လုချန်း၏ အယူအဆ
Vol. 79 Ch. 1182
ကောင်းကင်မှ ကျဆင်းလာသော ကြောက်မက်ဖွယ် ဖိအားကို လူသားမျိုးနွယ်နှင့် နတ်ဆိုးမျိုးနွယ်တို့ ခံစားလိုက်ရကာ အားလုံး၏ မျက်နှာများ ချက်ချင်း ပြောင်းလဲသွားကြသည်။
ဤဖိအားက သူတို့ကို ခုခံလိုစိတ် အနည်းငယ်မျှပင် မရှိအောင် ပြုလုပ်လိုက်သည်။ ထိုဖိအားသည် မိုထျန်း ထုတ်လွှတ်လိုက်သော ဖိအားနှင့် နှိုင်းယှဉ်၍ မရအောင် ကြောက်မက်ဖွယ် ကောင်းလှသည်။ ဤဖိအားအောက်တွင် သူတို့ မည်သည့်အချိန်မဆို သေဆုံးသွားနိုင်သည်ဟု ခံစားလိုက်ရသည်။
ဤအချိန်တွင် အကြောက်ဆုံးသူမှာ နတ်ဆိုးမျိုးနွယ်များ မဟုတ်ပဲ မိုထျန်း ဖြစ်သည်။ ဤကမ္ဘာတွင် သူသည်သာ အားအကြီးဆုံး ပုဂ္ဂိုလ်ဖြစ်သင့်ပြီး ဤကဲ့သို့သော ဖိအားမျိုး မရှိသင့်ဟု မိုထျန်းက ယူဆထားသည်။
ဤကမ္ဘာတွင် မိမိကိုယ်ကို ပြိုင်ဘက်ကင်းဟု သူ အမြဲ ယုံကြည်ထားသော်လည်း ယခုတွင် သူ့ထက် အဆပေါင်းများစွာ အားကြီးသူတစ်ဦး ပေါ်လာခဲ့သည်။ ဤအရာက သူ့ရင်ထဲ ကြောက်ရွံ့မှု မဖြစ်ပေါ်စေပဲ နေမည်မဟုတ်ပေ။
ခဏကြာပြီးနောက် ကောင်းကင်ယံ၌ အလင်းတန်းတစ်ခု ပေါ်လာသည်။ ရှိနေသော မျိုးနွယ်စုအားလုံးလည်း စူးစမ်းလိုစိတ်ဖြင့် မော့ကြည့်လိုက်ကြသည်။
ထို့နောက် အမျိုးသမီးတစ်ဦး၏ ပုံရိပ် လေထဲတွင် ဖြည်းညှင်းစွာ ပေါ်လာသည်။ ချူးယုချင်၏ ပုံရိပ် အပြည့်အဝ ပေါ်လာသောအခါ ရှိနေသော မျိုးနွယ်စုအားလုံး တုန်လှုပ်သွားကြသည်။
ကောင်းကင်ပေါ်မှ လူပုဂ္ဂိုလ်နှင့် သူတို့ အလွန် ရင်းနှီးကျွမ်းဝင်နေကြသည်။ အဘယ်ကြောင့်ဆိုသော် မွေးဖွားချိန်မှစ၍ သူတို့သည် ပုဂ္ဂိုလ်အနည်းငယ်ကို ကိုးကွယ်ခဲ့ကြသောကြောင့် ဖြစ်သည်။
မျိုးနွယ်စုအားလုံးနီးပါး မြေပြင်ပေါ် ဒူးထောက်လိုက်ကြပြီး တညီတညွတ်တည်း ပြောလိုက်ကြသည်။
“မယ်တော်နတ်ဘုရားမကို ကြိုဆိုပါတယ်”
ကောင်းကင်မှ ပုံရိပ်ကို မိုထျန်း မြင်လိုက်ရသောအခါ သု၏ မျက်လုံးသူငယ်အိမ်များ ရုတ်တရက် ကျယ်သွားပြီး မယုံကြည်နိုင်သော အမူအယာများ သူ၏ မျက်နှာပေါ်၌ ထင်ဟပ်လာသည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”
“သူက ဘယ်လိုလုပ် တကယ်ရှိနေနိုင်မှာလဲ...”
အခြားမျိုးနွယ်စုများကို မျိုးဖြုတ်စစ်ပွဲ ဆင်နွှဲရန် ရှန်ကျွယ်ကို စတင်လှည့်ဖြားခဲ့စဉ်က မယ်တော်နတ်ဘုရားမနှင့် ဖခင်နတ်ဘုရားတို့ တကယ်ရှိနေမည်ကို သူလည်း စိုးရိမ်ခဲ့သည်။ သို့သော် စစ်ပွဲ အရှိန်မြင့်လာပြီး နတ်ဆိုးမျိုးနွယ် အမြောက်အမြား အသတ်ခံခဲ့ရချိန်တွင်ပင် မယ်တော်နတ်ဘုရားမရော ဖခင်နတ်ဘုရားပါ ပေါ်မလာခဲ့သဖြင့် ဤနတ်ဘုရားများသည် ရှေးဟောင်းမျိုးနွယ်စုများ၏ လုပ်ကြံဖန်တီးမှုများသာ ဖြစ်သည်ဟု မိုထျန်း ယုံကြည်လာခဲ့သည်။
ဖခင်နတ်ဘုရားနှင့် မယ်တော်နတ်ဘုရား တကယ်ရှိလျှင်ပင် သူတို့ သေဆုံးသွားလောက်ပြီဖြစ်သည်။ မဟုတ်ပါက စစ်ပွဲကို တားဆီးရန်နှင့် လူသားမျိုးနွယ် နယ်မြေချဲ့ထွင်ခြင်းကို တားဆီးရန် သူတို့ ပေါ်လာကြလိမ့်မည်ဟု တွေးခဲ့သည်။
ချူးယုချင်သည် ရှိနေသော မျိုးနွယ်စုအားလုံးကို စိတ်အာရုံဖြင့် ခြုံကြည့်လိုက်၏။ ထို့နောက် သူမ၏ အကြည့်ကို လူသားမျိုးနွယ်ထံသို့ ရွှေ့လိုက်သည်။
ချူးယုချင်၏ မျက်လုံးများ သူတို့အပေါ် ကျရောက်လာသည်ကို မြင်သောအခါ မြေပြင်ပေါ် ဒူးထောက်နေသော လူသားများ ပြင်းထန်စွာ တုန်လှုပ်သွားကြသည်။ လူသားမျိုးနွယ်သည် သူတို့၏ ကျူးလွန်မှုများ မည်မျှ ကြီးလေးကြောင်း ကောင်းစွာ သိရှိကြပြီးဖြစ်သည်။ အထူးသဖြင့် ရှန်ကျွယ် ဖြစ်သည်။
သူသည် မြေပြင်ပေါ်တွင် ဝပ်တွားနေကာ ချွေးစေးများ ရွှဲနေပြီး သူ့ရင်ထဲတွင် ကြောက်ရွံ့မှုများဖြင့် လုံးဝ လွှမ်းမိုးနေသည်။
မယ်တော်နတ်ဘုရားမနှင့် ဖခင်နတ်ဘုရား လုံးဝ မရှိဘူးလို့ မိုထျန်း ပြောခဲ့တယ် မဟုတ်လား။
ဒါဆို ကောင်းကင်ပေါ်က ဒီလူက ဘယ်သူလဲ။
မိုထျန်းရဲ့ စကားတွေကို သူ ဘယ်တော့မှ မယုံကြည်ခဲ့သင့်ပေ။
အခုတော့ သူ သေလူဖြစ်သွားပြီ။
တာ့ရှန်နိုင်ငံတော်သည် ဖခင်နတ်ဘုရားနှင့် မယ်တော်နတ်ဘုရားမကို အမြဲ ကိုးကွယ်ခဲ့သော်လည်း သူ နန်းတက်လာချိန်မှစ၍ မိုထျန်း၏ စကားများ လွှမ်းမိုးမှုကြောင့် ဖခင်နတ်ဘုရားနှင့် မယ်တော်နတ်ဘုရားသည် သူတို့အတွက် တကယ် စွန့်လွှတ်အနစ်နာခံခြင်း မရှိခဲ့ကြောင်း၊ သူတို့သည် ဒဏ္ဍာရီများသာ ဖြစ်ကြောင်း သို့မဟုတ် သေဆုံးသွားပြီဖြစ်ကြောင်း သူ ယုံကြည်ခဲ့သည်။
ဤယုံကြည်ချက်ဖြင့် တာ့ရှန်နိုင်ငံတော်သည် ဖခင်နတ်ဘုရားနှင့် မယ်တော်နတ်ဘုရားကို မကိုးကွယ်ခဲ့သည်မှာ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ကိုးကွယ်ခြင်း မရှိရုံသာမက ဖခင်နတ်ဘုရားနှင့် မယ်တော်နတ်ဘုရား ရုပ်တုများ အိုဟောင်း ပျက်စီးသွားလျှင်ပင် ပြန်လည်ပြုပြင်ခြင်း မရှိခဲ့ပေ။
မိမိ၏ လုပ်ရပ်များကို တွေးတောရင်း သူ ပျက်စီးရတော့မည်မှန်း ရှန်ကျွယ် သိလိုက်သည်။
ချူးယုချင် စကားပြောမည်ကို မစောင့်ပဲ ရှန်ကျွယ်က ဦးဆောင်၍ ပြောလိုက်သည်။ “အပြစ်သား ရှန်ကျွယ်ဟာ မယ်တော်နတ်ဘုရားမရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး မယ်တော်နတ်ဘုရားမကို သစ္စာဖောက်ခဲ့ပါတယ်။ ကျေးဇူးပြုပြီး မယ်တော်နတ်ဘုရားမ... ကျွန်တော့်ကို အပြစ်ပေးပါ။”
ဤအချိန်တွင် အခြားမျိုးနွယ်စုများလည်း မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားလာကြသည်။ သူတို့၏ မယ်တော်နတ်ဘုရားမ ဆင်းသက်လာခဲ့ပြီဖြစ်သည်။ ယခု လူသားမျိုးနွယ် အပြစ်ပေးခံရတော့မည်။
သို့သော် ချူးယုချင်က ရှန်ကျွယ်၏ စကားများကို တုံ့ပြန်ခြင်း မရှိပေ။ သူမ၏ အကြည့်သည် မကျေမနပ် ဖြစ်နေပုံရသော မိုထျန်းအပေါ်တွင် စူးစိုက်ထားသည်။
ချူးယုချင်၏ အေးစက်သော အကြည့်ကို ခံစားလိုက်ရသောအခါ မိုထျန်း၏ ရင်ထဲရှိ ကြောက်ရွံ့မှုက တဖြည်းဖြည်း ဒေါသအဖြစ် ပြောင်းလဲသွားသည်။ လွှမ်းမိုးထားသော ဖိအားကို အံတုရင်း ကောင်းကင်ရှိ ချူးယုချင်ကို စိုက်ကြည့်ကာ အော်ဟစ်လိုက်သည်။
“ကျုပ် မမှားဘူး”
“ကျုပ်ရဲ့ မျိုးနွယ်စုတွေ ငတ်ပြတ်သေဆုံးနေချိန်တုန်းက ခင်ဗျား ဘယ်ရောက်နေလဲ။”
“လူသားမျိုးနွယ် ကပ်ရောဂါကူးစက်ခံရတုန်းက ခင်ဗျား ဘယ်ရောက်နေလဲ။”
“လူသားမျိုးနွယ်ကို ရက်စက်ကြမ်းကြုတ်တဲ့ သားရဲတွေ တိုက်ခိုက်တုန်းက ခင်ဗျား ဘယ်ရောက်နေလဲ။”
“ခင်ဗျားက တကယ့် မယ်တော်နတ်ဘုရားမ ဖြစ်နေရင်ရော ဘာဖြစ်လဲ။”
“ဒီနေ့... နတ်ဘုရားကို ကျုပ် သတ်မယ်”
မိုထျန်း၏ စကားဆုံးသည်နှင့် သူ့ခန္ဓာကိုယ်ပေါ်၌ နတ်ဆိုးအငွေ့အသက်များ ချက်ချင်း ထွက်ပေါ်လာသည်။
အထူးသဖြင့် ဤကမ္ဘာ၏ ကံတရားစွမ်းအားကို သိမ်းပိုက်တော့မည့်ဆဲဆဲတွင် မယ်တော်နတ်ဘုရားမ ဆိုသူ ပေါ်ထွက်လာခြင်း ဖြစ်သောကြောင့် တိုက်ခိုက်ခြင်း မပြုပဲ သူ ဘယ်တော့မှ အရှုံးပေးမည် မဟုတ်ပေ။
မိုထျန်း၏ စကားများကို ချူးယုချင် တုံ့ပြန်ခြင်း မရှိပေ။ ကမ္ဘာကြီး၏ သက်ရှိများကို လမ်းညွှန်မှု ကောင်းစွာမပေးပဲ လွတ်လပ်စွာ ကြီးထွားခွင့် ပေးခဲ့ခြင်းသည် သူမ၏ စိတ်ကို လေးလံစေသော အချက်တစ်ချက် ဖြစ်သည်။
သို့သော် ကိစ္စရပ်တိုင်းတွင် လိုက်နာရမည့် မူဝါဒ ကိုယ်စီ ရှိကြသည်။ ယခု မိုထျန်းသည် နတ်ဆိုးလမ်းကြောင်းသို့ ရောက်ရှိသွားပြီ ဖြစ်သဖြင့် သူ့အတိတ်တွင် မည်မျှခံစားခဲ့ရပါစေ အပြစ်ပေးခံရသင့်သည်။
မယ်တော်နတ်ဘုရားမကို မိုထျန်းက ရဲတင်းစွာ ပြောဆိုသည်ကို မြင်သောအခါ မျိုးနွယ်စုအားလုံး ဒေါသထွက်ကြသော်လည်း လွှမ်းမိုးထားသော အရှိန်အဝါကြောင့် မည်သူမှ ထွက်မပြောရဲကြချေ။
မိုထျန်းထံမှ နတ်ဆိုးအငွေ့အသက်များ ထွက်ပေါ်လာသည်ကို မြင်လိုက်ရသဖြင့် ချူးယုချင် စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။
သူမ လှုပ်ရှားရန် ပြင်ဆင်နေချိန်၌ပင် သူမဘေးတွင် လုချန်း ပေါ်လာသည်။
နောက်ထပ် ဖိနှိပ်သော အင်အားတစ်ခု ပေါ်လာသည်ကို ခံစားလိုက်ရသောအခါ ရင်သွေးကမ္ဘာရှိ သက်ရှိမျိုးနွယ်များ အားလုံး အံ့အားသင့် သွားကြသည်။ ဖခင်နတ်ဘုရားလည်း ဆင်းသက်လာလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။
သူတို့၏ ဒဏ္ဍာရီ မှတ်တမ်းများအရ မယ်တော်နတ်ဘုရားမနှင့် ဖခင်နတ်ဘုရားတို့ တစ်ချိန်တည်း ပေါ်လာလေ့ မရှိပေ။ များသောအားဖြင့် မယ်တော်နတ်ဘုရားမကသာ ဤကမ္ဘာသို့ လာရောက်ပြီး ဖွံ့ဖြိုးတိုးတက်မှုများကို လေ့လာလေ့ရှိသည်။
မယ်တော်နတ်ဘုရားမနှင့် ဖခင်နတ်ဘုရား နှစ်ပါးစလုံး ဒေါသထွက်ပြီး အတူတကွ ပေါ်လာအောင် လူသားမျိုးနွယ်၏ လုပ်ရပ်များက တွန်းအားပေးလိုက်ခြင်း ဖြစ်ရပေမည်။
ချူးယုချင်က လုချန်းထံ စိတ်ချင်းဆက်သွယ်၍ မေးလိုက်သည်။
“ချန်းလေး... မိုထျန်းကို မင်း ဘယ်လို ကိုင်တွယ်ဖို့ စီစဉ်ထားလဲ။”
ချူးယုချင်သည် မိုထျန်း၏ ကံဆိုးမှုကို စိတ်ထဲတွင် စာနာမိသည်။
လုချန်းက
“ရင်သွေးကမ္ဘာမှာ တစ်နှစ်က အပြင်မှာ တစ်ရက်ပဲ ရှိတယ်။ ရင်သွေးကမ္ဘာရဲ့ ကိစ္စတွေကို ဒေါ်လေး ဝင်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ဒုက္ခရောက်မယ့်သူတွေ ရှိနေမှာပဲ။”
ချူးယုချင်ကဲ့သို့ အဆင့်ရှိသော ကျင့်ကြံသူတစ်ဦးအတွက် လအနည်းငယ် သို့မဟုတ် နှစ်အနည်းငယ်ကြာ တံခါးပိတ်ကျင့်ကြံခြင်းသည် ရင်သွေးကမ္ဘာ၌ ဆယ်စုနှစ်များ သို့မဟုတ် ရာစုနှစ်များစွာ ကြာမြင့်သွားနိုင်သည်။
ရာစုနှစ်များစွာ ကြာမြင့်ချိန်အတွင်း မရေမတွက်နိုင်သော ကိစ္စရပ်များ ဖြစ်ပျက်နိုင်သည်။ ရင်သွေးကမ္ဘာမှ လူသားများနှင့် အခြားမျိုးနွယ်စုများသည် မိုထျန်း ကြုံတွေ့ခဲ့ရသည့် ဆင်းရဲဒုက္ခမျိုးကို ကြုံတွေ့ရနိုင်သည်။
ထို့နောက် လုချန်းက
“ ဒေါ်လေး ကိုယ်တိုင် အရေးယူဖို့ ခက်ခဲနေရင် ကျွန်တော့်ကို လုပ်ခွင့်ပေးပါ။”
စကားပြောပြီးနောက် လုချန်း လှုပ်ရှားရန် ပြင်လိုက်သော်လည်း ထိုအချိန်တွင် မိုထျန်း၏ ပတ်လည်ရှိ နတ်ဆိုးအငွေ့အသက်များ ပို သိပ်သည်းလာသည်ကို သတိထားမိလိုက်သည်။
ထိုနတ်ဆိုးအငွေ့အသက်များသည် လျင်မြန်စွာပင် ကောင်းကင်နတ်ဆိုး စွမ်းအားအဖြစ် ဖွဲ့စည်းသွားသည်။
ကောင်းကင်နတ်ဆိုး စွမ်းအားကို ခံစားမိသောအခါ ရင်သွေးကမ္ဘာတွင် ကောင်းကင်နတ်ဆိုး စွမ်းအား မည်သို့ ရှိနေနိုင်သနည်းဟု တွေးတောရင်း လုချန်း မျက်မှောင်ကြုတ်လိုက်သည်။
ကောင်းကင်နတ်ဆိုး တစ်ကောင်က ချူးယုချင်၏ ရင်သွေးကမ္ဘာထဲသို့ ဝင်ရောက်လာခြင်း ဖြစ်နိုင်မလား။
ချက်ချင်းပင် မိုထျန်းခန္ဓာကိုယ်ထဲရှိ နတ်ဆိုးအငွေ့အသက်၏ ဇာစ်မြစ်ကို ခြေရာခံကြည့်လိုက်ရာ ၎င်းတို့အားလုံးသည် လူသားမျိုးနွယ်၏ မကောင်းသော စိတ်ခံစားချက်များနှင့် ဆန္ဒများမှ မြစ်ဖျားခံလာခြင်း ဖြစ်ကြောင်း တွေ့လိုက်ရသည်။ ၎င်းတို့သည် မိုထျန်း၏ ခန္ဓာကိုယ်ကို ဖြတ်သန်းပြီးနောက် ကောင်းကင်နတ်ဆိုး စွမ်းအားအဖြစ် ပြောင်းလဲသွားခြင်းဖြစ်သည်။
မိုထျန်း၏ ခန္ဓာကိုယ်သည် ကောင်းကင်နတ်ဆိုး တစ်ကောင်အဖြစ်သို့ ပြောင်းလဲခြင်း ဖြစ်စဉ်ကို ကြုံတွေ့နေရပုံ ပေါ်သည်။
ဤအရာကို မြင်လိုက်ရသောအခါ လုချန်းစိတ်ထဲ၌ ရဲတင်းသော အယူအဆတစ်ခု ရုတ်တရက် ပေါ်လာသည်။ စကြာဝဠာထဲရှိ ကောင်းကင်နတ်ဆိုးများသည် အပြင်ဘက်နယ်မြေမှ လာခြင်း မဟုတ်ပဲ လူသားမျိုးနွယ်၏ မကောင်းသော စိတ်ခံစားချက်များနှင့် ဆန္ဒများမှ မွေးဖွားလာခြင်း ဖြစ်နိုင်သလား။
သူ ယခု လုပ်တော့မည့် အရာက ရင်သွေး စကြာဝဠာအတွက် ကပ်ဘေးတစ်ခုလို ဖြစ်လာနိုင်သည်ဟု သူ ပိုခံစားလာရသည်။
ထိုကဲ့သို့သော ကပ်ဘေးသည် ကောင်းကင်နတ်ဆိုးများ ကျူးကျော်ဝင်ရောက်ခြင်းဖြင့် စတင်မည်ဖြစ်ပြီး စကြာဝဠာအတွင်း နတ်ဆိုးလမ်းစဉ် ကျင့်ကြံသူများ တိုးပွားလာစေကာ စကြာဝဠာ၏ အစီအစဉ်ကျမှုများကို ပျက်ပြားသွားမည် ဖြစ်သည်။ ထို့နောက် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုက ကောင်းကင်နတ်ဆိုးများနှင့် စကြာဝဠာရှိ မျိုးနွယ်စု အားလုံးကို ခွဲခြားခြင်းမရှိပဲ သုတ်သင်ရှင်းလင်း ပစ်လိုက်မည် ဖြစ်သည်။
ခဏခန့် လုချန်း၏ စိတ်အာရုံများ ဇဝေဇဝါ ဖြစ်သွားသည်။
ဤစကြာဝဠာတွင်လည်း အထွတ်အထိပ် နတ်ဘုရားတစ်ပါး ရှိနေခြင်း ဖြစ်နိုင်သလား။
လူသားတို့၏ လောဘနှင့် မကောင်းသော စိတ်ခံစားချက်များက ကောင်းကင်နတ်ဆိုးများကို ဖန်တီးပြီး စကြာဝဠာ၏ အစီအစဉ်ကျမှုကို ဖျက်စီးလာသောအခါ ယခု ရင်သွေးကမ္ဘာ၏ အဖြစ်အပျက်များတွင် သူ ဝင်ရောက်စွက်ဖက်သလို ထိုနတ်ဘုရားကလည်း ဝင်ရောက်စွက်ဖက်ခြင်းမျိုးလား။
ကွာခြားချက်မှာ အထွတ်အထိပ် နတ်ဘုရား၏ နည်းလမ်းသည် ပို၍ ရက်စက်ကြမ်းကြုတ်သော နည်းလမ်းဖြစ်နေသည်။ သူ၏ နည်းလမ်းက မျိုးနွယ်စု အားလုံးကို လုံးဝ သုတ်သင်ရှင်းလင်းသည့်နည်းဖြစ်သည်။
သို့သော်လည်း ယခုတွင် နတ်ဆိုးလမ်းစဉ် ကျင့်ကြံသူ မိုထျန်း တစ်ယောက်တည်းသာ ရှိသေးသည်။ လတ်တလောတွင် မိုထျန်းကိုသာ သူ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည်။
သို့သော် တစ်နေ့နေ့တွင် ချူးယုချင်၏ ရင်သွေးကမ္ဘာ၌ ကောင်းကင်နတ်ဆိုးများနှင့် နတ်ဆိုးလမ်းစဉ် ကျင့်ကြံသူ အမြောက်အမြားကို ရင်ဆိုင်ရပါက ရင်သွေးကမ္ဘာတွင်း သက်ရှိအသစ်များ မွေးဖွားလာစေရန် မျိုးနွယ်စုအားလုံးကို တိုက်ရိုက် သုတ်သင်ရှင်းလင်းပစ်သည့် ကပ်ဘေးကဲ့သို့သော နည်းလမ်းကို သူလည်း အသုံးပြုမိကောင်း ပြုမိနိုင်ပေသည်။