ဒါ ဘယ်လို နည်းဗျူဟာပုံစံမျိုးလဲ
Vol. 79 Ch. 1177
တဖက်တွင် သူတော်စင်များ ကျောထောက်နောက်ခံ ရှိနေပါက သူတို့လုံးဝ မစွံ့စားသင့်ပေ။ ထိုအချက်ကို ကျိုဖေးအန်တို့အားလုံး ကောင်းစွာနားလည်ထားကြသည်။
သူတို့၏ သက်တမ်းက မကုန်ဆုံးသေးပေ။ ဧကရာဇ် ဂူသင်္ချိုင်းအတွက်နှင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရခံရန် မတန်တာ ထင်ရှားသည်။
အကယ်၍ သူတို့၏ သက်တမ်းကုန်ဆုံးခါနီးဖြစ်ပြီး အဆင့်တက်ရန် အသည်းအသန် လိုအပ်နေလျှင်တော့ စွန့်စားကောင်း စွန့်စားကြပေလိမ့်မည်။
လျန်အန်းယိ စတင်တုံ့ဆိုင်းလာသည်ကို မြင်သောအခါ ကျိုဖေးအန် မျက်ခုံးတွန့်လိုက်သည်။ အမှန်ပြောရလျှင် သူကိုယ်တိုင်လည်း ဆုတ်ခွာရန် စိတ်ကူးရှိခဲ့သည်။
သို့သော်လည်း...
တစ်ဖက်လူတွင် တကယ်သာ သူတော်စင်အဆင့် ကျင့်ကြံသူများ ရှိနေလျှင် သူနှင့် စကားပြောပြီး အချိန်ဖြုန်းနေပါ့မလား။
ထို့ပြင် သူတော်စင်တစ်ပါးသည် သူတို့၏ စိတ်အာရုံကို ပင်မခန္ဓာကိုယ်ထံ ပြန်မရောက်နိုင်အောင် ပိတ်ဆို့ထားနိုင်သည်။ ထို့ကြောင့် ဆွမ်ဧကရာဇ်က သူတို့အားလုံးကို သတ်လိုက်လျှင်ပင် ချန်ဟိုင်ဂိုဏ်းရှိ သူတို့၏ မူလခန္ဓာကိုယ်များက ဤအကြောင်းကို သိချင်မှ သိကြပေလိမ့်မည်။
ထို့ကြောင့် ဆွမ်ဧကရာဇ်သည် ဟန်လုပ်ခြိမ်းခြောက်နေခြင်း ဖြစ်နိုင်ခြေ များသည်။
ထိုသို့ တွေးလိုက်ပြီးနောက် ကျိုဖေးအန်က လျန်အန်းယိနှင့် အခြားနှစ်ဦးထံ စိတ်ချင်းဆက်သွယ်ပြီး ပြောလိုက်သည်။
“သူ့မှာသာ သူတော်စင်တစ်ပါးရဲ့ ကျောထောက်နောက်ခံ တကယ်ရှိရင် ခုနကတည်းက လှုပ်ရှားပြီးလောက်ပြီ... ဘာပဲပြောပြော ကျုပ်တို့လိုက်နေတာက ဧကရာဇ် ဂူသင်္ချိုင်းလေ။ တကယ်သာ သူတော်စင်ရှိရင် ဆွမ်ဧကရာဇ်က သတင်းပေါက်မကြားသွားအောင် ကျုပ်တို့ကို လွှတ်ပေးမှာ မဟုတ်ဘူး။”
ဧကရာဇ် ဂူသင်္ချိုင်းဆိုသည်မှာ သူတော်စင်များအတွက်လည်း ကြီးမားသော မက်လုံးတစ်ခု ဖြစ်သည်။ အထူးသဖြင့် သက်တမ်းကုန်ဆုံးခါနီး သူများအတွက် ဖြစ်သည်။
ကျင့်စဉ်အဆင့် မြင့်မားလာသည်နှင့်အမျှ ရှေ့တစ်လှမ်းတိုးရန်မှာ ကြီးမားသော ချောက်ကမ်းပါးကြီးသဖွယ် ဖြစ်လာတတ်သည်။ ကျင့်စဉ်အဆင့် မြင့်မားလေလေ အခွင့်အလမ်းများကို ပိုလိုချင်လေလေ ဖြစ်သည်။
ဆွမ်ဧကရာဇ်၏ နောက်ကွယ်မှ သူတော်စင်က ဧကရာဇ် ဂူသင်္ချိုင်းကို ထိန်းချုပ်ထားပြီးမှတော့ သူတို့ကို ပြန်လွှတ်ပေးမယ်တဲ့လား။
ထိုသို့ဆိုလျှင် ရယ်စရာဖြစ်သွားမည်။
သူတို့ကို သူတော်စင်ဟု ခေါ်ကြသော်လည်း ထိုအရာသည် သူတို့၏ ကျင့်စဉ်အဆင့်အတန်းသက်သက်သာ ဖြစ်သည်။ တကယ့် သူတော်ကောင်းများ မဟုတ်ကြချေ။ သူတော်စင်အဆင့်သို့ ရောက်နိုင်သော ကျင့်ကြံသူ မည်သူမှ သာမန်မဟုတ်ကြပေ။ သူတော်စင်အဆင့်တွင် လူကောင်းဆိုတာလည်း သိပ်မရှိချေ။
ကျိုဖေးအန်၏ စကားကို နားထောင်ပြီးနောက် လျန်အန်းယိတို့လည်း အကျိုးအကြောင်း ဆီလျော်သည်ဟု ခံစားလိုက်ရသည်။ တကယ်သာ သူတော်စင်ရှိလျှင် သူတော်စင်ကို တိုက်ခိုက်ခိုင်းမည့်အစား ဆွမ်ဧကရာဇ်က အဘယ်ကြောင့် သူတို့နှင့် စကားပြောပြီး အချိန်ဖြုန်းနေမည်နည်း။
ထိုအချိန်တွင် ကျိုဖေးအန်က လုချန်းကို လှောင်ပြောင်သရော်သော လေသံဖြင့် ဆက်ပြောလိုက်သည်။
“ရယ်စရာကောင်းလိုက်တာ... ခင်ဗျားနောက်မှာသာ တကယ်ပဲ သူတော်စင်ရှိရင် ကျွန်တော်တို့ အနားရောက်လာကတည်းက တိုက်ခိုက်ခံရလောက်ပြီ... အခုလို စကားပြောပြီး အချိန်ဖြုန်းနေမှာတောင် မဟုတ်ဘူး။”
ကျိုဖေးအန် ပြောလိုက်သောအခါ လုချန်း မျက်ခုံး အနည်းငယ် တွန့်သွားသည်။ လုချန်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို ကျိုဖေးအန်တို့လူစု သတိထားမိလိုက်ပြီး သူတို့၏ ခန့်မှန်းချက် မှန်ကန်ကြောင်း ချက်ချင်း ခံစားလိုက်ရသည်။ ဆွမ်ဧကရာဇ်၏ နောက်ကွယ်တွင် သူတော်စင် လုံးဝမရှိပေ။
သူတော်စင် မရှိမှတော့ ပြန်လည်ပျက်စီးခြင်းအဆင့် ကျင့်ကြံသူအစစ် လေးဦးက အတုအယောင် ကျင့်ကြံသူ အနည်းငယ်ကို မနိုင်စရာ အကြောင်းမရှိပေ။
ချက်ချင်းဆိုသလိုပင် ထိုနေရာတစ်ခုလုံး၏ စိတ်ခံစားမှုလေထု တင်းမာလာသည်။ ထိုမြင်ကွင်းကို ကြည့်ရင်း လေဟောင်ရန် အလွန် စိတ်လှုပ်ရှားနေသည်။
သူ့ဆရာက နောက်ဆုံးတော့ လှုပ်ရှားတော့မည်။
ဤလူများက ဖရိုဖရဲကြယ်ပင်လယ်ထဲသို့ အတင်းအဓမ္မ ဝင်ရောက်ရန် ကြိုးစားနေသည်ကို မြင်သောအခါ လုချန်း၏ မျက်လုံးထဲတွင် လူသတ်လိုသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ သို့သော် သူတို့ကို တိုက်ရိုက် သတ်လိုက်လျှင် သူတို့၏ မူလခန္ဓာကိုယ်များ ချက်ချင်း သိသွားမည်ကို သူ ကောင်းစွာ နားလည်ထားသည်။
ကိုယ်ပွားနည်းစနစ်ကို တီထွင်ခဲ့သူက မည်သူနည်း။ တကယ်ကို စိတ်ပျက်စရာ ကောင်းလှသည်။
ဤလူများ၌သာ ကိုယ်ပွားမရှိလျှင် သူ တန်းသတ်ပစ်လိုက်ပြီးပြီ ဖြစ်သည်။ ဤနေရာတွင် စကားပြောပြီး အချိန်ဖြုန်းနေမည် မဟုတ်ပေ။
သို့သော် ကျူးကျော်သူများကို ထျန်းချန်ကမ္ဘာထဲ ဝင်ရောက်ရှာဖွေခွင့် ပြုလိုက်ရမည်လား။
ထိုအရာက ပို၍ မဖြစ်နိုင်ပေ။
ထျန်းချန်ကမ္ဘာသာ အဆင့်နိမ့်ကမ္ဘာတစ်ခု ဖြစ်နေသေးလျှင် သူ ခြေတစ်လှမ်းဆုတ်ပြီး သူတို့ စိတ်ကူးယဉ်နေသော ရတနာများ ရှာတွေ့မလား ကြည့်ခိုင်းလိုက်မည် ဖြစ်သည်။
သို့သော် ယခု ထျန်းချန်ကမ္ဘာသည် တုန်လှုပ်ဖွယ် ပြောင်းလဲမှုများ ကြုံတွေ့ခဲ့ပြီး အဆင့်မြင့် ကျင့်စဉ်ကမ္ဘာတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။ အရေးအကြီးဆုံးမှာ ထျန်းချန်ကမ္ဘာတွင် အသက်ဓာတ်နတ်သစ်ပင်ဟု ခေါ်သော ကမ္ဘာ့သစ်ပင် ရှိနေခြင်းဖြစ်သည်။
ဤအရာသည် ထျန်းချန်ကမ္ဘာ၏ ကြီးမားသော လျှို့ဝှက်ချက်တစ်ခု ဖြစ်သည်။ ပြင်ပမှ ကျင့်ကြံသူများသာ သိသွားလျှင် ထျန်းချန်ကမ္ဘာကို လာရောက် လုယက်ကြမည်မှာ သေချာပေသည်။
စကားဖြင့် ဟန့်တား၍ မရတော့သည့်အတွက် နောက်ဆုံးနည်းလမ်းကို သုံးရန်သာ ကျန်တော့သည်။
လုချန်းက အေးစက်စွာ ပြောလိုက်သည်။
“ခင်ဗျားတို့က အတင်းဝင်ဖို့ ဆုံးဖြတ်ထားပုံရတယ်။”
“ဒါဆိုရင် ခင်ဗျားတို့ရဲ့ အင်အားကို ကြည့်ရသေးတာပေါ့။”
စကားဆုံးသွားသည်နှင့် လုချန်း၏ ခန္ဓာကိုယ်မှ အေးစက်သော စွမ်းအားများ ထွက်ပေါ်လာသည်။ အရိုးခိုက်မတတ် အေးစက်သော စွမ်းအားကြီးက သူ့ထံမှ လှိမ့်ဝင်လာကာ ပတ်ဝန်းကျင် လေဟာနယ်ကို ရေခဲဓားများဖြင့် ပြည့်နှက်သွားစေသည်။
လုချန်းက ပြန်လည်ပျက်စီးခြင်းအဆင့် အငွေ့အသက်ကိုသာ ထုတ်လွှတ်နေသည်ကို မြင်သော်လည်း ကျိုဖေးအန်တို့လူစု သူ့ကို လုံးဝ အလေးမထားကြပေ။ သူတို့လည်း နတ်လှေပေါ်မှ ဆင်းလာပြီး ပြန်လည်ပျက်စီးခြင်းအဆင့်၏ ဖိနှိပ်နိုင်စွမ်းရှိသော အငွေ့အသက်ကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။
ထို့နောက် သူတို့၏ နောက်ကျောဘက်တွင် ပြန်လည်ပျက်စီးခြင်းအဆင့်၏ ဥပဒေနိယာမ ပုံရိပ်လေးခု ပေါ်ထွက်လာသည်။
တစ်ဖက်မှလူများသည် ပြန်လည်ပျက်စီးခြင်းအဆင့် ကျင့်ကြံသူအစစ်များ မဟုတ်သော်လည်း ထိုအဆင့်၏ အငွေ့အသက်ကို ထုတ်လွှတ်နိုင်သောကြောင့် အတော်အတန် အင်အားရှိနိုင်ကြောင်း သူတို့ သိကြသည်။ ထို့ကြောင့် အစကတည်းက စွမ်းအား အကုန်ထုတ်သုံးလိုက်ခြင်း ဖြစ်သည်။
ပြန်လည်ပျက်စီးခြင်းအဆင့် ကျင့်ကြံသူလေးဦးက ဥပဒေနိယာမ ပုံရိပ်များကို ထုတ်လွှတ်လိုက်သည်ကို မြင်သောအခါ လေဟောင်ရန် ပို၍ စိတ်လှုပ်ရှားလာသည်။ ဆိုလိုသည်မှာ သူ လေရန်ကမ္ဘာသို့ နောက်ဆုံးတော့ ပြန်နိုင်တော့မည်။
ထျန်းချန်ကမ္ဘာရှိ ဧကရာဇ် ဂူသင်္ချိုင်းကို တူးဖော်ပြီးစီးသွားလျှင် လေရန်ကမ္ဘာ၌ နေထိုင်ခွင့်ရရန် ဂိုဏ်းသို့ တောင်းဆိုမည် ဖြစ်သည်။
လုချန်း ရှုံးနိမ့်တော့မည်ဟု လေဟောင်ရန် ထင်နေချိန်မှာပင် လုချန်းက ခပ်ဖွဖွ ပြုံးလိုက်သည်။
သူသည် ပြန်လည်ပျက်စီးခြင်းအဆင့် ကျင့်ကြံသူ ဖြစ်သော်လည်း ရှန်ဟွေသံချပ်ကာကိုပါ ဝတ်ဆင်ထားသည်။
နောက်တစ်ခဏတွင် လုချန်းသည် ရှန်ဟွေသံချပ်ကာကို အသက်သွင်းရန် စိတ်ဝိညာဉ်စွမ်းအားကို ထည့်သွင်းလိုက်ရာ ကြီးမားသော စွမ်းအားတစ်ခု သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်လာသည်။
လုချန်းက တုံ့ဆိုင်းခြင်းမရှိပဲ စိတ်ဝိညာဉ်စွမ်းအားကို စုစည်းလိုက်ပြီး တစ်စုံတစ်ခု ရေးဆွဲနေသကဲ့သို့ သူ့လက်ချောင်းများက လေထဲတွင် လျင်မြန်စွာ ရွေ့လျားသွားသည်။
နောက်တစ်ခဏမှာပင် ကြီးမားသော နည်းဗျူဟာပုံစံတစ်ခု ကျိုဖေးအန်တို့လူစု၏ ခြေထောက်များအောက်တွင် ပေါ်လာသည်။
နည်းဗျူဟာပုံစံက အေးစက်သော လေများကို ထုတ်လွှတ်လိုက်ပြီး ချက်ချင်းဆိုသလို ပတ်ဝန်းကျင် အာကာသ၏ အပူချိန်က အဆမတန် ကျဆင်းသွားသည်။ လူတိုင်း သူတို့၏ သွေးများ ခဲလုနီးပါး ဖြစ်သွားသလို ခံစားလိုက်ရသည်။
ထိုအချိန်တွင် နည်းဗျူဟာပုံစံ နယ်ပယ်အတွင်း ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ ကြီးမားသော နှင်းပွင့်များ ကျဆင်းလာခြင်းဖြစ်သည်။ အာကာသ ဟင်းလင်းပြင်ထဲတွင် နှင်းကျနေခြင်း ဖြစ်သည်။
ကျိုဖေးအန်နှင့် သူ့အဖော်များလည်း ဤနည်းဗျူဟာပုံစံတွင် တစ်ခုခု မှားယွင်းနေကြောင်း သတိထားမိလိုက်ပြီး ချက်ချင်း အော်ပြောလိုက်သည်။
“မြန်မြန်လုပ်... နည်းဗျူဟာပုံစံကို ဖျက်ဆီးဖို့ ပူးပေါင်းကြမယ်။”
ချက်ချင်းဆိုသလိုပင် ကျိုဖေးအန်နှင့် အခြားသုံးဦးက နည်းဗျူဟာပုံစံကို ဖျက်ဆီးရန် သူတို့၏ ဥပဒေနိယာမ ပုံရိပ်များကို စတင်လည်ပတ်လိုက်ကြသည်။
လုချန်း အသုံးပြုလိုက်သော နည်းဗျူဟာပုံစံသည် သူ သုံးခဲလေ့ရှိသည့် ကောင်းကင်အဆင့် နှင်းပွင့် နည်းဗျူဟာပုံစံ ဖြစ်သည်။ စနစ်မှ သူရရှိခဲ့သော နည်းစနစ် အမြောက်အမြားကို အသုံးမပြုရသေးပေ။
နှင်းပွင့် နည်းဗျူဟာပုံစံသည် လူတစ်ယောက်၏ အင်အားကို လျှော့ချနိုင်စွမ်း ရှိသည်။ ပြန်လည်ပျက်စီးခြင်းအဆင့် ကျင့်ကြံသူများ၏ အင်အားကို နှင်းပွင့် နည်းဗျူဟာပုံစံက မည်မျှအထိ လျှော့ချနိုင်မလဲဆိုတာကို လုချန်း စမ်းသပ်ချင်နေသည်။
နှင်းပွင့် နည်းဗျူဟာပုံစံ၏ နှင်းများ ပိုသည်းလာသည်နှင့်အမျှ နှင်းပွင့်များက ကျိုဖေးအန်တို့၏ ဥပဒေနိယာမ ပုံရိပ်များပေါ် ကျရောက်လာခဲ့သည်။ နှင်းပွင့်များသည် ဥပဒေနိယာမ ပုံရိပ်များဖြင့် ထိတွေ့လိုက်သည်နှင့် ချက်ချင်း အရည်ပျော်သွားပြီး ပုံရိပ်များ၏ စုပ်ယူခံလိုက်သကဲ့သို့ အစအနမကျန် ပျောက်ကွယ်သွားသည်။
ဘုန်း...
ထိုအချိန်တွင် လျန်အန်းယိ၏ ဥပဒေနိယာမ ပုံရိပ်သည် မရေမတွက်နိုင်သော နှင်းပွင့်များအဖြစ် တိုက်ရိုက် ကွဲကြေသွားပြီး လျန်အန်းယိ ကိုယ်တိုင်လည်း သွေးတစ်ပွက် အန်ထုတ်လိုက်ရသည်။
ကျိုဖေးအန် မျက်နှာ ပျက်သွားသည်။
“ဒါ ဘယ်လို နည်းဗျူဟာပုံစံမျိုးလဲ”
ပြန်လည်ပျက်စီးခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ ဥပဒေနိယာမ ပုံရိပ်ကို ဒီလောက် လွယ် လွယ်ကူကူ ဖျက်ဆီးပစ်နိုင်တာလား။
သူ သတိမဝင်လာခင်မှာပင် သူ့၏ ဥပဒေနိယာမ ပုံရိပ်လည်း ပေါက်ကွဲသွားသည်။ ပြီးနောက် ချက်ချင်းဆိုသလို သူ့ခန္ဓာကိုယ်ကို ကန့်သတ်ချုပ်နှောင်သည့် အင်အားတစ်ခု လွှမ်းခြုံသွားသည်ဟု ခံစားလိုက်ရပြီး သူ့အင်အားသည်လည်း နတ်ဘဝပြောင်းလဲခြင်းအဆင့်အထိ ချက်ချင်း ထိုးကျသွားသည်။