(မိတ်ဆွေ နောက်ဆုံးတော့ရှာတွေ့ပြီပဲ)
Vol. 7 Ch. 69
ဖူကျိုးမြို့တွင်
ကောင်းကင်တာအို ဝိညာဥ်သန္ဓေကို ဖန်တီးနိုင်သည့်အတွက် ချီယွမ်၏ သန်မာမှုသည် များစွာ ကွာမြင့်သွားလေရာ လျင်မြန်စွာ ပျံသန်းရင်း ခန့်ညားသော မြို့သို့ ချက်ချင်းပင် ရောက်ရှိလာခဲ့သည်။
မြို့နံရံများသည် မိုင်တစ်ရာကျော် မြင့်မားပြီး ချန်းလန်တောင်ခြေမှာ ခြေကုပ်ယူထားသော ဧရာမသားရဲကြီးတစ်ကောင်နှယ် ၃၀ကျန်းကျော် မြင့်မားသည်။
ဖူကျိုးမြို့သည် တရှားတိုင်းပြည်၏ အဓိက တောင်ဘက်မြို့တစ်ခု ဖြစ်သည့်အတွက် လူဦးရေ ၁သန်းကျော်ရှိသည်။ ကျင့်ကြံသူနှင့် သေမျိုး အတူယှဥ်တွဲနေထိုင်ကြပြီး ညီမျှသော စည်ကားသည့် လူ့အဖွဲ့အစည်းတစ်ခု ဖြစ်လေရာ၊ များစွာသော ကုန်သည်ယာဥ်တန်းများ ဆက်တိုက် ဖြတ်သန်းနေကြပြီး အလွန်ချဲ့ကားသော မြင်ကွင်းမျိုးကို မြင်တွေ့နိုင်သည်။
တရှားတိုင်းပြည်သည် အရိုးမဲ့ သန့်စင်နယ်မြေ၏ လက်အောက်ခံ တိုင်းပြည်တစ်ခုဖြစ်ပြီး အခြားသော သန့်စင်နယ်မြေများကိုလည်း အမြဲတစေ လေးစားကာ နှစ်စဉ်နှစ်တိုင်း လက်ဆောင်ပဏ္ဏာများ ဆက်သသည်။ ကိုယ်ရေးကိုယ်တာ ဆက်ဆံရေးနှင့် လူမှုအဆက်အသွယ်များကို အလွန်အမင်း လိုက်စားသောကြောင့် အခုလိုမျိုး ကြာရှည်စွာ ရပ်တည်နိုင်ကာ အခြေခိုင်သော တိုင်းပြည်တစ်ခု ဖြစ်လာသည်။
လူအများအပြောအရဆိုလျှင် စုစည်းခြင်း နယ်ပယ်ရှိသော အင်အားကြီး ကျင့်ကြံသူတစ်ယောက်သည် တရှားတိုင်းပြည်၏ တော်ဝင်မိသားစုထဲတွင် ရှိနေသောကြောင့် အင်အားကြီးသော တော်ဝင်မိသားစုတစ်ခု ဖြစ်ကြသည်။
ညနေ နေဝင်သွားပြီ ဆိုသော်ငြား လမ်းမကြီးနှင့် လမ်းကြားများတွင် ဖြတ်သွားဖြတ်လာများ ပြည့်နှက်နေကာ ဝိညာဉ်သားရဲများနှင့် ဆူညံနေတော့သည်။ ချီယွမ်တစ်ယောက် လမ်းမှာ ဖြတ်သန်းနေရင်း အရင်ဘဝ၏ မှတ်ဥာဏ်များကိုပင် ဝေဝါးစွာ မြင်ယောင်လာမိ၏။
သူ၏မူလအစီအစဥ်သည် အောင်မြင်စွာ အဆင့်တက်ပြီးနောက်တွင် တိမ်ကြွေဂိုဏ်းကို ပြန်သွားဖို့ ပြင်ဆင်ထားခဲ့သည်။ သို့သော်ငြား လမ်းတစ်ဝက်တွင် လျန်ဟွေ့ထံမှ တာဝန်ပြီးမြောက်ကြောင်း သတင်းရလိုက်၏။ ထို့ကြောင့် သန့်စင်နယ်မြေ၏ ထူးချွန်လှသော တပည့်နှစ်ယောက် ဖန်တီးထားသော တာဝန်ရလဒ်ကို စစ်ဆေးရန်အတွက် ဖူကျိုးမြို့ကို လည်ပတ်ဖို့ ဆုံးဖြတ်ခဲ့သည်။
၁ပတ်လောက်သာ ကြာသေးသည်ဆိုသော်ငြား လမ်းတစ်လျှောက်တွင် သတင်းများ ပြန့်နေပြီပင်။ သန့်စင်နယ်မြေ၏ လက်ရွေးစင် တပည့်များ ဆိုသည့်အတိုင်းပဲ ထိုသူတို့၏ စွမ်းဆောင်ရည်သည် အထင်ကြီးဖွယ် ကောင်းလှသည်။
ချီယွမ်တစ်ယောက် ဖူကျိုးမြို့၏ ဓလေ့ထုံးစံများကို တိတ်တဆိတ် လေ့လာနေခဲ့သည်။ ရုတ်တရက် အနည်းငယ် မျက်မှောင်ကြုတ်သွားကာ တည်နေရာတစ်ခုသို့ လှမ်းကြည့်လိုက်၏။
ထိုအချိန်မှာပဲ အနက်ရောင် ဝတ်စုံနှင့် ခေါင်းစွပ်ကို ခြုံထားသော ပိန်ပါးသည့် အရိပ်တစ်ခုသည် သူ၏အနားသို့ တွားသွားပြီး ချဥ်းကပ်လာကာ ခပ်တိုးတိုး ပြောလာသည်။
"ဝက်ခေါင်းသား တစ်ပန်းကန်"
(ဘာ)
ချီယွမ် အနည်းငယ် အံ့သြသွား၏။
ချီယွမ်၏ တုံ့ပြန်မှုကို မြင်သည်နှင့် ထိုပုံရိပ်သည် လေသံကို ပိုတိုးလိုက်ကာ
"ဝက်ခေါင်း တစ်ပန်းကန်"
ဤတစ်ခေါက်တော့ ချီယွမ်သည် ရှင်းလင်းစွာ ကြားလိုက်ရသည့်အတွက် မနေနိုင်စွာ တုံ့ခနဲ ပြန်ပြောမိလိုက်သည်။
"သန်မာတဲ့ အရက်ပြင်းနှစ်ခွက်"
ချီယွမ်၏ စကားကြောင့် ထိုပုံရိပ်၏ မျက်လုံးများသည် ချက်ချင်းပင် လင်းလက်သွားလေ၏။ မျက်နှာကို ဖုံးအုပ်ထားသော ဦးခေါင်းစွပ်ကို အလျင်အမြန် ဖယ်ရှားလိုက်ရင်း ဥာဏ်များဟန် ထင်ရသော မျက်ဝန်းတစ်စုံသည် ချီယွမ်ကို စိတ်လှုပ်ရှားမှုဖြင့် ကြည့်လာခဲ့သည်။
"ကောင်းကင်ဘုရင်က ကမ္ဘာကြီးကို ဖုံးလွှမ်းထားတယ်"
ချီယွမ်သည် ထိုသူကို ထူးဆန်းစွာ ကြည့်လိုက်ပြီး
"ဗုဒ္ဓဘုရားရဲ့ စွမ်းအင်က ညဥ့်နတ်ဆိုးကို ဖိနှိပ်ပေးလိမ့်မယ်။ မင်း ဘယ်သူလဲ"
ထိုသူ၏ လေသံသည် ပိုမိုစိတ်လှုပ်ရှားလာကာ
"တောင်မြင့်ပေါ်မှာ ငလျင်တွေ ဖြစ်ပေါ်ပြီး မြစ်ချောင်းနဲ့ တောင်တန်းရဲ့ ရှုခင်းတွေက ထာဝရ တည်မြဲလိမ့်မယ်"
ချီယွမ် တစ်စုံတစ်ခုကို သဘောပေါက်သွားခဲ့သည်။ ထိုသူ၏ ပြောစကားကို ဆုံးအောင် နားမထောင်တော့ဘဲ လက်တစ်ဖက် ဝေ့ယမ်းပြလိုက်ကာ ထူးဆန်းသော မျက်နှာထားဖြင့် မေးလိုက်တော့သည်။
"အဓိပ္ပါယ်မရှိတာတွေ ပြောနေတာ ရပ်လိုက်တော့။ မင်းက လီမင်ဝမ်လား ဒါမှမဟုတ် ကျန်းချိုက်ချမ်းလား"
ချီယွမ် ပြောဆိုလိုက်သော နာမည်နှစ်ခုသည် ထိုက်ရွှန်း သန့်စင်နယ်မြေဘက်မှ တာဝန်လက်ခံခဲ့သော တပည့်နှစ်ယောက်၏ နာမည်များဖြစ်သည်။
သူ၏ သရုပ်မှန်ကို မှန်ကန်စွာ ပြောဆိုနိုင်သည့်အတွက် ထိုအနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသော ယောက်ျားကြီးသည် ပျော်ရွှင်မှုများ ပြည့်နှက်သွားလေ၏။ မျက်နှာတွင် ကာထားသော ပုဝါပါးကို အလျင်အမြန် ဖယ်လိုက်ရင်း ဝဖိုင့်သော မျက်နှာကို ဖော်ထုတ်လိုက်တော့သည်။
"မိတ်ဆွေကို နောက်ဆုံးတော့ ရှာတွေ့ပြီ။ ကျွန်တော်က လီမင်ဝမ်ပါ။ ကျွန်တော့်ရဲ့ တာဝန်ကို အထူးတင်ပြဖို့အတွက် လာခဲ့တာပါ"
(ထင်တဲ့အတိုင်းပဲ)
ချီယွမ် အနည်းငယ် စိတ်ပျက်ဖွယ် ပြုံးလိုက်တော့သည်။
"အဲ့ဒီ လျှို့ဝှက်စကားလုံးတွေကို ဘယ်သူပြောခဲ့တာလဲ။ ပြီးတော့ မင်းတို့နှစ်ယောက် ဘယ်လိုလုပ်ငန်းတွေ လုပ်နေကြတာလဲ။ သန့်စင်နယ်မြေရဲ့ တပည့်တွေဖြစ်ပြီးတော့ သူခိုးလုပ်နေရလား"
လီမင်ဝမ် ရယ်လိုက်ကာ အနည်းငယ် ဘဝင်ခိုက်သော မျက်နှာထားဖြင့်
"အဲ့ဒီ လျှို့ဝှက်စကားလုံးတွေကို ကျောက်စိမ်းပန်းပွင့် တောင်ထိပ်ရဲ့ အိမ်တော်ထိန်းလျန်က ကျွန်တော်တို့ကို သင်ပေးခဲ့တာပါ။ တာဝန်နဲ့ ပတ်သက်ပြီး စစ်ဆေးဖို့ လာမယ့်သူက ဒီလျှို့ဝှက်စကားလုံးတွေကို သေချာပေါက် ဖြေပေးနိုင်လိမ့်မယ်တဲ့"
"ဒီဝတ်စုံကတော့... တာဝန်ကို အမိန့်ပေးခဲ့တဲ့ ဂိုဏ်းရဲ့ အဆင့်မြင့်ပုဂ္ဂိုလ်က နာမည်မတပ်ခဲ့တော့ သူ့ရဲ့ သရုပ်မှန်ကို မဖော်ထုတ်ချင်ဘူးလို့ ကျွန်တော်တို့ကလည်း ယူဆလိုက်တယ်။ ဒါကြောင့် အကြီးအကဲရဲ့ ဆန္ဒအတိုင်း ကျွန်တော်တို့က သန့်စင်နယ်မြေရဲ့ တပည့်တွေ ဖြစ်နေတာတောင်မှ လူတွေ သတိမထားမိအောင် ဒီလိုသရုပ်ဖျက်ဖို့ စီစဥ်လိုက်တာပဲ"
(မင်းတို့က ဥာဏ်ကောင်းလှချည်လား)
ချီယွမ် ဆွံ့အသွားလေရဲ့။
သူသည် ကျောက်စိမ်းပန်းပွင့် တောင်ထိပ်တွင် လှည့်ပတ်စစ်ဆေးခြင်းနှင့် စောင့်ရှောက်ခြင်းအတွက် အသုံးပြုရန် လျှို့ဝှက်စကားလုံးတစ်ချို့ ဖန်တီးခဲ့သော်ငြား ထိုစကားလုံးများကို အိမ်တော်ထိန်း လျန်ဟွေ့ဘက်မှ အခုလိုမျိုး လိမ္မာပါးနပ်စွာ အသုံးပြုလာလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။
သို့သော် တာဝန်ကို အမိန့်ပေးချိန်တွင် အမည်မသိ သူတစ်ဦးအနေနဲ့သာ အမိန့်ပေးခဲ့ခြင်းက သန့်စင်နယ်မြေအတွင်းရှိ တစ်ချို့သော ပုဂ္ဂိုလ်များကို အာရုံမစိုက်စေရန်ဖြစ်သည်။
(ဒါပေမဲ့ ဒီတာဝန်က အဲလောက်ကြီးထိ အရှက်ရစရာ ကိစ္စတစ်ခုမှ မဟုတ်တာ။ မင်းတို့အားလုံး ဒီအတိုင်း ပွင့်ပွင့်လင်းလင်း သရုပ်ဆောင်လိုက်လည်း ရတာပဲ။ ဘာလို့ ဒီလောက်ထိ လျှို့ဝှက်ပြီး လုပ်နေရတာလဲ)
လာရင်း ရည်ရွယ်ချက်ကို သတိရလိုက်ရင်း ချီယွမ်သည် စိတ်ထဲမှ ဝေဖန်ချက်များကို ဖိနှိပ်လိုက်ကာ
"ကျန်းချိုက်ချမ်း ဘယ်မှာလဲ"
"ဂိုဏ်းတူအစ်ကိုကျန်းက သီးခြားနေရာမှာ စောင့်နေပါတယ်"
လီမင်ဝမ်က စိတ်လိုလက်ရ အဖြေပေးလိုက်သည်။
"တာဝန်က အရေးကြီးတဲ့အတွက် ကျွန်တော်တို့ လူခွဲပြီး လှုပ်ရှားသင့်တယ်လို့ ထင်တယ်လေ။ မဟုတ်ဘူးဆိုရင် ရန်သူကို တစ်ချက်တည်းနဲ့ သတ်ဖို့အတွက် အခွင့်အရေး ပေးသလို ဖြစ်သွားမှာပေါ့"
ထိုအချိန်မှာတော့ ချီယွမ်၏ မျက်နှာသည် ဒေါသကြောင့် မည်းမှောင်နေပြီပင်။
(ချီးပဲ။ ဒီတာဝန်က ပြီးသွားပြီဟာကို
မင်းတို့နှစ်ကောင်က ဘာကိစ္စ ဒီလောက်ထိ စိတ်လှုပ်ရှားပြနေရတာလဲ)
အချိန်ကုန် သက်သာစေရန်အတွက် ထိုလူ၏ အရေမရ အဖတ်မရ စကားတွေကို ချီယွမ် နားမထောင်တော့လိုစွာ တိုက်ရိုက်ပဲ ပြောလိုက်တော့သည်။
"ဦးဆောင်ပြီးခေါ်သွား"
ထိုသို့ဖြင့် လီမင်ဝမ်၏ ဦးဆောင်မှုအောက်မှ လမ်းကြား၅ခုကို ကျော်ဖြတ်ပြီး လမ်းမ၈ခု သွားလိုက်ရရင်း နောက်ဆုံးမှသာ တသီးတခြား ဖြစ်နေသော လမ်းကြားလေးဆီမှာ ရောက်ရှိလာခဲ့သည်။
"သူ ဒီထဲမှာလား"
ချီယွမ်၏ လေသံသည် အနည်းငယ် စိတ်လှုပ်ရှားနေလေသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ စိတ်ရှည်မှုက ကန့်သတ်ချက်ကို ရောက်နေပြီဖြစ်သည်။
လီမင်ဝမ်က ဆန်းကြယ်စွာ ပြုံးလိုက်ပြီး
"ဂိုဏ်းတူအစ်ကိုကျန်းက ကိုယ်ရောင်ဖျောက်တဲ့နေရာမှာ ဆရာသခင်လေ။ ကျွန်တော်တို့ နောက်ထပ် နံရံတစ်ချို့ ကျော်တက်ရဦးမယ်"
"..."
နံရံ၁၀ခုကျော် ကျော်ဖြတ်ပြီးနောက်မှသာ လီမင်ဝမ်သည် စွန့်ပစ်ခြံဝင်းတစ်ခုရှေ့တွင် ရပ်တန့်လိုက်တော့သည်။ ထို့နောက်တွင် ခြံဝင်းထဲရှိ ခြောက်သွေ့နေသော ရေတွင်းကို လက်ညှိုးထိုးလိုက်ရင်း
"အဲ့ဒါပဲ"
ချီယွမ်တစ်ယောက် ခေါင်းသာ ယမ်းလိုက်နိုင်တော့သည်။
"ဂိုဏ်းတူအစ်ကိုကျန်း၊ ကျွန်တော်တို့ ဆက်သွယ်ရမယ့်လူကို ရှာတွေ့ခဲ့ပြီ။ မြန်မြန်လေးထွက်ခဲ့တော့"
လီမင်ဝမ်သည် နံရံကို မှီလိုက်ပြီး ၂ကြိမ်မြောက် အော်ခေါ်လိုက်သည်။ သို့သော်ငြား ရေတွင်းသည် တိတ်ဆိတ်နေကာ တစ်ဖက်မှ တုံ့ပြန်သံ ထွက်မလာခဲ့ချေ။
ချီယွမ်တစ်ယောက် သွေးကြောများပင် ထောင်ထလာပြီး ထိုနှစ်ယောက်လုံးကို သေတဲ့အထိ ဆောင့်ကန်နေချင်ပြီပင်။
လီမင်ဝမ်သည် သူ၏ ဦးခေါင်းကို တိတ်တဆိတ် ရုပ်သိမ်းလိုက်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
"မူမမှန်ဘူး။ ဂိုဏ်းတူအစ်ကိုကျန်းက အရင်တစ်ခေါက်က ဒီနေရာမှာ ရှိနေတာပါ။ သူ့ကို မဆက်သွယ်တာကြာတော့ နေရာပြောင်းသွားတာများလား"
ထို့နောက်တွင် ချက်ချင်းဆိုသလို အနီးရှိ တည်ငြိမ်နေသော ရေအိုင်ငယ်အတွင်းမှ များစွာသော ပူဖောင်းသံများ ရုတ်တရက် ထွက်ပေါ်လာပြီး ဝဖိုင့်သော ခပ်မည်းမည်း ပုံရိပ်တစ်ခု ရေအောက်မှ ထွက်လာခဲ့သည်။
"ဟားဟား ဒါကို မမျှော်လင့်ထားမိဘူးမလား ဂိုဏ်းတူညီလေးလီ။ ငါက ဒီတစ်ခေါက် ရေထဲမှာ ပုန်းနေတာကွ"
ထွက်ပေါ်လာသူသည် ရှည်လျားပြီး ဝဖိုင့်ကာ ဝါးဦးထုပ်ဖြင့် ရုပ်ဖျက်ထားသည်။ အမဲရောင်ဝတ်စုံသည် ရေကြောင့် ရွှဲကပ်နေပြီး ရေစက်များ အဆက်မပြတ် စီးကျနေ၏။
လီမင်ဝမ် လက်မ ထောင်လိုက်ရင်း
"ဂိုဏ်းတူအစ်ကိုကျန်း၊ အကို့ရဲ့ အရည်အချင်းက ဟိုတစ်နေ့ကထက် ပိုကောင်းလာတယ်။ တစ်ကယ်ပဲ လေးစားမိပါတယ်"
"လုံလောက်ပြီ"
ချီယွမ် ထပ်မံပြီး သည်းမခံနိုင်တော့ချေ။ အသက်ပြင်းပြင်း ရှူသွင်းရင်း တစ်စုံနှစ်ယောက်ကို ရိုက်နှက်ချင်စိတ်များကို အတင်းအကျပ် ဖိနှိပ်လိုက်ရသည်။
"ငါတို့ လာရင်းကိစ္စပဲ ပြောကြရအောင်။ မင်းတို့ရဲ့ တာဝန်က အခြေအနေ ဘယ်လိုရှိပြီလဲ"
“တာဝန်က ပြီးသွားပါပြီ။ ကျွန်တော်တို့က ဂိုဏ်းဘက်ကနေ လူတစ်ယောက်လာပြီး စုံစမ်းမှာကို စောင့်နေတာပါ”
ပြောပြီးသည်နှင့် ကျန်းချိုက်ချမ်းသည် အပြုံးတစ်ခုဖြင့် သိုလှောင်အိတ်အတွင်းမှ ကြီးမားသော စည်တစ်ခုကို ထုတ်ယူကာ မြေပြင်နှင့် ရိုက်ခွဲလိုက်သည်။ မြေကြီးပင် သုံးကြိမ်သုံးခါ တုန်ယင်သွားလေ၏။
"အဲ့ဒါ ဘာလဲ"
ချီယွမ်တစ်ယောက် စိတ်မသက်သာစွာ စိုက်ကြည့်နေမိသည်။ မီးခိုးရောင် ပြာမှုန့်လို အမှုန်များ ပြည့်နေသော စည်ကို ကြည့်နေရင်း ချီယွမ် အနည်းငယ် မျက်မှောင်ကြုတ်သွား၏။
"ရိုးရိုးသားသားပြောရမယ်ဆိုရင်"
ကျန်းချိုက်ချမ်းက သူ၏ကြီးမားသော အသားစိုင်များရှိသည့် လက်နှစ်ဖက်ကို စိတ်လှုပ်ရှားစွာ ပွတ်သပ်လိုက်ရင်း
"တာဝန်မှာ ပျောက်သွားတဲ့ ကျင့်ကြံသူတွေကို စုံစမ်းဖို့ ပြောထားပြီးတော့ သူတို့ သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ တွေ့ရဖို့ လိုအပ်တယ်လို့ ပြောထားခဲ့တယ်။ ဒါပေမဲ့ နစ်နာသူတွေအားလုံးက ခန္ဓာကိုယ်မှာ ဘာမှ မကျန်တော့ဘူး။ လူအရှင်လည်း မတွေ့ဘူး။ အလောင်းလည်း မတွေ့ဘူး။ အရိုးအစအနတွေပဲ တွေခဲ့တယ်။ သူတို့ကို အတည်ပြုဖို့ မပြောနဲ့။ ဘယ်သူက ယောက်ျားလား မိန်းမလားတောင် ခွဲလို့မရခဲ့ဘူး။ တာဝန်ပြီးမြောက်ကြောင်း သက်သေပြဖို့အတွက် ကျွန်တော်တို့ ညီအကိုတွေက ရွေးချယ်စရာ မရှိဘဲနဲ့ ဒီပြာမှုန့်တွေကိုပဲ ယူခဲ့ရတယ်"
(အရိုးပြာတွေ ဟုတ်လား)
မျက်စိရှေ့ရှိ ပြာအိုးကို ကြည့်နေရင်း ချီယွမ် အတွေးနက်သွားခဲ့သည်။
(ဒီနှစ်ကောင် ငါ့ကို လှည့်စားနေတာလား။ ထိုက်ရွှမ်း သန့်စင်နယ်မြေရဲ့ တပည့်နှစ်ယောက်က မင်းတို့လောက် ဉာဏ်တုံးတယ်လား…)
အခုတော့ ချီယွမ်သည် ထိုနှစ်ယောက်လုံးကို ဂိုဏ်း၏ ဝင်ခွင့်စာမေးပွဲအား အဆက်အသွယ်ဖြင့် အောင်မြင်လာခဲ့လားဟုပင် သံသယဝင်နေလေပြီ။