← Chapters

(ကျွန်တော်က ရိုးသားကြိုးစားတဲ့ ဖိုးသခွားလေးပါ)

Vol. 7 Ch. 67

(ကျွန်တော်က ရိုးသားကြိုးစားတဲ့ ဖိုးသခွားလေးပါ)

Vol. 7 Ch. 67

ချီယွမ်၏ ရိုးစင်းသော အပြုံးလေးကို ကြည့်နေရင်း ကျိချန်အာ၏ မျက်နှာသည် မဲမှောင်လာခဲ့သည်။ လက်တွေ့မှာတော့ သူမ၏အတွေးတစ်ခုလုံး ယောက်ယက်ခတ်နေကာ ဦးနှောက်ပင် အလုပ်မလုပ်တော့ဟန်ပင်။

ကျိမိသားစု၏ တရားဝင်သမီးဖြစ်သော သူမသည် သန့်စင်ဂိုဏ်းတွင်လည်း ကောင်းမွန်သော နေရာတစ်ခုကို ရရှိထားသည့်အတွက် များစွာသော ချစ်ရေးဆိုသူများကို ဖိနှိပ်နိုင်ခဲ့သည်။ သို့သော်ငြား ချီသန့်စင်ခြင်းနယ်ပယ်သာ ရှိသေးသော စစ်မှန်သောလမ်းကြောင်းကို လျှောက်လှမ်းသည့် ကျင့်ကြံသူငယ်တစ်ယောက်ထံတွင် အခုလိုမျိုး ကျရှုံးသွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။

အစောပိုင်းက သူမ၏ အလွန်ရိုကျိုးကာ နာခံသော အပြုအမူများကို စဉ်းစားလိုက်သည်နှင့် အလွန်အရှက်ရကာ ဂုဏ်သိက္ခာမရှိတော့သလိုမျိုး ခံစားလိုက်ရသည်။

ပုံရိပ်ယောင်အစွမ်း၏ လွှမ်းမိုးမှုအောက်တွင် သူမသည် မျက်စိရှေ့ကလူငယ်ကို အလွန်အမင်း ချစ်ကျွမ်းဝင်သွားပြီး သူမကိုသူမ ပေးအပ်ဖို့ပါ ဆန္ဒရှိခဲ့သည်။

[အဲ့ဒီမဖြစ်သင့်ပြီး ပြင်းထန်တဲ့ အဆိပ်အတောက်ဆက်ဆံရေးက တော်တော်လေးကို ဆွဲငင်နိုင်တာပဲ၊ ဟိုအပင်ဝိညာဉ်စုတ်က ဒီလောက်ငယ်တဲ့ အသက်အရွယ်နဲ့ မကောင်းတဲ့အတွေးတွေ အများကြီး ရှိနေမယ်လို့ ထင်မထားဘူး]

သူမအတွေးလွန်နေပြန်သည်ကို သတိထားမိသည်နှင့် ကျိချန်အာတစ်ယောက် နှုတ်ခမ်းကို ခပ်နာနာကိုက်လိုက်ကာ သူမကိုသူမ တည်ငြိမ်အောင်ပြုလုပ်ရင်း အဆိပ်အတောက်ဆန်လှသော ထိုလှပသည့်မှတ်ဉာဏ်များအတွင်းမှ ရုန်းထွက်လိုက်သည်။

"ချီတ"

နောက်တစ်စက္ကန့်တွင် ကျိချန်အာ၏ လှပနူးညံ့သော မျက်နှာသည် ချက်ချင်းပင် မဲမှောင်သွားကာ ရေခဲတမျှ အေးစက်သော အသံနှင့် သတိပေးလိုက်၏။

"ငါတို့နှစ်ယောက်ကြားမှာ ဖြစ်ခဲ့တဲ့ကိစ္စတွေက မဖြစ်နိုင်တဲ့ ပုံရိပ်ယောင်တစ်ခုထက် မပိုဘူး၊ ဒီကိစ္စကို နင်မေ့ထားဖို့ပဲ မျှော်လင့်တယ်၊ ဒီအကြောင်းကို တစ်ယောက်ယောက်သာ သိသွားလို့ကတော့ နင်ကမ္ဘာအစွန်းအထိ ထွက်ပြေးနိုင်တယ်ဆိုရင်တောင်မှ ငါလိုက်ဖမ်းပြီးတော့ ဆိုးဆိုးဝါးဝါး သေရအောင် လုပ်ပေးမယ်"

ဒေါသ ပုံချသည့်အနေနှင့် သတ်ဖြတ်ဖို့ရန် ဆန္ဒမရှိသော ကျိချန်အာကို မြင်ချိန်မှသာ ချီယွမ် နောက်ဆုံးတော့ စိတ်သက်သာစွာ သက်ပြင်းချနိုင်တော့သည်။ ထို့ကြောင့် အလျင်အမြန် ခေါင်းညိတ်ပြလိုက်ရင်း...

"အမ... နတ်သမီးကျိ စိတ်ချပါ၊ ဒီနေ့ကိစ္စကို ကျွန်တော်တို့နှစ်ယောက်ကလွဲရင် ဘယ်သူမှ မသိစေရဘူး"

ကျိချန်အာ ရုတ်တရက် စိတ်ရိုင်းဖောက်ပြီး တိုက်ခိုက်လာမည်ကို ချီယွမ် မစိုးရိမ်သော်ငြား ဘယ်လိုပင်ဆိုဆို သူမသည် သူ၏ ပထမဦးဆုံးသော မိန်းက‌လေးဖြစ်သည်။ ချက်ချင်းပင် အခြေအနေတွေပြောင်းလဲပြီး တိုက်ခိုက်ဖို့ မလိုအပ်ပါချေ။

ချီယွမ်အတွက် ပိုမိုအနေခက်ဖွယ်ကောင်းသည့် ကိစ္စမှာ သူတို့၏ သရုပ်မှန်များသာဖြစ်သည်။ တစ်ယောက်သည် သန့်စင်နယ်မြေ၏ တာအိုသားတော်ဖြစ်ပြီး တစ်ယောက်က ယင်ရှဂိုဏ်း၏ လက်ရွေးစင်တပည့် ဖြစ်နေလေ၏။ သူမသည် နတ်ဆိုးဂိုဏ်း၏ အနာဂတ်သူတော်စင်မဖြစ်ရန် လျာထားခြင်းခံရသူ ဖြစ်သည့်အတွက် သူတို့၏ လမ်းကြောင်းသည် တော်တော်လေး မကိုက်ညီနေပါချေ။

ထို့ကြောင့်ပင် ကျိချန်အာထံသို့ သရုပ်မှန်ကို မပြောပြဖို့ ချီယွမ် ဆုံးဖြတ်လိုက်သည်။ သူမ၏ လက်ရှိ စိတ်ပိုင်းဆိုင်ရာ အခြေအနေသည် တော်တော်လေး ပရမ်းပတာ ဖြစ်နေလေရာ ထပ်မံအနှောင့်ယှက်ခံလိုက်ရပါက၊ ကြောက်မက်ဖွယ် တုံ့ပြန်မှုတွေ ထွက်မလာပါဘူးလို့ ဘယ်သူအာမခံပေးနိုင်မှာလဲ…

ထို့ကြောင့် ပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် အနာဂတ်တွင် သင့်တော်သော အခွင့်အရေးတစ်ခု ရောက်လာဖို့သာ မျှော်လင့်မိပါသည်။

"နင်ပြောတဲ့ကိစ္စကို သေချာမှတ်ထား"

ချီယွမ်၏ သဘောတူမှုကြောင့် ကျိချန်အာ၏ မျက်နှာထားသည် အနည်းငယ် နူးညံ့သွားကာ ဂရုမစိုက်စွာဖြင့် ပြောလိုက်သည်။

"ဒီတစ်ခေါက် ငါသတိလွတ်ပြီးတော့ ထောင်ချောက်ထဲ ကျသွားခဲ့တယ်၊ ဒါပေမဲ့ နောက်တစ်ကြိမ် ဒီလိုမျိုးကြုံရဖို့ စဉ်းတောင်မစဉ်းစားနဲ့၊ နင်ငါ့ကို ထပ်ပြီး အရှက်ခွဲရဲလို့ကတော့ ငါသေချာပေါက် သတ်ပစ်မယ်"

ထိုစကားလုံးများ အားလုံးသည် အလွန်အမင်း ကြမ်းတမ်းသော်ငြား လက်တွေ့မှာတော့ အားနည်းမှုကို ဖုံးကွယ်ထားသော ဟန်ဆောင်စကားလုံးများနှင့်သာ ဆင်တူသည်။

သူမသည် နတ်ဆိုးဂိုဏ်းမှ ဖြစ်သော်ငြား အမြဲတမ်း သန့်စင်မှုကို ထိန်းသိမ်းထားကာ ကျင့်ကြံမှုတွင်သာ နစ်မြုပ်ခဲ့သည်။ သူမကိုယ်သူမ တစ်စုံတစ်ယောက်ထံတွင် ပေးအပ်ဖို့ စိတ်ကူးတောင် မယဉ်ခဲ့ဖူးချေ။

အခုတော့ သူမ ရရှိဖို့ စိတ်ပိုင်းဖြတ်ထားသော နှစ်တစ်သောင်း ပုံရိပ်တစ်ထောင်ကြယ်မြက်ပင်ကို ဆုံးရှုံးလိုက်ရသည့်အပြင် သူမ၏ အပျိုစင် ဘဝကိုပါ ပေးအပ်လိုက်ရ၏။ ဤအခြေအနေသည် အသားရော အရိုးရော ဆုံးရှုံးလိုက်ရသည့် အခြေအနေပင်။

ထိုအခြေအနေက သူမကို အလွန်အမင်း စိတ်အနှောင့်အယှက် ပေးနိုင်ခဲ့သည်။ ရှင်းရှင်းပြောရလျှင် သူမ အံ့ဩမှင်သက်နေလေတော့၏။

"နတ်သမီးကျိ ဘာပြောလိုက်တာလဲ၊ ကျွန်တော်က အမြဲတမ်း ရိုးသားဖြောင့်မတ်တဲ့ လူတစ်ယောက်ပါ၊ သေချာပေါက် နတ်သမီးကျိကို အရှက်ရစေမယ့်ကိစ္စမျိုး လုပ်မှာမဟုတ်ပါဘူး"

ချီယွမ် ခပ်ဖွဖွ ပြုံးလိုက်ရင်း စစ်မှန်မှုများ ပြည့်နှက်နေစွာဖြင့် သူမကို စိတ်ချအောင် ပြောဆိုလိုက်သည်။

"ကျွန်တော်တို့ နောက်တစ်ခေါက် တွေ့တဲ့အချိန်ကျရင်လည်း သေချာပေါက် ကောင်းကောင်းမွန်မွန်ပဲ ပြုမူမှာပါ၊ အမရဲ့ခွင့်ပြုချက် မရသရွေ့ စည်းကျော်တဲ့ကိစ္စတစ်ခုမှ လုပ်မှာမဟုတ်ဘူး"

ချီယွမ် ထိုစကားလုံးများ ပြောလိုက်ချိန်တွင် အလွန်အမင်း ဆွဲဆောင်မှုရှိနေခဲ့ပြီး စစ်မှန်မှုများ ဖြာထွက်နေလေ၏။

"ဟွန့်... ငါမျှော်လင့်တာပဲ"

စိတ်ရှုပ်နေသော ကျိချန်အာသည် ချီယွမ်၏ စကားလုံးများထဲမှ မသင့်လျော်မှုများကို ဂရုမစိုက်တော့ချေ။ နူးညံ့စွာ နှာမှုတ်ပြီးသည်နှင့် လေထဲသို့ အလျင်အမြန် ထွက်ပြေးသွားခဲ့သဖြင့် မွှေးပျံ့သော မွှေးရနံ့တစ်ခုသာ ချီယွမ်၏ နှာခေါင်းဝတွင် စွဲကျန်နေတော့သည်။

ယနေ့ဖြစ်ခဲ့သော ကိစ္စများသည် အလွန်အမင်း ထိတ်လန့်ဖွယ်ကောင်းလေရာ သူမ၏စိတ်ကို တည်ငြိမ်အောင် ပြုလုပ်ရန် အတွက် နေရာတစ်ခု ရှာဖွေဖို့ လိုအပ်နေပြီပင်။ မဟုတ်လျှင် သူမ၏ တည်ငြိမ်သော တာအိုနှလုံးသားပင် သက်ရောက်ခံလိုက်ရလိမ့်မည်။

[ငါလုံးဝကို မထင်ထားခဲ့ဘူး၊ ငါနှစ်ဘဝလုံး စုဆောင်းထားခဲ့တဲ့ ယန်စွမ်းအင်တွေ ဒီနတ်ဆိုးမဆီမှာ ကုန်ဆုံးသွားမယ်တဲ့လား]

ကျိချန်အာ၏ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်နေရင်း ချီယွမ်သည် အနည်းငယ် နာကျင်နေသော ခါးကို နှိပ်နယ်လိုက်သည်။ သို့သော်ငြား သူ၏မျက်နှာကတော့ အနည်းငယ် လွမ်းဆွတ်တမ်းတနေဟန်ပင်။

[အိုး၊ ဟုတ်သားပဲ၊ ငါကလည်း အဲ့ဒီမကောင်းတဲ့ ဝိညာဉ်စုတ်ဆီကနေ လှည့်စားခံလိုက်ရလို့သာ အခုလို ဖြစ်သွားတာလေ၊ အရာအားလုံး ဘေးဖယ်ထားလိုက်ရင်တောင်မှ ဒီနတ်ဆိုးမလေးကလည်း အရမ်းလှတာပဲမလား၊ ပြီးတော့ သူမရဲ့ ခန္ဓာကိုယ်‌ကလည်း တော်တော်လေး...]

ချက်ချင်းဆိုသလို ချီယွမ်၏ မျက်နှာထားသည် ပြောင်းလဲသွားကာ ကိုယ်တွင်းရှိ ရွှေအမြုတေသည် လျင်မြန်စွာ လှုပ်ရှားလာရင်း ဒန်ထျန်အတွင်း စုဝေးနေသော စစ်မှန်သည့် ချီစွမ်းအင်များသည် ပွက်ပွက်ဆူလာတော့သည်။ အလွန်အသက်ဝင်စွာ တက်ကြွမြန်ဆန်နေသော အင်အားတစ်ခုသည် ထိန်းချုပ်လို့ မရအောင် ထွက်ပေါ်လာ၏။

[သေစမ်း၊ ငါ ဝိညာဉ်သ‌န္ဓေ ဖန်တီးရမယ့်အချိန် ရောက်လာပြီလား]

ချီယွမ် နှလုံးတစ်ချက် ဆောင့်ခုန်သွားသည်။ လက်ရှိတွင် သူ၏ ရွှေအမြုတေနယ်ပယ်သည် ကန့်သတ်ချက်ကို ကျော်လွန်နေပြီဖြစ်၍ ဝိညာဉ်သ‌န္ဓေကို ဖန်တီးရန် နေရာတစ်ခု ရှာဖွေရန် လိုအပ်နေလေပြီ။

မဟုတ်လျှင် သူ၏ မှော်အစွမ်းက ထိန်းချုပ်မှု လွတ်ကင်းသွားပြီး ချီသွေဖယ်ခြင်းကို ခံစားရနိုင်ခြေရှိ၏။

ချီယွမ် ချက်ချင်းပင် ဝိညာဉ်နယ်မြေအတွင်းမှ ရွှေရောင်ပုံစံခွက်များ ပါဝင်သော ကျောက်စိမ်းမန္တန်စာရွက်တစ်ခုကို ထုတ်ယူလိုက်သည်။

အသက်သွင်းလိုက်သည်နှင့် ထိပ်သီးအဆင့် နေရာကူးပြောင်းမန္တန်စာရွက်သည် မျက်စိကျိန်းလောက်သော ရွှေရောင်အလင်းအဖြစ် ပြောင်းလဲသွားကာ ချီယွမ်ကို ဝန်းရံလိုက်သည်။

ချက်ချင်းပင် လွှမ်းမိုးနိုင်စွမ်းရှိသော အင်အားများ ထိုးထွက်လာပြီး ချီယွမ်၏ ပုံရိပ်ကို မူရင်းနေရာမှ တိတ်တဆိတ် ဆွဲခေါ်သွားခဲ့သည်။

နောက်တစ်စက္ကန့်မှာပဲ…

ရွှေရောင်အလင်းတန်းနှင့်အတူ မိုင်သိန်းချီ ဝေးကွာသော နေရာသို့ ချီယွမ် ရောက်ရှိလာခဲ့သည်။ သူ၏ မြင်ကွင်းတွင် မြင့်မားသော အပင်များနှင့် ရှေးဟောင်းနွယ်ပင်ကြီးများ ရှိနေပြီး သစ်တောရိုင်းတစ်ခုအတွင်း ရောက်နေဟန်ပင်။

ခန့်ညားသော တောင်များကြားရှိ ဤနေရာသည် စိတ်ဝိညာဉ်စွမ်းအင် ပေါများကာ မိုင်ပတ်ပတ်လည် များစွာအထိ လူနေမှုမရှိသောကြောင့် ချီယွမ်အတွက် အဆင့်တက်စေရန် သင့်တော်သော နေရာတစ်ခုပင်။

တိမ်ကြွေဂိုဏ်းသို့ မလာခင်မှာပဲ ချီယွမ် ဤနေရာကို ရှာဖွေခဲ့ပြီး ရွေးချယ်ထားခဲ့တာဖြစ်သည်။ ထို့အပြင် ဝိညာဉ်သ‌န္ဓေ ဖန်တီးခြင်းဖြစ်စဉ်တွင် မလိုလားသော အနှောင့်အယှက်များအား မကြုံတွေ့စေရန်အတွက်လည်း ခုခံအစီအရင်နှင့် အကန့်အသတ်များကို ကြိုတင်ချမှတ်ထားခဲ့သည်။

ဆင်းသက်ပြီးသည်နှင့် ချီယွမ်သည် နတ်အာရုံကို ချက်ချင်း အသက်သွင်းလိုက်ကာ ပတ်ဝန်းကျင်ကို ရှာဖွေလိုက်သည်။

ချမှတ်ထားသော အကာအကွယ်အစီအရင်များကို ဖျက်ဆီးထားသူ မရှိမှန်း အတည်ပြုပြီးသည်နှင့် ကြာပန်းပုံထိုင်လိုက်ပြီး ကြိုတင်ပြင်ဆင်ထားသော ဆေးပင်နှင့်ဆေးလုံးများ စားလိုက်ကာ ဝိညာဉ်အခြေတည်နယ်ပယ်ကို အဆင့်တက်နိုင်ဖို့ ပြင်ဆင်လိုက်တော့သည်။

ဟူး..

တည်ငြိမ်နေသော လေပြေကို ရှူသွင်းရင်း ချီယွမ် မျက်လုံးကို ခပ်ဖွဖွ ပိတ်လိုက်သည်။ သူ၏ အရှိန်အဝါသည် လျင်မြန်စွာ တိုးတက်လာကာ စိတ်ဝိညာဉ်စွမ်းအင်သည်လည်း ထိပ်ဆုံးအမှတ်သို့ ရောက်ရှိလာ၏။

"စနစ်၊ ငါ့ရဲ့အမှတ်တွေ အသုံးပြုပြီးတော့ အလင်းပွင့်တဲ့ အခြေအနေကို အသက်သွင်းတော့"

စုဆောင်းထားသော ရမှတ်တစ်ချို့ ရှိပြီဖြစ်လေရာ အလင်းပွင့်သော အခြေအနေကို ဝင်ရောက်နိုင်ဖို့ ချီယွမ် ကိုယ့်ကိုယ်ကို ခွင့်ပြုလိုက်သည်။

အတွေးတစ်ချက်နှင့်ပင် ချီယွမ်၏ ခန္ဓာကိုယ်သည် အလိုအလျောက် စွမ်းအင်လည်ပတ်ရင်း ထိုက်ရွှမ်းသန့်စင်နယ်မြေ၏ အဆင့်မြင့်သိုင်းကျမ်းဖြစ်သော သိမ်မွေ့ကျောက်စိမ်းနက္ခတ် စာလိပ်ကို ကျင့်ကြံလိုက်သည်။ ကျင့်ကြံမှုစက်ဝန်း တစ်ခုစီသည် ပြစ်ချက်ကင်းမဲ့စွာ ပြီးမြောက်ခဲ့ပြီး ညီမျှသော တာအိုအခြေခံကို ခပ်‌ဖျော့‌ဖျော့ သယ်ဆောင်ပေးသည်။

ထိုအချိန်တွင် ချီယွမ်၏ ကိုယ်အတွင်းရှိ ရွှေအမြုတေသည် အမဲရောင်အလုံးတစ်ခုအဖြစ် ပြောင်းလဲသွားကာ ပတ်ဝန်းကျင်ရှိ မိုးမြေကြားက စိတ်ဝိညာဉ်စွမ်းအင်များကို အလောတကြီး စုပ်ယူတော့သည်။

ကြည်လင်နေသော ကောင်းကင်သည်လည်း ရုတ်ချည်း တိမ်မဲများ၏ လွှမ်းမိုးမှုကို ခံလိုက်ရကာ မှင်အနက် ဆိုးလိုက်သည့်နှယ် မဲနက်သွားလေ၏။

All Chapters