နန်းကုန်းယွဲ့ဟွာ၏ ရင်သွေးကမ္ဘာ မွေးဖွားခြင်း
Vol. 79 Ch. 1184
မိုထျန်းနှင့် ရှန်ကျွယ်၏ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းပြီးနောက် လုချန်းနှင့် ချူးယုချင်တို့၏ စိတ်အာရုံများ ရင်သွေးကမ္ဘာမှ ချက်ချင်း မထွက်ခွာခဲ့ပေ။ လူသားမျိုးနွယ်နှင့် နတ်ဆိုးမျိုးနွယ် မဟာမိတ်တပ်ဖွဲ့များ၏ လှုပ်ရှားမှုများကို သူတို့ အာရုံစိုက်နေဆဲ ဖြစ်သည်။
နတ်ဆိုးမျိုးနွယ် မဟာမိတ်တပ်ဖွဲ့ကို ဆုတ်ခွာရန် နတ်ဆိုးဧကရာဇ်က တက်ကြွစွာ အမိန့်ပေးနေသည်ကို မြင်သောအခါ လုချန်းနှင့် ချူးယုချင်တို့ အလွန် ကျေနပ်သွားကြသည်။ ဤနတ်ဆိုးဧကရာဇ်သည် ရှန်ကျွယ်ထက် ပိုဉာဏ်ကောင်းသည်။
ဤအချိန်တွင် ရင်သွေးကမ္ဘာ၏ ကောင်းကင်ဘုံလမ်းစဉ် ဥပဒေနိယာမများကို ချူးယုချင် စတင်တည်ဆောက်လိုက်သည်။ ရင်သွေးကမ္ဘာအတွက် ကောင်းကင်ဘုံလမ်းစဉ် ဥပဒေနိယာမများကို တည်ဆောက်ခြင်းသည် သူမအတွက် အလွန် လွယ်ကူလှသည်။ ရင်သွေးကမ္ဘာ၏ ကောင်းကင်ဘုံလမ်းစဉ်အတွက် စည်းမျဉ်းအချို့ကို ချမှတ်ရန်သာ လိုအပ်ပြီး ထိုစည်းမျဉ်းများကို ကောင်းကင်ဘုံလမ်းစဉ်က လိုက်နာဆောင်ရွက်သွားမည် ဖြစ်သည်။
နိယာမများ ပိုပြည့်စုံလာပြီးနောက် ချူးယုချင်၏ ရင်သွေးကမ္ဘာအတွင်းရှိ မျိုးနွယ်စုအားလုံးသည် ကြည်လင်ပြတ်သားသော အမျိုးသမီးတစ်ဦး၏ အသံကို ကြားလိုက်ရသည်။ ထိုအသံသည် လူတို့၏ စိတ်ထဲသို့ တိုက်ရိုက် ပေးပို့လိုက်သကဲ့သို့ ဖြစ်နေပြီး သူတို့၏ အသိစိတ်ပင်လယ်အတွင်း ထပ်ခါတလဲလဲ ပဲ့တင်ထပ်နေသည်။
ဤအရာသည် ဤကမ္ဘာအတွက် မယ်တော်နတ်ဘုရားမက စည်းမျဉ်းများ ချမှတ်ပေးနေခြင်း ဖြစ်ကြောင်း လူတို့ လျင်မြန်စွာ သဘောပေါက်လိုက်ကြသည်။ ယခုမှစ၍ ဤကမ္ဘာရှိ မျိုးနွယ်စု အသီးသီးသည် မိုက်မဲစွာ ပြုမူ၍ မရတော့ပဲ ဤကမ္ဘာ၏ စည်းမျဉ်းများကို လိုက်နာရတော့မည် ဖြစ်သည်။
ချူးယုချင်၏ အသံကို ကြားသောအခါ နတ်ဆိုးဧကရာဇ် အလွန် စိတ်သက်သာရာရသွားသည်။ ရှန်ကျွယ်နှင့် မိုထျန်းတို့ သေဆုံးသွားခြင်းကို အခွင့်ကောင်းယူပြီး လူသားမျိုးနွယ်ကို မတိုက်ခိုက်ခဲ့သည့်အတွက် သူ့ကိုယ်သူ ကျေးဇူးတင်မိသည်။ မယ်တော်နတ်ဘုရားမ ရှိနေချိန်တွင် ထိုကဲ့သို့ ရက်စက်ကြမ်းကြုတ်မှုကို သူ ပြသခဲ့ပါက မိုထျန်းနှင့် ရှန်ကျွယ်တို့ကဲ့သို့ အလားတူ ကံကြမ္မာမျိုးနှင့် ကြုံတွေ့ရဖွယ် ရှိသည်။
နတ်ဆိုးဧကရာဇ်လည်း သူ၏စိတ်ကို ငြိမ်သက်အောင် ပြုလုပ်လိုက်ပြီး ဤကမ္ဘာ၏ ကောင်းကင်ဘုံလမ်းစဉ် ဥပဒေနိယာမများကို ဂရုတစိုက် နားထောင်လိုက်သည်။
အချိန်မည်မျှ ကြာသွားသည် မသိ ချူးယုချင်၏ အသံ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီးနောက် ကမ္ဘာသား အာလုံးတို့၏ ခန္ဓာကိုယ်များလည်း စွမ်းအားများနှင့် ပြည့်နှက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
အထူးသဖြင့် နတ်ဆိုးဧကရာဇ်၏ ခန္ဓာကိုယ်မှ လွှမ်းမိုးသော အငွေ့အသက်များ ထွက်ပေါ်လာခဲ့သည်။ မျှော်လင့်မထားလောက်အောင် နတ်ဆိုးဧကရာဇ် ပျော်ရွှင်သွားသည်။ သူ တကယ် အဆင့်တက်သွားခဲ့ပြီဖြစ်သည်။
နတ်ဆိုးဧကရာဇ်သည် နတ်ဆိုးမျိုးနွယ် မဟာမိတ်တပ်ဖွဲ့ကို ဦးဆောင်ကာ ချက်ချင်း ဒူးထောက်လိုက်ပြီး ကောင်းကင်ဘက်သို့ ဦးညွှတ်လိုက်သည်။
“မယ်တော်နတ်ဘုရားမကို ကျေးဇူးတင်ပါတယ်။”
ဤအချိန်တွင် လူသားများ၏ ကိုယ်အတွင်း၌လည်း စွမ်းအားအသစ်အဆန်းတစ်ခု ပေါ်လာသည်ကို ခံစားလိုက်ရပြီး လေထဲရှိ စိတ်ဝိညာဉ် စွမ်းအင်များကို ခံစားမိလာကြသည်။
ထို့နောက် လူသားအားလုံး တညီတညွတ်တည်း ဒူးထောက်လိုက်ကြပြီး ကောင်းကင်ဘက်သို့ ဦးညွှတ်ကာ ပြိုင်တူ ပြောလိုက်ကြသည်။
“မယ်တော်နတ်ဘုရားမကို ကျေးဇူးတင်ပါတယ်။”
ဤအခိုက်အတန့်တွင် လူသားစစ်သည်များ အလွန် စိတ်လှုပ်ရှားနေကြသည်။ မယ်တော်နတ်ဘုရားမနှင့် ဖခင်နတ်ဘုရားကို သစ္စာဖောက်ပြီးနောက် စွန့်ပစ်ခံရမည်ဟု သူတို့ ထင်မှတ်ထားခဲ့ကြသည်။ ယခုလို မယ်တော်နတ်ဘုရားမနှင့် ဖခင်နတ်ဘုရားတို့က သူတို့ကို မချန်ထားပဲ စွမ်းအားများ ပေးသနားလိမ့်မည်ဟု မျှော်လင့်မထားခဲ့ကြပေ။
ရင်သွေးကမ္ဘာ၏ ကောင်းကင်ဘုံလမ်းစဉ် ဥပဒေနိယာမများအား ဖြည့်ဆည်းပြီးသွားသောအခါ ရင်သွေးကမ္ဘာတစ်ခုလုံး၏ ကံစွမ်းအား ပို၍သိပ်သည်းလာသည်။ ထို့နောက် ရင်သွေးကမ္ဘာအတွင်း၌ မူလစွမ်းအား အများအပြား ထွက်ပေါ်လာသည်။ ထိုမူလစွမ်းအားသည် နှစ်ပိုင်းကွဲသွားပြီး လုချန်းနှင့် ချူးယုချင်တို့၏ သိစိတ်ပင်လယ်ထဲသို့ ဝင်ရောက်သွားသည်။
အသိစိတ်ပင်လယ်ထဲရှိ မူလစွမ်းအားကို ခံစားမိသောအခါ လုချန်း အနည်းငယ် ကြောင်သွားသည်။ ရင်သွေးကမ္ဘာ၏ ဥပဒေနိယာမများကို ပြီးမြောက်အောင် လုပ်ဆောင်ခြင်းက ရင်သွေးကမ္ဘာ၏ ကံစွမ်းအားကို တိုးတက်စေရုံသာမက မူလစွမ်းအားကိုပါ ရရှိစေနိုင်လိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
ရင်သွေးကမ္ဘာ ပိုင်ဆိုင်ထားသော အခြားဇနီးသည်များကို ဤအကြောင်း ပြောပြရန် လုချန်း စီစဉ်လိုက်သည်။ သို့မှသာ သူတို့၏ ရင်သွေးကမ္ဘာ ဥပဒေနိယာမများကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်မည် ဖြစ်ပြီး သူလည်း မူလစွမ်းအား ပိုရနိုင်မည် ဖြစ်သည်။
လတ်တလောတွင် သူ့အတွက် အခြားကိစ္စ မရှိတော့ဟု ခံစားရသဖြင့် လုချန်းက ချူးယုချင်ကို ပြောလိုက်သည်။
“ဒေါ်လေးချူး... ကျွန်တော် အရင်သွားနှင့်တော့မယ်”
ချူးယုချင်က
“အင်း... ကောင်းပြီလေ”
ထို့နောက် ချူးယုချင်၏ ရင်သွေးကမ္ဘာမှ လုချန်း ထွက်ခွာလာပြီး ရင်သွေးကမ္ဘာ ပိုင်ဆိုင်သော အခြားအမျိုးသမီးများကို ဥပဒေနိယာမများ ပြီးမြောက်အောင် လုပ်ဆောင်ရန် သူ၏ ရုပ်သေးများမှတစ်ဆင့် ချက်ချင်း အသိပေးလိုက်သည်။
ရက်အနည်းငယ်ကြာပြီးနောက် အခြားဇနီးများလည်း သူတို့၏ ရင်သွေးကမ္ဘာ ဥပဒေနိယာမများကို တဖြည်းဖြည်း ပြည့်စုံအောင် လုပ်ဆောင်လာကြသဖြင့် လုချန်းအတွက် မူလစွမ်းအား ပိုရလာပြီး သူ၏ ကံတရားစွမ်းအားလည်း ပိုသိပ်သည်းလာသည်။
………
တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားသော်လည်း ဘဝက သိပ် အပြောင်းအလဲ မရှိပေ။
လုချန်းသည် အချိန်အများစုကို နတ်လှေပေါ်၌ ကျင့်ကြံရင်း ကုန်ဆုံးစေပြီး ရံဖန်ရံခါတွင် ချန်ဟိုင်ဂိုဏ်းက လူလွှတ်ခြင်း ရှိမရှိ ကြည့်ရှုရန် အာကာသဟင်းလင်းပြင်သို့ သွားရောက် စူးစမ်းလေ့ရှိသည်။
ခမ်းနားထည်ဝါသော နန်းတော်အတွင်း၌ အနီရောင် ဖီးနစ်ဝတ်ရုံကို ဝတ်ဆင်ထားသော နန်းကုန်းယွဲ့ဟွာသည် ကုတင်ပေါ်တွင် မှီလျက် အတွေးထဲ နစ်မြောနေပုံရသည်။
ဤအချိန်တွင် နန်းကုန်းယွဲ့ဟွာက ခန်းမကြီးထဲရှိ အစေခံကို မေးလိုက်သည်။
“ကောင်းကင်ဧကရာဇ် ပြန်သွားပြီလား”
အစေခံက
“ ကောင်းကင်ဧကရာဇ်ရဲ့ နတ်လှေက ချန်ရန်ကမ္ဘာ အပြင်ဘက်မှာ ရှိနေပါသေးတယ်။”
ထိုစကားကို ကြားသောအခါ နန်းကုန်းယွဲ့ဟွာ၏ မျက်နှာပေါ်တွင် ဇဝေဇဝါ ဖြစ်သွားသည့် အရိပ်အယောင်တစ်ခု ပေါ်လာသည်။
ချန်ဟိုင်ဂိုဏ်း တိုက်ခိုက်လာချိန်မှစ၍ လုချန်းသည် ချန်ရန်ကမ္ဘာ၏ အပြင်ဘက်တွင် စောင့်ကြပ်နေခဲ့သည်။ ဤအချက်ကို သူမ နားလည်နိုင်သည်။ ချန်ဟိုင်ဂိုဏ်းသည် ဖရိုဖရဲကြယ်ပင်လယ်ကို ရှာဖွေတွေ့ရှိထားပြီးဖြစ်ရာ နောက်တစ်ကြိမ် ထပ်လာနိုင်ခြေ ရှိသောကြောင့် ချန်ရန်ကမ္ဘာကို စောင့်ကြပ်နေရခြင်းက ပုံမှန်ပင် ဖြစ်သည်။
သို့သော် ဤကာလအတွင်း လုချန်းသည် ချန်ရန်ကမ္ဘာထဲသို့ တစ်ကြိမ်မျှ ဝင်မလာပဲ နတ်လှေပေါ်၌သာ အချိန်အများစုကို ကုန်ဆုံးစေခဲ့သည်။
ဤအရာက ထိုလူ၏ စရိုက်နှင့် အနည်းငယ် ကွဲလွဲနေသည်။ သူမနှင့် နန်းကုန်းချင်ရတို့သည် ချန်ရန်ကမ္ဘာတွင် ရှိနေပြီး လုချန်းနှင့် အလွန်နီးကပ်သော နေရာတွင် ရှိနေသည်။ အရင်ကသာဆိုလျှင် လုချန်းသည် သူမတို့နှင့် ရန်ဖြစ်ရန်အတွက် ချန်ရန်ကမ္ဘာသို့ မကြာခဏ လာရောက်လေ့ရှိသည်။
လုချန်း ငြီးငွေ့သွားပြီလား။
သို့မဟုတ် လုချန်း ချန်ရန်ကမ္ဘာထဲသို့ ဝင်ရောက်လာပြီး နန်းကုန်းချင်ရနှင့် ပျော်ပါးနေသည်ကို သူမ မသိလိုက်ခြင်းများလား။
ထိုသို့ မဖြစ်နိုင်ပေ။
နန်းကုန်းချင်ရသည် နန်းတော်အောက်ထပ်တွင် အမြဲတမ်း ကျင့်ကြံနေသဖြင့် လုချန်းသာ နန်းတော်ထဲ ရောက်လာပါက သူမ လုံးဝ မသိတာ မဖြစ်နိုင်ပေ။
ထို့ပြင် လုချန်းသာ နန်းတော်သို့ တကယ် လာရောက်ခဲ့လျှင် နန်းကုန်းချင်ရ တစ်ယောက်တည်းကိုသာ မျက်နှာသာပေးဖို့ မည်သို့ ဖြစ်နိုင်မည်နည်း။
နန်းကုန်းယွဲ့ဟွာသည် သူမ၏ လက်ကို မြှောက်ကာ နဖူးကို ပွတ်သပ်လိုက်သည်။
လတ်တလောတွင် သူမကိုယ်သူမ တစ်ခုခု မှားယွင်းနေသည်ဟု ခံစားရသည်။ အထူးသဖြင့် လုချန်း သူမကို လှည့်စားခဲ့သည့် မြင်ကွင်းများကို ပြန်ပြောင်းသတိရမိတိုင်း လုချန်းအကြောင်း မရည်ရွယ်ပဲ တွေးမိနေသည်။
ထိုအချိန်၌ပင် ဆန်းကြယ်သော စွမ်းအားတစ်ခုက သူမ၏ ချက္ကရထဲသို့ ဝင်ရောက်လာပြီး သူမ၏ ကျင့်စဉ်အဆင့် လျင်မြန်စွာ မြင့်တက်လာကာ နတ်ဘဝပြောင်းလဲခြင်းအဆင့်ငါး အလွှာသို့ ချက်ချင်း ချိုးဖျက်ဝင်ရောက်သွားသည်။
ဒါက...
သူမ၏ စိတ်အာရုံကို အသုံးပြုကာ ခန္ဓာကိုယ်ကို အလျင်အမြန် စစ်ဆေးလိုက်သည်။ သူမ၏ ရင်သွေးကမ္ဘာအတွင်း၌ အလင်းရောင်တစ်ခု ပေါ်ထွက်လာပြီး ရင်သွေးကမ္ဘာ၏ မြေပြင်ပေါ်၌ အပင်ပေါင်းများစွာ ပေါက်ဖွားလာသည်ကို တွေ့လိုက်ရသည်။
သူမ၏ အင်အားသည် ထိုရင်သွေးကမ္ဘာမှ လာခြင်း ဖြစ်သည်။
သူမ၏ ရင်သွေးကမ္ဘာအတွင်း အပင်များ ပေါ်လာသည်ကို မြင်သောအခါ နန်းကုန်းယွဲ့ဟွာ အလွန် ဝမ်းသာသွားသည်။
သူမ၏ ရင်သွေးကမ္ဘာ ရင့်ကျက်သွားပြီလား။
ရင်သွေးကမ္ဘာထဲ၌ သက်ရှိများ ပေါ်လာပါက ရင်သွေးကမ္ဘာ ရင့်ကျက်လာပြီဖြစ်ကြောင်း ထိုအချိန်မှစ၍ ရင်သွေးကမ္ဘာက သူမကို မူလစွမ်းအား ထောက်ပံ့ပေးပြီး ကျင့်ကြံခြင်းအတွက် အကူအညီပေးမည် ဖြစ်ကြောင်း လွန်ခဲ့သော ကာလအတန်ကြာက လုချန်း၏ ရုပ်သေးမှတစ်ဆင့် သူမကို သတိပေးခဲ့ဖူးသည်။
အဆင့်တက်သွားခြင်းအတွက် နန်းကုန်းယွဲ့ဟွာ ပျော်ရွှင်နေစဉ် အမျိုးသားတစ်ဦး၏ အသံသည် ခန်းမကြီးတစ်လျှောက် ပဲ့တင်ထပ်သွားသည်။
“ယွဲ့ဟွာ... ဂုဏ်ယူပါတယ်။ မင်းရဲ့ ရင်သွေးကမ္ဘာထဲမှာ သက်ရှိတွေကို အောင်မြင်စွာ မွေးမြူနိုင်ခဲ့ပြီပဲ။”
ရင်းနှီးနေသော အသံကို ကြားသောအခါ နန်းကုန်းယွဲ့ဟွာ၏ ခန္ဓာကိုယ် အလိုအလျောက် တုန်ခါသွားသည်။
လုချန်းနှင့် ထိုကိစ္စမျိုး မလုပ်သည်မှာ ကြာနေပြီ ဖြစ်သောကြောင့်လား မသိ ယခု သူမ၏ စိတ်နှလုံးသည် ပုံမှန်မဟုတ်ပဲ ဂယောက်ဂယက် ဖြစ်နေပြီး သူမအတွင်းရှိ စိတ်ဝိညာဉ် စွမ်းအားများ ကစဉ့်ကလျား ဖြစ်လာသည်။
ကစဉ့်ကလျား ဖြစ်နေသော စိတ်ဝိညာဉ် စွမ်းအားကို တည်ငြိမ်စေရန် ချက်ချင်း တရားထိုင်ဖို့ သူမ ကြိုးစားလိုက်သည်။
သို့သော်သူမ အတွင်းရှိ စိတ်ဝိညာဉ် စွမ်းအားကို တည်ငြိမ်အောင် မလုပ်ဆောင်နိုင်မီမှာပင် လက်တစ်စုံက သူမ၏ ခန္ဓာကိုယ်ကို ပွေ့ဖက်လိုက်သည်။
နန်းကုန်းယွဲ့ဟွာ သူမ၏ ခေါင်းကို အနည်းငယ် လှည့်လိုက်ပြီး လုချန်းကို တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း သူက ဦးဆောင်မေးလိုက်သည်။
“ယွဲ့ဟွာ... မင်းရဲ့ ကျင့်စဉ်တွေကို ကိုယ် မကူညီပေးတာ ကြာပြီ မဟုတ်လား။”
“အခု မင်းရဲ့ ရင်သွေးကမ္ဘာက သက်ရှိတွေကို အောင်မြင်စွာ မွေးမြူနိုင်ခဲ့ပြီ။ မူလစွမ်းအား တစ်မျှင်ကိုလည်း ရထားပြီဆိုတော့ မင်းရဲ့ ကျင့်စဉ်အဆင့်ကို မြှင့်တင်ပေးဖို့ ဒီအခွင့်အရေးကို ကိုယ့်ကို အသုံးချခွင့်ပေးပါ။”
နတ်လှေပေါ်မှ အောက်သို့မဆင်းပဲ ဤမျှ ကြာမြင့်စွာ သူ ဘယ်လို နေနိုင်ခဲ့တာလဲဆိုတာကို နန်းကုန်းယွဲ့ဟွာ မသိသော်လည်း ဤအရာကမှ ထိုလူ၏ သဘာဝ အစစ်ဖြစ်ဟု နန်းကုန်းယွဲ့ဟွာ စိတ်ထဲ တွေးလိုက်သည်။
သူတို့ လုပ်တော့မည့် အရာကို တွေးမိပြီး နန်းကုန်းယွဲ့ဟွာ၏ အေးစက်သော မျက်နှာပေါ်တွင် ရှက်သွေးများ ပေါ်လာသည်။
သို့သော် ဤတစ်ကြိမ်တွင် သူမ လုံးဝ ငြင်းဆန်ခြင်း မပြုခဲ့ပေ။ နန်းကုန်းယွဲ့ဟွာ စကားမပြောသည်ကို မြင်သောအခါ ကျွမ်းကျင်သော လုချန်းလည်း ဆက်လက် တုံ့ဆိုင်းမနေတော့ပဲ နန်းကုန်းယွဲ့ဟွာနှင့်အတူ ကျင့်ကြံခြင်း အခြေအနေသို့ လျင်မြန်စွာ ဝင်ရောက်သွားတော့သည်။