ဘာတွေ ဖြစ်ပျက်နေတာလဲ
Vol. 79 Ch. 1179
လျှိုထင်ကျန်း အတွေးထဲနစ်မြောနေသည်ကို မြင်သောအခါ ခန်းမထဲရှိ လူအနည်းငယ်သည် အသက်ပြင်းပြင်းပင် မရှူရဲကြချေ။
သူသည် ဖရိုဖရဲကြယ်ပင်လယ်ထဲ၌ မဟာဧကရာဇ်ဂူသင်္ချိုင်း တွေ့ရှိသည့်အကြောင်း လျှိုထင်းကျန်ကို အရင်ဦးဆုံး ပြောပြလိုခဲ့သော်လည်း မဟာဧကရာဇ်ဂူသင်္ချိုင်း တကယ် ရှိမရှိ အရင် အတည်ပြုလိုခဲ့သည်ဟု ဆင်ခြေပေးမည်ဟု ကျိုဖေးအန် မူလက ရည်ရွယ်ခဲ့သည်။
သို့သော် လျန်အန်းယိနှင့် အခြားနှစ်ဦးက သူ့ထက်ပင် အရင်ဦးအောင် ဖရိုဖရဲကြယ်ပင်လယ် အကြောင်းကို အခွင့်အရေးရချင်း အစီရင်ခံလိမ့်မည်ဟု သူ ထင်မထားခဲ့ချေ။
ယခုတော့ လျှိုထင်ကျန်း၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းရင်း ခန်းမထဲ၌ ဒူးထောက်နေရုံသာ သူ တတ်နိုင်တော့သည်။
ခဏကြာ တွေးတောပြီးနောက် လျှိုထင်ကျန်းက ရှိနေသူများကို လေးနက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ လျှိုထင်ကျန်း၏ စူးရှသော အကြည့်ကို ခံစားလိုက်ရသဖြင့် ကျိုဖေးအန်တို့ ကြမ်းပြင်ပေါ်၌ အလျင်အမြန် ဝပ်တွားလိုက်ကြသည်။
ထို့နောက် လျှိုထင်ကျန်းက
“ဒီကိစ္စကို ဒီမှာပဲ ခဏထားလိုက်ကြတာပေါ့။ ဒါပေမဲ့ နောက်တစ်ကြိမ် ရှိလာရင်တော့ ဘာဖြစ်မလဲဆိုတာ ခင်ဗျားတို့ သိတယ်မဟုတ်လား။”
လျှိုထင်ကျန်း၏ စကားကို ကြားသောအခါ ကျိုဖေးအန်တို့ ချက်ချင်း သက်ပြင်းချနိုင်သွားသည်။ သို့သော် သူတို့ကို အပြစ်မပေးရန် လျှိုထင်ကျန်း ဆုံးဖြတ်ခြင်းမှာ မဟာဧကရာဇ်ဂူသင်္ချိုင်းကိစ္စကြောင့် ဖြစ်နိုင်ကြောင်း သူတို့ နားလည်လိုက်ကြသည်။
မဟုတ်ပါက လျှိုထင်ကျန်း၏ စိတ်နေသဘောထားအရ သူတို့၏ အပြင်စည်းဂိုဏ်း အကြီးအကဲ အဆင့်အတန်းမှ ချက်ချင်း ရုပ်သိမ်းခံရမည် ဖြစ်ပြီး ထောင်သွင်းအကျဉ်းချခြင်းပင် ခံရနိုင်သည်။
ထို့နောက် လျှိုထင်ကျန်းက မေးလိုက်သည်။
“ဆွမ်ဧကရာဇ်က သူတော်စင်အဆင့်ကို ရောက်နေပြီဆိုတာ ခင်ဗျားတို့ သေချာလား။”
လျှိုထင်ကျန်း၏ စကားဆုံးသည်နှင့် ကျိုဖေးအန်က ချက်ချင်းပင်
“ဂိုဏ်းချုပ်... ဆွမ်ဧကရာဇ်ရဲ့ ခန္ဓာကိုယ်ပေါ်က အငွေ့အသက်က မတည်ငြိမ်ပါဘူး။ သူက သူတော်စင်အစစ် မဟုတ်ပဲ သူတော်စင်တစ်ပိုင်း ဖြစ်လောက်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အင်အားကတော့ သာမန် သူတော်စင်တစ်ပါးနဲ့ ယှဉ်နိုင်လောက်ပါတယ်။”
သူ၏ အပြစ်ကို ပြန်လည်ကုစားနိုင်မည့် အခွင့်အရေးအား အခြား အကြီးအကဲသုံးဦး လုယူသွားမည်ကို စိုးရိမ်သဖြင့် ကျိုဖေးအန်က သူ၏ ထင်ကြေးများကို အလျင်အမြန် ပြောလိုက်ခြင်း ဖြစ်သည်။
ကျိုဖေးအန်၏ တုံ့ပြန်စကားကို ကြားသောအခါ လျှိုထင်ကျန်း မျက်မှောင်ကြုတ်သွားသည်။ ပြိုင်ဘက်က သူတော်စင်တစ်ပိုင်းအဆင့်သာ ဖြစ်နေလျှင်ပင် ကိုင်တွယ်ဖြေရှင်းရန် မလွယ်ကူပေ။ လတ်တလောတွင် သူသာလျှင် သူတော်စင်တစ်ပိုင်း အဆင့်ဖြစ်ပြီး အခြား အဆင့်မြင့် အကြီးအကဲများမှာ ပို၍မြင့်မားသော အဆင့်များသို့ တက်လှမ်းရန် တံခါးပိတ်ကျင့်ကြံနေကြသည်။ သူတို့၏ ကျင့်စဉ်စခန်းကို ယခု ရပ်တန့်ခိုင်းရန် မဖြစ်နိုင်ပေ။
လျှိုထင်ကျန်းက ဆက်လက် မေးမြန်းလိုက်သည်။
“ဒီဖရိုဖရဲကြယ်ပင်လယ် ဆိုတဲ့နေရာမှာ မဟာဧကရာဇ်ဂူသင်္ချိုင်း တကယ် ရှိတာ သေချာလား။”
“ဒါက...”
ကျိုဖေးအန်တို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသော်လည်း မည်သူမှ သေချာပေါက် အတည်မပြုရဲကြချေ။
အဘယ်ကြောင့်ဆိုသော် ထျန်းချန်ကမ္ဘာသို့ သူတို့ထဲမှ မည်သူမှ ကိုယ်တိုင် မရောက်ဖူးသလို မဟာဧကရာဇ်ဂူသင်္ချိုင်းကိုလည်း မျက်မြင်ကိုယ်တွေ့ မမြင်ဖူးသောကြောင့် ဖြစ်သည်။ ထို့ကြောင့် တိကျသော အဖြေကို သူတို့ မပေးနိုင်ကြပေ။
မည်သူမှ စကားမပြောသည်ကို မြင်သောအခါ လျှိုထင်ကျန်း၏ အကြည့်က ကျိုဖေးအန်ထံသို့ ကျရောက်သွားသည်။
လျှိုထင်ကျန်း၏ အကြည့်ကို ခံစားမိသောအခါ ကျိုဖေးအန်က အလျင်အမြန် ပြောလိုက်သည်။
“ဂိုဏ်းချုပ်... ဒါတွေအားလုံးက ကျွန်တော်တို့ရဲ့ ထင်ကြေးတွေပါ။ ကျွန်တော့် တပည့်တစ်ယောက်က ဖရိုဖရဲကြယ်ပင်လယ်က လာတာပါ။ သူ့ရဲ့ ပြောပြချက်အရ ဖရိုဖရဲကြယ်ပင်လယ်ဟာ ကြယ်မြေပုံထဲကနေ အဖျက်ခံထားရုံတင်မကဘူး ထျန်းချန်ကမ္ဘာကိုလည်း တားမြစ်ပညာနဲ့ ချိပ်ပိတ်ထားပါတယ်။”
“သူ့ရဲ့ မူလကမ္ဘာက ထျန်းချန်ကမ္ဘာနဲ့ အလွန်နီးကပ်ပေမဲ့ နှစ်ပေါင်းသောင်းချီ ကြာမြင့်တဲ့အထိ သူ့ကမ္ဘာက လူတွေဟာ ထျန်းချန်ကမ္ဘာကို ရှာမတွေ့ခဲ့ကြပါဘူး။”
“မဟာဧကရာဇ်ဂူသင်္ချိုင်း ဒါမှမဟုတ် ရတနာ တစ်စုံတစ်ခုသာ မရှိဘူးဆိုရင် အောက်ပိုင်းကမ္ဘာတစ်ခုမှာ ကန့်သတ်ချက်တွေ တည်ဆောက်ပြီး ဖရိုဖရဲကြယ်ပင်လယ်ကို ကြယ်မြေပုံကနေ ဖျက်ပစ်ဖို့အထိ အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တစ်ဦးက လုပ်မှာ မဟုတ်ပါဘူး။”
ကျိုဖေးအန်၏ စကားများကို နားထောင်ပြီးနောက် လျှိုထင်ကျန်း တိတ်ဆိတ်သွားပြန်သည်။ သူတို့တွင် ခိုင်လုံသော သက်သေအထောက်အထား မရှိပေ။
သို့သော် ကျိုဖေးအန် ပြောတာကို သူ လက်ခံသည်။ ဖရိုဖရဲကြယ်ပင်လယ်တွင် မဟာဧကရာဇ်ဂူသင်္ချိုင်း သို့မဟုတ် လျှို့ဝှက်ချက် တစ်စုံတစ်ရာ မရှိလျှင် ဖရိုဖရဲကြယ်ပင်လယ်ကို ဖုံးကွယ်ထားရန် မည့်သူ့ဆီမှာမှ အကြောင်းပြချက် မရှိပေ။
ဖရိုဖရဲကြယ်ပင်လယ်ထဲ၌ ဘာရှိနေမလဲဆိုသည်ကို လျှိုထင်ကျန်းလည်း အလွန်သိချင်နေသည်။ သို့သော် ဆွမ်ဧကရာဇ်၏ အင်အား သူတော်စင်အဆင့်နှင့် နီးကပ်နေသည်ကို တွေးမိပြီး လျှိုထင်ကျန်း သူ၏ စိတ်ဆန္ဒကို ထိန်းချုပ်လိုက်သည်။
ထို့နောက် လျှိုထင်ကျန်းက
“ဒီကိစ္စကို ဒီမှာတင် အဆုံးသတ်လိုက်ကြစို့။ ဖရိုဖရဲကြယ်ပင်လယ်အကြောင်း ဘယ်သူ့ကိုမှ မပြောကြနဲ့။ အနာဂတ်မှာ ဖရိုဖရဲကြယ်ပင်လယ်ထဲကနေ မဟာဧကရာဇ်ဂူသင်္ချိုင်းကို တကယ်ရှာတွေ့ခဲ့ရင် အဲဒါက ကြီးမားတဲ့ အောင်မြင်မှုပဲ။ အဲဒီအချိန်ကျရင် ခင်ဗျားတို့လေးယောက်လုံး အတွင်းစည်းဂိုဏ်းကို ဝင်ရောက်ပြီး ဂိုဏ်းကြီးကြပ်သူတွေ ဖြစ်လာနိုင်လိမ့်မယ်။”
ထိုစကားကို ကြားသောအခါ အလွန်စိတ်လှုပ်ရှားနေကြသော လေးဦးလည်း ချက်ချင်း ဝမ်းသာသွားကြသည်။ အစပိုင်းတွင် အပြစ်ပေးခံရမည်ဟု သူတို့ ထင်ခဲ့ကြသော်လည်း ယခုတော့ အပြစ်ပေးမခံရရုံသာမက အကျိုးကျေးဇူးများပင် ရရှိနေပြီ ဖြစ်သည်။
ထိုအချိန်တွင် ကျိုဖေးအန်က သတိထားပြီး မေးမြန်းလိုက်သည်။
“ဂိုဏ်းချုပ်က ဖရိုဖရဲကြယ်ပင်လယ်ကို ဘယ်အချိန်လောက် လူလွှတ်ဖို့ စီစဉ်ထားလဲဆိုတာ မေးလို့ရမလား။”
ကျိုဖေးအန်သည် ပြင်းထန်သော ဒဏ်ရာများ ရရှိထားပြီး အချိန်တိုအတွင်း ပြန်လည်သက်သာလာမည် မဟုတ်ပေ။ ဖရိုဖရဲကြယ်ပင်လယ်တွင် မဟာဧကရာဇ်ဂူသင်္ချိုင်း တကယ် ရှိပါက သူတို့၏ နတ်ဝိညာဉ်ကို ကုစားပေးနိုင်ပြီး လျင်မြန်စွာ ပြန်လည်သက်သာလာစေမည့် ဆေးဝါးများ ဂူသင်္ချိုင်းအတွင်း ရှိနိုင်သည်ဟု သူ တွေးတောနေသည်။
လျှိုထင်ကျန်းက ခပ်အေးအေး ပြောလိုက်သည်။
“မလောပါနဲ့။ အဆင့်မြင့် အကြီးအကဲတွေက အဆင့်မြင့်တဲ့ နယ်ပယ်တွေကို ဝင်ရောက်နေကြတယ်။ သူတို့ တံခါးပိတ်ကျင့်စဉ်စခန်းက ထွက်လာမှပဲ ဆွေးနွေးကြတာပေါ့။”
“ကဲ... ခင်ဗျားတို့ လေးယောက် သွားလို့ရပြီ”
လျှိုထင်ကျန်းသည် သတိကြီးသော သူတစ်ယောက် ဖြစ်သည်။ ဖရိုဖရဲကြယ်ပင်လယ်တွင် သူတော်စင်အဆင့် ရှိနိုင်သည့် ကျင့်ကြံသူများ ပေါ်ပေါက်လာခြင်းကြောင့် ထိုနေရာတွင် အခွင့်အလမ်းများ တကယ် ရှိနေလျှင်ပင် သူကိုယ်တိုင် ဝင်ရောက်ပြီး စွန့်စားမည် မဟုတ်ပေ။
ထို့ပြင် အဆင့်မြင့် အကြီးအကဲများသည် အဆင့်တက်ရန် နီးစပ်နေပြီဖြစ်သည်။ သူတို့ သူတော်စင်အဆင့် ဒုတိယအလွှာသို့ တက်လှမ်းရန် အများဆုံး နှစ်တစ်ရာခန့်သာ လိုတော့သည်ဟု သူ ယုံကြည်သည်။ နှစ်တစ်ရာဟူသော အချိန်ကာလသည် သူ စောင့်ဆိုင်းနိုင်သည့် အချိန်ဖြစ်သည်။
ဒီကိစ္စကို အခြားဂိုဏ်းများကို အသိပေးပြီး ဖရိုဖရဲကြယ်ပင်လယ်ကို သူတို့နှင့်အတူ စူးစမ်းရှာဖွေမလား ဆိုသည်နှင့် ပတ်သက်၍မူ...
သူ့တွင် ထိုသို့လုပ်ဆောင်ရန် ရည်ရွယ်ချက် အနည်းငယ်ပင် မရှိပေ။
ထိုအရာသည် မဟာဧကရာဇ်ဂူသင်္ချိုင်း ဖြစ်ပြီး ပြောမပြနိုင်လောက်အောင် များပြားသော ရတနာများဖြင့် ပြည့်နှက်နေပေလိမ့်မည်။ သိသူနည်းလေ ကောင်းလေပင် ဖြစ်သည်။ အခြားဂိုဏ်းများကို ပြောပြစရာ အကြောင်း မရှိပေ။
လတ်တလောတွင် အရာအားလုံးသည် ချန်ဟိုင်ဂိုဏ်း၏ အဆင့်မြင့် အကြီးအကဲများ တံခါးပိတ်ကျင့်စဉ်စခန်းမှ ထွက်လာမည့်အပေါ် မူတည်နေသည်။ သူတို့ဂိုဏ်းတွင် သူတော်စင်အမြောက်အမြား ရှိလာပါက ဖရိုဖရဲကြယ်ပင်လယ်သို့ အတူတကွ သွားရောက်နိုင်ပြီး ထိုနေရာ၌ သူတော်စင်အစစ်များ ရှိနေလျှင်ပင် ကြောက်ရွံ့ရန် မလိုတော့ပေ။
ထိုအချက်ကို စဉ်းစားပြီးနောက် လျှိုထင်ကျန်းက ခန်းမကြီးထဲရှိ အစောင့်များအား
“ကျိုဖေးအန်တို့တွေ ပြောတဲ့ ဖရိုဖရဲကြယ်ပင်လယ်ဆီကို လူလွှတ်လိုက်ပါ။ တခြား အင်အားစုတွေ ဖရိုဖရဲကြယ်ပင်လယ်ထဲ ဝင်မဝင် စောင့်ကြည့်ခိုင်းပါ။”
လျှိုထင်ကျန်း အခု အစိုးရိမ်ဆုံးအရာမှာ တခြားသူများ ထိုနေရာသို့ ဦးစွာ ရောက်ရှိသွားမည့် အခြေအနေ ဖြစ်သည်။ ချန်ဟိုင်ဂိုဏ်းသည် ဟွမ်းကျိကမ္ဘာတွင် နံပါတ်တစ် ဂိုဏ်းကြီး ဖြစ်သော်လည်း တောင်ဝင်တောင်တန်း ကြယ်နယ်မြေ တစ်ခုလုံးနှင့် ယှဉ်လျှင် ဂိုဏ်း၏ အင်အားမှာ ပျမ်းမျှအဆင့်သာ ရှိသည်။
ချန်ဟိုင်ဂိုဏ်းက ဖရိုဖရဲကြယ်ပင်လယ်ကို ရှာဖွေတွေ့ရှိနိုင်လျှင် အခြားကမ္ဘာများကလည်း ရှာဖွေတွေ့ရှိနိုင်ခြေ ရှိသည်။
စောင့်ကြည့်ရန် လူများ အရင်စေလွှတ်ထားရန် လျှိုထင်ကျန်း စီစဉ်လိုက်သည်။ အခြားကမ္ဘာများက ဖရိုဖရဲကြယ်ပင်လယ်ကို တွေ့ရှိသွားကြောင်း သိရပါက ထိုကမ္ဘာနှင့် မဟာမိတ်ဖွဲ့ရန် ကမ်းလှမ်းပြီး မဟာဧကရာဇ်ဂူသင်္ချိုင်းကို အတူတကွ ရှာဖွေမည် ဖြစ်သည်။
ကျိုဖေးအန်နှင့် အပေါင်းအပါများကို ကိုင်တွယ်ဖြေရှင်းပြီးနောက် ထျန်းချန်ကမ္ဘာသို့ လုချန်း ချက်ချင်း ပြန်မသွားခဲ့ပေ။ ချန်ဟိုင်ဂိုဏ်းမှ နောက်ထပ်လူများကို မည်သည့်အချိန်တွင် ထပ်မံစေလွှတ်မလဲ ဆိုတာကို သူ မသေချာသောကြောင့် ဖြစ်သည်။
သူသတ်လိုက်သော လူနည်းစုမှာ ကိုယ်ပွားခန္ဓာကိုယ်များ ဖြစ်ကြောင်း သိသာထင်ရှားပြီး သူတို့၏ ကိုယ်ပွားများ အသတ်ခံလိုက်ရသည်ကို မူလခန္ဓာကိုယ်များက ချက်ချင်း သိသွားနိုင်သဖြင့် သူတို့၏ဂိုဏ်းမှပို အစွမ်းထက်သော လူများကို စေလွှတ်လာနိုင်သည်။
သို့သော် လုချန်းသည် ချန်ရန်ကမ္ဘာ၏ အပြင်ဘက်တွင် နေထိုင်ခဲ့သော်လည်း နန်းကုန်းညီအစ်မကို သူ့အား ပြုစုခိုင်းခြင်း မရှိခဲ့ပေ။ ဤအချိန်အတွင်း သူ၏ တစ်ကိုယ်တော် ကျင့်ကြံခြင်းကို စတင်ခဲ့သည်။
စုံတွဲကျင့်စဉ်က သူ၏ ကျင့်ကြံခြင်းအဆင့်ကို တိုးတက်စေရန် ခက်ခဲနေသဖြင့် မူလစွမ်းအားကို အသုံးပြု၍ ကျင့်ကြံရန် လုချန်း ဆုံးဖြတ်လိုက်၏။ ၎င်းက သူ၏ ကျင့်ကြံခြင်းအဆင့်ကို ပိုမြှင့်တင်ပေးနိုင်မလား ဆိုတာကို စမ်းသပ်လိုသည်။
လင်းထိန်နေသော ခန်းမဆောင်ကြီးထဲတွင် လုချန်းသည် မျက်လုံးများကို တင်းတင်းမှိတ်ထားပြီး ခြေချိတ်ထိုင်ကာ မူလစွမ်းအားများကို သူ၏ ခန္ဓာကိုယ်အတွင်း ဖြည်းညှင်းစွာ စီးဆင်းခွင့် ပြုလိုက်သည်။
ထိုအချိန်တွင် သူ၏ ခန္ဓာကိုယ်မှ အစိမ်းရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး နောက်တစ်ခဏ၌ ခန်းမတစ်ခုလုံး ပန်းပင်လယ်အဖြစ်သို့ ပြောင်းလဲသွားသည်။
ပန်းပင်လယ်အတွင်း၌ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ပွေ့ဖက်နမ်းရှုံ့နေကြပုံ ပေါ်လာသည်။
နတ်လှေဝိညာဉ် ထျန်းဟုန်ဧကရီသည် ဤထူးဆန်းသော မြင်ကွင်းကို ချက်ချင်း သတိပြုမိလိုက်သည်။ သူမရှေ့ရှိ အရာအားလုံးကို ကြည့်လိုက်ပြီးနောက် သူမ လုံးဝ ရှုပ်ထွေးသွားသည်။
ဘာတွေ ဖြစ်နေတာလဲ။