← Chapters

ကြယ်တာရာများ ပြန်လာသော အခါ (၂)

Vol. 6 Ch. 84

ကြယ်တာရာများ ပြန်လာသော အခါ (၂)

Vol. 6 Ch. 84

ဂျိုးဇက် အကြောက်လွန် နေသော်လည်း၊ အနည်းငယ် တုန်ယင်နေသော လက်ချောင်းများဖြင့် မျက်နှာဖုံးကို ဖွင့်ကြည့် လိုက်မိလေ၏။ ထိုအခိုက်တွင်ပင် ကောင်တာ နောက်ဖက်ရှိ စာအုပ်ဆိုင် ပိုင်ရှင်က ပြောလိုက်၏။

“ဒီ အတ္ထုပ္ပတ္တိတွေက… အဲလေ... ဒါတွေက ခင်ဗျား အတွက် နားလည်ဖို့ နည်းနည်း ခက်ခဲနိုင်ပါတယ်... ဒါကို ပျောက်ဆုံးသွားပြီ ဖြစ်တဲ့ တစ်ခြား ကမ္ဘာက ယဉ်ကျေးမှု တစ်ခု အကြောင်း လုပ်ကြံ ဖန်တီးထားတဲ့ ဝတ္ထု တစ်ပုဒ်လို့ပဲ သတ်မှတ်လိုက်ပါ...”

‘အခြား ကမ္ဘာတစ်ခုလား...’

ဂျိုးဇက် တစ်ယောက် မျက်လုံးများ ပြူးကျယ် လာခဲ့၏။ ၎င်းက ကောင်းကင်၏ အလွန်တွင် အခြား ယဉ်ကျေးမှုများ ရှိနေသည်သည် ဆိုလိုခြင်းလော။

စာအုပ်ဆိုင်ရှင်က ရှေးခေတ်ကာလများမှ လျှို့ဝှက် အချက်အလက်များကို ပြောပြနေခြင်းလော။ သို့မဟုတ် ကမ္ဘာကြီး၏ အမှန်တရားအကြောင်း ပြောပြနေခြင်းလော။

ဂျိုးဇက် တစ်ယောက် ကြောက်လန့် နေခဲ့သော်လည်း ပြင်းပြသော လိုလားမှုတစ်ခုက မသိစိတ်ကို တိုက်တွန်းကာ စာမျက်နှာများကို ဆက်လှန်စေခဲ့သည်။

စာလုံးများ ကြားတွင် ကျယ်ပြန့်လှန်သည့် ဝိုးတဝါး ဗလာနယ် တစ်ခု တွန့်လိမ်သွား၏။ ကြယ်များ၊ နက်ဗျူလာများ၊ ဂလက်ဆီများ၊ အတိတ်၊ ပစ္စုပ္ပန် နှင့် အနာဂတ်၊ မူလနှင့် ရှုပ်ထွေးမှု၊ အမှောင်ထု၊ အာကာသနှင့် အချိန်၊ စဉ်ဆက်မပြတ် ဖျက်ဆီးခြင်းနှင့် ပြန်လည် မွေးဖွားခြင်း...

ကြယ်တာရာများမှာ တစ်ထပ်တည်း ကျသောအခါ၊ ၎င်းတို့မှာ မျက်လုံးများကို တစ်ပြိုင်နက်တည်း ဖွင့်လိုက်ကြပြီး ၎င်းတို့၏ ကိုယ်ခန္ဓာများကို ဖြန့်ကျက်ကာ တိတ်ဆိတ် ကြောက်မက်ဖွယ်ကောင်းသော အော်ဟစ်သံကို ထုတ်လွှတ်လိုက်လေသည်။

ဝရား...

...

“ဟူး…”

ဂျိုးဇက် တစ်ယောက် သတိပြန်ဝင်လာကာ အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်၏။ ထို့နောက် သူက တုန်လှုပ်နေသည့် ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ကြိုးစားလိုက်ရင်း မျက်လုံးများကို မှိတ်လိုက်ကာ၊ ထိုအရာအားလုံးအား တွေးတောခြင်းမှ အတင်းအကြပ် တားဆီးလိုက်သည်။

ထို့နောက်... သူက လက်ထဲရှိ ပိတ်ထားသော စာအုပ် ကို ကြည့်လိုက်၏။ သူ ဤစာအုပ်ကို ဆယ်မိနစ် လုံးလုံး ကြည့်ရှုနေခဲ့ကြောင်း ရုတ်တရက် သဘောပေါက်လိုက်သည်။

စာအုပ်ဆိုင် ပိုင်ရှင်၏ စကားလုံးရွေးချယ်မှုမှာ သူ့ကို ထိတ်လန့်မှုမှ ကာကွယ်ရန် ဖြစ်ကြောင်း ဂျိုးဇက် နားလည်လိုက်သည်။

‘လုပ်ကြံဖန်တီးထားသော ဝတ္ထု ဟုတ်လား... ငါ့မှာ ကျိုးကြောင်း ဆင်ခြင်နိုင်စွမ်းလေး နည်းနည်းလောက် ကျန်အောင် ထိန်းသိမ်းဖို့ ကြိုးစားနေတာနဲ့ ပိုတူတယ်…’

စာအုပ်ဆိုင်ရှင်၏ လမ်းညွှန်မှုကို လိုက်နာပြီး ၎င်းကို အလွန်အကျွံ ဖတ်ရှုခြင်း မပြုပါက အကောင်းဆုံး ဖြစ်သည်ဟု ဂျိုးဇက် ခံစားခဲ့ရသည်။ မဟုတ်ပါက... သူ ယခုအချိန်တွင် အပြင်သို့ ပြေးထွက်ပြီး ကောင်းကင်သို့ အော်ဟစ် နေပေလိမ့်မည်။

ကံကောင်းထောက်မစွာဖြင့်ပင်... သူက နှစ်ပေါင်းများစွာ ရည်ရွယ်ချက်မဲ့ လွင့်မျောနေခဲ့ပြီး ကိုယ်တိုင် ရုန်းကန်နေရခြင်းကို အကျင့်ဖြစ်နေခဲ့ပြီ ဖြစ်သည်။

‘ဒါကလည်း သိပ် မဆိုးပါဘူး... ဟား ဟား ဟား’

စာအုပ်ဆိုင် ပိုင်ရှင်နှင့် နှစ်ကြိမ်မျှ ဆုံတွေ့ခဲ့ရပြီး နောက်တွင် မဟာ ရောင်စဉ် သူရဲကောင်းဟောင်းကြီး ဂျိုးဇက်မှာ သူ့ကိုယ်သူ မည်မျှ အသိပညာ နည်းပါးပြီး အရေးမပါ သည်ကို သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။

စာအုပ်ဆိုင် ပိုင်ရှင် အပေါ် သူ အကဲဖြတ်တာ မှားသွားပြီ ဖြစ်ကြောင်းကိုလည်း ဂျိုးဇက် နားလည်လိုက်သည်။ သို့သော်လည်း... ထိုအရာက သူ့အမှားတော့ မဟုတ်ချေ။ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်၏ အမြင့်ဆုံး အကဲဖြတ်မှုမှာ အခရာ အဆင့် (S-အဆင့်) ဖြစ်နေသောကြောင့်ပင်

ဂျိုးဇက် သတိထားကာ မေးလိုက်၏။

“ဒီမဟာ သတ္တဝါတွေကရော အဲဒီယဉ်ကျေးမှု ရဲ့ အဖွဲ့ဝင်တွေပဲလား”

လင်ကျဲ စာအုပ်ဖတ်နေရာမှ ရပ်တန့်လိုက်ကာ ဂျိုးဇက်၏ လက်ထဲမှ ‘လူသားမျိုးနွယ်၏ ကြယ်တာရာဆိုင်ရာ အခိုက်အတန့်များ’ စာအုပ်ကို လှမ်းကြည့်လိုက်သည်။ ဂျိုးဇက်၏ မေးခွန်းက ဘယ်လိုကြီးလဲ ဟု သူ တွေးလိုက်မိသည်။

သို့သော်လည်း... ထိုအတ္ထုပ္ပတ္တိများ အများစုမှာ ဂျိုးဇက်အတွက် နားလည်ရန် အတော်လေး ခက်ခဲနိုင်လေရာ သူ စိတ်ရှုပ်ထွေးနေခြင်းမှာ အဓိပ္ပာယ်ရှိသည်ဟု ယူဆလိုက်သည်။ ထို့ကြောင့်ပင်... သူက ခြုံငုံထားသည့် ရှင်းလင်းချက် တစ်ခုကို ပေးဖို့ ဆုံးဖြတ်လိုက်၏။

“သူတို့က ရှေးဟောင်း ယဉ်ကျေးမှုရဲ့ သမိုင်းမှာ ဆန်းသစ်တီထွင်သူတွေနဲ့ ကြီးကျယ်ခမ်းနားတဲ့ အခိုက်အတန့်တွေကို သက်သေခံခဲ့သူတွေ ဖြစ်ပါတယေ... ဒါပေမဲ့ ဘယ်သူမှ ထာဝရ မတည်မြဲနိုင်ပါဘူး... ဒီသတ္တဝါတွေ ဘယ်လောက်ပဲ ကြီးမြတ်ပါစေ... သူတို့ဟာ အချိန်ရဲ့ ခရီးရှည်ကြီးထဲမှာ နောက်ဆုံးတော့လည်း ပျောက်ကွယ် သွားကြမှာပါ”

လင်ကျဲ၏ အမူအရာက ထိုဖြစ်ရပ်များကို ပြန်လည် တမ်းတ နေသကဲ့သို့ ရှိသည်။ ဂျိုးဇက်က စာအုပ်ကို စိုက်ကြည့်ရင်း ခေါင်းညိတ်လိုက်၏။

ဤစာအုပ်အတွင်းတွင် အစွမ်းထက်သည့် သတ္တဝါ အချို့ကို ချိပ်ပိတ်ထားကြောင်း သူ ခံစားနိုင်သည်။ သတ်မှတ်ထားသည့် အခြေအနေများ ပြည့်မှီပါက ဤသတ္တဝါများကို ဆင့်ခေါ် နိုင်ပါသည်။ သို့သော်လည်း ထိုသို့သော ဆင့်ခေါ်မှုများမှာ ကြောက်မက်ဖွယ် အန္တရာယ်များကိုလည်း လက်တွေ့ကျကျ သယ်ဆောင်ထားသည်။

စာအုပ်ဆိုင်ပိုင်ရှင် ပြောဆိုခဲ့သည့်အတိုင်း... ဤနတ်ဘုရား သတ္တဝါများမှာ ပိုမိုမြင့်မားသော ယဉ်ကျေးမှုကြီး၏ ကြီးကျယ် ခမ်းနားသော အဖွဲ့ဝင်များ ဖြစ်သည်။ သို့သော်လည်း... ထိုယဉ်ကျေးမှုမှာ ရှေးဟောင်း နိုင်ငံတော်ကဲ့သို့ပင် လွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်းက သေဆုံး ပျောက်ကွယ် သွားခဲ့သည်။ နတ်ဘုရားများနှင့်ပင် နှိုင်းယှဉ်နိုင်သည့် သတ္တဝါများမှာလည်း ကျဆုံး ခဲ့ကြကာ ချိပ်ပိတ် ခံခဲ့ကြရသည်။

သူတို့ကို မည်သူက ချိပ်ပိတ်ခဲ့သနည်း။ သူ့ရှေ့ရှိ စာအုပ်ဆိုင် ပိုင်ရှင်ပင် ဖြစ်ကြောင်း ဂျိုးဇက် သံသယ မရှိပါချေ။

လင်ကျဲက ဂျိုးဇက်၏ အလေးအနက် အမူအရာကို သတိထားမိလိုက်ရာ ထပ်လောင်းပြောလိုက်၏။

“ဒီစာအုပ်က ဦးကြီး အတွက် နည်းနည်း ရှုပ်ထွေး နေနိုင်တာကို ကျွန်တော် သိပါတယ်... ဒါပေမဲ့ ဒါက ပုံမှန်ပါပဲ... ဒီစာအုပ်ရဲ့ အကြောင်းအရာ အတော်များများကို ဦးကြီး နားမလည်နိုင်တာမျိုးလည်း ရှိနိုင်ပါတယ်... ဒါကို သိပ်ပြီး စိတ်ထဲ မထားပါနဲ့... အရေးကြီးတာက ဦးကြီး အနေနဲ့ ဒီပုံပြင်တွေထဲက ရည်ရွယ်ချက် နဲ့ ဆန္ဒ ကို နားလည်ပြီး ကိုယ်တိုင် ပြန် အသုံးချဖို့ပါပဲ”

ဂျိုးဇက်က ခေါင်းညိတ်လိုက်၏။

“ဒါက ကျွန်တော့်အတွက် နည်းနည်း ခက်ခဲ နိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်”

“စိတ်ဓာတ် မကျပါနဲ့”

လင်ကျဲက ဓားရှည် ကို တစ်ဖန်ပြန်လည် ထုပ်ပိုးလိုက်၏။ စာအုပ်ဆိုင်၏ မှုန်မှုန်မှိုင်းမှိုင်း လေထုက ပြန်လည် အစားထိုး နေရာယူလာသည်။ သူက ပြုံးရင်း ပြောလိုက်၏။

“ဒါက ဦးကြီး ကိုယ်တိုင် ချမှတ်ထားတဲ့ ဆုံးဖြတ်ချက် ဖြစ်တဲ့အတွက် ကောင်းကောင်းမွန်မွန် လုပ်ဆောင်ဖို့ ကြိုးစားအားထုတ်ပါ.. ဦးကြီးရဲ့ နာကျင်မှုဖြစ်စေ၊ ဂုဏ်ကျက်သရေဖြစ်စေ... အတိတ်တွေ အားလုံးကို လွှတ်ချလိုက်ပါ... ပြီးနောက် အနာဂတ်ကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ပါ”

“လူတိုင်းမှာ သူတို့ ကိုယ်ပိုင် ကံကြမ္မာ ရှိပါတယ်... ဒီစာအုပ်က ဦးကြီးရဲ့ ကိုယ်ပိုင် ဟစ်ကြွေးသံကို ပိုပြီး ကောင်းမွန်စွာ ပြီးမြောက်အောင် ကူညီနိုင်ပါလိမ့်မယ်... ဘဝသစ်တစ်ခု စတင်တဲ့အခါ စိန်ခေါ်မှုတွေက ရှောင်လွှဲမရနိုင်ပါဘူး... ဒီစာအုပ်ကို ကျွန်တော့်ရဲ့ လက်ဆောင် အဖြစ် သတ်မှတ်လိုက်ပါ... ပထမဆုံးအနေနဲ့ ဒါကို ကျိုးကြောင်းဆီလျော်စွာနဲ့ အသုံးပြုပါ... ပြီးမှ ဖြည်းဖြည်းချင်း လေ့လာပါ”

ဂျိုးဇက် တစ်ယောက် ခဏတာမျှ တောင့်တင်းသွားပြီး ခေါင်းညိတ်လိုက်သည်။

“ခင်ဗျားရဲ့ လက်ဆောင် နဲ့ လမ်းညွှန်မှု အတွက် ကျေးဇူးတင်ပါတယ်... ကျွန်တော် အများကြီး အကျိုးအမြတ် ရရှိခဲ့ပါတယ်”

လင်ကျဲ ခေါင်းခါလိုက်၏။

“ကျွန်တော်က တခြားသူတွေ ပြောတာကိုပဲ ပြန်ပြောနေတာပါဗျာ... ဒါပေမဲ့ ကျွန်တော် ခင်ဗျားကို ပေးနိုင်မယ့် စကားတစ်ခွန်း ရှိတယ်လို့ ခံစားရပါတယ်”

သူ ချောင်းဟန့်လိုက်ပြီး လူသားမျိုးနွယ်၏ ကြယ်တာရာဆိုင်ရာ အခိုက်အတန့်များ ထဲမှ သူ အနှစ်သက်ဆုံး စကားလုံးများကို ရွေးချယ်လိုက်သည်။

“လူသန်းပေါင်းများစွာထဲမှ ပါရမီရှင် တစ်ဦးသာ ပေါ်လာတယ်... လူသားမျိုးနွယ် ရဲ့ ကြယ်တာရာဆိုင်ရာ အခိုက်အတန့် တစ်ခု ပေါ်ပေါက်လာဖို့အတွက် မလိုအပ်တဲ့ အချိန် သန်းပေါင်းများစွာ ကုန်ဆုံးရတယ်”

“ဒါပေမဲ့ သူ ရောက်လာသောအခါ နောက် ရာစုနှစ်များစွာရဲ့ သမိုင်းကြောင်းကို လွှမ်းမိုးသွားလိမ့်မယ်... လူတစ်ဦးချင်းစီရဲ့ စိတ်ဆန္ဒ ခိုင်မာမှုက ကြိုတင်သတ်မှတ်ထားတဲ့ ကံကြမ္မာနဲ့ ထိပ်တိုက်တွေ့တဲ့အခါ ထွက်ပေါ်လာတဲ့ မီးပွားတွေက ယဉ်ကျေးမှု တစ်ခုလုံးရဲ့ ကောင်းကင် ကို အလင်းပေးနိုင်တယ်”

“ပြီးတော့ အဲဒီလို အချိန်တွေက… သူရဲကောင်းတွေရဲ့ စင်မြင့် ပါပဲ...”

လင်ကျဲ ခဏမျှ ရပ်နားလိုက်၏။

“ဦးကြီးကို သူရဲကောင်း တစ်ဦး ဖြစ်လာဖို့ ကျွန်တော် မတောင်းဆိုပါဘူး... ဒီကမ္ဘာမှာလည်း သူရဲကောင်းတွေအတွက် စင်မြင့် ဆောက်ဖို့ အခွင့်အရေး အများကြီး မရှိပါဘူး”

သူ ပြုံးရင်း ဆက်ပြောသည်။

“ကိုယ့်ကိုယ်ကိုယ် အရမ်း မြင့်မြင့်ကြီး မှန်းမထားပါနဲ့... ကိုယ့်ကိုယ်ကိုယ် သိပ်ပြီး ပေါ့ပေါ့တန်တန်လည်း မယူဆပါနဲ့... ခင်ဗျားဟာ လူသား တစ်ဦးပါ... လူသားမျိုးနွယ် ရဲ့ တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်ပါတယ်... လူသားရဲ့ ခွန်အား ဟာ တစ်ခါတစ်ရံ ကန့်သတ်ချက် ရှိပါတယ်... လိုအပ်တဲ့အချိန်မှာ ခင်ဗျား လုပ်ဆောင်နိုင်တဲ့အရာကို လုပ်ဆောင်ပြီး သက်ဆိုင်တဲ့ ‘ကံကြမ္မာ’ ကို ပြီးမြောက်စေရုံနဲ့ လုံလောက်ပါတယ်”

ဂျိုးဇက် တစ်ယောက်‌ ငယ်ရွယ်စဉ်ကာလသို့ ပြန်ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်၏ မြင့်မြတ်သော ခန်းမဆောင်တွင် အကြီးအကဲများ၏ သွန်သင်ဆုံးမမှုများကို နားထောင်ခဲ့ရပြီး အလင်း အတွက် တိုက်ပွဲဝင်ရန် ကျိန်ဆိုစဉ်တုန်းကလို တက်ကြွလာမှုမျိုးက သူ့ နှလုံးသား အတွင်း စိမ့်ဝင် လာ၏။

စာအုပ်ဆိုင် ပိုင်ရှင်၏ လက်ထဲရှိ မကောင်းဆိုးဝါးဓား ကန်ဒယ်လာကို စိုက်ကြည့်ရင်း ဂျိုးဇက် တစ်ယောက် နှစ်ပေါင်းများစွာကြာခဲ့ဖူးသည့် လွမ်းမောဖွယ် ခံစားမှုများ လုံးဝ ပျောက်ကွယ်သွားသလို ခံစားလိုက်ရသည်။

“ကျွန်တော် လုပ်ပါမယ်… ကျွန်တော် သေချာပေါက် လုပ်ဆောင်ပါမယ်”

***

All Chapters