← Chapters

(ငါ့အချစ်ရေးက ရိုးရှင်းပါတယ်..ငါ့မှာ မိန်းမခြောက်ယောက်နဲ့ ကိုယ်လုပ်တော်တစ်ချို့ပဲရှိတာ)

Vol. 7 Ch. 64

(ငါ့အချစ်ရေးက ရိုးရှင်းပါတယ်..ငါ့မှာ မိန်းမခြောက်ယောက်နဲ့ ကိုယ်လုပ်တော်တစ်ချို့ပဲရှိတာ)

Vol. 7 Ch. 64

တသီးတခြားဖြစ်နေသော သိပ်သည်းသည့် တောနက်အတွင်းတွင် မည်းမှောင်နေသောမျက်နှာနှင့် ကျိချန်အာတစ်ယောက် သူမဘေးရှိ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော မိန်းမအိုတစ်ယောက်ကို ညွှန်ကြားလိုက်သည်။

“ အဘွားချီ ထူးခြားကောင်းကင်သန့်စင်နယ်မြေရဲ့ တာအိုသားတော် ဖန်ကဲစွေ့ကို ရှာဖို့ လူတစ်ယောက် အမြန်ဆုံးလွှတ်လိုက်။ အဲ့ဒီပစ္စည်းကို လိုချင်တယ်ဆိုရင် အရှေ့ဘက်နက်နယ်မြေမှာရှိတဲ့ တိမ်ကြွေသစ်တောကို ချက်ချင်းလာခဲ့ဖို့ပြောလိုက်။ သူလာတာ နောက်ကျမယ်ဆိုရင် ပျောက်သွားတဲ့ပစ္စည်းကို ဘယ်တော့မှရှာတွေ့မှာ မဟုတ်ဘူး။ အဲ့ဒီစကားကို သေချာအောင်ပြောခဲ့။ ”

“ ဟုတ်ကဲ့၊ ဒီအစေခံက ချက်ချင်းပဲ လုပ်ဆောင်ဖို့ လူလွှတ်လိုက်ပါ့မယ် ”

ထိုမိန်းမအိုသည် ကျိချန်အာကို လေးစားစွာအရိုအသေပေးပြီးသည်နှင့် အနက်ရောင်မြူခိုးအဖြစ် ပြောင်းလဲပျောက်ကွယ်ကာ ချက်ချင်းထွက်သွားခဲ့သည်။

ထိုမိန်းမအို ထွက်သွားချိန်မှသာ ကျိချန်အာ၏ မျက်လုံးများ အနည်းငယ်ကျဉ်းမြောင်းသွားရင်း အအေးဓာတ်တစ်ချို့ ဖြတ်ပြေးသွားလေ၏။

“ ရှန်ဝူကျိ နင်ကစည်းမျဉ်းစည်းကမ်းကို ဂရုမစိုက်မှတော့ ထူးခြားကောင်းကင်ရဲ့ တာအိုသားတော်နဲ့ ပေးတွေ့ရသေးတာပေါ့။ ”

ထို့နောက်တွင် ကျိချန်အာ၏ မျက်နှာထားသည် ရုတ်ချည်းဆိုသလို‌ ပြောင်းလဲသွားကာ တိမ်ကြွေဂိုဏ်းရှိရာသို့ အလျင်စလို လှည့်ကြည့်လိုက်သည်။

“ မကောင်းတော့ဘူး၊ ပုံရိပ်တစ်ထောင်ကြယ်မြက်ပင်ရဲ့ အစီအရင် အသက်သွင်းခံလိုက်ရပြီ ”

မူမမှန်သောခံစားချက်ကြောင့် သူမနောက်မကျရဲတော့ချေ။ လိပ်ပြာတစ်ကောင်လို သူမ၏ခန္ဓာကိုယ်က မြေပြင်ပေါ်မှ ကြွတတ်သွားခဲ့ပြီး တိမ်ကြွေဂိုဏ်းရှိရာသို့ လျင်မြန်စွာပျံသန်းသွားလိုက်သည်။

မကြာမီမှာပဲ သစ်သားအိမ်ရှိရာသို့ ကျိချန်အာ ပြန်ရောက်လာခဲ့သည်။ အိမ်ပြင်တွင် ချမှတ်ထားသော ကန့်သတ်စည်းများအားလုံး မချိုးဖောက်ခံထားရသဖြင့် လူဝင်လာသူ အရိပ်အယောင် မရှိသေးချေ။ ထိုကြောင့် သူမအနည်းငယ် စိတ်သက်သာရာ ရသွားတော့သည်။

“ မှားပြီးသတိပေးမိတာဖြစ့်ဖို့ပဲ မျှော်လင့်ပါတယ်”

ထိုသို့ဖြင့် သူမဆက်လက်လျှောက်လမ်းလာရင်း လျှို့ဝှက်လမ်းကြောင်း၏ဝင်ပေါက်သို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။ မြေအောက်သို့ ခုန်ဆင်းလိုက်သည်နှင့် ပုံရိပ်တစ်ထောင် ကြယ်မြက်ပင်ကို ပိတ်လှောင်ထားသော နေရာသို့ မကြာမီမှာ ရောက်ရှိသွားသည်။

( ဘာ )

မျက်စိရှေ့ကမြင်ကွင်းသည် ကျိချန်အာကို အလွန်အမင်း မှင်သတ်သွားစေလေရဲ့။ သူမခိုင်မာစွာ ချုပ်နှောင်ထားသော ပုံရိပ်တစ်ထောင်ကြယ်မြက်ပင်သည် အခုတော့ ခြေစလက်စမကျန်အောင် ပျောက်ကွယ်သွားလေပြီ။ ထိုနေရာတွင် သစ်သားကျောက်ရုပ်တစ်ခုလိုမျိုး လှုပ်ရှားမှုကင်းမဲ့စွာ ရပ်နေသော ရင်းနှီးသည့်ပုံရိပ်တစ်ခုသာ ကျန်နေလေရဲ့။

( ချီတ သူဘယ်လိုလုပ် ဒီနေရာကို ရောက်နေတာလဲ )

မျက်စိရှေ့ရှိမြင်ကွင်းကို ကျိချန်အာတစ်ယောက် မျက်လုံးများပြူးကျယ်ကာ ကြည့်နေရင်း သူမ၏ဦးနှောက်တစ်ခုလုံးကို ထိတ်လန့်မှုနှင့် ကြောက်ရွံ့မှုများက လွှမ်းမိုးသွားသည်။

တစ်ခဏကြာပြီးနောက်မှသာ သူမရုတ်တရက် သတိပြန်ရလာ၏။ မည်းမှောင်နေသော မျက်နှာနှင့် ချီယွမ်ရှိရာသို့ အလျင်စလိုတိုးကပ်ကာ မေးခွန်းထုတ်ဖို့ပြင်လိုက်ချိန်မှာပဲ သူမလည်း အမြင်တွေ ဝေဝါးသွားခဲ့ပြီး…

သူမသတိပြန်ဝင်လာချိန်တွင် အဆင့်အတန်းနိမ့်ကျပြီး ရိုးရှင်းသော တဲအိမ်ငယ်တစ်ခုအတွင်းမှာ ရောက်ရှိနေမှန်းတွေ့လိုက်ရသည်။ နံရံတွေကလည်း ဆေးသုတ်ထားခြင်းမရှိဘဲ ပြောင်ရှင်းနေပြီး ပျက်စီးနေသော ပရိဘောဂများ အသီးသီးက နေရာယူထားသည်။

“ ငါဘယ်သူလဲ ငါဘယ်ကိုရောက်နေတာလဲ ”

ကျိချန်အာ မျက်မှောင်ကြုတ်သွားကာ အလွန်အမင်းရှုပ်ထွေးသွားလေရဲ့။

ထိုအချိန်တွင် ဝမ်ရှင်းအရက်ဆိုင်အတွင်း၌

” သခင်ကြီးနောက်ဆုံးတော့ ရောက်လာဖို့ အချိန်ရှိပြီပေါ့။ ဒီရက်ပိုင်းအတွင်းမှာ ကျွန်မ သခင်ကြီးကို အရမ်းလွမ်းနေရတာ “

မလုံ့တလုံပန်းရောင် အဝတ်အစားများကြားမှ ဆွဲဆောင်မှုအပြည့်ရှိနေသော မျက်လုံးများဖြင့် မြူဆွယ်စွာ ကြည့်နေသော ထိုမိန်းကလေးကြောင့် ချီယွမ်ပင် အနည်းငယ်ဝေဝါးသွားခဲ့သည်။

သူ၏မျိုးရိုးနာမည်သည် ရှီမန်ဖြစ်ပြီး အပြည့်အစုံဆိုလျှင် ရှီမန်ချင်းဖြစ်သည်။ သူ၏မိသားစုသည် ချင်းဟယ်မြို့ငယ်အတွင်းတွင် ဆေးဆိုင်တစ်ဆိုင် ဖွင့်လှစ်ထား၏။ စကားပြောစွမ်းရည်ကောင်းမွန်ပြီး လူမှုဆက်ဆံရေးကောင်းမွန်သော ဗီဇကြောင့် သူသည် မြေအောက်လောကနှင့်သာမက အစိုးရဝန်ထမ်းများနှင့်ပါ အဆက်အသွယ်များစွာရှိပြီး နှစ်ပိုင်းအတွင်းမှာပဲ စီးပွားရေး များစွာမြင့်တတ်လာကာ ကောင်းမွန်သောငွေကြေးပမာဏကို ပိုင်ဆိုင်ထားသည်။

ထို့အပြင် သူသည် အချစ်ရေးလိုက်စားသူ တစ်ဦးဖြစ်ပြီး ဆက်ဆံရေးပိုင်းတွင်လည်း အမြဲတမ်း ပွင့်လင်းမြင်သာသည်။ ရှုပ်ထွေးသောအနေအထားကို မကြိုက်နှစ်သက်သည့်အတွက် သဘောကျသော သင့်တော်သည့် မိန်းမတစ်ယောက် ပေါ်လာလျှင် ချက်ချင်းပင်လက်ထပ်လိုက်၏။ လက်ရှိတွင် သူ့ထံ၌ မိန်းမရှစ်ယောက်နှင့် ကိုယ်လုပ်တော်များစွာရှိနေပြီပင်။

“ ငါက ရှီမန်ချင်းလား ”

အာရုံလွင့်နေပုံရသော ချီယွမ်ကြောင့် မိန်းမလှလေးက ချီယွမ်၏လက်မောင်းကို ခပ်ဖွဖွထိုးနှက်လိုက်ကာ ကလူတဲ့တဲ့ ပြောလိုက်သည်။

“ သခင်ကြီးက အသည်းမာလိုက်တာ ဒီရက်ပိုင်းအတွင်း ကျွန်မတို့ရဲ့ ရင်းနှီးမှုက ဘယ်လောက်ထိတောင် နက်ရှိုင်းသွားပြီလဲ ဒါကိုတောင်မှ ကျွန်မနဲ့တွေ့တဲ့အချိန် သခင်ကြီးက အာရုံလွင့်နေသေးတယ်လား။ ဘာလဲ နောက်ထပ်ချစ်ရသူတစ်ယောက် တွေ့သွားလို့ ကျွန်မတို့ရဲ့ ဆက်ဆံရေးကို မေ့သွားတာလား ”

သူမသည် ပြောပြီးသည်နှင့် ကြီးမားသော မတရားမှုကို ခံစားလိုက်ရသည့်နှယ် အသည်းအသည်ငိုကြွေးဖို့ ပြင်ဆင်တော့သည်။

ချီယွမ် ချက်ချင်းပဲ သတိကပ်သွားကာ ထိုမိန်းမလှ၏ပါးပြင်ကို ကျွမ်းကျင်စွာဖြင့် ခပ်ဖွဖွတို့ဆိတ်လိုက်ရင်း ရယ်လိုက်သည်။

“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အပြင်ဘက်မှာရှိတဲ့ သာမန်မိန်းမလှတွေက ယုချန်လေးလို ဆွဲဆောင်မှုရှိပါ့မလား။ ကြည့်လိုက်လေ ဒီနေ့ ကိုယ်မင်းကို အဖော်ပြုပေးဖို့ သီးသန့်ရောက်လာတာပဲ မဟုတ်ဘူးလား။ ”

သဘာဝကျစွာ ထွက်ပေါ်လာသော ထိုစကားလုံးများကြောင့် ချီယွမ်ပင် ကိုယ့်ကိုယ်ကို အံ့ဩသွားလေရဲ့။

ဝမ်ရှင်းခြံဝန်း၏ အထက်တန်းစား ပြည့်တန်ဆာမတစ်ယောက်ဖြစ်သော ယုချန်အာတစ်ယောက် ဒေါသကြီးနေရာမှ ချက်ချင်းပင် ပျော်ရွှင်သွားခဲ့ပြီး တခစ်ခစ်ရယ်မောရင်း ချီယွမ်ကို တိုးကပ်ပွတ်သပ်လိုက်သည်။

“ သခင်ကြီးက စကားပြောအရမ်းကောင်းတာပဲနော်။ ကျွန်မရဲ့ နှလုံးသားကို အရမ်းစိုးမိုးနေတာပဲ ”

ချီယွမ်ဘက်ကလည်း အလိုအလျောက်ပင်

“ ဒါကတော့ မင်းကိုယ်တိုင် သက်သေပြမှ ကိုယ်ယုံရမှာပေါ့ ”

“အာ သခင်ကြီးက အရမ်းဆိုးတာပဲ ”

ယုချန်အာတစ်ယောက် ရှက်ရွံ့စွာ တွန်းလွှတ်လိုက်ရင်း

“ သခင်ကြီး၊ ဒီတစ်ခေါက် သခင်ကြီးအတွက် အကောင်းဆုံးဝိုင် ကျွန်မပြင်ပေးထားတယ်။ စမ်းသပ်ကြည့်ပါလား ”

နေခင်းသာဆိုသော်ငြား ဝမ်ရှင်းခြံအတွင်းတွင် အိမ်တစ်ဝက်လောက် ပြည့်သည်အထိ လူများပြည့်နှက်နေခဲ့သည်။ နေရာကျယ်ဝန်းပြီး ဈေးကြီးစွာအလှဆင်ထားသော ခန်းမတစ်လျှောက်လုံးတွင် ထိန်းသိမ်းသောအပြုအမူများ မရှိကြဘဲ မိန်းကလေးအသီးသီးကို ပွေ့ဖက်သွားလာနေသော ဧည့်သည်အများစုကို တွေ့ရပေလိမ့်မည်။ လေထုတစ်ခုလုံးတွင်လည်း ဈေးကြီးသော ရေမွှေးနံ့များက နေရာယူထားလေ၏။

ထူးဆန်းစွာပင် ချီယွမ်တစ်ယောက် ဤနေရာမှာ ရောက်နေသည့်တိုင်အောင် ရေထဲကငါးကို ရေထဲပြန်လွှတ်လိုက်သည့်နှယ် လူမှန်နေရာမှန် ရောက်သွားသလိုမျိုးသာ ခံစားနေရ၏။

သူ၏ဘေးတွင်ရှိနေသော ယုချန်အာသည် ဖြူဖွေးသောအသားအရေ၊ စိုရဲသောနှုတ်ခမ်းပါး၊ ရင်သပ်ရှုမောဖွယ် ကိုယ်လုံးကိုယ်ပေါက်နှင့် ရှားပါးသော အထူးဆွဲဆောင်မှုများကို ပိုင်ဆိုင်ထားသည့် မိန်းမလှတစ်ယောက်ပင်။ သို့သော်ငြား ချီယွမ်တစ်ယောက် လုံးဝကို စိတ်ဝင်စားမှုမရှိခဲ့ဘဲ သူ၏ နှလုံးသားသည် နက်ရှိုင်းသော ရေသေတစ်ခုလိုမျိုး တည်ငြိမ်နေကာ ဘာကိုမှဂရုမစိုက်ခဲ့ချေ။ အီစီကလီစကားလုံးများ အလိုအလျောက်ထွက်လာသည့်တိုင်အောင် ဘာကိုမှ အရေးမလုပ်နေဟန်ပင်။ ထို့ကြောင့် ခပ်တိုတိုပြောရလျှင် ချီယွမ်သည် တဏှာရူးတစ်ယောက်တော့ မဟုတ်သေးဟန်ပဲ။

ချီယွမ် အနည်းငယ်ပျင်းနေချိန်မှာပဲ ထင်ရှားသောမေးရိုးနှင့် မုတ်ဆိတ်မွှေးများပါသော ယောက်ျားတစ်ယောက်သည် ချဉ်းကပ်လာခဲ့သည်။

“ သခင်ကြီး၊ ကျွန်တော် သခင်ကြီးအရမ်းစိတ်ဝင်စားမယ့် ကိစ္စတစ်ခု ပြောစရာရှိပါတယ်။ ပြီးရင်တော့ ကျွန်တော့်ကို ဆုပေးဖို့ မမေ့နဲ့ဦး ”

ချီယွမ် မျက်ခုံးတစ်ဖက် ပင့်သွားကာ ရှုပ်ထွေးစွာဖြင့်

“ ညီအစ်ကိုယင် ဘာများလဲ “

ရှုပ်ထွေးနေသော မှတ်ဉာဏ်များအရ ထိုသူ၏နာမည်သည် ယင်ပါးကျိဖြစ်ပြီး သူ၏မိတ်ဆွေတွေထဲက တစ်ယောက်မှန်း ချီယွမ်နားလည်လိုက်သည်။

ယင်ပါးကျိ၏ နာမည်တွင် ပါးကျိဟူသော စကားလုံးပါဝင်နေသော်ငြား သူသည် အဆင့်မြင့်အရာရှိ အိမ်တော်များနှင့် ပတ်သက်ခြင်းမရှိဘဲ ကံကောင်းရန်အတွက်သာ ထိုနာမည်ကို ရွေးချယ်ထားခြင်းဖြစ်သည်။

ထင်သည့်အတိုင်းပင် ယင်ပါးကျိသည် မိသားစု၏ မျှော်လင့်ချက်များကို ရိုက်ချိုးကာ အဆုံးတွင်တော့ လောဘကြီးသော လမ်းဘေးသူခိုးတစ်ယောက်သာ ဖြစ်လာ၏။

ယင်ပါးကျိသည် ဉာဏ်ကောင်းကာ စကားပြောကောင်းမွန်သောကြောင့် မြှောက်ပင့်စကားလုံးများဖြင့် ချင်းဟယ်မြို့တွင် လှည့်ပတ်ရှင်သန်နေကာ အရေးကြီးပုဂ္ဂိုလ်များ၏ သဘောကျမှုကို အရယူနိုင်ထားသည်။

တစ်ဖက်သူ၏ စိတ်ဝင်စားလာမှုကြောင့် ယင်ပါးကျိ ပျော်ရွှင်မှုဖြင့် တောက်ပသွားကာ

“ ဘေးခန်းကို ပြောင်းလာတဲ့ ယန်ကျိမြို့နယ်ရဲ့ စုံတွဲက ဟိုတစ်နေ့က စုံတွဲပဲ။ အဲ့ဒီယောက်ျားဖြစ်သူကို ဝူတလို့ခေါ်တယ်။ ရုပ်ရည်ကလည်း ကြမ်းတမ်းပြီး ရိုးစင်းတဲ့ ဘိန်းမုန့်ရောင်းစားတဲ့သူ။ သူက အရပ်လည်းပုပြီး တော်တော်လေး ကြည့်လို့မကောင်းဘူးဗျာ။ ”

“ သေချာပေါက် အဲ့တာက ပြောချင်တဲ့ ကျွန်တော် ဆိုလိုရင်းမဟုတ်ပါဘူး။ ကျွန်တော်ပြောချင်တာက သူရဲ့မိန်းမပဲ”

“ ကျွတ် ကျွတ် ကျွန်တော်က စာမတတ်တော့ သခင်ကြီး နားလည်အောင် မဖော်ပြပေးနိုင်ဘူး။ ဒါပေမဲ့ ကျွန်တော် အာမခံပေးနိုင်တယ်။ ဒီချန်းဟယ်မြို့နယ်စုမှာ သူမလောက်လှတဲ့ တခြားမိန်းကလေး သခင်ကြီး လုံးဝရှာတွေ့မှာ မဟုတ်ဘူး။ ”

ယင်ပါးကျိ၏ အလိုကြီးသော မျက်လုံးများအတွင်းတွင် တောက်ပမှုများ ဝင်ရောက်လာကာ သာယာဖွယ် မှတ်ဉာဏ်များကို အစဖော်နေဟန်ရှိသည်။

“ ထားလိုက်တော့ ”

ချီယွမ် အလွန်အမင်း စိတ်မဝင်စားသော်ငြား မတ်တပ်ထရပ်ကာ ပြောလိုက်လေ၏။

“ ငါ့မှာ တခြားလုပ်စရာတွေ ရှိနေသေးတယ် ။ ညီအစ်ကိုယင် မင်းဒီနေရာမှာ နေနေပြီးတော့ ပျော်လိုက်ပါဦး။ နောက်တစ်ရက်မှ တွေ့ကြတာပေါ့။ ”

ထို့သို့ဖြင့် ချီယွမ်သည် ငွေဒင်္ဂါးများ ပါဝင်သော အိတ်တစ်ခုကို စားပွဲပေါ်တင်ပေးရင်း ဝမ်ရှင်းခြံဝင်းမှ ထွက်သွားလေ၏။

လမ်းပေါ်ရောက်မှသာ ချီယွမ် စိတ်သက်သာစွာ သက်ပြင်းချလိုက်ပြီး မိသားစုပိုင်ဆေးဆိုင်သို့ သွားလည်ရန်ပြင်ဆင်လိုက်သည်။

လမ်းတစ်ဝက်တွင် ရုတ်တရက်တိုက်ခိုက်လာသော လေပြေက ချီယွမ်ကို သတိထားစေလိုက်၏။

နောက်တစ်စက္ကန့်တွင် လိုက်ကာစကို ချိတ်ဆွဲထားသော ပါးလွှာသော ဝါးလုံးတန်းသည် ရုတ်တရက်ပြုတ်ကျလာကာ ချီယွမ်၏ခေါင်းတည့်တည့်ကို ဖုံးအုပ်လိုက်လေ၏။

All Chapters