ကြိုးစားကြည့်လို့ရတယ်
Vol. 79 Ch. 1176
လုချန်း၏ နတ်လှေကို လေဟောင်ရန် ချက်ချင်း မှတ်မိလိုက်သည်။ ဖရိုဖရဲကြယ်ပင်လယ်၏ အပြင်ဘက်တွင် တစ်ဖက်လူက သူတို့ကို စောင့်ဆိုင်းနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
လေဟောင်ရန်က ဘေးရှိ ကျိုဖေးအန်ကို အလျင်စလို ပြောလိုက်သည်။
“ဆရာ... အဲ့ဒီနတ်လှေက တပည့်ပြောတဲ့ ဆွမ်ဧကရာဇ်ပိုင်တဲ့ နတ်လှေပါပဲ။”
“ဆွမ်ဧကရာဇ်က ရှေ့မှာ ကျွန်တော်တို့ကို စောင့်နေတာပါ။”
ထိုအရာကို ကြားသောအခါ ကျိုဖေးအန်၏ မျက်နှာတွင် မည်သည့်ခံစားချက်မှ မပြလာ ပေ။ သူသည် ရှေ့ကိုသာ တိတ်ဆိတ်စွာ ငေးကြည့်နေခဲ့ပြီး မည်သည့်အရာကို တွေးတောနေမှန်း မသိနိုင်ပေ။
ဖရိုဖရဲကြယ်ပင်လယ်ထဲသို့ ဝင်ရောက်လာကတည်းက ထိုခမ်းနားထည်ဝါသော နတ်လှေကို သူ သတိထားမိပြီး ဖြစ်သည်။ ချန်ဟိုင်ဂိုဏ်းချုပ်၌ပင် ထိုကဲ့သို့သော နတ်လှေမျိုး မရှိပေ။
သေမင်းကြယ်နယ်မြေမှ လူတစ်ယောက်က ထိုမျှ ခမ်းနားထည်ဝါသော နတ်လှေကို ပိုင်ဆိုင်ထားသည်။ ဒါက ဧကရာဇ်ကြီးတစ်ပါး ချန်ရစ်ခဲ့သော အမွေအနှစ် ဖြစ်နိုင်သည်။ သို့မဟုတ် နတ်လှေပိုင်ရှင်၌ အလွန်ကြီးမားသော အဆင့်အတန်း ရှိနေခြင်းလည်း ဖြစ်နိုင်သည်။
နတ်လှေသည် ဧကရာဇ်ကြီးတစ်ပါး ချန်ရစ်ခဲ့သည့်အရာ ဖြစ်ပါက အံ့သြစရာ မရှိသော်လည်း မူလကတည်းက ဆွမ်ဧကရာဇ် ပိုင်ဆိုင်သည့်အရာ ဖြစ်နေပါက သူတို့ သတိထား၍ ဆက်သွားရပေလိမ့်မည်။
ထိုကဲ့သို့ ခမ်းနားထည်ဝါသော နတ်လှေကို ပိုင်ဆိုင်ထားသူ၌ အင်အားကြီးမားသော နောက်ခံ ရှိရမည်ဖြစ်ပြီး သူတို့ အလွယ်တကူ ရန်မစသင့်သောသူ ဖြစ်ကောင်းဖြစ်နိုင်သည်။
ထိုနတ်လှေကို မြင်လိုက်ရသည့်အခါ လျန်အန်းယိနှင့် အဖော်နှစ်ဦးလည်း ပို၍ သတိရှိလာကြသည်။ ဖရိုဖရဲကြယ်ပင်လယ်ထဲတွင် ဧကရာဇ်ကြီး၏ ဂူသင်္ချိုင်း ရှိနေကြောင်း သူတို့ ပို၍ သေချာသွားကြသည်။
ဤနတ်လှေသည် ဧကရာဇ်ကြီး၏ အမွေအနှစ် ဟုတ်မဟုတ်နှင့် ပိုင်ရှင်က အခြားနေရာမှ လာသူ ဟုတ်မဟုတ် ဆိုတာထားလိုက်ဦး ထိုအချက်က ဖရိုဖရဲကြယ်ပင်လယ်တွင် ထူးခြားမှုရှိနေသည်ဆိုတာကို ငြင်း၍မရပေ။
ဤနတ်လှေသည် ဖရိုဖရဲကြယ်ပင်လယ် အတွင်းရှိ ထျန်းချန်ကမ္ဘာမှ လာခြင်းဖြစ်ပါက ထိုမျှ ခမ်းနားသော နတ်လှေ ရှိနေသည့်အတွက် ဖရိုဖရဲကြယ်ပင်လယ်ထဲတွင် ခမ်းနားကြီးကျယ်သော ဂူသင်္ချိုင်း ရှိနေသည်မှာ ပြောစရာပင် မလိုချေ။
ဤနတ်လှေသည် အခြားကြယ်နယ်မြေမှ လာခြင်းဖြစ်ပါကလည်း ဖရိုဖရဲကြယ်ပင်လယ်ထဲတွင် ရတနာ အမြောက်အမြား ရှိနေကြောင်း သက်သေပြနေခြင်း ဖြစ်သည်။ မဟုတ်ပါက နတ်လှေ၏ နောက်ကွယ်မှ လူသည် ဤနေရာသို့ အဘယ်ကြောင့် ဒုက္ခခံ၍ လာမည်နည်း။
ထိုမျှ ခမ်းနားသော နတ်လှေကို ပိုင်ဆိုင်ထားခြင်းက ပိုင်ရှင်သည် သာမန်လူ မဟုတ်ကြောင်း ပြသနေသည်။ အကြောင်းပြချက် မရှိပဲ သေမင်းကြယ်နယ်မြေထဲသို့ မည်သည့် အင်အားကြီးပုဂ္ဂိုလ်မှ လာရောက်လည်ပတ်မည် မဟုတ်ပေ။ ဤကြယ်နယ်မြေတွင် ရတနာများ ရှိနေသည်ဟူသော ဖြစ်နိုင်ခြေကသာ ထိုလူကို ဆွဲဆောင်နိုင်လိမ့်မည်။
သို့သော် လောလောဆယ်တွင် သူတို့သုံးဦး တွန့်ဆုတ်နေကြသည်။ ဤနတ်လှေသည် ဧကရာဇ်ကြီး၏ ဂူသင်္ချိုင်းမှ တကယ် ရရှိထားခြင်း ဖြစ်ပါက သူတို့ သိပ်ပူပန်နေစရာ မလိုပဲ လက်ရှိ နတ်လှေပိုင်ရှင်ကို တိုက်ခိုက်လိုက်ရုံသာ ဖြစ်သည်။
သို့သော် နတ်လှေသည် အခြားကြယ်နယ်မြေမှ လာခြင်းဖြစ်ပြီး ပိုင်ရှင်သည်လည်း အခြားကြယ်နယ်မြေမှ ဖြစ်နေပါက သူတို့ လှုပ်ရှားရန် တကယ် ခက်ခဲနိုင်ပေသည်။
ကျင့်စဉ်လောကတွင် နတ်ဘဝပြောင်းလဲခြင်း အဆင့်သို့ ရောက်ရှိပြီးနောက် ကိုယ်ပွားများကို ဖန်တီးနိုင်သည်။ ကျင့်စဉ်လောကရှိ ကျင့်ကြံသူ အများစုသည် နတ်ဘဝပြောင်းလဲခြင်း အဆင့်သို့ ရောက်ရှိပြီးနောက် အနာဂတ်တွင် ကျဆုံးသွားနိုင်မည့် အန္တရာယ်များကို စိုးရိမ်သောကြောင့် ကိုယ်ပွားတစ်ခု ဖန်တီးထားတတ်ကြသည်။
ယခုလာသော ကျိုဖေးအန်နှင့် အခြားအကြီးအကဲများသည်လည်း ကိုယ်ပွားများသာ ဖြစ်ကြသည်။ ထို့ကြောင့် အင်အားကြီးမားသော နောက်ခံရှိသည့် ကျင့်ကြံသူတစ်ဦးကို မဆင်မခြင် တိုက်ခိုက်မိပါက ပြဿနာကြီးကြီးမားမား ဖြစ်လာနိုင်ကြောင်း သူတို့ ကောင်းစွာ သိကြသည်။
ကျိုဖေးအန်က လေဟောင်ရန်ကို မေးလိုက်သည်။
“ဟောင်ရန်... အဲဒီနတ်လှေက ထျန်းချန်ကမ္ဘာက ဟုတ်ရဲ့လား။”
ထိုမေးခွန်းကို ကြားသောအခါ လေဟောင်ရန် အနည်းငယ် တုံ့ဆိုင်းသွားသည်။ အမှန်ပြောရလျှင် သူကိုယ်တိုင်လည်း သေချာမသိပေ။ ခဏကြာသောအခါ သူ ပြန်ဖြေလိုက်သည်။
“ဆရာ... ကျွန်တော်လည်း သေချာမသိပါဘူး”
ကျိုဖေးအန် မျက်ခုံးတွန့်လိုက်ပြန်သည်။ တစ်ဖက်လူ၏ အင်အားကို မခန့်မှန်းနိုင်သည့်အတွက် သူတို့ အရင် စမ်းသပ်ကြည့်ရုံသာ ရှိသည်။ နတ်လှေသည် အခြားကြယ်နယ်မြေမှ မဟုတ်ကြောင်း အတည်ပြုနိုင်ပါက လှုပ်ရှားရန် အန္တရာယ် ရှိမည် မဟုတ်ချေ။
ထိုအတွေးနှင့်အတူ ကျိုဖေးအန်လည်း နတ်လှေကို မောင်းနှင်ပြီး ချန်ရန်ကမ္ဘာဆီသို့ အရှိန်ဖြင့် ဦးတည်သွားလိုက်သည်။
ချန်ရန်ကမ္ဘာသို့ ရောက်ခါနီးချိန်တွင် ကျိုဖေးအန်နှင့် သူတို့၏ နတ်လှေသုံးစင်း ရပ်တန့်သွားသည်။ သို့သော် သူတို့၏ နတ်လှေသုံးစင်း ပေါင်းလိုက်လျှင်ပင် ဖေးဟုန်နတ်လှေလောက် မကြီးသေးပေ။
ဖေးဟုန်နတ်လှေ၏ ရှေ့တွင် သူတို့၏ နတ်လှေသည် သစ်သားလှေငယ်လေး တစ်စင်းမျှသာ ဖြစ်နေသည်။
ထိုအချိန်တွင် ကျိုဖေးအန် ဟင်းလင်းပြင် ပေါ်သို့ ပျံတက်သွားပြီး ဖေးဟုန်နတ်လှေကို ကြည့်ကာ ပြောလိုက်သည်။
“ခင်ဗျားက ဘယ်သူလဲ... ဘာလို့ ဖရိုဖရဲကြယ်ပင်လယ်ကို လက်ဝါးကြီးအုပ်ထားရတာလဲလို့ မေးလို့ရမလား။”
ကျိုဖေးအန်၏ စကားကို ကြားသောအခါ လုချန်း ရယ်မောလိုက်သည်။ ထို့နောက် နတ်လှေကုန်းပတ်ပေါ်တွင် ရပ်ကာ ခပ်အေးအေး ပြောလိုက်သည်။
“ဖရိုဖရဲကြယ်ပင်လယ်က အမြဲတမ်း ကျုပ်ပိုင်နက် ဖြစ်ခဲ့တာလေ...ဘယ်လိုလုပ် လက်ဝါးကြီးအုပ်တယ်လို့ ခင်ဗျားက ပြောနိုင်ရတာလဲ။”
ဖရိုဖရဲကြယ်ပင်လယ်ကို သူပိုင်ဖြစ်ကြောင်း လုချန်း ပြောသည်ကို မြင်သောအခါ ကြယ်ပင်လယ် အတွင်းထဲတွင် ကြီးမားသော လျှို့ဝှက်ချက်များ ရှိနေကြောင်း ကျိုဖေးအန်တို့ ပို၍ ယုံကြည်သွားကာ သူတို့၏ စိတ်များ တက်ကြွလာကြသည်။
ကျိုဖေးအန် စကားပြောရန် ပြင်လိုက်သော်လည်း လျန်အန်းယိက ဦးဆောင်၍ ဖြတ်ပြောလိုက်သည်။
“ဖရိုဖရဲကြယ်ပင်လယ်က ပိုင်ရှင်မဲ့ ဖြစ်ခဲ့တာ ကြာပါပြီ... ကြယ်မြေပုံမှာတောင် မပါဘူး... ဘယ်အချိန်တုန်းက မိတ်ဆွေရဲ့ ပိုင်နက် ဖြစ်သွားရတာလဲ။”
လုချန်းက ခပ်အေးအေး ပြောလိုက်သည်။
“ပိုင်ရှင်မဲ့ နယ်မြေဆိုတာ ထာဝရ ပိုင်ရှင်မဲ့ ဖြစ်နေမှာမှ မဟုတ်တာ... အရင်က ပိုင်ရှင်မရှိပေမဲ့ အခုတော့ ရှိသွားပြီ။”
ကျိုဖေးအန်က အေးစက်စွာ ပြန်ပြောလိုက်သည်။
“မိတ်ဆွေက သိပ်ပြီး အနိုင်ကျင့်လွန်းနေပြီ ထင်တယ်... စကားတစ်ခွန်းတည်းနဲ့ ဒီလောက်ကြီးတဲ့ ကြယ်နယ်မြေကို ဘယ်လိုလုပ် ခင်ဗျားပိုင်တယ်လို့ ပြောနိုင်ရတာလဲ။”
ကျိုဖေးအန်နှင့် အခြားသူများကို လုချန်း စစ်ဆေးကြည့်လိုက်ရာ သူတို့အားလုံးမှာ ချန်ဟိုင်ဂိုဏ်း၏ ဂိုဏ်းအပြင်စည်း အကြီးအကဲများ ဖြစ်ကြောင်း သိလိုက်ရသည်။ ထို့နောက် သူ့အကြည့်သည် ကျိုဖေးအန်ဘေးတွင် ရပ်နေသော ပုံရိပ်တစ်ခုပေါ်သို့ ကျရောက်သွားသည်။
လေဟောင်ရန်ကို မှတ်မိလိုက်သောအခါ လုချန်း ရယ်မောလိုက်သည်။ ထျန်းချန်ကမ္ဘာအကြောင်း သတင်းကို လေဟောင်ရန် ဖောက်သည်ချလိုက်ခြင်း ဖြစ်သည်။
ဒါက အနည်းငယ် ဒုက္ခရောက်စေသည်။
ဤလူနည်းစုသည် ကိုယ်ပွားများ ဖြစ်ကြောင်း ထင်ရှားသည်။ သူက ကိုယ်ပွားများကို သတ်လိုက်လျှင် သူတို့၏ ပင်မခန္ဓာကိုယ်များက ဤနေရာမှ အဖြစ်အပျက်များကို ချက်ချင်း သိသွားကြမည်ဖြစ်ပြီး ဖရိုဖရဲကြယ်ပင်လယ်နှင့် ထျန်းချန်ကမ္ဘာအကြောင်း ချန်ဟိုင်ဂိုဏ်းကို အသိပေးကြပေလိမ့်မည်။
ချန်ဟိုင်ဂိုဏ်းသည် အဆင့်မြင့်ကမ္ဘာတစ်ခုမှ အင်အားကြီးမားသော ဂိုဏ်းတစ်ခုဖြစ်ပြီး သူတော်စင်အဆင့် ကျင့်ကြံသူတစ်ဦးကို စေလွှတ်လိုက်ပါက သူ ယှဉ်နိုင်ဖွယ် မရှိချေ။
သို့သော် ထျန်းချန်ကမ္ဘာသည် သူ၏ အခြေစိုက်စခန်း ဖြစ်သောကြောင့် ဤလူများကို ထျန်းချန်ကမ္ဘာထဲသို့ ဝင်ရောက်ခွင့် မပြုနိုင်ပေ။
ထိုအချိန်တွင် ယင်ကျန်းယဲ့တို့ လုချန်း၏ ဘေးနားတွင် ပေါ်လာကြသည်။ သူတို့အားလုံး ရှန်ဟွေသံချပ်ကာများကို ဝတ်ဆင်ထားပြီး ပြန်လည်ပျက်စီးခြင်းအဆင့်၏ လွှမ်းမိုးနိုင်သော အငွေ့အသက်များကို ထုတ်လွှတ်နေကြသည်။
ပြန်လည်ပျက်စီးခြင်းအဆင့် ကျင့်ကြံသူ အမြောက်အမြား ရုတ်တရက် ပေါ်လာသည်ကို မြင်သောအခါ ကျိုဖေးအန်တို့လူစု မျက်ခုံးတွန့်သွားကြသည်။ ကျိုဖေးအန်က လေဟောင်ရန်ဘက်သို့ လှည့်ကာ မေးလိုက်သည်။
“ဟောင်ရန်... သူတို့ဆီမှာ ပြန်လည်ပျက်စီးခြင်းအဆင့် ကျင့်ကြံသူတွေ အများကြီးရှိတာကို ဘာလို့ မင်းဆရာကို အသိမပေးခဲ့တာလဲ။”
မေးခွန်းထုတ်ခံရသဖြင့် လေဟောင်ရန် အနည်းငယ် ထိတ်လန့်သွားပုံရသည်။
ပြန်လည်ပျက်စီးခြင်းအဆင့် အင်အားရှိသည်ဟု သံသယရှိရသော လူအမြောက်အမြား ထျန်းချန်ကမ္ဘာတွင် ရှိနေကြောင်း သူ သိခဲ့သည်။ သို့သော် သူတို့၏ အငွေ့အသက် မတည်ငြိမ်သူသော အချက်ကို သူထည့်သွင်းစဉ်းစားခဲ့သည်။ သူ့ဆရာက အခြေအနေကို ဂိုဏ်းသို့ တင်ပြပြီး အခြားအင်အားကြီး ဂိုဏ်းသားများနှင့်အတူ ဖရိုဖရဲကြယ်ပင်လယ်သို့ လာလိမ့်မည်ဟုလည်း တွေးတောခဲ့သောကြောင့် မတည်ငြိမ်သော ပြန်လည်ပျက်ဆီးခြင်းအဆင့် ရှိသူများကို ပြဿနာတစ်ခုဟု သူ မထင်မှတ်ခဲ့ပေ။
သို့သော် လေဟောင်ရန် ထိုသို့ အတိအလင်း မပြောရဲပေ။ သူ အမြန် ဖြေလိုက်သည်။
“ဆရာ... သူတို့ဆီမှာ ပြန်လည်ပျက်စီးခြင်းအဆင့် ကျင့်ကြံသူတွေ ဒီလောက်များများ ရှိမယ်ဆိုတာ တပည့်လည်း မသိခဲ့ပါဘူး။”
ကျိုဖေးအန် ဆက်ပြောရန် ပြင်လိုက်စဉ်မှာပင် လျန်အန်းယိ တစ်စုံတစ်ခုကို သတိထားမိပြီး ချက်ချင်း ပြောလိုက်သည်။
“အကြီးအကဲကျို... တပည့်ကို ဆူဖို့ မလောပါနဲ့ဦး။ အဲဒီလူတွေရဲ့ အငွေ့အသက်တွေက မတည်ငြိမ်ဘူး.....သူတို့က ပြန်လည်ပျက်စီးခြင်းအဆင့် ကျင့်ကြံသူအစစ်တွေနဲ့ မတူဘူး။”
လျန်အန်းယိ ပြောသည်ကို ကြားသောအခါ ကျိုဖေးအန်၏ အကြည့်က ယင်ကျန်းယဲ့နှင့် အခြားသူများထံသို့ ပြန်လည် ရောက်ရှိသွားသည်။ ရတနာတစ်ခုခုဖြင့် သူတို့၏ အင်အားကို မြှင့်တင်ထားသကဲ့သို့ သူတို့၏ အငွေ့အသက်များ မတည်ငြိမ်သည်ကို တကယ် သတိထားမိလိုက်သည်။
ကျိုဖေးအန်၏ မျက်လုံးများ အရောင်တောက်လာသည်။ သူတို့သည် ပြန်လည်ပျက်စီးခြင်းအဆင့် ကျင့်ကြံသူအစစ်များ မဟုတ်ကြပေ။ ထိုသို့ဆိုလျှင် စိုးရိမ်စရာ မရှိတော့ချေ။
ထို့နောက် ကျိုဖေးအန် ပြောလိုက်သည်။
“ဆွမ်ဧကရာဇ်... ဒီလို အတုအယောင် ပြန်လည်ပျက်စီးခြင်းအဆင့် ကျင့်ကြံသူတွေက ကျုပ်တို့ကို ဖရိုဖရဲကြယ်ပင်လယ်ထဲ မဝင်နိုင်အောင် တားဆီးနိုင်မယ်လို့ ခင်ဗျား တကယ်ယုံကြည်နေတာလား။”
လုချန်းက တည်ငြိမ်သော လေသံဖြင့် တုံ့ပြန်လိုက်သည်။
“ စမ်းကြည့်လို့ရပါတယ်”
ထိုသို့ပြောပြီးနောက် လုချန်းက ထပ်ပြောလိုက်သည်။
“ခင်ဗျားတို့ ပြန်သွားပြီး သူတော်စင်အဆင့် ကျင့်ကြံသူတွေကို ဒီနေရာ ခေါ်လာဖို့ ကျွန် တော်အကြံပေးချင်တယ်။”
သူတို့ဂိုဏ်း၏ သူတော်စင်အဆင့် စွမ်းအားရှင်များကို လာခိုင်းသည့် လုချန်း၏ စကားကို ကြားသောအခါ ကျိုဖေးအန်တို့လူစု မယုံကြည်နိုင်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
ဆွမ်ဧကရာဇ်၏ စကားများမှတစ်ဆင့် ထိတ်လန့်ဖွယ်ရာ သတင်းအချက်အလက် တစ်ခုကို သူတို့ ရရှိလိုက်သည်။ တစ်ဖက်လူသည် သူတော်စင်အဆင့် စွမ်းအားရှင်များကိုပင် မကြောက်ပေ။
အမှန်စင်စစ် ချန်ဟိုင်ဂိုဏ်းတွင် သူတော်စင်များ ရှိသော်လည်း သူတော်စင်များသည် ကျင့်စဉ်စခန်းမှ အလွယ်တကူ ထွက်လာလေ့ မရှိကြပေ။ ချန်ဟိုင်ဂိုဏ်းမှ သူတော်စင်များသည် ယခု တံခါးပိတ်ကျင့်ကြံနေကြသည်။ ယခု သူတော်စင်တစ်ပိုင်းအဆင့် ဂိုဏ်းချုပ်ကသာ ချန်ဟိုင်ဂိုဏ်းတစ်ခုလုံးကို စီမံခန့်ခွဲနေခြင်း ဖြစ်သည်။
ထိုအချိန်တွင် လျန်အန်းယိက ကျိုဖေးအန်ထံ စိတ်ချင်းဆက်သွယ်၍ သတင်းစကား ပေးပို့လိုက်သည်။
“အကြီးအကဲကျို... တစ်ဖက်လူမှာသာ သူတော်စင်တစ်ပါးရဲ့ ကျောထောက်နောက်ခံ ရှိနေရင် ဖြေရှင်းရ ခက်နေလိမ့်မယ် မဟုတ်လား။”
“ကျွန်တော်တို့ ချန်ဟိုင်ဂိုဏ်းကို အရင်ပြန်ပြီး ဂိုဏ်းကို ဒီအကြောင်း အစီရင်ခံရင် မကောင်းဘူးလား။”
သူတော်စင်များ တကယ် ရှိနေပါက သူတို့ကဲ့သို့ လူနည်းစုကို သူတော်စင်တစ်ပါး၏ လက်ဝါးတစ်ချက်ဖြင့် ချက်ချင်း သတ်ဖြတ်နိုင်သည်။ သူတို့အားလုံးသည် ကိုယ်ပွားများသာ ဖြစ်သော်လည်း သူတို့၏ ကိုယ်ပွားများ ပျက်စီးသွားပါက သူတို့၏ ပင်မခန္ဓာကိုယ်များကိုလည်း များစွာ ထိခိုက်စေနိုင်သည်။