်တာပေါ်ရှိ တဖျတ်ဖျတ်လက်နေသည့် ဓားရှည်ကို စူးစမ်းရင်း လင်ကျဲ၏ နှုတ်ခမ်းက အနည်းငယ် တွန့်သွား၏။
‘ဦးကြီး... ခင်ဗျားရဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ကျွန်တော့်ကို အပ်နှင်းဖို့ ကျွန်တော် ပြောခဲ့တာ မှန်ပါတယ်... ဒါပေမဲ့ ဒီလို အဖိုးတန်ဓားတစ်ချောင်း ယူလာပြီးတော့ ခင်ဗျားက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ...’
‘ဒါက ခင်ဗျားရဲ့ ဆုံးဖြတ်ချက်လား...’
‘ဘယ်လို ဆုံးဖြတ်ချက်မျိုးလဲ...’
လင်ကျဲ ဂျိုးဇက်၏ အမူအရာကို အကဲခတ်ဖို့ အတွက် အကြည့်ပြောင်းလိုက်၏။ ထိုအခါ… အဘိုးကြီး၏ မျက်လုံးများမှာ ခိုင်မာသော ဆုံးဖြတ်ချက်များ၊ စိတ်သက်သာရာရမှုများနှင့် ပြည့်နှက်နေသည်ကို တွေ့ရှိ လိုက်ရသည်။
လင်ကျဲ၏ မျက်နှာထက်၌ စဉ်းစားသည့် ဟန်အမူအရာ ပေါ်လာ၏။ ၎င်းက နောက်ပြောင်နေခြင်းနှင့် မတူပေ။ သူတို့ နှစ်ယောက်ကြားရှိ အပြန်အလှန်ဆက်ဆံရေး အရ ဂျိုးဇက်မှာ နောက်ပြောင်တတ်သူမျိုး မဟုတ်ပေ။
ဓားပေးခြင်းမှာ သူ၏ ယခင် အကြံပြုချက် အတွက် ဂျိုးဇက်၏ အဖြေ ဖြစ်ဖွယ်ရှိသည်။ ထူးခြားသည့် လက်ရာမြောက်မှု အဆင့်အတန်းကို ကြည့်ခြင်းအားဖြင့် ဤဓားမှာ လက်တွေ့အသုံးဝင်မှု မရှိသည့် လက်နက်တစ်ခု ဖြစ်ကြောင်း လင်ကျဲ ခွဲခြားသိမြင်နိုင်သည်။ ၎င်းမှာ အခမ်းအနားသုံးဓားများနှင့် ပိုမို၍ ဆင်တူသည်။
ဖြစ်နိုင်ချေ တစ်ခု ရှိသည်က ထိုဓားမှာ ဂျိုးဇက် စစ်တပ်ထဲတွင် ရှိခဲ့သည့် အတွေ့အကြုံများ၊ တာဝန်နှင့် ဂုဏ်အသရေကို ကိုယ်စားပြုပေလိမ့်မည်။
လင်ကျဲ မေလီဆာကို သတိရလိုက်မိ၏။ ထိုကလေးမှာ ခပ်ဆိုးဆိုးလေး ဖြစ်သော်လည်း အသွင်အပြင်ကို ကြည့်ရုံဖြင့်ပင် သာမန် မိသားစုပတ်ဝန်းကျင်တွင်များနှင့် ခြားနားသည့် ပြုစုပျိုးထောင်မှုမျိုးကို ရရှိထားကြောင်း သိနိုင်သည်။ ထို့အပြင်... ဂျိုးဇက်မှာ မေလီဆာအပေါ် အလွန် တင်းကျပ်ကာ မျှော်လင့်ချက် ကြီးမားသည်။
ထိုအချက်အလက်မျာပေါ် အခြေခံရပါက ဂျိုးဇက်မှာ မျိုးရိုးမြင့် စစ်ဘက် ဆိုင်ရာ မိသားစု တစ်ခုမှ ပေါက်ဖွားလာသူ ဖြစ်နိုင်ကာ အဆင့်မြင့်မြင့် ရာထူး တစ်ခုကိုပင် ရယူထားနိုင်ခဲ့သူ ဖြစ်နိုင်သည်ဟု ခံစားရသည်။ ၎င်းက ဂျိုးဇက်၏ ပြင်းပြသော တရားမျှတမှု စိတ်ဓာတ် မည်သည့်နေရာမှ လာသည်ကိုလည်း ရှင်းပြနိုင်သည်။
သာမန် စစ်ပြန်တစ်ဦးသည် ထိုကဲ့သို့သော စွဲလမ်းမှုမျိုးကို ပိုင်ဆိုင်မည် မဟုတ်သော်လည်း၊ ငယ်စဉ်ကတည်းကပင် မိဘ ဆွေမျိုးများ၏ သွန်သင်ဆုံးမမှုများနှင့် အတူ ပေါက်ဖွားလာပါက လုံးဝ အဓိပ္ပာယ်ရှိပေသည်။ ဆက်စပ်၍ တွေးကြည့်ရပါက ဓားမှာ မျိုးရိုး စဉ်ဆက် လက်ဆင့်ကမ်းလာသည့် အဖိုးတန် ရတနာပင် ဖြစ်နိုင်သည်။
သို့သော်လည်း... ယခုအခါတွင်တော့ ဂျိုးဇက်မှာ မျိုးရိုးနှင့် စစ်ဘက်ဆိုင်ရာ အမှတ်တရများစွာ ကိန်းအောင်းနေသည့် ဓားကို သူ့ထံသို့ ပေးအပ်တော့မည့်ဟန် ရှိသည်။ ထိုစစ်ပြန်ကြီးမှာ ၎င်းကို လုံးဝ လွှတ်ချရန် ရည်ရွယ်နေသလော။
***