(မင်းက ဘာစာအုပ်ဖတ်တာလဲ)
Vol. 7 Ch. 62
"ဘာ၊ ငါစုထားသမျှ အားလုံးကုန်ပြီလား"
အလွန်ဝမ်းနည်းဖွယ်ရာ သတင်းကြောင့် အစီအရင်ဝိညာဉ်ခမျာ စိတ်ပျက်ခြင်းကြီးစွာဖြင့် မေ့လဲတော့မတတ် ဖြစ်သွားခဲ့သည်။
"ကောင်စုတ်လေး ဒီလောက် အသက်ငယ်ငယ်လေးနဲ့ မကောင်းတဲ့ကိစ္စတွေတောင် လုပ်နိုင်နေပြီပဲ"
အစီအရင်ဝိညာဉ်၏ မျက်လုံးများက ဒေါသကြောင့် နီရဲလာကာ အံကြိတ်လိုက်သည်။
"ငါပြောမယ်၊ မင်းငါ့ဆီကနေ ယူပြီးစားထားသမျှ အရာတွေအားလုံးကို အန်ထုတ်လိုက်၊ မဟုတ်ဘူးဆိုရင် ဒီအဘိုးကို ရိုင်းစိုင်းတယ်လို့ အပြစ်မတင်နဲ့"
ထိုမြက်ပင်ဝိညာဉ်က ကြောက်ရွံ့စွာဖြင့် ခေါင်းငုံ့လိုက်ကာ ခပ်တိုးတိုး ပြောလိုက်သည်။
"အဲ့ဒါတွေအားလုံးက သားရဲ့ ဝမ်းဗိုက်ထဲကို ရောက်သွားပြီ၊ ပြန်ထွေးလို့မှ မရတော့တာ၊ ဘာလဲ အင်အင်းပါပြီး ထုတ်ပေးရမှာလား"
"လိမ်ချင်တယ်ပေါ့ ဟုတ်လား၊ ဟမ်"
ထိုစကားကြောင့် အစီအရင်ဝိညာဉ်ခမျာ ဒေါသစိတ်တွင် လုံးဝရှုံးနိမ့်သွားခဲ့ပြီး အကြမ်းပတမ်း ပြောလိုက်တော့သည်။
"ငါအခုပဲ မင်းကို ချက်စားပစ်မယ်ဆိုတာ ယုံလား၊ ပြီးတဲ့အချိန်ကျရင် မင်းကို အလေးပါပြီး ပြန်ထုတ်ပေးမယ်"
အစီအရင်ဝိညာဉ်၏ နဖူးပြင်ရှိ သွေးကြောများ ထောင်ထလာကာ လက်ပင့်တင်ရင်း ရှေ့တိုးဖို့ အသင့်ပြင်လိုက်သည်။
"သခင်ကြီး ကျေးဇူးပြုပြီး စိတ်ရှည်ရှည်ထားပါ"
ထိန်းချုပ်မှု လွတ်ကင်းတော့မည့် အခြေအနေများကြောင့် ချီယွမ်တစ်ယောက် အလျင်အမြန် ရှေ့တိုးလိုက်ကာ အလောတကြီး တားမြစ်ရတော့သည်။
"သခင်ကြီးက အစီအရင်ဝိညာဉ်ပဲ၊ ဒီကလေးလေးက မြက်ပင်ဝိညာဉ်ငယ်လေးပဲ ရှိသေးတာ၊ ဘယ်လိုပဲဆိုဆို ဝိညာဉ်အချင်းချင်းပဲ၊ တိုက်ခိုက်တာက အရမ်းရက်စက်မနေလွန်းဘူးလား၊ ကျွန်တော်တို့ အားလုံးကို အေးအေးဆေးဆေးနဲ့ ဖြေရှင်းပြီး ဟန်ချက်မပျက်စေဖို့ပဲ မျှော်လင့်ပါတယ်"
"ဘာကိုပြောချင်တာလဲ"
အစီအရင်ဝိညာဉ်က အနည်းငယ် ရပ်ဆိုင်းသွားပြီး ချီယွမ်ကို ဒေါသတကြီး စူးရဲနေအောင် လှည့်ကြည့်လိုက်သည်။
"ကောင်စုတ်လေး မင်းက ဘယ်သူ့ဘက်က ပါဖို့ကြံစည်နေတာလဲ၊ ဘာကိစ္စ ဒီသူခိုးစုတ်ဘက်ကနေ ကာပြီးပြောပေးနေရတာလဲ၊ ငါမင်းကို သတိပေးထားမယ်၊ ဒီမြက်ပင်သူခိုးစုတ်က ငါ့ရဲ့ဂူထဲကို အကြိမ်ကြိမ် ခိုးဝင်ခဲ့တယ်။ အခုတော့..."
"မင်း ငါ့ကို ဖြေရှင်းချက်ပေးမှရမယ်၊ မဟုတ်ရင် ဒီကိစ္စက ဘယ်တော့မှ အဆုံးသတ်မှာ မဟုတ်ဘူး"
"အဟမ်း"
ချီယွမ် ခြောက်ကပ်စွာဖြင့် အတင်းအကျပ် ချောင်းဆိုးလိုက်တော့သည်။
"သခင်ကြီး နားလည်မှုလွဲနေပါပြီ၊ သေချာပေါက် ကျွန်တော်က သခင်ကြီးရဲ့ ဘက်တော်သားပါ၊ ဒါပေမဲ့ အခုမှ အပြစ်တင်ဖို့ အရမ်းကို နောက်ကျသွားပြီ၊ ဒါကြောင့် ကျွန်တော်တို့ ရှုံးနိမ့်မှုကို ပြန်ကာဖို့ မကြိုးစားသင့်ဘူးလား"
ထိုစကားကို ကြားမှသာ အစီအရင်ဝိညာဉ်ခမျာ တည်ငြိမ်မှုကို ပြန်လည်ထိန်းသိမ်းနိုင်ဟန်ပင်။ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီး နက်ရှိုင်းသော လေသံဖြင့် ပြောလိုက်သည်။
"ဒါဆိုရင် ပြောစမ်းပါ ဒီအဘိုးကြီးရဲ့ ဆုံးရှုံးမှုကို ဘယ်လိုမျိုး ပြန်ကာပေးမှာလဲ"
ချီယွမ်သည် ထိုမြက်ပင်ဝိညာဉ်ကို လှမ်းကြည့်လိုက်သည်။ သို့သော်ငြား ထိုကောင်မလေးက အပြစ်တင်စိတ် အများကြီးကို မခံစားရဘဲ ထိုအစား နစ်နာသူလေသံဖြင့် စစ်မှန်စွာ ပြောလာလေရဲ့။
"အစ်ကိုကြီး၊ အစ်ကိုကြီး ကျွန်တော့်အစား အသနားခံပေးဖို့ မလိုပါဘူး၊ ဘိုးဘိုးဂျင်ဆင်းက ပြောထားတယ် ကမ္ဘာကြီးထဲ ရောက်တဲ့အချိန်မှာ ရှုံးနိမ့်သွားမယ်ဆိုရင် အဲ့ဒါကို လက်ခံရမယ်၊ အရိုက်ခံရမယ်ဆိုရင်တောင်မှ နောက်ဆုံးမှာ ပြန်ပြီးတော့ မတ်တတ်ရပ်နိုင်ရမယ်၊ ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ အရှုံးမပေးနဲ့၊ နောက်ထပ် နှစ်တစ်သောင်းကြာရင် မင်းက အပင်ဝိညာဉ်ကောင်းတစ်ခု ဖြစ်လာမှာတဲ့"
[မထင်ထားဘူး ဒီအပင်ဝိညာဉ်က တော်တော်လေးတော့ သန်မာတာပဲ]
ချီယွမ် ခဏမျှ ဆွံ့အသွားခဲ့သော်ငြား ထပ်မံပြီး ဒေါသတကြီး ပြုမူတော့မည့် အစီအရင်ဝိညာဉ်ကို တည်ငြိမ်အောင် အကြံပေးရပြန်သည်။
"အပင်တွေရဲ့ ပင်ကိုသဘာဝက ဖြူစင်ကြပါတယ်၊ ဒီကောင်လေး အခုလိုမျိုး ခိုးယူတဲ့အကျင့်တတ်နေတာကလည်း မိဘမကောင်းလို့ပါ၊ သေသေချာချာလေး ထိန်းချုပ်ပေးလိုက်မယ်ဆိုရင် ကယ်တင်လို့ ရနိုင်ပါသေးတယ်၊ ဒီအပင်ဝိညာဉ်လေးက အမှားဆိုတာကို သဘောပေါက်သွားတာနဲ့ ထပ်ပြီးလုပ်မှာ မဟုတ်တော့ပါဘူး၊ နောက်ပိုင်းကျရင် သခင်ကြီး သူ့ကို အပြင်ထွက်ရှာခိုင်းပြီး ရတနာတစ်ချို့ ရှာခိုင်းမယ်ဆိုရင် ခိုးယူခံလိုက်ရတဲ့ ပစ္စည်းတွေကို အတိုးရော အရင်းရောပါ ပြန်ဆပ်နိုင်လိမ့်မယ်"
အစီအရင်ဝိညာဉ်သည် နားထောင်နေရင်းဖြင့် ခဏမျှ တိတ်ဆိတ်သွားပြီးမှ အလွန် မောပန်းနေသော မျက်နှာထားတစ်ခုကို ဖော်ထုတ်လိုက်သည်။
"ဟူး၊ မင်းပြောတာ မှန်ပါတယ်"
"ဒီမသိနားမလည်တဲ့ ကောင်စုတ်လေးနဲ့ ရန်ဖြစ်နေတော့ရော ဘာအကျိုးထူးမှာလဲ၊ အချိန်ကုန်တာပဲ ရှိမှာ၊ မကောင်းတာက မိဘဖြစ်နေတာကိုး၊ ဒီကလေးကို အကျင့်ပျက်အောင် သင်ပေးခဲ့တဲ့ အဲ့ဒီလိမ်ညာတဲ့ ဂျင်ဆင်းစုတ်ကို တွေ့လို့ကတော့ ငါအဘိုးကြီး ကောင်းကင်ဘုံရဲ့ ကိုယ်စား သင်ခန်းစာတစ်ခုတော့ သေချာပေါက် ပေးရမယ်"
ထို့နောက်တွင် အစီအရင်ဝိညာဉ်သည် ချီယွမ်ကို လှမ်းကြည့်ကာ ခပ်ဖြည်းဖြည်း ပြောလိုက်သည်။
"ကောင်းပြီ၊ ငါ့ကိုကူပြီးတော့ ဒီဝိညာဉ်ဖိနှိပ်ခြင်း မန္တန်စာရွက်ကို ဖယ်ပေးဦး၊ မင်းမှာ လူသားခန္ဓာကိုယ် ရှိတဲ့အတွက် ဒီမန္တန်စာရွက်က မင်းအပေါ် သက်ရောက်မှုရှိမှာ မဟုတ်ဘူး၊ မင်းသွားပြီးတော့ ယူလိုက်လို့ရတယ်၊ ဒါပေမဲ့ နောက်ပိုင်းကျရင် ဒီကောင်လေးကို ငါ့ရဲ့ဂူဆီ ခေါ်သွားပြီးတော့ သေချာသင်ပေးရမယ်၊ ဒီမကောင်းတဲ့ အကျင့်တွေကိုသာ ဆက်ဖြစ်ခွင့် ပေးနေလို့ကတော့ အနာဂတ် လှမှာမဟုတ်ဘူး"
"ကောင်းပါပြီ"
ချီယွမ် ခေါင်းညိတ်ကာ သဘောတူပြီးသည်နှင့် ရှေ့တိုးပြီး ငွေရောင်မန္တန်စာရွက်ကို သွားယူလိုက်သည်။
မန္တန်စာရွက်၏ အလင်းသည် ရေတစ်ခုလိုမျိုး ကြည်လင်လာကာ ပိတ်ဆို့ထားသော အင်အားသည် အဘက်ဘက်သို့ ပျံ့နှံ့သွားပြီး နောက်ဆုံးတွင်တော့ လုံးဝပျောက်ကွယ်သွားလေ၏။
"ဟားဟား၊ လွတ်လပ်ပြီ၊ နောက်ဆုံးတော့ ကျွန်တော် လွတ်လပ်ပြီ"
လွတ်မြောက်သွားသည့်အတွက် ကြယ်မြက်ပင်သည် အလွန်ပျော်ရွှင်စွာဖြင့် ခုန်ပေါက်နေတော့သည်။
"အကိုကြီးက အရမ်းတော်တာပဲ"
နောက်တစ်စက္ကန့်မှာပဲ...
"နှစ်တစ်သောင်းအပင်ဝိညာဉ်ကို ကယ်တင်ပါဆိုတဲ့ အရန်တာဝန်ကို ပြီးမြောက်တဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်၊ ပိုင်ရှင်မှာ အခုရွေးချယ်စရာ နှစ်ခုရှိတယ်"
"ပထမတစ်ခုက ဒီဝိညာဉ် သတိမထားမိတာကို အခွင့်ကောင်းယူပြီးတော့ မန္တန်စာရွက်ကို အသုံးပြုပြီး နှစ်တစ်သောင်းအပင်ဝိညာဉ်ကို ထပ်ပြီး ထိန်းချုပ်လိုက်ပါ၊ ပြီးရင် အဲ့ဒါကို ဆေးအဖြစ် ထုချေပြီး အသုံးပြုမယ်ဆိုရင် ဝိညာဉ်ပေါင်းစည်းခြင်းအတွက် အခွင့်အရေးရလိမ့်မယ်"
"ဒုတိယတစ်ခုက သဘောကောင်းစွာနဲ့ အပင်ဝိညာဉ်ကို လွှတ်ပေးလိုက်ပါ၊ အဲ့ဒီအတွက် အပင်ဝိညာဉ်ဆီကနေ ကျေးဇူးတင်မှုနဲ့ အသိအမှတ်ပြုမှုကို ရရှိလိမ့်မယ် ပြီးရင် ကောင်းကင်တာအိုအမျှင် ပါဝင်တဲ့ ချီစွမ်းအင်ကို ပေးအပ်မယ်"
စနစ်၏ ဖတ်ပြချက်များကို ချီယွမ် ဖတ်ပြီးသည်နှင့် ချက်ချင်းပင် ဒုတိယရွေးချယ်မှုကို ရွေးချယ်ချင်ခဲ့သည်။ ထိုအချိန်မှာပဲ ကျယ်လောင်လာသော ခွေးဟောင်သံတစ်ခုကို ကြားလိုက်ရ၏။
"ဝု ဝု ဝု"
ချီယွမ် ခေါင်းလှည့်လိုက်သည်နှင့် ချက်ချင်းပင် ဆွံ့အသွားလေ၏။
အစောပိုင်းကမှ ဒေါသတကြီး ပြုမူနေခဲ့သော အစီအရင်ဝိညာဉ်သည် အခုအချိန်တွင် ရူးတော့မတတ် ပြုမူနေလေရဲ့။ အစီအရင်ဝိညာဉ်က ခွေးတစ်ကောင်လို ပြုမူနေပြီး မြေပြင်ပေါ်တွင် လေးဘက်ထောက်နေကာ နှာခေါင်း တရှုံ့ရှုံ့ဖြင့် အနံ့ခံလိုက်ရင်း မြေပြင်ပေါ်ရှိ အညစ်အကြေးကို စတင်စားသုံးလိုက်သည်။ ထိုအစီအရင်ဝိညာဉ်က ရွံရှာမှုတစ်စက်မရှိဘဲ နှိုင်းယှဉ်လို့မရနိုင်သော ပျော်ရွှင်မှုကို ခံစားနေရသည့်နှယ် စားသုံးနေလေရဲ့။
ထိုမြင်ကွင်းကို ချီယွမ်တစ်ယောက် ကြောင်အစွာ ကြည့်လိုက်ရင်း...
"စိတ်ဝိညာဉ်သခင်ကြီး ဘာဖြစ်နေတာလဲ"
သို့သော်ငြား အစီအရင်ဝိညာဉ်သည် ချီယွမ်၏ မေးခွန်းကို မကြားသည့်နှယ် မြေပြင်ပေါ်ရှိ မြေဆွေးကိုသာ ဆက်လက်စားသုံးနေခဲ့သည်။
ထိုအချိန်တွင် မြက်ပင်ငယ်က ဂုဏ်ယူစွာ ခေါင်းမော့လိုက်ရင်း လေလုံးကြီးဟန်ဖြင့် ပြောဆိုလိုက်သည်။
"ဘိုးဘိုးဂျင်ဆင်း တစ်ခါက ပြောဖူးတယ်၊ အပင်ဝိညာဉ်ကောင်းတွေက အမုန်းတရားကို သေချာပေါက် ပေးဆပ်ရမယ်၊ အမှားတစ်ခုကိုမှ ခွင့်လွှတ်ပေးလို့ မရဘူးတဲ့၊ ဒီလူက ကျွန်တော့်ကို ချက်စားမယ်လို့ ခြိမ်းခြောက်ပြီး တစ်ကယ်ကြီး စားဖို့လုပ်ခဲ့တယ်၊ မယုံနိုင်စရာပဲ ဟွန်း၊ လက်စားချေတဲ့အနေနဲ့ ဒီလူ မှတ်လောက်သားလောက် ဖြစ်သွားအောင် ချေးစားခိုင်းရမယ်၊ အခုတော့ သူ့ကိုသူ ခွေးတစ်ကောင်လို့ ထင်မှတ်ပြီး မြေပြင်ပေါ်က ဒီမြေကြီးကို ချေးလို့ ထင်နေတယ်လေ၊ ကြည့်လိုက် ပျော်ပျော်ရွှင်ရွှင်ကြီး စားနေတာမလား"
ချီယွမ် “...”
ချီယွမ်တစ်ယောက် ရုတ်ချည်း သဘောပေါက်သွားလေကာ မျက်နှာတစ်ခုလုံး တောင့်တင်းသွားပြီး ရေရွတ်မိတော့သည်။
"ဝိညာဉ်အခြေတည်နယ်ပယ် အစီအရင်ဝိညာဉ်တောင်မှ မင်းရဲ့ပုံရိပ်ယောင်ထဲမှာ ပိတ်မိသွားခဲ့တယ်၊ ဒါဆိုရင် မင်းက နှစ်တစ်သောင်းအပင်ဝိညာဉ် ဖြစ်လာပြီပဲ"
ထိုအချိန်မှာပဲ စနစ်၏ ဖော်ပြချက်ထဲမှ ပုန်းကွယ်နေသော အချက်အလက်ကို ချီယွမ် သဘောပေါက်သွားခဲ့သည်။
ချီယွမ်အနေနှင့် ဘယ်လိုပဲ ရွေးချယ်ပါစေ တာဝန်၏ အဓိကပစ်မှတ်သည် မရင့်မှည့်သေးသော နှစ်တစ်သောင်းအပင်ဝိညာဉ်မဟုတ်ဘဲ ရင့်မှည့်ပြီးသော နှစ်တစ်သောင်းအပင်ဝိညာဉ် ဖြစ်ဟန်ပင်။
အခုဆိုလျှင် ပုံရိပ်တစ်သောင်းကြယ်မြက်ပင်သည် နှစ်တစ်သောင်းအတိအကျကို ရောက်ရှိလာခဲ့ပြီး ထို့အပြင် ဒီရက်ပိုင်းအတွင်းမှာပဲ နှစ်တစ်သောင်းပြည့်လာခဲ့ဟန် ရှိသည်။
"အကိုကြီး၊ အကိုကြီးမှန်းတာ မှန်တယ်"
ချီယွမ် အတွေးများနေစဉ်မှာပဲ မြက်ပင်ဝိညာဉ်၏ ရယ်သံကို ကြားလိုက်ရသည်။ ထိပ်ပိုင်းရှိ မရင့်မှည့်သေးသော သစ်သီးသည်လည်း နောက်ဆုံးတော့ ရင့်မှည့်လာကာ ခရမ်းရောင်မြူခိုးတစ်ချို့ ဝန်းရံလာခဲ့သည်။
"တစ်ကယ်တော့ ကျွန်တော်နှစ်တစ်သောင်းကို လွန်ခဲ့တဲ့ ၅ ရက်လောက်ကတည်းက ပြည့်ခဲ့တာပါ၊ ဒါပေမဲ့ အဲ့ဒီအကျင့်မကောင်းတဲ့ မိန်းမက ကျွန်တော် အသက်ပြည့်တာနဲ့ ဆေးလုံးအဖြစ် ပြောင်းလဲဖို့ အရမ်းကြီး စွဲလမ်းနေတာလေ"
"ဘိုးဘိုးဂျင်ဆင်း တစ်ခါက ပြောဖူးတယ်၊ အန္တရာယ်နဲ့ ရင်ဆိုင်ရတဲ့အချိန်ကျရင် လိမ္မာတဲ့ အပင်ဝိညာဉ်က အမြီးကို ခြေထောက်နှစ်ချောင်းကြားမှာ ဖွက်ထားပြီး ငကြောက်တစ်ကောင်လို သရုပ်ဆောင်ရမယ်တဲ့၊ ဒါကြောင့် အစားခံရမှာကို ရှောင်ဖို့အတွက် နှစ်တစ်သောင်းပြည့်တာကို ဖုံးကွယ်ပြီးတော့ မရင့်မှည့်သေးသလို ဟန်ဆောင်ခဲ့ရတာပါ"
ကျိချန်အာ၏ ကြောက်ရွံ့ဖွယ် ပုံစံကို မြင်ယောင်လိုက်သည်နှင့် ထိုမြက်ပင်ငယ်က မနေနိုင်အောင် တုန်ယင်သွားခဲ့ပြီး ခါးသက်စွာ ပြောလိုက်လေရဲ့။
"အဲဒီအကျင့်မကောင်းတဲ့ မိန်းမက လုံးဝကို စည်းမရှိဘူး၊ ကျွန်တော် စာဖတ်နေတုန်းမှာ တိုက်ခိုက်ခဲ့လို့သာ မဟုတ်ဘူးဆိုရင် ဘယ်လိုလုပ် ဖမ်းမိမှာလဲ"
"မင်းရဲ့ ဒီအပြုအမူတွေနဲ့လေ၊ မင်းက စာဖတ်တယ်လား"
ချီယွမ်၏ ပုံစံသည် ဘယ်လိုမှ မယုံကြည်နိုင် ဖြစ်နေပြီး သိချင်စွာဖြင့် မေးလိုက်သည်။
"မင်း ဘယ်လိုစာအုပ်တွေ ဖတ်တာလဲ"
ချီယွမ်၏ မေးခွန်းကို ထိုမြက်ပင်ငယ်က ဂုဏ်ယူစွာဖြင့် အိတ်ကပ်အတွင်းကနေ ကြီးမားသော စာအုပ်အပုံလိုက်ကြီးကို ထုတ်ပြရင်း ဖြေကြားလိုက်သည်။
"ဘိုးဘိုးဂျင်ဆင်း တစ်ခါက ပြောဖူးတယ်၊ ဝိညာဉ်ကောင်းတစ်ခုက ဒီလိုစာအုပ်တွေ အများကြီး ဖတ်သင့်တယ်တဲ့၊ ဒါပေမဲ့ ဘိုးဘိုးက အမြဲတမ်း ဖွက်ထားတာ၊ ကျွန်တော့်ကို ကြည့်ခွင့်မပေးဘူး၊ ဒါပေမဲ့ ဘိုးဘိုးမရှိတဲ့အချိန်မှာ ကျွန်တော်သွားပြီး ခိုးခဲ့တာလေ၊ ဒီမှာပါတဲ့ အကြောင်းအရာတွေကို နားမလည်ပေမယ့် ပုံဆွဲထားတာတော့ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ် ဟဲဟဲ"
ချီယွမ် ပုံမှန်လိုပဲ စာအုပ်တစ်ခုကို ယူကြည့်လိုက်သည်။ ထို့နောက်တွင် သူ၏မျက်နှာတစ်ခုလုံး အေးခဲသွားလေ၏။
ပန်းပွင့်အပျော်အိမ်သို့ အလည်ခရီး၊ ရမ္မက်ကြီးသော ဘုန်းတော်ကြီး၊ ရွှေရောင်နည်းလမ်းအသွယ်သွယ်...
[သေစမ်း၊ ဒီစာအုပ်တွေက နှစ်တစ်သောင်းသက်တမ်းရှိတဲ့ ကလေးတစ်ကောင်အတွက် စာအုပ်တွေလား]