← Chapters

သတိကြီးသော ကျိုဖေးအန်

Vol. 79 Ch. 1173

သတိကြီးသော ကျိုဖေးအန်

Vol. 79 Ch. 1173

လုချန်းသည် စုဟန်ယန်ကို ဆုချီးမြှင့်ရင်း ဖီးနစ်တစ်ရာ ဂါရဝပြု ကျင့်စဉ်ကို အခွင့်ကောင်းယူကာ စမ်းသပ်ကျင့်ကြံကြည့်လိုက်သည်။

နဂါးနှင့် ဖီးနစ် ယင်ယန်ကျင့်စဉ်နှင့် ယှဉ်လျှင် ဖီးနစ်တစ်ရာ ဂါရဝပြုကျင့်စဉ်၏ သက်ရောက်မှုက ပိုထင်ရှားသည်။

တစ်စုံတစ်ခု မှားယွင်းနေသည်ကို စုဟန်ယန် သတိပြုမိလိုက်သည်။ သူမ၏ အသိစိတ်အာရုံသည် လုချန်းနှင့် လုံးဝ ချည်နှောင်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

လုချန်း၏ စိတ်ခံစားမှု အပြောင်းအလဲများကို သူမ ထင်ထင်ရှားရှား ခံစားနေရသည်။ အထူးသဖြင့် လုချန်း စိတ်လှုပ်ရှားတက်ကြွနေချိန်တွင် သူမ၏ စိတ်နှလုံးသည်လည်း လိုက်ပါ လှုပ်ရှားလာသည်။

လုချန်းလည်း ဤအချက်ကို သတိထားမိလိုက်သည်။ အချိန်ကြာလာသည်နှင့်အမျှ သူတို့၏ စိတ်ခံစားချက်များ ထပ်တူကျလာသလို ရှိလာသည်။

ဤအချက်ကြောင့် လုချန်း၏ နှုတ်ခမ်းထောင့်စွန်းတွင် မရိုးမသား အပြုံးတစ်ခု ပေါ်လာသည်။ ယခင်က စနစ်၏ ဆုများ ရရှိရန်အတွက် စိတ်ဝိညာဉ်ချင်း ထပ်တူကျမှုရရန် သူ တမင်တကာ ကြိုးစားခဲ့ဖူးသည်။

သို့သော် စနစ် အဆင့်မြှင့်တင်ပြီးနောက်ပိုင်းတွင် စိတ်ဝိညာဉ်ချင်း ထပ်တူကျမှုကို သူ သိပ်မလုပ်ဖြစ်တော့ပေ။ ယခု ဖီးနစ်တစ်ရာ ဂါရဝပြု ကျင့်စဉ်က ဤအဆင့်ထိ ကူညီပေးနိုင်လိမ့်မည်ဟုလည်း သူ မထင်ထားခဲ့မိပေ။

ယောကျ်ားနှင့် မိန်းမ သဘာဝချင်း မတူညီကြပေ။ လုချန်း ပျော်ရွှင်နေလျှင်ပင် စုဟန်ယန်လည်း ပျော်ရွှင်မည်ဟု မဆိုလိုနိုင်ပေ။ သို့သော် ယခုကျင့်စဉ်ကို ကျင့်ကြံပြီးနောက်တွင်မူ လုချန်း ပျော်ရွှင်တိုင်း စုဟန်ယန်၏ စိတ်နှလုံးလည်း လိုက်ပါ လှုပ်ရှားလာတော့သည်။

သူမ၏ စိတ်ခံစားချက်များ ထိန်းချုပ်ခံနေရသည်ကို သိလိုက်ရသဖြင့် စုဟန်ယန် သူမ၏ လက်ကို အလျင်အမြန် မြှောက်ကာ လုချန်း၏ ရင်ဘတ်ကို တွန်းထုတ်ရင်း စိုးရိမ်တကြီး ကြည့်ကာ ပြောလိုက်သည်။

“မင်းကြီး... ကျေးဇူးပြုပြီး မလုပ်ပါနဲ့”

သူမ၏ စိတ်ခံစားချက်များသာ လုချန်းနှင့် ထပ်တူကျသွားပါက သူမဘဝ လုံးဝ ကျဆုံးသွားမည့် အဖြစ်မျိုး ရောက်မသွားပေဘူးလား။

လုချန်းက စုဟန်ယန်၏ စကားကို ဂရုမစိုက်ပေ။ သူမ၏ နှုတ်ခမ်းကို သူ့နှုတ်ခမ်းဖြင့် ပိတ်ဆို့လိုက်ပြီး ကျင့်စဉ်ကို ဆက်လက် လည်ပတ်စေလိုက်သည်။ ထို့နောက် စုဟန်ယန်ကို သူ့စိတ်ခံစားမှုများဖြင့် လွှမ်းခြုံထားလိုက်ရာ သူမ လုံးဝ အရှုံးပေးလိုက်ရတော့သည်။

…….

တစ်ချိန်တည်းမှာပင်။

ဖရိုဖရဲ ကြယ်ပင်လယ်၏ အစွန်အဖျား ဒေသတွင်။

နတ်လှေတစ်စင်းသည် ဖရိုဖရဲ ကြယ်ပင်လယ်ဆီသို့ ဖြည်းညှင်းစွာ ပျံသန်းလာနေသည်။

လှေကြီး ဖရိုဖရဲ ကြယ်ပင်လယ်နှင့် နီးကပ်လာသောအခါ လေဟုန်ယန်က ကုန်းပတ်ပေါ်တွင် ရပ်လျက် ဘေးနားရှိ ကျိုဖေးအန်ကို စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ဆရာ... ရှေ့ကနေရာက ဖရိုဖရဲ ကြယ်ပင်လယ် ဖြစ်လောက်ပါပြီ။”

ကျိုဖေးအန် အလွန်စိတ်လှုပ်ရှားနေသည်။ သူတို့ ဒီနေရာကို မတော်တဆ ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ ယခင်က နေရာအနှံ့ စုံစမ်းခဲ့သော်လည်း ဖရိုဖရဲ ကြယ်ပင်လယ်၏ ကြယ်မြေပုံကို ရှာမတွေ့ခဲ့ပေ။ ယခုမှသာ အလွယ်တကူ ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်တွင် ကျိုဖေးအန် စိတ်လှုပ်ရှားမနေတော့ပဲ သူ့ရှေ့ရှိ ကမ္ဘာအပျက်အစီးများဖြင့် ပြည့်နှက်နေသော ကြယ်နယ်မြေကို စဉ်းစားခန်းဝင်သည့် အမူအရာဖြင့် ငေးကြည့်နေသည်။

တစ်စုံတစ်ခု မှားယွင်းနေကြောင်း ကျိုဖေးအန် ခံစားမိသည်။ ဤနေရာသည် တော်ဝင် တောင်တန်း ကြယ်နယ်မြေနှင့် သိပ်မဝေးလှပေ။ စိတ်ဝိညာဉ်စွမ်းအား နည်းပါးသော အရိုင်း ကြယ်နယ်မြေ ဖြစ်နေလျှင်ပင် အနီးနားရှိ ကြယ်တာယာမြေပုံများတွင် အမှတ်အသား ပါရှိသင့်သည်။

သို့သော် သူတို့၏ ချန်ဟိုင်ဂိုဏ်း၏ ကြယ်မြေပုံနှင့် တော်ဝင်တောင်တန်း နယ်မြေတစ်ခုလုံး၏ ကြယ်မြေပုံတွင် ဖရိုဖရဲ ကြယ်ပင်လယ်နှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ ဖော်ပြထားခြင်း မရှိပေ။ တမင်သက်သက် အဖျက်ခံထားရလို ဖြစ်နေသည်။

ကြယ်နယ်မြေတစ်ခုကို မြေပုံပေါ်မှ ဖျက်ပစ်သည့် ကိစ္စမျိုးက အလွန်စွမ်းအားကြီးသော ပုဂ္ဂိုလ်တစ်ယောက်သာ တတ်နိုင်သည့် အရာဖြစ်သည်။ အနည်းဆုံး သူတော်စင်အဆင့် သို့မဟုတ် သူတော်စင်အဆင့်အထက် ပုဂ္ဂိုလ်များသာ လုပ်နိုင်သည်။

ထိုအချက်ကို ကြည့်ခြင်းအားဖြင့် ဖရိုဖရဲ ကြယ်ပင်လယ်ထဲရှိ ထျန်းချန်ကမ္ဘာတွင် ရတနာများ ရှိနိုင်သည်ဟူသည့် လေဟုန်ယန်၏ စကားကို ကျိုဖေးအန် ပို ယုံကြည်လာသည်။

ကျိုဖေးအန် တစ်ယောက် ဖရိုဖရဲ ကြယ်ပင်လယ်ကို တိတ်တဆိတ် လေ့လာနေသည်ကို မြင်သောအခါ လေဟုန်ယန်က စိုးရိမ်တကြီး မေးမြန်းလိုက်သည်။

“ဆရာ... ကျွန်တော်တို့ ထျန်းချန်ကမ္ဘာကို အခုပဲ သွားကြမလား။”

ကျိုဖေးအန်က ခပ်အေးအေး လေသံဖြင့် ပြန်ပြောသည်။

“မလောပါနဲ့”

ထျန်းချန်ကမ္ဘာမှာ ပြန်လည်ပျက်စီးခြင်းအဆင့် စွမ်းအားရှင်တွေ ရှိတယ်လို့ မင်းပဲ ပြောခဲ့တယ် မဟုတ်ဘူးလား။ အခြေအနေ တစ်ခုခု ဖြစ်လာရင် အသင့်ဖြစ်အောင် ငါတို့နဲ့အတူ လိုက်မယ့် ပြန်လည်ပျက်စီးခြင်းအဆင့်ကျင့်ကြံသူတချို့ကို ထပ်ရှာဖို့ ငါ စီစဉ်ထားတယ်။ “

ကျိုဖေးအန်သည် သတိကြီးသူ တစ်ဦးဖြစ်သည်။ ထျန်းချန်ကမ္ဘာမှ ရတနာများကို လိုချင်သော်လည်း သူ့ကိုယ်ပွားကို ဖရိုဖရဲ ကြယ်ပင်လယ်ထဲတွင် အသေမခံနိုင်ပေ။

ကျင့်စဉ် လောကကြီးက ရက်စက်ကြမ်းကြုတ်လှသည်။ ကိုယ်ပွားတစ်ခု ဆုံးရှုံးရခြင်းက သေဆုံးခြင်း မဟုတ်သော်လည်း ကိုယ်ပွားဆုံးရှုံးပြီး စွမ်းအားလျော့နည်းသွားကြောင်း အခြားသူများ သိသွားပါက ရန်သူများ တိုက်ခိုက်လာနိုင်ခြေ အလွန် များသည်။

ထို့ပြင် ချန်ဟိုင်ဂိုဏ်းကဲ့သို့သော ဂိုဏ်းကြီးတစ်ခုတွင် ပြိုင်ဆိုင်မှုများက အမြဲ ပြင်းထန်နေတတ်ရာ သူသာ ဒဏ်ရာရသွားပါက ရက်ပိုင်းအတွင်း သူ့ရာထူးကို အခြားသူများ ဝင်လုသွားနိုင်သည်။

အစက တစ်ယောက်တည်း သွားရန် ကျိုဖေးအန် ကြံရွယ်ခဲ့သော်လည်း ဖရိုဖရဲ ကြယ်ပင်လယ်နှင့် တော်ဝင် တောင်တန်း ကြယ်နယ်မြေတို့ အလွန် နီးကပ်နေကြောင်း တွေ့ရှိပြီးနောက် ထိုအကြံကို စွန့်လွှတ်လိုက်သည်။

တော်ဝင် တောင်တန်းနယ်မြေနှင့် ပတ်ဝန်းကျင် ကြယ်နယ်မြေများ၏ မြေပုံများမှ ဖရိုဖရဲ ကြယ်ပင်လယ်ကို ဖျောက်ဖျက်ထားနိုင်သူ၏ စွမ်းအားကို ခန့်မှန်းကြည့်နိုင်သည်။ ဖရိုဖရဲ ကြယ်ပင်လယ်ထဲတွင် အခြား အတားအဆီးများ သို့မဟုတ် အန္တရာယ်များ မရှိနိုင်ဟု သူ လုံးဝ မယုံကြည်ပေ။

ထိုကဲ့သို့ အန္တရာယ်များသော နေရာမျိုးသို့ လူများများ ခေါ်သွားခြင်းက ပိုကောင်းပေလိမ့်မည်။

ကျိုဖေးအန်၏ စကားကို ကြားပြီးနောက် လေဟုန်ယန်လည်း သဘာဝကျသည်ဟု တွေးမိလိုက်သည်။ ပြီးခဲ့သည့်အကြိမ်က ထျန်းချန်ကမ္ဘာကို လျှော့တွက်ခဲ့မိသဖြင့် သူ့ကိုယ်ပွား ပျက်စီးခဲ့ရပြီး သူကိုယ်တိုင်လည်း ဖရိုဖရဲ ကြယ်ပင်လယ်မှ ထွက်ပြေးခဲ့ရသည်။

ဒီတစ်ကြိမ်တော့ မတော်တဆမှု အဖြစ်ခံ၍ မရတော့ပေ။ ပြီးခဲ့သည့်အကြိမ်က သူ့တွင် ကိုယ်ပွားရှိခဲ့သော်လည်း ယခု မရှိတော့ချေ။ ထပ်မံ၍ မတော်တဆမှု ဖြစ်ပွားပါက သူ လုံးဝ သေဆုံးသွားနိုင်သည်။

ထိုအချက်ကို တွေးမိပြီးနောက် လေဟုန်ယန်က ထောက်ခံပြောဆိုလိုက်သည်။

“ဆရာ ပြောတာ အမှန်ပါပဲ”

ထိုအချိန်တွင် ကျိုဖေးအန် တစ်စုံတစ်ခုကို စဉ်းစားမိလိုက်ပြီး သူ့ခန္ဓာကိုယ်ထဲရှိ ကမ္ဘာငယ်ထဲမှ နတ်လှေတစ်စင်းကို ထုတ်ယူကာ လေဟုန်ယန်ကို ပြောလိုက်သည်။

“မင်း ဒီမှာပဲ ဆက်နေပြီး ဖရိုဖရဲ ကြယ်ပင်လယ်ကို စောင့်ကြည့်နေလိုက်။ တခြားဘယ်သူတွေ ဝင်လာသလဲဆိုတာ ကြည့်ထား။”

လေဟုန်ယန်က

“ဟုတ်ကဲ့ပါ ဆရာ”

စကားဆုံးသည်နှင့် ကျိုဖေးအန် ထုတ်ပေးလိုက်သော နတ်လှေပေါ်သို့ လေဟုန်ယန် ပျံတက်သွားသည်။

ထို့နောက် ကျိုဖေးအန်လည်း နတ်လှေကို တိုက်ရိုက် ထိန်းချုပ်မောင်းနှင်ပြီး ဖရိုဖရဲ ကြယ်ပင်လယ်မှ ထွက်ခွာသွားတော့သည်။

ကျိုဖေးအန် ထွက်ခွာသွားပြီးနောက် လေဟုန်ယန်သည် ကုန်းပတ်ပေါ်တွင် ရပ်လျက် ထျန်းချန်ကမ္ဘာရှိရာ ဘက်သို့ လှမ်းကြည့်ရင်း ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ သူ့မျက်ဝန်းတွင် ဖြတ်သန်းသွားသည်။

ဒီတစ်ကြိမ်တော့ ဘာအမှားအယွင်းမှ ရှိလိမ့်မည်မဟုတ်ဟု သူ ယုံကြည်သည်။

တစ်စုံတစ်ယောက်က ထျန်းချန်ကမ္ဘာကို ပစ်မှတ်ထားနေပြီဆိုသည်ကို လုချန်း လုံးဝ မသိပေ။ သူသည် စုဟန်ယန်၏ ကုတင်ပေါ်တွင် အလုပ်ရှုပ်နေဆဲပင် ဖြစ်သည်။

……..

လအနည်းငယ် ကြာပြီးနောက်။

ကျိုဖေးအန်သည် ချန်ဟိုင်ဂိုဏ်းသို့ ပြန်ရောက်လာခဲ့သည်။

ဂိုဏ်းသို့ ပြန်ရောက်ရောက်ချင်း ကျိုဖေးအန် ပထမဆုံး လုပ်သည့်အလုပ်မှာ သူနှင့် ဆက်ဆံရေးကောင်းမွန်ပြီး လျှို့ဝှက်ချက်များ မျှဝေလေ့ရှိသော ဂိုဏ်းအပြင်စည်း အကြီးအကဲအချို့နှင် တွေ့ဆုံခြင်း ဖြစ်သည်။ ထျန်းချန်ကမ္ဘာ ကိစ္စကို အသိပေးပြီး ဖရိုဖရဲ ကြယ်ပင်လယ်သို့ လိုက်ပါရန် စည်းရုံးလိုသောကြောင့် ဖြစ်သည်။

ခန်းမဆောင်အတွင်း၌ ဂိုဏ်းအပြင်စည်း အကြီးအကဲများ ရောက်လာမည်ကို ကျိုဖေးအန်က စောင့်ဆိုင်းနေစဉ် ဝင်ပေါက်ဝမှ အမျိုးသားတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။

“အကြီးအကဲကျို... ကျွန်တော့်ကိုခေါ်တာ ဘာကိစ္စများ ရှိလို့ပါလဲ။”

စကားသံဆုံးသည်နှင့် ထိုအမျိုးသား ခန်းမထဲသို့ ဝင်ရောက်လာသည်။ ကျိုဖေးအန်က အလျင်အမြန် ထရပ်လိုက်ပြီး ပြုံး၍

“အကြီးအကဲလျန်... မလောပါနဲ့ဗျာ။ နောက်ထပ် လူနှစ်ယောက် ရှိပါသေးတယ်။ သူတို့ရောက်လာမှပဲ အားလုံးနဲ့အတူ ဆွေးနွေးကြတာပေါ့။”

ထိုစကားကို ကြားသောအခါ လျန်အန်းယိက ကျိုဖေးအန်ကို သံသယဖြင့် ကြည့်လိုက်ပြီး တစ်စုံတစ်ခုကို သဘောပေါက်သွားသကဲ့သို့ မရေမရာ မေးလိုက်သည်။

“အကြီးအကဲကျိုက မကြာသေးခင်က မြေကောင်းမြေမြတ် အသစ်တစ်ခုခု ရှာတွေ့ထားပုံ ရတယ်။”

ကျိုဖေးအန်က ပြန်မဖြေပဲ သူ၏ မုတ်ဆိတ်မွေးများကို သပ်ကာ ပြုံးနေလိုက်သည်။ ကျိုဖေးအန်၏ မျက်နှာထားကို မြင်သောအခါ သူ့ခန့်မှန်းချက် မှန်ကန်ကြောင်း လျန်အန်းယိ ပိုသေချာသွားသည်။

မကြာမီမှာပင် နောက်ထပ် ဂိုဏ်းအပြင်စည်း အကြီးအကဲ နှစ်ဦး ခန်းမထဲသို့ ဝင်ရောက်လာကြသည်။ လူစုံသည်နှင့် ကျိုဖေးအန်က အသံလုံသော အစီအရင်တစ်ခုကို ချက်ချင်း ခင်းကျင်းလိုက်သည်။

ကျိုဖေးအန် ဤမျှ သတိထားနေသည်ကို မြင်သောအခါ အခြားအကြီးအကဲ သုံးဦးလုံး ဘာကိစ္စဖြစ်မလဲဟု ခန့်မှန်းနေကြသည်။

ကျိုဖေးအန်က အခြားအကြီးအကဲ သုံးဦးကို ဝေ့ဝဲကြည့်လိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။

“ခင်ဗျားတို့ သုံးယောက်ကို ဒီနေ့ ဒီကို ခေါ်လိုက်တာက မဟာဧကရာဇ် ဂူသင်္ချိုင်းတစ်ခု ရှိနိုင်တဲ့ နေရာတစ်ခုကို ကျွန်တော် ရှာဖွေတွေ့ရှိထားလို့ပါပဲ။”

ထိုစကားကို ကြားသောအခါ သုံးဦးစလုံး အံ့အားသင့်သွားကြသည်။

မဟာဧကရာဇ် ဂူသင်္ချိုင်း ဟုတ်လား။

တကယ်ကြီးလား။

လျန်အန်းယိက မယုံသင်္ကာဖြင့် ပြောလိုက်သည်။

“အကြီးအကဲကျို... ခင်ဗျား ကျွန်တော်တို့ကို လိမ်နေတာတော့ မဟုတ်ပါဘူးနော်။ တော်ဝင် တောင်တန်း ကြယ်နယ်မြေထဲမှာ ဘယ်တုန်းက မဟာဧကရာဇ် ဂူသင်္ချိုင်း ရှိသွားတာလဲ။”

All Chapters