← Chapters

(မင်းကလွဲရင်ရွေးစရာမရှိဘူး)

Vol. 7 Ch. 70

(မင်းကလွဲရင်ရွေးစရာမရှိဘူး)

Vol. 7 Ch. 70

“လာလိမ်မနေနဲ့”

ချီယွမ် အသက် ပြင်းပြင်းတစ်ချက် ရှူသွင်းကာ ခံစားချက်မဲ့စွာဖြင့် ပြောလိုက်သည်။

“တာဝန်နဲ့ ပတ်သက်ပြီး ချက်ကျလက်ကျ အသေးစိတ်တင်ပြတာကို လိုချင်တယ်။ မလိုအပ်တဲ့ စကားတစ်ခွန်း ပါသွားတာနဲ့ တာဝန်ကို ကျရှုံးတယ်လို့ သတ်မှတ်ပစ်မယ်”

“အာ”

ချီယွမ်၏စကားကို ကြားသည်နှင့် ထိုနှစ်ယောက်လုံး ချက်ချင်းပင် တိတ်ဆိတ်သွားကာ တာဝန်၏ အတွေ့အကြုံကို ရိုးသားစွာ တင်ပြဖို့ ကြိုးစားလိုက်ကြသည်။

“တစ်ကယ်တော့ ဒီလိုပါ။ ဂိုဏ်းတူညီမလေးရှန်းရဲ့အသက်ကိုးဆယ်ပြည့် မွေးနေ့က ရောက်တော့မှာဆိုတော့ သူမနဲ့ကျွန်တော်ရဲ့ကြားက ဆက်ဆံရေးကို တိုးမြှင့်နိုင်အောင်လို့ မွေးနေ့လက်ဆောင် ပေးဖို့ စဉ်းစားနေခဲ့တာ”

ကျန်းချိုက်ချမ်း၏ စကားမဆုံးခင်မှာပဲ ဘေးမှာရပ်နေသော လီမင်ဝမ် မှင်သက်သွားကာ ကျန်းချိုက်ချမ်း၏ အင်္ကျီစကို အလျင်အမြန် ဆွဲလိုက်ရင်း

“နေအုန်း ဂိုဏ်းတူညီမလေးရှန်းရဲ့ မွေးနေ့က လာတော့မှာဆိုတာ မင်း ဘယ်လိုလုပ် သိတာလဲ။ ငါ့ကို ဘာလို့ ဘယ်သူ့မှ မပြောရတာလဲ”

ကျန်းချိုက်ချမ်းသည် လီမင်ဝမ်၏ လက်ကိုရွံရှာစွာ ကြည့်လိုက်ရင်း မောက်မာမှု အပြည့်နှင့် ပြောလိုက်သည်။

“အဲ့ဒါ ဘာလို့လဲဆိုရင် ငါနဲ့ဂိုဏ်းတူ ညီမလေးရှန်းရဲ့ကြားကဆက်ဆံရေးက မင်းနှိုင်းယှဉ်လိုမရတဲ့ အရာမလို့ပဲ။ သူမကို လိုက်ပိုးပန်းတဲ့ သူတွေထဲမှာ မင်းက စိတ်ရှုပ်စရာ အကောင်းဆုံးလူပဲ။ ဒါ့ကြောင့် ဒီလို ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို မင်းသိစရာလား။ အနာဂတ်မှာလည်း ဂိုဏ်းတူညီမလေးရှန်းနဲ့ ခပ်ဝေးဝေးနေဖို့ ငါအကြံပေးလိုက်မယ်။ မင်းက ဘာအဆင့်ရှိလို့လဲ။ သူမကမင်း ကပ်လို့ရတဲ့ သူတစ်ယောက်လို့ ထင်နေလား။ ငါကမှ မင်းထက်ပိုပြီး ထိုက်တန်သေးတယ်”

လီမင်ဝမ် ချက်ချင်းပင် ငြိုးငယ်သွားကာ မျက်နှာတစ်ခုလုံး စိတ်ပျက်မှုများ ဖုံးလွှမ်းသွားခဲ့သည်။

“ဂိုဏ်းတူညီမလေးရှန်းက သူမရဲ့ အသက်ကိုးဆယ်ပြည့် မွေးနေ့ကို အခုလိုမျိုး အရေးကြီးကိစ္စတစ်ခုလို့ သတ်မှတ်မယ်လို့ ငါလုံးဝ မထင်ထားမိဘူး။ ငါ့ကိုဘာလို့ ဘာမှ မပြောရတာလဲ။ သူမကငါ့ကိုတစ်ကယ်ပဲ အပြင်လူလို့ မြင်နေတာလား”

ထိုနှစ်ယောက်သည် စကားပြောနေကြရင်းဖြင့် ရုတ်တရက် လေးလံလာသော လူသတ်ဖွယ် အရိပ်အငွေ့ကြီးကြောင့် နှစ်ယောက်လုံး ရင်တုန်သွားကြကာ ကျန်းချိုက်ချမ်းသည် အလျင်အမြန် ဆက်ပြောလိုက်တော့သည်။

“ဒါကြောင့် ကျွန်တော်က တာဝန်ခန်းမကို သွားပြီးတော့ တာဝန်တစ်ချို့ယူဖို့ ဆုံးဖြတ်ခဲ့တယ်။ အဲ့လိုဆိုရင် ဂိုဏ်းတူညီမလေးရှန်းရဲ့ မွေးနေ့အတွက် လက်ဆောင်ပေးလို့ ရနိုင်ပြီ‌လေ။ ဒါပေမယ့် ဒီတာဝန်ကိုလည်း အဲ့ဒီကောင် လီမင်ဝမ်က မျက်စိကျနေတာ။ ကျွန်တော်တို့ နောက်ဆုံးအထိ ငြင်းကြတယ်။ ဒါပေမယ့် ဘယ်လိုမှ ငြင်းမရတဲ့အဆုံး တိတ်ဆိတ်တဲ့ နေရာတစ်ခု ရှာပြီးတော့ တာဝန်ကို ဘယ်သူက ထိုက်တန်လဲဆိုတာ ဆုံးဖြတ်ဖို့ လုပ်လိုက်ကြတယ်”

“ဒါပေမယ့် ကျွန်တော်တို့ အခေါက်ပေါင်းများစွာ တိုက်ခိုက် ပြီးတာတောင်မှ အကြိမ်တိုင်း သရေပဲကျနေတယ်။ တိုက်ပွဲက အရမ်းကို ပြင်းထန်လွန်းပြီး....”

“တော်လိုက်တော့ အဲ့ဒါက ငါသိချင်တဲ့ အရာမဟုတ်ဘူး။ ငါသိချင်တာက မင်းတို့ ဒီဖူကျိုးမြို့ကို ရောက်လာပြီး နောက်ပိုင်း ဘာတွေဖြစ်ခဲ့တာလဲ။ လိုရင်းကိုသာပြောစမ်း”

တဖြည်းဖြည်း လွဲချော်သထက် လွဲချော်လာသော ဇာတ်ကြောင်းကြောင့် ချီယွမ် ရူးတော့မတတ်ပင် ဖြစ်လာသည်။ သူသာ ဆက်လက် နားထောင်နေပါက ထိန်းချုပ်မှု လွှတ်ကင်းပြီး ထို့နှစ်‌ကောင်လုံးကို သတ်ပစ်မိမှာကိုပင် စိုးရွံ့ရ၏။

“အာ”

ကျန်းချိုက်ချမ်းသည်သူ၏နှာခေါင်းကို အနေခက်စွာ ပွတ်သပ်လိုက်ရင်း

“ဒီတာဝန်က ဖူကျိုးမြို့မှာရှိတဲ့ ဝမ်အိမ်တော်ရဲ့တရားမဝင် လုပ်ရပ်တွေကို စုံစမ်းဖို့ ပါဝင်နေတဲ့အတွက် ကျွန်တော်တို့က ဖူကျိုးမြို့ကို ရောက်လာတဲ့အချိန်မှာ ဝမ်အိမ်တော်ရဲ့ တစ်ယောက်ချင်းစီ နောက်ကို လိုက်ပြီး စုံစမ်းဖို့ဆုံးဖြတ်ခဲ့တယ်။ အဲ့ဒီ အချိန်တုန်းက ကျွန်တော်က ချီသန့်စင်ခြင်း နယ်ပယ်ပဲ ရှိသေးတဲ့ အပြင်လူတစ်ယောက်လို ဟန်ဆောင်ပြီး ရိုးအတဲ့ သရုပ်မှန်ကြောင့် လူသတ်သမားက လွယ်ကူတဲ့ ပစ်မှတ်လို့ ထင်မှတ်ပြီး လာတိုက်ခိုက်မှာကို စောင့်ဆိုင်းနေခဲ့တယ်။ အဲ့ဒီလိုနဲ့ နောက်ကွယ်က သူကို ရှာဖွေရမယ်လို့ ဆုံးဖြတ်ခဲ့တာပေါ့။ တစ်ဖက်က ဂိုဏ်းတူ ညီလေးလီကတော့ ဝမ်အိမ်တော်ထဲကို အစောင့်အဖြစ် ဝင်ရောက်ပြီး အိမ်တော်ထဲက လူတစ်ယောက်ချင်းစီကို စုံစမ်းရင်း သက်သေရှာမယ်။ ကျွန်တော်တို့ အဲ့လိုမျိုး တာဝန်ခွဲလိုက်ကြတယ်”

(ဒါကမှ အဓိပ္ပါယ်ရှိသေးတယ်)

ထိုစကားကို ကြားပြီနောက်မှသာ ချီယွမ် မနေနိုင်စွာ ခေါင်းညိတ် ပြလိုက်သည်။

( ဒီနှစ်ကောင်က စောက်ပေါတွေနဲ့ တူပေမယ့် တစ်ကယ်လုပ်တဲ့ အချိန်ကျတော့ အကြံတစ်ချို့တော့ ထွက်ကြသေးတာပဲ )

ထိုအချိန်တွင် ကျန်းချိုက်ချမ်းသည် လီမင်ဝမ်အား ရုတ်ချည်း အမုန်းတရားများ ပြည့်နှက်နေသော မျက်ဝန်းစိမ်းကြီးဖြင့် စိုက်ကြည့်လာကာ ဒေါသအပြည့်နှင့် ပြောဆိုလိုက်သည်။

“ပျောက်ဆုံးသွားတဲ့ ကျင့်ကြံသူတွေရဲ့ နောက်ကွယ်က အမှန်တရားကို ရှာဖို့အတွက် ကျွန်တော် ရက်ပေါင်းများစွာ အရူးတစ်ကောင်လို ဟန်ဆောင်ခဲ့ရတယ်။ ဒါပေမယ့် အဲ့ဒီ အကျင့်မကောင်းတဲ့ သစ္စာပေါက် လီမင်ဝမ်က သစ္စာဖောက်သွားမယ်လို့ ထင်မထားမိဘူး”

( ဟမ် )

ချီယွမ်တစ်ယောက် အလွန်အမင်း အံ့အားသင့်သွားကာ လီမင်ဝမ်ကို မေးခွန်းထုတ်သော အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။

“တစ်ကယ်တော့ ကျွန်တော်လည်းမလုပ်ချင်ပါဘူး....”

လီမင်ဝမ်သည် အနေခက်စွာ နှာခေါင်းကို တို့ထိလိုက်ရင်း ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။

“အဲ့ဒီအချိန်တုန်းက ကျွန်တော်ရဲ့ ကျင့်ကြံမှုကို ချီသန့်စင်ခြင်း ပြီးပြည့်စုံခြင်း အဆင့်ပဲ ရှိသေးတဲ့ ကျင့်ကြံသူ တစ်ယောက်အဖြစ် ပိတ်သိမ်းခဲ့ပြီး ဝမ်အိမ်တော်ရဲ့ အဆင့်မြင့် အစောင့်တစ်ယောက် ဖြစ်လာခဲ့တယ်။ ကျွန်‌တော်က ပါးနပ်ပြီး လူတွေနဲ့ ဆက်ဆံတာ ကောင်းလို့ဖြစ်မယ်။ နှစ်ရက်ထဲမှာပဲ ဝမ်အိမ်တော်ရဲ့ အိမ်တော်ထိန်းနဲ့ ရင်းနှီးသွားခဲ့တယ်။ နောက်ပိုင်းကျတော့ အိမ်တော်ထိန်းက ကျွန်တော့်ကို ဝိညာဉ်ကျောက်တုံး ရှာဖွေလို့ရမယ့် နည်းလမ်းတစ်ခုကို ပြောပြလာတယ်။ ကျွန်တော်သာ ငယ်ရွယ်ပြီး သန်မာတဲ့ ကျင့်ကြံသူ တစ်ယောက်ကို ပြန်ပေးဆွဲနိုင်မယ် ဆိုရင် ကျွန်‌တော့်ကို ဝိညာဉ်ကျောက်တုံး နှစ်ရာပေးမယ်တဲ့။ ကျွန်‌တော်ပိုပြီး ပြန်ပေးဆွဲသရွေ့ ကျွန်တော်ပိုပြီး ရလာမှာလို့ပြောတယ်”

( ပြန်ပေးဆွဲတယ် ဟုတ်လား )

ချီယွမ် အံ့အားသင့်သွားခဲ့သည်။

( ဖြစ်နိုင်တာက.... )

“ချီးပဲ အကျင့်မကောင်းတဲ့ ခွေးသား လီမင်ဝမ်”

လီမင်ဝမ်၏ စကားမဆုံးခင်မှာပဲ ကျန်းချိူက်ချမ်းသည် ဘေးမှာ ရပ်နေရာမှ ဒေါသတကြီး ဖြစ်လာကာ စတင် ဆဲရေးလေတော့သည်။

“မင်းပြောတော့ နားလည်မှု လွဲတာဆို။ မင်းသေချာ လုပ်ခဲ့တာမလား။ မင်းရဲ့မျက်လုံးထဲမှာ ငါက

ဝိညာဉ်ကျောက်တုံးနှစ်ရာပဲ တန်တဲ့ကောင်လား”

ပြောနေရင်းဖြင့် ကျန်းချိုက်ချမ်းသည် လီမင်ဝမ်ကို ကော်လံမှ ဆွဲမလိုက်ကာ အော်ဟစ်တော့သည်။

“ကျွန်တော်တို့ နှစ်ယောက်လုံးက သန့်စင်နယ်မြေရဲ့ တပည့်တွေပဲ။ ဒါပေမယ့် ဒီကောင်က ကျွန်တော်သတိမရှိနေတဲ့ အချိန် အနောက်ကနေ ခဲလုံးနဲ့ထုပြီး မေ့လဲသွားအောင် လုပ်ခဲ့တယ်။ ပြီး ဝမ်အိမ်တော်ရဲ့ မြေအောက်ခန်းထဲ ပို့ပေးခဲ့တယ်။ ကျွန်‌တော်နိုးလာတော့ မကောင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ စိုက်ကြည့်နေတဲ့ ကြောက်စရာ အဘိုးကြီး တစ်ယောက်နဲ့ပဲ တွေ့ရတော့တယ်။ ကျွန်တော်လည်း ကြောက်သွားတာပေါ့”

“အဲ့ဒီ လူတွေ ငါ့ကို ထိခိုက်အောင် လုပ်မယ်လို့ မင်းစိတ်တောင် မပူခဲ့ဘူးလား”

လီမင်ဝမ်သည် ကူကယ်ရာ မဲ့စွာဖြင့် ပခုံးတွန့်ပြလိုက်ရင်း

“ကျွန်တော် လီမင်ဝမ်က ဖြောင့်မတ်ရိုးသားပြီး စစ်မှန်ဂိုဏ်းက တပည့်တစ်ယောက်ပဲ။ ပုံမှန်အားဖြင့် အပြစ်မဲ့တဲ့သူကို ပြန်ပေးဆွဲမှာ မဟုတ်ဘူး။ ဝမ်အိမ်တော်မှာ ဆက်လက် သရုပ်ဖျက်နိုင်ဖို့ ရွေးချယ်စရာမရှိတော့ဘဲ ခက်ခက်ခဲခဲ ဆုံးဖြတ်ပြီးမှ သူ့ကို ပြန်ပေးဆွဲခဲ့ရတာပါ”

“ကျွန်တော် အစက ထင်ခဲ့တာတော့ ဝမ်အိမ်တော်မှာ ရာဂစိတ်ကြီးမားတဲ့ အမျိုးသမီးကြီး တစ်ယောက်ရှိနေပြီး သူက သန်မာတဲ့ ကျင့်ကြံသူတွေကို လိုချင်နေတာလို့ပဲ။ ဒါပေမယ့် ဝမ်အိမ်တော်ရဲ့ ခေါင်းဆောင်က ဒီလောက်အထိ ယုတ်ညံ့တဲ့ လူတစ်ယောက် ဖြစ်နေမယ်လို့ ဘယ်သူထင်နေမှာလဲ။ သူ့ရဲ့အသက်ကို ဆန့်နိုင်ဖို့အတွက် မကောင်းတဲ့နတ်ဆိုး သိုင်းပညာတွေ အသုံးပြုပြီးတော့ အသက်ရှင်နေတဲ့ လူတွေရဲ့ အသွေးအသားကနေ အဆီအနှစ်ကို စုပ်ယူပြီး သူ့ကိုယ်သူ အာဟာရဖြည့်တယ်”

( ဘာ ကျင့်ကြံသူတွေ ပျောက်နေတဲ့ ကိစ္စက ဝမ်အိမ်တော်ရဲ့ လက်ချက်လား )

ချီယွမ် အလွန်အမင်း အံ့အားသင့်သွားခဲ့သည်။

( ဒါက တိုက်ဆိုင်တာထက် တော်တော်လေး ပိုနေပြီ )

ချီယွမ် သတိဝင်လာသည်နှင့် စပ်စုစွာ မေးလိုက်တော့သည်။

“ဒါဆိုရင် ပြီးတော့ကော”

သူရဲကောင်းဆန်ခဲ့သော အမှတ်တရ တစ်ချို့ကို စဉ်းစားလိုက်သည်နှင့် ကျန်းချိုက်ချမ်း၏ ဒေါသများ အနည်းငယ် ပြေလျှော့သွားကာ ဂုဏ်ယူဝင့်ကြွားစွာ ပြောလာလေ၏။

“အဲ့ဒီအခြေအနေက ပြင်းထန်နေတယ် ဆိုပေမယ့် ကျွန်တော်ကျန်းချိုက်ချမ်းက သန့်စင်နယ်မြေကို ဂုဏ်သိက္ခာ မကျစေခဲ့ပါဘူး။ အဲ့ဒီကောင်က ဘယ်လောက်ပဲ ရိုင်းစိုင်းနေပါစေ ရွှေအမြု‌တေနယ်ပယ်အစောပိုင်း အဆင့်ပဲရှိနေသေးတာ။ လက်သီးတချက်နှင့် အသေအလဲ ပိတ်ကန်ပြီးတော့ သူ့ကို ပညာပေးခဲ့တယ်။ မကောင်းမှုကို ဘယ်လို အနိုင်ယူရမလဲ လက်တွေ့ သရုပ်ဖော် ပြသခဲ့တာပေါ့”

ကျန်းချိုက်ချမ်းသည် ပြောနေရင်းဖြင့် သိုလှောင် လက်စွပ်အတွင်းမှ ဝိုင်းစက်သော ဦးခေါင်းပြတ်တစ်ခုကို ထုတ်ယူကာ မြေပြင်ပေါ် ပစ်ချလိုက်သည်။

“တွေ့လား ကျွန်တော် လိမ်နေတာမဟုတ်ဘူး။ အဲ့ဒီ မကောင်းတဲ့ကောင်က ဝမ်ထျန်းသဲပဲ။ သူက ဝမ်မိသားစုရဲ့ ဘိုးဘေးတစ်ယောက်ဖြစ်တယ်”

ချီယွမ် အောက်ကိုငုံ့ကြည့်လိုက်ချိန်တွင် ဖြူဖွေးသောဆံပင်၊ မုတ်ဆိတ်မွှေးဖြူများနှင့် ခြောက်သွေ့နေသော အသားအရေ ကြားမှ မျက်လုံးများ ပြူးကျယ်ကာ ကြောက်လန့်တကြီး သေဆုံးခဲ့ရသောအရိပ်အယောင်များ ထင်ဟပ်နေသည့် လူခေါင်းကြီးကို တွေ့လိုက်ရသည်။

'ကောင်းကင်စက်ဝန်းသည် ကျယ်ပြန့်ပြီးတော့ အတွေးသည် အဆုံးမရှိကာ ဘယ်အရာမှ မလွတ်မြောက်နိုင်ပါ’ ဟူသော ဆိုရိုးစကား အတိုင်းပင် ဝမ်အိမ်တော်သည် မကောင်းသော လုပ်ရက်များစွာကို ကျူးကျော်ခဲ့သည့်အတွက် ယခုကဲ့သို့ အပြစ်ပေးခံရမှုနှင့် ထိုက်တန်သည်။

ခဏမျှ တုံ့ဆိုင်းပြီးနောက်တွင် ချီယွမ် ညင်သာစွာ ခေါင်းယမ်းလိုက်ရင်း ဝမ်အိမ်တော် ခေါင်းဆောင်၏ ခေါင်းပြတ်ကြီးကို သူ့၏ သို‌လှောင်လက်စွပ် အတွင်းသို့ ပုံမှန်လိုမျိုး သိမ်းဆည်းလိုက်သည်။ ထို့နောက်တွင် နက်ရှိုင်းသော အသံဖြင့်

“ဝမ်အိမ်တော်ရဲ့ ကျန်တဲ့သူတွေကော ဘာဖြစ်သွားလဲ”

ကျန်းချိုက်ချမ်း အေးစက်စွာ ပြုံးလိုက်ရင်း လူသတ် အရိပ်အငွေ့များ ပြည့်နေသော လေသံဖြင့်

“ဝမ်ထျန်းသဲက အသက်ရှည်နိုင်ဖို့အတွက် အပြစ်မဲ့ ကျင့်ကြံသူ အယောက်ရာချီပြီး သတ်ခဲ့တယ်။ သူ့ရဲ့လုပ်ရက်က ရိုင်းစိုင်းညံ့ဖျင်းပြီး ခွင့်လွှတ်ဖို့ မထိုက်တန်ဘူး။ မကောင်းတဲ့ သိုင်းပညာကို ကျင့်ကြံတဲ့ ဘယ်သူမဆို ချွင်းချက်မရှိ သတ်ပစ်ခံရမယ် ဆိုတဲ့ စည်းကမ်း အတိုင်းပဲ ကျွန်တော်တို့ သူ့ကိုသတ်ပစ်ခဲ့တယ်”

“ပြီးတော့ ကျွန်တော်တို့ ညီအကိုနှစ်ယောက် ဒီကိစ္စနဲ့ ပတ်သက်ပြီး သေချာဆက်စူးစမ်းခဲ့တယ်။ အခုဆို ဝမ်အိမ်တော်ထဲက အိမ်တော်ခေါင်းဆောင်နဲ့ ပူးပေါင်းတဲ့ ကြံရာပါအားလုံးလည်း သူတို့ရဲ့ ဘိုးဘေးနဲ့အတူ မြေအောက်လောကကို ရောက်သွားရပြီ”

“ဘာမှမသိခဲ့တဲ့ ဝမ်အိမ်တော်ရဲ့ ကျန်တဲ့ မိသားစုဝင်တွေ ကတော့ အသက်ချမ်းသာပေးခြင်း ခံခဲ့ရတယ်။ ဒါပေမယ့် သူတို့ရဲ့ ကျင့်ကြံမှုကိုတော့ ဖျက်ဆီးလိုက်တယ်။ နတ်ဆိုးသိုင်းပညာကို ကျင့်ကြံခဲ့တဲ့သူရဲ့ နောက်မျိုးဆက်တွေ ဖြစ်တာမလို့ သူတို့မှာ အဲ့လိုမျိုး လုပ်နိုင်တဲ့ အရည်အချင်းရှိနေတယ်။ ဒါ‌ကြောင့် သူတို့ရဲ့ ဝိညာဉ်သွေးကြောကို ဖယ်ထုတ်ပြီး ဒန်ထျန်ကို လုံးဝ ဖျက်ဆီးပြီး လုံးဝ ကျင့်ကြံလို့ မရအောင် လုပ်ခဲ့လိုက်တယ်”

စာစဉ်ပြီး၏

All Chapters