နတ်ဆိုးဓား ကန်ဒယ်လာ
Vol. 6 Ch. 82
သတိထားမှုနှင့် လေးစားမှုတို့နှင့် အတူ လင်ကျဲ ချောင်းဟန့်ရင်း မေးလိုက်၏။
“ဦးကြီး... ခင်ဗျား သေချာရဲ့လား... ဒီဓားကို ကျွန်တော့်ကို ပေးဖို့ ခင်ဗျား တကယ် ဆုံးဖြတ်ထားတာလား...”
“ဒီဓားက ခင်ဗျားဆီကို လက်ဆင့်ကမ်းပြီး ရောက်လာခဲ့တာတောင် ဖြစ်နိုင်တယ်... ခင်ဗျား သေချာ ပြန်စဉ်းစားချင် စဉ်းစားနော်”
“သေချာပါတယ်”
ဂျိုးဇက်က အခိုင်အမာ ဆို၏။ သူက ဓားရှည်ကို ငေးကြည့်ရင်း ဆက်ပြောလိုက်သည်။
“မစ္စတာလင် ပြောခဲ့တာ အမှန်တရားတွေ ချည်းပါပဲ... ကျွန်တော့်ရဲ့ ကိုယ်ခန္ဓာက ဆန္ဒရှိပေမယ့် ကျွန်တော့်ရဲ့ စိတ်ဓာတ်က အားနည်းလွန်းနေတယ်... ဒီတာဝန်ကို ဆက်ပြီး ထမ်းဆောင်ဖို့ ကျွန်တော့မှာ အခွင့်အရေး မရှိတော့ပါဘူး... စွန့်လွှတ်တတ်ဖို့ သင်ယူရမယ့် အချိန်ကို ရောက်ပါပြီ... ဒီဓားက ကျွန်တော့်အတွက် အရမ်း လေးလံပါတယ်... ဒါကို အမွေဆက်ခံနိုင်တဲ့သူ ကျွန်တော်တို့ထဲမှာ မရှိတော့ပါဘူး... မစ္စတာလင်က ဒါကို တာဝန်ယူဖို့ ဆန္ဒရှိတဲ့အတွက် ကျွန်တော်တို့ ကျေးဇူးတင်မဆုံးပါဘူး”
မကောင်းဆိုးဝါးဓား ကန်ဒယ်လာ၏ ကျိန်စာမှာ မျိုးသုဉ်း ပျောက်ကွယ်သွားသည့် အဲ့လ်ဖ်နိုင်ငံတော်၏ အမုန်းတရားများကို သယ်ဆောင်ထားလေရာ အခရာ အဆင့် များပင် အကူအညီမဲ့စေခဲ့သည်။ သူတို့ ၎င်းကို အကြိမ်ကြိမ် နှိမ်နင်းဖို့ ကြိုးစားခဲ့သော်လည်း အမြဲတမ်း ကျရှုံးမှုဖြင့် အဆုံးသတ်ခဲ့သည်။
သို့သော်လည်း... လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်မှာ ယုံကြည်ချက်နှင့် အယူဝါဒတို့ကြောင့် ထိုဓားအပေါ် လက်မလျှော့ခဲ့ကြပေ။
ယခုမှသာ သူတို့ အမှန်တရားကို မြင်ခဲ့ခြင်း ဖြစ်သည်။ အကြီးအကဲများမှာ သူတို့၏ ကျရှုံးမှုကို ဝန်ခံခဲ့ကြကာ ဂျိုးဇက်၏ ဓားလွှဲပြောင်းခွင့် တောင်းဆိုမှုကို သဘောတူရန် ရွေးချယ်ခဲ့ကြသည်။
လင်ကျဲ သက်ပြင်းချလိုက်၏။
‘နောက်ထပ် မိသားစု တစ်ခုလည်း ဆုတ်ယုတ်မယ့် လမ်းကြောင်းပေါ် ရောက်နေပြန်ပြီ...’
သို့သော်လည်း သူတို့က အနာဂတ် လမ်းကြောင်းသစ် တစ်ခုကို ရှာတွေ့ခဲ့ပြီး ဖြစ်နိုင်သောကြောင့် ဓားကို သူ့ထံ ဤမျှ ပြတ်ပြတ်သားသား လွှဲပြောင်းပေးနိုင်ခြင်း ဖြစ်သည်။
မည်သို့ပင် ဆိုစေ... မျိုးနွယ်စု ဆုတ်ယုတ်ခြင်းက လက်တွေ့ကျသည့် ကိစ္စ တစ်ခု ဖြစ်ပေသည်။ အဇီးတွင် စစ်ပွဲများ ကင်းစင် နေခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်လေရာ စစ်ဘက် မျိုးနွယ်များ၏ အရေးပါမှုများမှာလည်း တဖြည်းဖြည်း ကျဆင်း နေခဲ့ပေသည်။
သူတို့ အနေဖြင့် ဆက်လက် တည်ရှိလိုပါက လမ်းကြောင်းသစ်တစ်ခုကို ဖောက်ထွင်း ဖော်ထုတ်ရမည် ဖြစ်သည်။
ထိုသားအဖ အပေါ် အမြတ်ထုတ် နေခဲ့သည်မှာ များသွားလေပြီလား ဟု လင်ကျဲ တွေးလိုက်မိသည်။ သို့သော်လည်း... ဤသည်က နှစ်ဦးနှစ်ဖက် အကျိုးရှိသည့် ကိစ္စဟု သတ်မှတ်လို့လည်း ရပေသည်။ မည်သို့ပင် ဆိုစေ... သူတို့ သားအဖသည်လည်း သူ ငှားပေးသည့် စာအုပ်များမှ များစွာ အကျိုးအမြတ် ဖြစ်ထွန်းခဲ့သည် မဟုတ်ပါလား။
“ဖောက်သည်တွေကို ကူညီရတာ ကျွန်တော့်ရဲ့ ပျော်ရွှင်မှုပါပဲ... ခင်ဗျားတို့ အားလုံးကို ကူညီနိုင်တဲ့အတွက် ကျွန်တော် အရမ်း ပျော်ပါတယ်”
လင်ကျဲ ပေါ့ပေါ့ပါးပါး ပြောလိုက်ရင်း ဓားကို ပိုမို နီးကပ်စွာ ကြည့်ရှုဖို့ အတွက် ကောက်ကိုင်လိုက်သည်။
‘ငါ ထင်ထားတာထက်တောင် ပိုပြီး ပေါ့ပါးနေတယ်... အခမ်းအနားသုံးဓား တစ်လက်ပါပဲ...’
လင်ကျဲ ဓားအိမ်ကို အစမှ အဆုံး သေချာစွာ ကြည့်ရှုရင်း ခေါင်းအကြိမ်ကြိမ် ညိတ်လိုက်သည်။ ကြည့်လေလေ ဓား၏ အနုပညာမြောက် လက်ရာကို ပို၍ အထင်ကြီးလေလေ ဖြစ်သည်။
အခြားတစ်ဖက်၌ ဂျိုးဇက်ကတော့ မျက်ခုံးများကို ပင့်လိုက်မိ၏။ စာအုပ်ဆိုင် ပိုင်ရှင်မှာ ကန်ဒယ်လာကို လက်တစ်ဖက်တည်းဖြင့် ကောက်ကိုင်ပြီး ကျန်လက်တစ်ဖက်ဖြင့် ဓားကိုယ်ထည်ပေါ် ပွတ်ဆွဲ၍ပင် နေလိုက်သေးသည်။ ပုံမှန်အားဖြင့် သူ ကိုယ်တိုင် အတွင်ပင် ၎င်းကို မတင်ရန် ခက်ခဲခြင်း မရှိပါချေ။
ကန်ဒယ်လာမှာ သာမန် ဓားရှည်များနှင့် အရှည်ချင်း အတူတူပင် ဖြစ်သော်လည်း ၎င်းကို ထုလုပ်ရန် အသုံးပြုသည့် ပစ္စည်းများမှာ အိပ်မက်ကမ္ဘာ မှ လာခြင်း ဖြစ်သည်။ ၎င်းမှာ အလွန် လေးလံ လွန်းလှသဖြင့် ဂျိုးဇက်ကဲ့သို့ ဖျက်ဆီးခြင်း အဆင့် တစ်ဦးပင်လျှင် အီသာစွမ်းအားများ ကို အသုံးမပြုပါက ၎င်းကို လက်တစ်ဖက်တည်းဖြင့် မဖို့ မဖြစ်နိုင်လောက်အောင် ခက်ခဲသည်။
သို့သော်လည်း... ယခု အချိန်အထိ စာအုပ်ဆိုင်ပိုင်ရှင်၏ ကိုယ်ခန္ဓာထံမှ မည်သည့် အီသာ စွမ်းအင် တက်ကြွမှုကိုမျှ မခံစားခဲ့ရပေ။
ဂျိုးဇက်သည် ဓား၏ ‘နတ်ဆိုးမျက်လုံး’ အတွင်းမှ ဆိုးညစ်သည့် စွမ်းအင်များ ထွက်ပေါ်လာနေသည်ကို တွေ့မြင်နေရသည်။ ယင်၏ မတည်ငြိမ်သည့် မှောင်မိုက်မှုက ထိမိသည့် မည်သည့်အရာကိုမဆို ဝါးမြိုရန် ခြိမ်းခြောက်နေသည်။
“တကယ်ကို လှလိုက်တာ”
လင်ကျဲ စိတ်လိုလက်ရ ချီးကျူး လိုက်မိ၏။ အေးသည်ဖြစ်စေ၊ ပူသည်ဖြစ်စေ လက်နက်များမှာ ယောက်ျားများ၏ သွေးထဲ၌ တိုက်ပွဲ ဆာလောင်စိတ်ကို ဖြစ်ပေါ်စေနိုင်သည်။ ကြည့်ရင်းနှင့်ပင် သူ ဓားကို ပိုမို၍ နှစ်ခြိုက် လာခဲ့၏။
“ဓားကို ကျွန်တော် ဆွဲထုတ်ပြီး ကြည့်လို့ ရမလားဗျ... ခင်ဗျား စိတ်မရှိရင်...”
လင်ကျဲ မေးလိုက်မိ၏။ ဂျိုးဇက်၏ နှလုံးသားက တဒိတ်ဒိတ် ခုန်လာခဲ့သည်။ မကောင်းဆိုးဝါးဓား ၏ ကျိန်စာမှာ ဓားသွားပေါ်တွင် အဓိက ရှိသည်။
အဘယ်ကြောင့်ဆိုသော် စိတ်ဖောက် ရူးသွပ်သွားသည့် အဲ့လ်ဖ် ဘုရင် ကန်ဒယ်လာမှာ ဤဓားကို အသုံးပြု၍ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့သောကြောင့် ဖြစ်သည်။ ဓားမှာ သပ်တစ်ခု ဖြစ်ကာ ကန်ဒယ်လာ၏ ဝိညာဉ်မှာ ဓားသွားထက်တွင် လက်ဝါးကပ်တိုင် တစ်ခုလိုမျိုး ကပ်ညို နေသည်။
မူလက ဤဓားတွင် ဓားအိမ် မရှိခဲ့ပေ။
ဤဓားအိမ်ကို လျှို့ဝှက် ဓမ္မ ထုံးတမ်း မျှော်စင်က ဖန်တီးထားခဲ့ခြင်း ဖြစ်ကာ ကျိန်အား ထိန်းချုပ်ခြင်း အပေါ်တွင် သက်ရောက်မှု ရှိသည်။ သို့သော်လည်း ဓားကို ဆွဲထုတ်လိုက်သည်နှင့် ကျိန်စာမှာ ပထမဦးစွာ ကိုင်ဆောင်သူကို တိုက်ခိုက်မည်ဖြစ်ပြီး၊ ထိုသူ၏ စိတ်ဆန္ဒ မခိုင်မာပါက ကိုင်ဆောင်သူမှာ နေရာတွင် ရူးသွပ်သွားနိုင်သည်။
မဟာ ရောင်စဉ် သူရဲကောင်း တစ်ဦးပင်လျှင် ဤ မကောင်းဆိုးဝါးဓား နှင့် ထိတွေ့ခွင့်မပြုမီ အပြည့်အဝ ပြင်ဆင်ထားဖို့ လိုအပ်သည်။
သို့သော်လည်း…
သူ့ ရှေ့၌ ရှိနေသူက စာအုပ်ဆိုင်ရှင် ဖြစ်နေသည်။ ဂျိုးဇက် ခေါင်းညိတ်လိုက်၏။
“ရပါတယ်... ဒါပေမဲ့ သတိတော့ ထားနော်”
လင်ကျဲ အလေးအနက် အမူအရာဖြင့် ခေါင်းညိတ်လိုက်၏။ ဓားရှခြင်းက မကောင်းချေ။ သူ သေချာပေါက် သတိထားရန် လိုအပ်သည်။
လင်ကျဲ ဓားရှည်ကို ဖြည်းညင်းစွာပင် ဓားအိမ်မှ ဆွဲထုတ်လိုက်၏။
ရွှမ်း...
ဓား၏ အလင်းရောင်က စာအုပ်ဆိုင် အတွင်း လက်ခနဲ ဖြစ်သွားခဲ့၏။ ဓားမှာ မှန်တစ်ချပ် အလား ပြောင်လက် နေကာ ပါးလွှာသော်လည်း ထက်မြက်သည်။ ၎င်း၏ မျက်နှာပြင်ထက်တွင်တော့ အမည်မသိ သင်္ကေတများအား ထွင်းထုထားသည်ကို တွေ့ရှိရ၏။
သို့သော်လည်း... ဂျိုးဇက်၏ အမြင်တွင်တော့ အဆိပ်ရှိသည့် အရည်တစ်မျိုးကဲ့သို့ အနက်ရောင် နတ်ဆိုး စွမ်းအင်များ ဓားထိပ်ဖျားမှ နေ၍ စိမ့်ထွက်လာသည်ကို တွေ့မြင်လိုက်ရလေသည်။ တစ်ချိန်တည်း၌ နတ်ဆိုးမျက်လုံး ဟု အမည်ပေးထားသော အနက်ရောင် ပုံဆောင်ခဲမှ နတ်ဆိုးစွမ်းအင်များမှာ ပွက်ပွက် ဆူလာ၏။
ထိုဆိုးညစ်သည့် အနက်ရောင် စွမ်းအင်များမှာ မီးခိုးငွေ့များ ကဲ့သို့ ပြောင်းလဲသွားကာ ဓားသွားတစ်လျှောက် စီးဆင်း ပေါင်းစပ်ရင်း အဆိပ်ရှိသည့် မြွေများ အဖြစ် ပြောင်းလဲ သွားခဲ့၏။ ၎င်းတို့မှာ သွေးအလား နီရဲသော မျက်လုံးများနှင့် စာအုပ်ဆိုင်ရှင်ဆီသို့ တွားသွားလာကြသည်။
ဂျိုးဇက်မှာ စာအုပ်ဆိုင်ရှင် အစွမ်းထက်ကြောင်း သိရှိထားသော်လည်း၊ ထိုဆိုးညစ်သော စွမ်းအင်များက ဝါးမြိုတော့မည့်အချိန်တွင်ပင် လင်ကျဲ မလှုပ်မယှက် ရပ်နေသည်ကို မြင်ရသော အခါ ရင်များ တဒိတ်ဒိတ် ခုန်လာခဲ့တော့သည်။
ထိုရှေးဟောင်း အဲ့လ်ဖ်နိုင်ငံတော် တည်ရှိခဲ့စဉ်က ဘုရင် ကန်ဒယ်လာမှာ နတ်ဘုရားများကိုပင် ယှဉ်ပြိုင်နိုင်သည့် တည်ရှိမှု တစ်ခု ဖြစ်သည်ဟု ဆိုကြသည်။
သူက အခရာ အဆင့် မဟုတ်ဘဲ၊ အစစ်အမှန် နတ်ဘုရား တစ်ပါး ဖြစ်သည်။ ရှေးဟောင်းမှတ်တမ်း မှတ်ရာ အပိုင်းအစများထဲ တွေ့ရလေ့ ရှိသည့် စာတစ်ပိုဒ် ရှိသည်။
“အကြင်သူသည် ဂရစ်ဖင်ကို ဘေးနားတွင် ထား၍ လူထု၏ ထောက်ခံမှုကို ရရှိခဲ့သည်။ အလင်းနှင့် မီးကို ဆွဲကိုင်ခြင်းသည် နေကို စွဲကိုင် သကဲ့သို့ ဖြစ်ပြီး အလင်းမရှိသော ညအား ယူဆောင်လာခဲ့သည့် အမြင့်မားဆုံးသော သတ္တဝါကိုပင် ဆန့်ကျင်ခဲ့လေသည်”
ကန်ဒယ်မှာ အလင်း မရှိသည့် ခေတ်ကာလတွင် မတ်တပ်ရပ်ခဲ့သူ ဖြစ်သည်။ နာမည်ကိုပင် မပြောဝံ့ခဲ့ကြသော နတ်ဘုရားအား စိန်ခေါ်ဝံ့ခဲ့သည့် တစ်ဦးတည်းသောသူ ဖြစ်သည်။
သို့သော်လည်း ကံဆိုးစွာပင် နောက်ဆုံး၌ ကျရှုံးခြင်းဖြင့် အဆုံးသတ်ခဲ့သည်။ သို့တိုင်... သူချန်ထားခဲ့သော စွမ်းအား အနည်းငယ်လေးသည်ပင် ထိုမျှ အစွမ်းထက်ခဲ့သည်။
ကန်ဒယ်လာ သေဆုံးပြီးနောက် သူ၏ မကျေနပ်မှုများနှင့် ဝိညာဉ်တို့မှာ ထိုဓားနှင့် ရောထွေးသွားကာ ဤကြောက်မက်ဖွယ် ကျိန်စာကို ဖန်တီးခဲ့သည်။ ရာစုနှစ်ပေါင်းများစွာ နှစ်ခြင်း ခံယူခြင်းနှင့် သန့်စင်ခြင်းများ ပြုလုပ်ခဲ့သော်လည်း မည်သည့် ပြောင်းလဲမှုမှ မရှိခဲ့ပေ။ ယင်းအစား... မကောင်းဆိုးဝါးဓား နှင့် ထိတွေ့သမျှ သတ္တဝါတိုင်း ဖောက်ပြန်မှုများကိုသာ ခံစားခဲ့ကြရသည်။
လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်၏ မဟာ ရောင်စဉ် သူရဲကောင်းများ ပင်လျှင် ကျိန်စာ၏ ဖောက်ပြန်မှုကြောင့် ရူးသွပ်သွားကြကာ နောက်ဆုံးတွင် သေဆုံးခဲ့ကြသည်။
စာအုပ်ဆိုင် ပိုင်ရှင် အလွန် အစွမ်းထက်သည်မှာ သံသယမရှိချေ။ သို့သော် မကောင်းဆိုးဝါးဓား ၏ ကျိန်စာမှာ အခရာ အဆင့် များ အတွက်ပင် အကူအညီမဲ့သော အရာဖြစ်သည်။
မဟုတ်ပါက... လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်မှာ ဤအစွမ်းထက်သော ကျိန်စာကို ချိပ်ပိတ်ရန် လူအင်အား များစွာကို အသုံးပြုနေရမည် မဟုတ်ပေ။
ဂျိုးဇက်၏ အကြည့်မှာ မြွေသတ္တဝါများ ကဲ့သို့ လျှောတိုက်သွားသည့် စွမ်းအင် စီးကြောင်းများ တစ်လျှောက် လိုက်သွားခဲ့၏။ သူ၏ နှလုံးသားက ပို၍ပင် တဒိတ်ဒိတ်ခုန်လာသည်။
၎င်းမှာ ရိုးရိုး စိုးရိမ်ပူပန်မှု သက်သက်သာ မကချေ။ သေးငယ်သည့် စာအုပ်ဆိုင်လေး အတွင်းတွင် ရာစုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည့် နတ်ဘုရားများအကြား တိုက်ပွဲကို သူ သက်သေခံနေရသကဲ့သို့ မျှော်လင့်ချက်နှင့် စိတ်လှုပ်ရှားခြင်းလည်း ဖြစ်သည်။
အသက် အန္တရာယ်ရှိသည့် အပြောင်မြောက်ဆုံးသော တိုက်ပွဲများတွင်ပင် ဤမျှ စိတ်လှုပ်ရှားမှုမျိုးကို မခံစားခဲ့ရကြောင်း သူ ကျိန်ဆိုဝံ့သည်။
ဂျိုးဇက် လက်သီးများကို ခပ်တင်းတင်း ဆုပ်ထားရင်း ပေါက်ထွက်လာသော ဆိုးညစ်သော စွမ်းအင်များကို မျက်လုံးပြူးကာ စိုက်ကြည့်နေခဲ့သည်။ စာအုပ်ဆိုင် ပိုင်ရှင်ကတော့ ဓားရှည်ကို အသေးစိတ် စူးစမ်းရင်း မလှုပ်မယှက် ရပ်နေဆဲ ဖြစ်သည်။
ခဏလေးအတွင်းတွင်ပင်... ရှေ့ဆုံး၌ ရှိနေသည့် မြွေမှာ လင်ကျဲ၏ လက်နားသို့ ရောက်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။
***