လှေဝိညာဉ်ကို ဘာတွေပြောနေပါလိမ့်
Vol. 79 Ch. 1180
သူမ နတ်လှေပေါ်တွင် ရှိနေသေးကြောင်း ထျန်းဟုန် ဧကရီ ရှင်းရှင်းလင်းလင်း ခံစား နေရသည်။ သို့သော် ပန်းခင်းကြီးတစ်ခုက သူမရှေ့တွင် ဘာကြောင့် ပေါ်လာသနည်း။
လုချန်းက သူတော်စင် မဟုတ်ပေ။ ဤနေရာကလည်း သူတော်စင်နယ်မြေ မဟုတ်ပေ။ အကယ်၍ ဟုတ်ခဲ့လျှင်ပင် သူတော်စင်၏ ဖိအားအနည်းငယ်ကို သူမ ခံစားမိသင့်သည်။
အာရုံမှားခြင်းလား။
အာရုံမှားခြင်းလည်း ဟုတ်ပုံမရပါ။
ဧကရာဇ်အဆင့် စိတ်ဝိညာဉ်ရှိပြီး ယခု လှေဝိညာဉ်ဖြစ်နေသည့် သူမကို အာရုံမှားပညာက သက်ရောက်နိုင်ရန် မဖြစ်နိုင်ပေ။ သို့မဟုတ် သူတို့ အခြားနေရာတစ်ခုဆီသို့ ခေါ်ဆောင်ခံလိုက်ရခြင်းလား။ စူးစမ်းလိုစိတ်ဖြင့် အဝေးရှိ ထိုစုံတွဲ အစစ်အမှန် ဟုတ်မဟုတ် သိနိုင်ရန် ထျန်းဟုန် ဧကရီက ပျံသန်းသွားလိုက်သည်။
သို့သော် ထျန်းဟုန် ဧကရီ၏ ပျံသန်းနှုန်း မည်မျှပင် မြန်စေကာမူ ထိုစုံတွဲနားသို့ မကပ်နိုင်ခဲ့ပေ။ သူမ ဖေးဟုန် နတ်လှေထဲတွင် ရှိနေသေးကြောင်း ရှင်းလင်းစွာ ခံစားမိနေသည့် ထျန်းဟုန် ဧကရီလည်း ပိုပြီး ဇဝေဇဝါဖြစ်သွားသည်။
ဖေးဟုန် နတ်လှေ၏ အတွင်းပိုင်း မည်မျှပင် ကြီးမားစေကာမူ ဧကရာဇ်အဆင့် ဖြစ်ခဲ့သော သူမ၏ လက်လှမ်းမီမှုထက် မကျော်လွန်နိုင်ပေ။
အဓိကအချက်မှာ သူမသည် ဖေးဟုန် နတ်လှေ၏ နတ်လှေဝိညာဉ် ဖြစ်နေခြင်းပင်။
လှေဝိညာဉ်က နတ်လှေအတွင်း နေရာမရွေးသွားလာနိုင်သည်။ အကယ်၍ ပန်းခင်းကြီးက နတ်လှေအတွင်းတွင် ရှိနေပါက ထိုစုံတွဲနားသို့ ကပ်သွားရန် သူမအနေနှင့် စိတ်ကူးတစ်ချက်သာ လိုအပ်သည်။
တကယ်ပင် အာရုံမှားခြင်း ဖြစ်နေသလား။
ဧကရာဇ်အဆင့် စိတ်ဝိညာဉ်ဖြစ်သော သူမက အာရုံမှားပညာဖြင့် ထိန်းချုပ်ခံထားရခြင်းလား။
ထိုသို့တွေးမိပြီးနောက် ထျန်းဟုန် ဧကရီ၏ မျက်ခုံးများ အနည်းငယ် တွန့်သွားသည်။
မဖြစ်နိုင်။
ဒါက ပုံရိပ်ယောင်တစ်မျိုး ဖြစ်ကောင်းဖြစ်နိုင်သည်။
ထိုဖြစ်နိုင်ချေကို စဉ်းစားပြီးနောက် မြေပြင်မှ ပန်းတစ်ပွင့်ကို ခူးယူရန် သူမ၏ စိတ်ဝိညာဉ်စွမ်းအားကို ထုတ်သုံးလိုက်သည်။ အကယ်၍ ပုံရိပ်ယောင်သာ ဖြစ်ပါက မြေပြင်ပေါ်ရှိ အရာများကို သူမ၏ စိတ်ဝိညာဉ်စွမ်းအားဖြင့် ထိတွေ့နိုင်မည် မဟုတ်ပေ။
သို့သော် သူမ၏ စိတ်ဝိညာဉ်စွမ်းအားက မြေပြင်ပေါ်ရှိ ပန်းများကို ထိတွေ့လိုက်သောအခါ ပန်းပွင့်က သူမ၏ စိတ်ဝိညာဉ်စွမ်းအားဖြင့် တကယ်ပင် ပါလာခဲ့သည်။
ဒါက အစစ်အမှန်လား။
ထို့နောက် လတ်ဆတ်သော ပန်းပွင့်အချို့ကို ထပ်မံခူးယူရန် ထျန်းဟုန် ဧကရီ ကြိုးစားကြည့်ရာ ခူးယူနိုင်ကြောင်း တွေ့လိုက်ရသည်။
ဗဟုသုတနှံ့စပ်သော ထျန်းဟုန် ဧကရီပင်လျှင် ဤမြင်ကွင်းကို နားမလည်နိုင် ဖြစ်နေရသည်။
ထိုအချိန်တွင် သူမ၏ စိတ်ဝိညာဉ်က ခူးယူလိုက်သော ပန်းပွင့်များသည် ဆန်းကြယ်သော စွမ်းအားတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူမ၏ စိတ်ဝိညာဉ်ကို အားဖြည့်ပေးကာ ပိုပြီး ခိုင်မာလာစေသည်။
ဒါက...
ဘာစွမ်းအားလဲ။
တစ်ချိန်က ခပ်အေးအေး နေတတ်သော ထျန်းဟုန် ဧကရီ၏ မျက်နှာတွင် ယခုအခါ ဇဝေဇဝါဖြစ်နေသော အမူအရာ ပေါ်လာသည်။
ဧကရာဇ်အဆင့်ဖြစ်ခဲ့ဖူးသည့် သူမအနေနှင့် ဒီအရာက မူလစွမ်းအား၊ စိတ်ဝိညာဉ် စွမ်းအားနှင့် ဥပဒေနိယာမ စွမ်းအားတို့ မဟုတ်ကြောင်း သူမ အသေအချာ ခံစားမိနေသည်။
ဒီစွမ်းအားက ဒီကမ္ဘာနှင့် မသက်ဆိုင်သကဲ့သို့ အနည်းငယ် ထူးဆန်းနေသည်။
ထိုအချိန်တွင် အဝေးမှ စုံတွဲသည် ဖြည်းညှင်းစွာ လှဲချလိုက်ပြီး ပန်းခင်းထဲတွင် ချစ်တင်းနှောရန် ပြင်လိုက်သည်ကို ထျန်းဟုန် ဧကရီ မြင်လိုက်ရသည်။
ဒါက...
ထိုအချိန်တွင်ပင် လုချန်းက သူ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ရာ ပန်းခင်းကြီး တစ်ခုလုံး ချက်ချင်း ပျောက်ကွယ်သွားသည်။ ခန်းမကြီးလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
လုချန်း မျက်လုံးဖွင့်လိုက်သည်နှင့် အနီရောင် ဝတ်စုံနှင့် ဖီးနစ်သရဖူ ဆောင်းထားသော ထျန်းဟုန် ဧကရီ သူ့ရှေ့တွင် လွင့်မြောနေသည်ကို တွေ့လိုက်ရသည်။
“အာ...”
လုချန်းက သူ့ရှေ့ရှိ နတ်လှေဝိညာဉ်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်သည်။
“ဟုန်ဟုန်... မင်းရဲ့ ခန္ဓာကိုယ်က ဘာလို့ ပိုပြီး ပီပြင်လာတာလဲ။”
ယခင် နတ်လှေဝိညာဉ်သည် အလွန် မှေးမှိန်ပြီး အချိန်မရွေး ပျောက်ကွယ်သွားနိုင်မည့်ပုံ ပေါက်နေသည်။ သူမ၏ ခန္ဓာကိုယ်ကို ဖောက်ထွင်း၍ အနောက်ဘက်ရှိ အရာများကို မြင်နိုင်သည်။
သို့သော် ယနေ့ နတ်လှေဝိညာဉ်မှာ ရုပ်ခန္ဓာအစစ် နီးပါးဖြစ်နေပြီး သူမ၏ ခန္ဓာကိုယ် ကွယ်နေသည့် အရာများကို ဖောက်ထွင်းမမြင်နိုင်တော့ပေ။
ထျန်းဟုန် ဧကရီ၏ အမူအရာလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ သူမက မည်သည့် စိတ်ခံစားမှုမှ မရှိသည့် ပုံစံဖမ်းပြီး လုချန်း၏ မေးခွန်းကို ပြန်မဖြေခဲ့ပေ။
နောက်တစ်ခဏတွင် ထျန်းဟုန် ဧကရီ၏ ပုံရိပ် ပျောက်ကွယ်သွားပြီး နတ်လှေမောင်းနှင်သည့် နည်းဗျူဟာပုံစံ ထိန်းချုပ်ရာနေရာသို့ ပြန်သွားလိုက်သည်။
ထျန်းဟုန် ဧကရီက သူ့ကို လျစ်လျူရှုသွားသည်ကို မြင်သောအခါ လုချန်းလည်း
“ လှေဝိညာဉ်တစ်ခုကို ငါက ဘာတွေ ပြောနေမိပါလိမ့်” ဟု ရေရွတ်လိုက်သည်။
ဖေးဟုန် နတ်လှေ၏ နတ်လှေဝိညာဉ်တွင် လူကဲ့သို့ ဉာဏ်ရည်မရှိပဲ ရိုးရှင်းသော အမိန့်များကိုသာ နားလည်နိုင်သည်ဟု လုချန်း ယုံကြည်ထားဆဲဖြစ်သည်။
လုချန်း ထိုအကြောင်း ဆက်မတွေးတော့ ပေ။ သူ၏ ခန္ဓာကိုယ်ကို အာရုံစိုက်လိုက်ရာ ကျင့်စဉ်အဆင့် အနည်းငယ် လှုပ်ခတ်လာသည်ကို သတိပြုမိလိုက်သည်။ လုချန်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွတ်သွား၏။ မူလစွမ်းအားက သူ၏ ကျင့်စဉ် တိုးတက်ရန် တကယ် ကူညီပေးပုံရသည်။
သို့သော်...
မူလစွမ်းအားက အလွန် ရှားပါးသည်။ သူ၏ ဇနီးများအားလုံး၏ ရင်သွေးကမ္ဘာများမှ ထွက်ပေါ်လာသော စုစုပေါင်း မူလစွမ်းအားသည်ပင် သူ၏ ကျင့်စဉ်အတွက် ရက်အနည်းငယ်စာမျှပင် မလုံလောက်ပေ။
ထို့နောက် လုချန်း မျက်လုံးမှိတ်လိုက်ကာ ချူးယုချင်၏ ရင်သွေးကမ္ဘာထဲသို့ သူ၏ စိတ်အာရုံဖြင့် ဝင်ရောက်သွားလိုက်သည်။ ယခုအခါ သူမ၏ ရင်သွေးကမ္ဘာတွင် လူသားမျိုးနွယ်နှင့် နတ်ဆိုးမျိုးနွယ် အပါအဝင် ဉာဏ်ရည်ရှိသော မျိုးနွယ်စု အမြောက်အမြား မွေးဖွားနေပြီဖြစ်သည်။
သူမ၏ ရင်သွေးကမ္ဘာထဲတွင် လုချန်း၏ စိတ်အာရုံ ရောက်ရှိနေမှုကို အာရုံခံမိလိုက်သဖြင့် ချူးယုချင်၏ စိတ်အာရုံကလည်း နောက်တစ်ခဏတွင် ရင်သွေးကမ္ဘာထဲသို့ ရောက်လာသည်။
လူသားများက သူ့အတွက် တည်ဆောက်ပေးထားသော ရုပ်တုများကို လုချန်း ကြည့်ရှုနေသည်ကို မြင်သောအခါ ချူးယုချင်က
“ချန်းလေး... မင်း ဘာကြည့်နေတာလဲ”
ဟု စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
လုချန်း သတိပြန်ဝင်လာပြီး ခပ်ရေးရေးပြုံးလျက်
“ဘာမှမဟုတ်ပါဘူး... ဒီကမ္ဘာက သက်ရှိတွေရဲ့ ပြောင်းလဲတိုးတက်မှုကို သိချင်လို့ပါ။”
ထိုသို့ပြောပြီးနောက် လုချန်းက သူ၏ စိတ်အာရုံကို ရင်သွေးကမ္ဘာ တစ်ခုလုံးကို ဖြန့်ကျက်လိုက်သည်။
“ဟမ်...”
တောင်တန်းတစ်ခု အတွင်းပိုင်း၌ တစ်စုံတစ်ခု ကြံစည်နေပုံရသော နတ်ဆိုးမျိုးနွယ် တစ်စုကို လုချန်း ရုတ်တရက် တွေ့ရှိလိုက်သည်။
စူးစမ်းလိုစိတ်ဖြင့် လုချန်းက သူတို့၏ စကားဝိုင်းကို ခိုးနားထောင်လိုက်သည်။
“အဲဒီ လူသားတွေက လွန်လွန်းတယ်”
“ဟုတ်တယ်... ဖခင်နတ်ဘုရားနဲ့ မိခင်နတ်ဘုရားမက လူသားပုံစံ ရှိတာနဲ့ပဲ သူတို့က တရားဝင် အုပ်စိုးသူတွေလို့ ပြောနေကြတာ။”
“ငါတို့လည်း ဒီကမ္ဘာမှာ မွေးဖွားလာတာပဲ။ လူသားတွေထက်တောင် အရင် ဖြစ်တည်လာခဲ့တာ။ ငါတို့ကသာ အစစ်အမှန်တွေကွ။”
နတ်ဆိုးမျိုးနွယ်များ၏ ဆွေးနွေးမှုကို ကြားလိုက်ရသဖြင့် လုချန်း အခြေအနေကို နားလည်သွားသည်။ လူသားများက နတ်ဆိုးမျိုးနွယ်ကို ကျူးကျော်သူများအဖြစ် ထင်မှတ်နေသည်။ လူသားများသာ ဤကမ္ဘာ၏ မူလပိုင်ရှင်များ ဖြစ်သည်ဟု ယူဆထားကြသည်။
လောလောဆယ်တွင် လူသားများက နတ်ဆိုးများကို နေရာအနှံ့ လိုက်လံသတ်ဖြတ်နေကြသည်။ လူသားများ၏ ဖိနှိပ်ချုပ်ချယ်မှုအောက်တွင် ဒုက္ခရောက်နေသော ဤနတ်ဆိုးများက လူသားတို့၏ အုပ်ချုပ်မှုကို ဖြုတ်ချရန် ဆုံးဖြတ်လိုက်ကြသည်။
နတ်ဆိုးများ၏ ဆွေးနွေးမှုကို လုချန်း ခိုးနားထောင်နေသည်ကို မြင်သောအခါ ချူးယုချင်က
“လူသားတွေနဲ့ နတ်ဆိုးတွေကြားမှာ စစ်ပွဲ ဖြစ်နေတာ ဆယ်စုနှစ်ချီနဲ့ ရှိနေပြီ...ဒေါ်လေးကတော့ ဝင်မပါခဲ့ပါဘူး။”
ရင်သွေးကမ္ဘာထဲတွင် စစ်ပွဲဖြစ်ပွားပါက လွှတ်ထားပေးလိုက်ရန် အစကတည်းက ချူးယုချင်ကို လုချန်း ပြောထားဖူးသည်။ ၎င်းသည် သဘာဝတရား၏ ရွေးချယ်မှု တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ရင်သွေးကမ္ဘာရှိ သက်ရှိများ၏ ကံကြမ္မာလမ်းကြောင်းကို အလွန်အကျွံ ဝင်မစွက်ဖက်သင့်ပေ။
လူသားများနှင့် နတ်ဆိုးများ နှစ်မျိုးလုံးက ရင်သွေးကမ္ဘာထဲတွင် မွေးဖွားလာကြသူများ ဖြစ်သည်။ ဆိုလိုသည်မှာ သူတို့အားလုံးသည် လုချန်းနှင့် ချူးယုချင်တို့၏ သွေးသားရင်းများ ဖြစ်ကြသည်။ မည်သည့်ဘက်ကိုမှ မျက်နှာသာပေးရန် မသင့်တော်ပေ။
ပြင်ပကမ္ဘာရှိ တစ်ရက်မှာ ရင်သွေးကမ္ဘာတွင် တစ်နှစ်နှင့် ညီမျှသည်။ နှစ်ဖက် အဖွဲ့အစည်းကြား ပဋိပက္ခကို ချူးယုချင် အစကတည်းက သတိပြုမိသည်။ သို့သော် လုချန်း ပြောဖူးသည်ကို သတိရသဖြင့် ဝင်မပါခဲ့ပေ။ သို့သော် တစ်လကြာ တံခါးပိတ် ကျင့်စဉ်စခန်းမှ သူမ ထွက်လာသောအခါ နတ်ဆိုးမျိုးနွယ်ဝင်များသည် လူသားများ၏ လက်ချက်ဖြင့် မျိုးတုန်းလုနီးပါး ဖြစ်နေပြီဖြစ်ကြောင်း သတိထားမိခဲ့သည်။
လူသားများ၏ ကံစွမ်းအားကို လုချန်း ကြည့်လိုက်ရာ အလွန် အားနည်းနေသည်ကို တွေ့လိုက်ရသည်။ နတ်ဆိုးမျိုးနွယ်ကမူ ချူးယုချင်၏ ရင်သွေးကမ္ဘာအတွက် ကံစွမ်းအား အမြောက်အမြား ထောက်ပံ့ပေးနေသည်ကို တွေ့ရသည်။
ဘာတွေ ဖြစ်နေတာလဲ။
ယုတ္တိကျကျ တွေးကြည့်လျှင် လူသားများက လက်ရှိ ဤကမ္ဘာ၏ အရှင်သခင်များ ဖြစ်နေသဖြင့် သူတို့၏ ကံစွမ်းအားက ပို ကောင်းနေသင့်သည်။
ထို့နောက် လုချန်း၏ စိတ်အာရုံက လူသားများ တည်ဆောက်ထားသော နန်းတော်ကို လျင်မြန်စွာ စစ်ဆေးလိုက်သည်။
မြေအောက်နန်းတော် တစ်ခုတွင် နဂါးဝတ်ရုံ ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦး တင်ပျဉ်ခွေ ထိုင်နေသည်။ သူသည် လုချန်းနှင့် ချူးယုချင်တို့၏ ပုံစံတူ ယိုယွင်းနေသော ရုပ်တုနှစ်ခု ရှေ့တွင် ရှိနေသည်။
ထိုအချိန်တွင် မြေအောက်နန်းတော်၏ ကျောက်တံခါး ဖြည်းညှင်းစွာ ပွင့်လာကာ မီးခိုးရောင် ဝတ်စုံဝတ် အမျိုးသားတစ်ဦး ဝင်ရောက်လာသည်။ ထိုအမျိုးသားမှာ တာအိုဆရာတစ်ဦးကဲ့သို့ စွမ်းအားရှင်တစ်ပါးနှင့် တူနေသည်။
အဘိုးအိုက မျက်လုံးဖွင့်လိုက်ပြီး သူ့ရှေ့ရှိ အမျိုးသားကို မေးလိုက်သည်။
“နတ်ဆိုးဧကရာဇ် ပုန်းအောင်းနေတဲ့နေရာကို ရှာတွေ့ပြီလား နိုင်ငံတော်ပညာရှိ။”
နိုင်ငံတော် ပညာရှိက
“တွေ့ပါပြီ မင်းကြီး”
ထိုစကားကို ကြားသောအခါ ဧကရာဇ်က ကျေနပ်ပုံမရပဲ စိုးရိမ်စိတ်ဖြင့် မေးလိုက်သည်။
“နိုင်ငံတော် ပညာရှိ... အရင်က ခင်ဗျား ပြောခဲ့တာတွေ အားလုံး အမှန်ပဲလား”
နိုင်ငံတော်ပညာရှိက
“စိတ်ချပါ မင်းကြီး... နတ်ဆိုးမျိုးနွယ်ကို မျိုးတုန်းအောင်သတ်လိုက်တာနဲ့ တစ်ကမ္ဘာလုံးရဲ့ ကံစွမ်းအားတွေ ကျွန်တော်တို့ လူသားမျိုးနွယ်ဆီ ရောက်လာမှာပါ။”
“တိတိကျကျ ပြောရရင် မင်းကြီးဆီ ရောက်လာမှာပါ”
ဧကရာဇ်က
“ဒီကိစ္စကို ဖခင်နတ်ဘုရားနဲ့ မိခင်နတ်ဘုရားမတို့ သိသွားရင် ကျုပ်ကို အပြစ်ပေးကြမလား။”