အစ်မ အမှားလုပ်မိမှာ စိုးရိမ်လို့လေ
Vol. 79 Ch. 1174
တောင်ဝင်တောင်တန်း ကြယ်နယ်မြေ၏ အမြင့်ဆုံး ကျင့်ကြံခြင်းအဆင့်မှာ သူတော်စင်အဆင့် ဖြစ်သည်။ ဤနေရာ၌ ဧကရာဇ်အဆင့် တစ်ခါမှ မရှိခဲ့ဖူးပေ။ သို့ပါလျက် မဟာဧကရာဇ် ဂူသင်္ချိုင်း မည်သို့ ရှိနိုင်မည်နည်း။
ကျိုဖေးအန်၏ စကားကို ကြားသောအခါ ချန်ဟိုင်ဂိုဏ်း အပြင်စည်း ဂိုဏ်းအကြီးအကဲ သုံးဦး မယုံကြည်နိုင် ဖြစ်နေသည်။ သို့သော် ဤအရာကို ကျိုဖေးအန် မျှော်လင့်ထားပြီးသားဖြစ်သည်။
သူက ဆက်ပြောလိုက်သည်။
“အကြီးအကဲတို့ စိတ်မလောကြပါနဲ့။ မဟာဧကရာဇ် ဂူသင်္ချိုင်းက တောင်ဝင်တောင်တန်း ကြယ်နယ်မြေထဲမှာ ရှိတယ်လို့ ကျွန်တော် တစ်ခါမှ မပြောခဲ့ပါဘူး။”
လျန်အန်းယိ ဘေးရှိ ထုန်ရှုဝမ်က ဝင်ပြောသည်။
“အကြီးအကဲကျို... စကားကို ဝေ့ဝိုက်မနေပဲ ဘာဖြစ်တာလဲဆိုတာ ပြောပြပါဗျာ။”
ကျိုဖေးအန် အချိန်မဖြုန်းတော့ပေ။ ကြယ်တာယာမြေပုံတစ်ခုကို ထုတ်ယူကာ ညာဘက်ထောင့်စွန်းကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။
“အရင်ဆုံး ဒီနေရာကို ကြည့်ကြည့်ပါ။”
ကြယ်မြေပုံပေါ်ရှိ ဟာလာဟင်းလင်း ဖြစ်နေသော နေရာ...
ထိုနေရာကို ကျိုဖေးအန်ကညွှန်ပြနေသည်။
လျန်အန်းယိ ဇဝေဇဝါ ဖြစ်သွားပြီး မေးလိုက်သည်။
“အကြီးအကဲကျို... ဒီမှာ ဘာမှမရှိတာ ဘာလို့ ကြည့်ခိုင်းနေတာလဲ။”
“မဟာဧကရာဇ် ဂူသင်္ချိုင်းက အဲ့ဒီနေရာမှာ ရှိနေတယ်လို့ ပြောချင်တာလား။”
လျန်အန်းယိ၏ စကားကို ကြားသောအခါ ကျိုဖေးအန်က လျှို့ဝှက်ဟန်ဖြင့် ပြုံးလိုက်သည်။
“ဒီကြယ်နယ်မြေကို ဘာလို့ ကြယ်မြေပုံမှာ မမှတ်ထားတာလဲဆိုတာ ခင်ဗျားတို့ မသိချင်ဘူးလား။”
ထိုအရာကို ကြားတော့ လျန်အန်းယိက
“ဘာသိချင်စရာ ရှိလို့လဲ။ မမှတ်သားထားဘူးဆိုရင် ကြယ်နယ်မြေ မရှိလို့ပေါ့။ ဟင်းလင်းပြင် သက်သက်မို့လို့လေ။”
စကြဝဠာထဲတွင် အမှတ်အသား မလုပ်ထားသော နေရာ အမြောက်အမြား ရှိသည်။ ထိုနေရာများသည် ဟင်းလင်းပြင်များသာ ဖြစ်သည်။ ဒါက ထူးဆန်းသည့် ကိစ္စမဟုတ် ပေ။
ထိုအချိန်တွင် ကျိုဖေးအန်က ပြုံး၍
“ဒီနေရာမှာ ကြယ်နယ်မြေတစ်ခု တကယ်ရှိနေတယ်လို့ ကျွန်တော် ပြောရင်ရော။”
ထိုအရာကို ကြားတော့ သုံးဦးစလုံး အနည်းငယ် ကြောင်အသွားသည်။ ထို့နောက် ကြယ်တာယာမြေပုံကို သူတို့ ပြန်လည် အာရုံစိုက်လိုက်ကြသည်။
ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ခဏကြာတော့ ထုန်ရှုဝမ်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
“ဒီဧရိယာထဲမှာ ကြယ်နယ်မြေ ရှိနေတာလား။”
ပတ်ဝန်းကျင်ရှိ ကြယ်နယ်မြေများ၏ မြေပုံများနှင့် သူတို့ ရင်းနှီးကျွမ်းဝင်ပြီး ဖြစ်သည်။ ကျိုဖေးအန် ပြသောနေရာမှာ တောင်ဝင်တောင်တန်း ကြယ်နယ်မြေနှင့် အလွန်နီးကပ်နေသည်။ ယခင်ကြယ်မြေပုံများအရ ထိုနေရာတွင် မည်သည့် ကြယ်နယ်မြေမှ မရှိပေ။
အံ့အားသင့်နေသော သူတို့သုံးဦးကို ကြည့်ရင်း ကျိုဖေးအန်က
“ကျွန်တော် ကိုယ်တိုင် သွားကြည့်ခဲ့ဖူးတယ်။ သေမင်းကြယ်နယ်မြေနဲ့ တူတဲ့ ကြယ်အစုအဝေးတစ်ခု တကယ်ရှိနေတာ။”
သေမင်းကြယ်နယ်မြေ ဆိုသည်မှာ သက်ရှိကမ္ဘာများ ပျက်စီးသွားပြီး နေရာအနှံ့ ကမ္ဘာပျက်စီးအပိုင်းအစများဖြင့် ပြည့်နှက်နေသော နေရာများ ဖြစ်သည်။
ထိုကဲ့သို့သော ကြယ်နယ်မြေများသည် စိတ်ဝိညာဉ် စွမ်းအားနှင့် ကျင့်ကြံခြင်း အရင်းအမြစ်များ ကုန်ခမ်းသွားသဖြင့် နောက်ဆုံးတွင် သက်ရှိ လုံးဝကင်းမဲ့သွားခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ကို သေမင်းကြယ်နယ်မြေဟု ခေါ်ဆိုကြခြင်း ဖြစ်သည်။
ကျိုဖေးအန်၏ စကားကို ကြားသောအခါ အားလုံး သဘောပေါက်သွားကာ တိတ်ဆိတ်သွားကြသည်။
သေမင်းကြယ်နယ်မြေ ဖြစ်နေလျှင်ပင် ကြယ်တယာမြေပုံပေါ်၌ မှတ်သားထားရမည်။ လုံးဝ မမှတ်သားထားခြင်းမျိုး မဖြစ်နိုင်ပေ။ မမှတ်သားထားခြင်းမှာ တစ်စုံတစ်ယောက်က ကြယ်တာယာမြေပုံမှ ဤကြယ်နယ်မြေကို ဖျက်ပစ်လိုက်ခြင်း ဖြစ်သည်။
မတူသောအင်အားစု၏ ကြယ်တာယာမြေပုံများကလည်း ကွဲပြားကြသည်။ မြေပုံအားလုံးမှ ထိုကြယ်နယ်မြေကို ဖျက်ပစ်နိုင်သူမှာ အလွန် အင်အားကြီးမားကြောင်း ပြသနေသည်။
ထို့နောက် မေးခွန်းထုတ်စရာ ဖြစ်လာသည်။ ထိုမျှ အင်အားကြီးမားသော ပုဂ္ဂိုလ်က ထိုနေရာတွင် ဘာရှိနေ၍ ကြယ်မြေပုံများမှ ဖျက်ပစ်ရသနည်း။
ထိုနေရာတွင် အရေးကြီးအရာများ မရှိပါက ကြယ်နယ်မြေကို ဖျက်ပစ်သည့် အင်အားကြီး ပုဂ္ဂိုလ်လည်း ကြယ်မြေပုံများမှ ၎င်းကိုပျောက်ကွယ်သွားအောင် လုပ်စရာ အကြောင်းပြချက် ရှိမည် မဟုတ်ပေ။
ရုတ်တရက် လူတိုင်း၏ စိတ်ထဲတွင် ဖြစ်နိုင်ခြေ တစ်ခု ပေါ်လာသည်။
လျန်အန်းယိတို့လူစု တိတ်ဆိတ်သွားသည်ကို မြင်သောအခါ ကျိုဖေးအန်က ဆက်ပြောလိုက်သည်။
“လွန်ခဲ့တဲ့ နှစ်နှစ်က တပည့်တစ်ယောက် ကျွန်တော် လက်ခံခဲ့တယ်။ သူက အဲ့ဒီကြယ်နယ်မြေက လာတာ။”
“သူ့ရဲ့ ပြောပြချက်အရ အဲဒီကြယ်နယ်မြေထဲမှာ အဆင့်နိမ့်ကမ္ဘာတစ်ခု ရှိတယ်တဲ့။ အဆင့်နိမ့်ပေမဲ့ နတ်လှေ ဒါဇင်နဲ့ချီ ရှိပြီး ပြန်လည်ပျက်စီးခြင်းအဆင့် ရောက်နေတဲ့ ကျင့်ကြံသူတွေတောင် ရှိတယ်တဲ့။”
“စဉ်းစားကြည့်ဗျာ... အဲဒီ အဆင့်နိမ့်ကမ္ဘာမှာ ဘာမှမရှိဘူးဆိုရင် အဲဒီကလူတွေက ပြန်လည်ပျက်စီးခြင်းအဆင့်အထိ ဘယ်လို ကျင့်ကြံနိုင်မှာလဲ။ ပြီးတော့ နတ်လှေ ဒါဇင်နဲ့ချီတောင် ပိုင်ဆိုင်ထားကြသေးတယ်။”
“နောက်တစ်မျိုး တွေးကြည့်ရင် အဲဒီလူတွေက အဆင့်နိမ့်ကမ္ဘာက မဟုတ်ပဲ တခြားကမ္ဘာက လာတယ်ဆိုပါစို့။ ဘာလို့ နတ်လှေ ဒါဇင်နဲ့ချီကို အဲဒီ အဆင့်နိမ့်ကမ္ဘာဆီ ယူလာကြမှာလဲ။”
ကျိုဖေးအန်၏ သုံးသပ်ချက်ကို နားထောင်ပြီးနောက် ဖရိုဖရဲကြယ်ပင်လယ်ထဲတွင် မဟာဧကရာဇ် ဂူသင်္ချိုင်း ရှိနိုင်ကြောင်း သူတို့သုံးဦး အခြေခံအားဖြင့် ယုံကြည်သွားကြသည်။
မည်သည့် ရှုထောင့်မှ ကြည့်သည်ဖြစ်စေ ထိုကမ္ဘာသည် ကြီးမားသော လျှို့ဝှက်ချက်များကို ဖုံးကွယ်ထားသည်။
ကျိုဖေးအန်က ထပ်ပြောလိုက်သည်။
“ဒီကိစ္စကို ဂိုဏ်းဆီ ကျွန်တော် အစီရင်ခံစာ မတင်ရသေးဘူး။ အရင်ဆုံး အတည်ပြုဖို့ စီစဉ်ထားတာ။”
ထိုသို့ ပြောလိုက်ချိန်တွင် ကျိုဖေးအန်၏ မျက်နှာပေါ်၌ အဓိပ္ပာယ်ပါသော အပြုံးတစ်ခု ပေါ်လာသည်။
မဟာဧကရာဇ် ဂူသင်္ချိုင်း တကယ်ရှိပါက ဂိုဏ်းသို့ သေချာပေါက် အစီရင်ခံရမည်။ သို့သော် ထိုသို့ မလုပ်မီ ဂူသင်္ချိုင်းကို အပြည့်အဝ စူးစမ်းလေ့လာကာ ရနိုင်သမျှ ရတနာများကို သူတို့ ရယူထားနိုင်သည်။
ကျင့်ကြံသူများ ဤသို့ လုပ်တတ်ကြခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်ပေ။
ကျိုဖေးအန် ဆိုလိုသည်ကို လျန်အန်းယိတို့ နားလည်ကြသည်။ လျန်အန်းယိက
“အကြီးအကဲကျို ပြောသလိုဆိုရင် အဲဒီကြယ်နယ်မြေမှာ လျှို့ဝှက်ချက်တွေ တကယ် ရှိနေမှာပဲ။ မဟာဧကရာဇ် ဂူသင်္ချိုင်း မဟုတ်ရင်တောင် ကိုယ်တိုင် သွားကြည့်ဖို့ တန်ပါသေးတယ်။”
ထုန်ရှုဝမ်က
“အကြီးအကဲလျန် ပြောတာ ဟုတ်တယ်။”
ထိုသို့ ပြောပြီးနောက် ထင်မြင်ချက် မပေးရသေးသော နောက်ဆုံး အကြီးအကဲထံသို့ သူတို့သုံးဦးက ကြည့်လိုက်ကြသည်။
ခဏမျှ စဉ်းစားပြီးနောက် ထိုအကြီးအကဲက ခေါင်းမော့ကာ ကျိုဖေးအန်ကို မေးလိုက်သည်။
“အဲဒီ ကြယ်နယ်မြေဆီ ဘယ်တော့သွားဖို့ စီစဉ်ထားလဲ အကြီးအကဲကျို။”
ကျုံးဖေးအန်က
“အချိန်ဖြုန်းမနေသင့်ဘူး။ ခင်ဗျားတို့သုံးယောက် တခြားကိစ္စ မရှိဘူးဆိုရင် ဒီနေ့ပဲ ချက်ချင်းထွက်ဖို့ စီစဉ်ထားတယ်။”
မဟာဧကရာဇ် ဂူသင်္ချိုင်းမှ ရတနာသိုက်သည် သူတို့အတွက် ကြီးမားသော မက်လုံးဖြစ်သည်။ ဂူသင်္ချိုင်းအတွင်းမှ အမွေအနှစ် တစ်ခုခု ရှာဖွေတွေ့ရှိပါက သူတို့အတွက် အလွန်ကံကောင်းသော ဖြစ်ရပ်ကြီး ဖြစ်လိမ့်မည်။
လျန်အန်းယိက
“ကောင်းပြီ... ကိစ္စတချို့ ဖြေရှင်းဖို့ ကျွန်တော် အရင်ပြန်နှင့်မယ်။ နေ့လယ်ကျရင် အဲဒီကြယ်နယ်မြေဆီ ထွက်ကြတာပေါ့။”
ထုန်ရှုဝမ်နှင့် အခြားအကြီးအကဲကလည်း သဘောတူလိုက်ကြသည်။
“ကောင်းပြီ... ပြဿနာမရှိဘူး”
ထို့နောက် စီစဉ်စရာရှိသည်များကို စီစဉ်ရန် အကြီးအကဲ သုံးဦး ခန်းမမှထွက်ကာ သက်ဆိုင်ရာ တောင်ထိပ်များဆီသို့ ပြန်သွားကြသည်။
မဟာဧကရာဇ် ဂူသင်္ချိုင်းကို စူးစမ်းရှာဖွေခြင်းသည် လနှင့်ချီ သို့မဟုတ် တစ်နှစ် နှစ်နှစ်ထိ ကြာမြင့်နိုင်သည်။ သူတော်စင်အဆင့် ဂူသင်္ချိုင်းများကို ရှာဖွေရာတွင်ပင် နှစ်ဝက်ခန့် ကြာမြင့်တတ်သည်။
မဟာဧကရာဇ် ဂူသင်္ချိုင်းဆိုလျှင် ပြောစရာ မလိုတော့။
……..
လအနည်းငယ် ကြာပြီးနောက်။
ချန်ရန်ကမ္ဘာ။
အနီရောင်ဖီးနစ်ဝတ်ရုံကို ဆင်မြန်းထားသော နန်းကုန်းယွဲ့ဟွာသည် တောင်ထိပ်တစ်ခုပေါ်၌ ရပ်လျက် အဝေးရှိ တောင်တန်းများကို ငေးကြည့်နေသည်။ ချန်ရန်ကမ္ဘာသို့ ရောက်ရှိပြီးနောက် နန်းကုန်းယွဲ့ဟွာသည် အင်အားစုအားလုံးကို လျင်မြန်စွာ စုစည်းကာ ကျိရှောင်နိုင်ငံတော်ကို တည်ထောင်ခဲ့သည်။
ယခင် ကျိရှောင်နိုင်ငံတော်၏ စီမံခန့်ခွဲမှုနှင့် ချန်ရန်ကမ္ဘာရှိ နဂါးတပ်မတော်ကြောင့် ခုခံမှုကြီးကြီးမားမား မကြုံတွေ့ခဲ့ရပေ။
သူမကို စိတ်အနှောင့်အယှက် ဖြစ်စေသည့် တစ်ခုတည်းသော အရာမှာ နန်းကုန်းချင်ရ ဖြစ်သည်။ နန်းကုန်းချင်ရသည် လုချန်းကို သစ္စာဖောက်မည် စိုးရိမ်သဖြင့် စောင့်ကြည့်သည့် ခေါင်းစဉ်တပ်ကာ ရံဖန်ရံခါ လာရောက်နှောင့်ယှက်တတ်သည်။
တောင်ထိပ်ပေါ်တွင် နန်းကုန်းယွဲ့ဟွာ ရပ်နေစဉ် သူမ၏ အနောက်မှ ရင်းနှီးနေသော အသံတစ်သံ ထွက်ပေါ်လာသည်။
“အစ်မ... ဘာလို့ ဒီမှာ ရပ်နေတာလဲ။ မင်းကြီးကို လွမ်းနေတာများလား။”
နန်းကုန်းချင်ရ၏ အသံကို ကြားသော်လည်း နန်းကုန်းယွဲ့ဟွာက လစ်လျူရှုထားကာ အဝေးရှိ တောင်တန်းများကို ဆက်လက် ငေးမောနေသည်။
နန်းကုန်းယွဲ့ဟွာက သူမကို ဂရုမစိုက်သော်လည်း နန်းကုန်းချင်ရ စိတ်မဆိုးပေ။ သူမက ပေါ့ပါးစွာ ပြုံး၍
“ချန်ရန်ကမ္ဘာကို ရောက်ကတည်းက ကျိရှောင်နိုင်ငံတော်ရဲ့ ကိစ္စတွေကို ငါ ဘယ်တုန်းကမှ ဝင်မပါခဲ့ပါဘူး။ ဘာလို့ အစ်မက ငါ့ကို ဒီလောက်တောင် စိမ်းကားနေရတာလဲ။ ဝမ်းနည်းစရာ ကောင်းလိုက်တာ။”
နန်းကုန်းယွဲ့ဟွာ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
“အလုပ်မရှိရင် သွားမကျင့်ကြံပဲ ဘာလို့ ရက်နည်းနည်းကြာတိုင်း ငါ့ကို လာရှုပ်နေတာလဲ။”
နန်းကုန်းချင်ရက
“အစ်မ အမှားလုပ်မိမှာ စိုးရိမ်လို့လေ။”
နန်းကုန်းယွဲ့ဟွာ ပြောစရာစကား မရှိ ဖြစ်သွားသည်။ သူမ ဘာအမှား လုပ်နိုင်မည်နည်း။ ဘာအမှား လုပ်ရဲမည်နည်း။
ထိုအချိန်တွင် ကောင်းကင်ယံ၌ ကြီးမားသော ဥက္ကာခဲတစ်ခု ရုတ်တရက် ပေါ်လာသည်။ ထို့နောက် ကောင်းကင်တစ်ခုလုံး တဖြည်းဖြည်း လင်းလက်လာသည်။ ထိုအရာကို မြင်သောအခါ အမျိုးသမီးနှစ်ဦးသည် ငြင်းခုံနေမှုကို ရပ်တန့်လိုက်ပြီး ဥက္ကာပျံရှိရာသို့ တိုက်ရိုက် ပျံသန်းသွားကြသည်။