← Chapters

ကြယ်တာရာများ ပြန်လာသော အခါ

Vol. 6 Ch. 83

ကြယ်တာရာများ ပြန်လာသော အခါ

Vol. 6 Ch. 83

တလက်လက် တောက်ပနေသည့် ဓားကို စစ်ဆေးရင်း လင်ကျဲ၏ အာရုံများမှာ ဓားသွားပေါ်ရှိ သင်္ကေတများဆီသို့ ရောက်ရှိသွားခဲ့၏။ ၎င်းကို ပိုမို ရှင်းလင်းအောင် ကြည့်ဖို့ ကြိုးစားရင်း သူ မျက်မှောင်ကြုတ် လိုက်မိသည်။

ကောင်တာပေါ်ရှိ အနီရောင် နှင်းဆီမှာ တုန်ယင်သွားကာ မျက်လုံးတစ်လုံးကို ဖော်ထုတ်လိုက်၏။ ၎င်းမှာ မကောင်းဆိုးဝါးဓားကို ကြောက်ရွံ့စွာ စိုက်ကြည့်ပြီးနောက် ပွင့်ချပ်များအတွင်းသို့ ပြန်လည် လိပ်ပတ် သွားခဲ့သည်။

ဂျိုးဇက်သည် မသိစိတ်ဖြင့် အသက်အောင့်ထားလိုက်မိ၏။ ထိုအချိန် အတိအကျပင်တွင် စာအုပ်ဆိုင် ပိုင်ရှင်၏ နောက်၌ အလင်းရောင် မကျရောက်နိုင်သည် နေရာမှ နေ၍ မှောင်မိုက်သည့် အရိပ်တစ်ခု ပေါ်လာခဲ့၏။ ထိုအမှောင်ရိပ်က တဖြည်းဖြည်း တွန့်လိမ်လာကာ အပြင်ဘက်သို့ ပျံ့နှံ့သွားသည်။

၎င်းက မည်သည့်အရာဖြစ်ကြောင်း ဂျိုးဇက် ခွဲခြားသိမြင်နိုင်ခြင်း မရှိသော်လည်း ဗီဇ အရ အေးစက်မှုကို သူ ခံစားလိုက်ရသည်။

စာအုပ်ဆိုင်ပိုင်ရှင်၏ နောက်ကွယ်ရှိ စာအုပ်စင်များကြားမှ နေရာလွတ်ကို သိမ်းပိုက်ထားသည့် အမှောင်ရိပ်မှာ အနည်းဆုံး သုံးမီတာ မြင့်ကာ ဆက်လက် ကြီးထွားနေဆဲ ဖြစ်သည်။ ဂျိုးဇက် ထိုမြင်ကွင်းကို ကြည့်ရှုရင်း အနည်းငယ် မူးဝေလာသလို ခံစားလိုက်ရသည်။ ထိုအမှောင်ထု အတွင်း ရွေ့လျားနေသည်မှာ မျက်လုံးများလော။ သို့မဟုတ် ခြေလက်များလော။

သူ အံ့ဩဖို့ အချိန်မရခင်မှာပင် အရိပ်မှာ စာအုပ်ဆိုင်ရှင်၏ ဘေးသို့ ရောက်ရှိလာကာ သေးငယ်ပြီး မျက်လုံးများစွာ ပါရှိသည့် နှာမောင်း တစ်ခုကို ထုတ်လွှတ်လိုက်လေသည်။

နှာမောင်းလေးမှာ ‘နတ်ဆိုး မျက်လုံး’ ထိကာ အတွင်းသို့ ဖြည်းညင်းစွာပင် ဝင်ရောက် သွားခဲ့၏။ ဂျိုးဇက်၏ မျက်လုံးများကတော့ ထိတ်လန့် တုန်လှုပ်မှုများနှင့် ပြည့်နှက် နေခဲ့ပြီ ဖြစ်သည်။

ရုတ်တရက်... ဆိုးညစ်သည့် စွမ်းအင်များ၏ တိုက်ခိုက်မှုမှာ ရုတ်တရက် ရပ်တန့်သွား၏။ အနက်ရောင် မြွေများမှာ တုန်ယင်သွားကာ အနက်ရောင် မီးခိုးငွေ့များ အဖြစ်သို့ ပြောင်းလဲ သွားပြီး ‘နတ်ဆိုးမျက်လုံး’ အတွင်းသို့ ပြင်းထန်စွာ ပြန်လည် စုပ်ယူခံလိုက်ရသည်။

အနက်ရောင် ပုံဆောင်ခဲ အတွင်း၌ ထိုညစ်ညမ်းသည့် စွမ်းအင်များမှာ နောက်တစ်ကြိမ် ပြင်းပြစွာ ဆူပွက် လာခဲ့ပြန်၏။ သို့သော်လည်း ဤတစ်ကြိမ်ကမူ စိတ်လှုပ်ရှားခြင်းကြောင့် မဟုတ်ပဲ ထိတ်လန့်ခြင်း နှင့် ကြောက်လန့်ခြင်းတို့ကြောင့်သာ ဖြစ်သည်။

စကားလုံးများဖြင့် တင်စား ဖော်ပြရပါက ပိုက်ကွန် အတွင်း အဖမ်းခံလိုက်ရသည့် သားကောင်မှာ ထွက်သက် မတိုင်မီ ရုန်းကန်နေရသည့် ထိတ်လန့်ဖွယ် အဖြစ်မျိုးနှင့် ဆင်တူသည်။

ဂျိုးဇက် တစ်ယောက် အီသာ စွမ်းအင်မှတစ်ဆင့် အသံမဲ့ အော်ဟစ်နေသည့် ညည်းတွားသံများကို ရှင်းလင်းစွာပင် ကြားနိုင်ပေသည်။

‘နတ်ဆိုးမျက်လုံး’ အတွင်းရှိ စွမ်းအင်များ၏ ရုန်းကန်မှုများ တဖြည်းဖြည်း အားနည်းသွားပြီး လုပ်ဆောင်မှုအားလုံး ရပ်တန့်သွားသည်အထိ သူ စောင့်ကြည့်နေခဲ့သည်။ ၎င်းတို့မှာ လုံးဝ ဝါးမြို ခံလိုက်ရ သကဲ့သို့ပင်။ ဂျိုးဇက်သည် ထိုစွမ်းအင်များ အတွက် အနည်းငယ်ပင် သနားစိတ်ပင် ဝင်လာခဲ့မိ၏။

ဝလင်စွာ စားသောက်ပြီးနောက် နှာမောင်းမှာ အမှောင်ထု အတွင်းသို့ ပြန်လည် ကျုံ့ဝင်သွားခဲ့သည်။ နောက်ခဏ အကြာတွင် အရာအားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့၏။

စာအုပ်ဆိုင်အတွင်းရှိ အမှောင်ထုမှာ အလင်းမှ ဖြစ်ပေါ်လာသည့် အရိပ် သက်သက်မျှသာ ဖြစ်နေခဲ့လေသည်။

...

လင်ကျဲမှာ ဓားသွားကို စစ်ဆေးနေစဉ် ဓားသွား၏ အောက်ပိုင်းမှာ အနည်းငယ် ပိုမို မည်းမှောင် လာသလို ဝိုးတဝါး ခံစားလိုက်ရ၏။ မြင်ရသည်က ကြည်ကြည်လင်လင် မရှိလှ။

‘ဒီဓားသွားက နည်းနည်း ညစ်ပတ်နေသလိုပဲ...’

ထူးဆန်းသည်ဟု ခံစားလိုက်ရကာ လင်ကျဲ ဓား၏ ရှုထောင့်ကို ပြောင်းလိုက်၏။ ထိုအခါ ဓားသွားမှာ ပိုမို တောက်ပလာသည်ကို တွေ့ရှိလိုက်ရသည်။ ၎င်းအား တောက်ပသည့် အရောင်အလွှာအသစ်တစ်ခု ထပ်မံ ပေါင်းထည့်လိုက်သကဲ့သို့ပင် ဖြစ်သည်။ သူ ဖုန် ဟု ထင်ခဲ့သည့် အနက်ရောင်များ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ဓားလက်ကိုင်ကို ကြည့်လိုက်သည့် အခါ မြှုပ်နှံထားသည့် အနက်ရောင် ပုံဆောင်ခဲမှာလည်း ပို၍ပင် ကြည်လင် လာသလို သူ ခံစားလိုက်ရသည်။

“အံ့ဩစရာပဲ...”

လင်ကျဲ ဓားကို စစ်ဆေးနေရာမှ ရပ်လိုက်၏။ မတူညီသည့် ရှုထောင့်များမှ ကြည့်ရှုခြင်းက မတူညီသော သက်ရောက်မှုများကို ဖြစ်ပေါ်စေသည်။ လင်ကျဲ အားရပါးရ ပြုံးလိုက်ရင်း ချီးကျူးစကား ဆိုလိုက်၏။

“ဟား... ဟား... ဦးကြီး... ခင်ဗျားရဲ့ ဓားက တကယ်ကို စိတ်ဝင်စားစရာ ကောင်းပါတယ်... အစတုန်းက ဒါက ညစ်ပတ် နေတယ်လို့တောင် ကျွန်တော် ထင်ခဲ့တာ... အဲဒါကပဲ လက်ရာ ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နေလိမ့်မယ်လို့ မမျှော်လင့်ခဲ့မိဘူး”

“...”

စာအုပ်ဆိုင်ရှင်၏ စကားလုံးများက ဂျိုးဇက်ကို ချက်ချင်း သတိပြန်ဝင်လာစေခဲ့၏။ သူ၏ အမူအရာက မယုံကြည်နိုင်ခြင်းနှင့် သံသယ ရပ်ဝန်းထံသို့ တစ်ဖန် ကျရောက်သွားခဲ့သည်။

‘ဒါ... ဒါတွေက တကယ် ဖြစ်သွားတာလား...’

လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် ကို အချိန်ကြာမြင့်စွာ ဒုက္ခပေးခဲ့ပြီး မရေမတွက်နိုင်သည့် မဟာ ရောင်စဉ် သူရဲကောင်းများ အသက်ဆုံးရှုံးစေခဲ့သည့် ကျိန်စာမှာ တစ်ခဏလေး အတွင်းမှာပင် လုံးဝ ပျက်ပြယ် သွားခဲ့ပြီလား။

စာအုပ်ဆိုင်ရှင်က ထို ‘ညစ်ပတ်သော’ ကျိန်စာမှာ လက်ရာ ၏ တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်သည်ဟု လှောင်ပြောင်သကဲ့သို့ ရယ်မောရင်း ပြောဆိုခဲ့သည်။ သူသည် ၎င်းကို အသေးအဖွဲ အရာလေး မျှသာ ဖြစ်သည်ဟု ဆိုလိုခြင်းလော။

လင်ကျဲ ဓားကို ကောင်တာပေါ်သို့ ပြန်တင်လိုက်၏။ ထို့နောက်... သူက စိတ်ဝင်တစားဖြင့် မေးလိုက်လေသည်။

“ဒါနဲ့ ဦးကြီး... ဒီဓားပေါ်မှာ ထွင်းထားတဲ့ စာလုံးတွေက ရှေးဟောင်း အဇီး ဘာသာစကား တစ်မျိုး ထင်တယ်... ဒါရဲ့ အဓိပ္ပာယ်ကို ခင်ဗျား သိလား”

ဂျိုးဇက် တစ်ယောက် တုန်လှုပ် ချောက်ချားမှုများမှ အခက်အခဲများစွာဖြင့် ပြန်လည် နာလန်ထူလာကာ ကယောင်ချောက်ချားဖြင့် ခေါင်းခါလိုက်သည်။

“ဒီဘာသာစကားက ပျောက်ဆုံးနေခဲ့တာ အချိန် အတော်လေး ကြာခဲ့ပါပြီ... ခင်ဗျား လိုအပ်မယ်ဆိုရင် ကျွန်တော် သက်ဆိုင်ရာ အကြောင်းအရာတွေကို ကူညီ ရှာဖွေပေးပါ့မယ်...”

လင်ကျဲ စိတ်လှုပ်ရှားသွား၏။

“ဒါဆိုရင်တော့ ခင်ဗျားကို ကျေးဇူးတင်ရမှာပေါ့”

ဂျိုးဇက်ကို နွေးထွေးစွာ ပြုံးပြလိုက်ရင်း သူက ဆက်ပြောလိုက်သည်။

“ကျွန်တော့်ဆီမှာ ဆုချဖို့ ဘာမှ မရှိပါဘူး... ဒါပေမဲ့ ဦးကြီး စာအုပ်တစ်အုပ် ဖတ်ချင်တယ်ဆိုရင် အလကား ပေးနိုင်ပါတယ်... ဦးကြီး ကိုယ်တိုင် တစ်အုပ် ရွေးကြည့်လေ... ဘယ်လိုလဲ”

မှောင်မည်းနေသည့် ကောင်တာနောက်ဖက် စာအုပ်စင်ကို ကြည့်လိုက်ရင်း ဂျိုးဇက်၏ မျက်နှာက ဖြူရော် သွားခဲ့၏။

“ရပါတယ်ဗျာ... ကျေးဇူးတင်ပါတယ်... ဖြစ်နိုင်ရင် မစ္စတာလင်းပဲ အကြံပြုပေးပါ…”

“...”

လင်ကျဲ အနည်းငယ် အံ့အားသင့်သွား၏။ နှစ်ကြိမ်နှစ်ခါမျှ လာရောက်သည့် အချိန်အတွင်းမှာပင် သူ၏ စကားလုံးများမှာ ဂျိုးဇက် အပေါ် အကျိုးသက်ရောက်မှု ကောင်းကောင်း ရှိခဲ့ပုံရသည်။ လူအိုကြီးမှာ သူကိုယ်တိုင် စာအုပ်ရွေးချယ်မည့်အစား သူ့ကိုသာ အကြံပြုပေးဖို့ ယုံယုံကြည်ကြည် တောင်းဆိုခဲ့သည်။

‘ဝယ်လ်လို ပုံမှန် ဖောက်သည် နောက်တစ်ဦး ရလာဖို့က လက်တစ်ကမ်း အလိုကို ရောက်လာပြန်ပြီဟေ့... တကယ် ကျေနပ်စရာ ကောင်းတဲ့ ကိစ္စပဲ’

“ရပါတယ်... ဒါလည်း အဆင်ပြေပါတယ်”

လင်ကျဲ ထရပ်လိုက်ရင်း နောက်ဖက် စာအုပ်စင်ဆီသို့ လျှောက်သွားလိုက်သည်။ ဟိုရှာသည်ရှာ လုပ်ပြီးနောက် စာအုပ်တစ်အုပ်ကို ကောက်ယူလိုက်၏။

“ဒီစာအုပ်က ဦးကြီးရဲ့ လက်ရှိ အဆင့်အတွက် အထောက်အကူ ဖြစ်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်”

ဂျိုးဇက်က လက်လှမ်းကာ စာအုပ်ကို ယူလိုက်၏။ ထိုအခါ ‘ကြယ်တာရာများ ပြန်လာသောအခါ’ ဟူသော ခေါင်းစဉ်ကို သတိပြုမိသည်။

‘ကြယ်တာရာများ… ပြန်လာသောအခါ...’

ဂျိုးဇက်၏ နှလုံးသားက တဒိတ်ဒိတ် ခုန်လာကာ လက်မောင်းများက ဆတ်ခနဲ တုန်သွားခဲ့၏။ သူ၏ စက်ရုပ်လက်မောင်း အတွင်းပိုင်း စက်ယန္တရားဆီမှ ကျယ်လောင်သော အီခနဲ အသံ မြည်လာသည်။

ဂျိုးဇက်မှာ အလွန် စိတ်ဓာတ်ခိုင်မာသူ တစ်ယောက် ဖြစ်ကာ ဤစက်ရုပ်လက်မောင်းအပေါ် ထိန်းချုပ်မှုကို အနည်းငယ်မျှပင် မဆုံးရှုံးခဲ့ဖူးချေ။ ထို့ကြောင့်ပင်... ၎င်းက သူ မည်မျှ ကြောက်ရွံ့ကာ စိတ်လှုပ်ရှားနေခဲ့သည်ကို ဖော်ပြ နေခဲ့သည်။

စောစောပိုင်းက နတ်ဘုရားများ၏ တိုက်ပွဲမှာ ညကောင်းကင်ယံရှိ မီးရှူးမီးပန်းများလို တစ်စက္ကန့်လေး အတွင်းမှာပင် ပြီးဆုံး သွားခဲ့သော်လည်း ဂျိုးဇက်၏ နှလုံးသားထဲ၌ မမေ့နိုင်သည့် တောက်ပမှု တစ်ခုကို ထွင်းထု ထားခဲ့သည်။

၎င်းမှာ နားလည်ရန် မဖြစ်နိုင်သည့် စွမ်းအား ဖြစ်သည်။ သူ မြင်ခဲ့ရသည်က ပင်လယ် အတွင်း မြောလွင့်နေသည့် ရေခဲတောင်ကြီး၏ အဖျားပိုင်းမျှသာ ဖြစ်သည်ဟု ခံစားရသည်။

အကယ်၍ ဘုရားသခင်များ အမှန်တကယ် တည်ရှိပါက... ဤသည်သာ ဖြစ်လိမ့်မည်ဟု ဂျိုးဇက် တစ်ယောက် စိတ်ထဲမှ တွေးလိုက်မိသည်။

နက်နဲဆန်းကြယ်သည့် နယ်ပယ်တိုင််တွင် ကောင်းကင် သည် အမြဲတမ်း အမြင့်ဆုံး တားမြစ်ချက် ကို ကိုယ်စားပြုသည်။ အပြောကျယ်လှသည့် ကောင်းကင်၏ နောက်ကွယ်တွင် တည်ရှိနေသော အရာမှာ အဆုံးမဲ့ မှောင်မိုက်မှု ဖြစ်ပြီး၊ ထိုနေရာကျယ်ကြီး အတွင်းတွင် မည်သည့် အရာများ အတိအကျ တည်ရှိနေသည်ကို သိရှိသူ တစ်ယောက်မှ မသိခဲ့ပါချေ။

သို့သော်လည်း... ယခုအခါတွင်တော့ ‘နတ်ဘုရား’ တစ်ပါးသည် ‘ကောင်းကင်’ နှင့် ပတ်သက်သည့် စာအုပ်တစ်အုပ်ကို ထုတ်လုပ်ခဲ့ပြီ ဖြစ်သည်။

***

All Chapters