ထိတ်လန့်ခြင်း
Vol. 24 Ch. 350
~"အစ်ကိုကြီးဖုန်း သူ့ကို သိလို့လား"
လင်ရှောင်ရှောင်က အံ့အားသင့်စွာ မေးလိုက်သည်။
ဖုန်းဝူချန်မှာ ခဏမျှ ကြောင်သွားပြီး တစ်စုံတစ်ခုကို သဘောပေါက်သွားဟန်ဖြင့် ပြုံးလိုက်သည်။
"မသိပါဘူး ဒါပေမဲ့ သူက လက်နက်သန့်စင်သူ တစ်ယောက်ပဲ"
"လက်နက်သန့်စင်သူ"
လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့ နှစ်ဦးစလုံး အနည်းငယ် တုန့်သွားကြသည်။ ထို့နောက် ချက်ချင်းပင် တစ်စုံတစ်ခုကို တစ်ပြိုင်နက်တည်း သဘောပေါက်သွားဟန်ဖြင့် မျက်နှာတွင် ကြည်နူးသော အပြုံးများ ပေါ်လာကြ၏။
"ကျန်းထျန်းရွှမ်း"
'ရှန်ကွမ်းထျန်းယွဲ့' ၏ မျက်နှာသည် အကြောက်တရားများဖြင့် ပြည့်နှက်သွားသည်။ အကြောင်းမှာ သူ ထိုလူမည်သူမည်ဝါ ဖြစ်သည်ကို မှတ်မိသွားသောကြောင့်တည်း။
"'ကျန်း' မိသားစုက 'ကျန်းထျန်းရွှမ်း'"
'လျို' မိသားစု ခေါင်းဆောင်နှင့် အခြား အဓိက မိသားစုကြီး နှစ်ခုမှ အဆင့်မြင့် ပုဂ္ဂိုလ်များအားလုံး 'ကျန်းထျန်းရွှမ်း' မည်သူမည်ဝါ ဖြစ်သည်ကို မှတ်မိသွားကြပြီး အားလုံး ကြောက်လန့်တကြား ဝိညာဉ်လွင့်မတတ် ဖြစ်သွားကြသည်။
"'ကျန်း' မိသားစု" အပြင်းအထန် ဒဏ်ရာရထားသော 'မော့ချင်းယွင်' ၏ ဖြူဖျော့နေသော မျက်နှာသည် လုံးဝ တောင့်တင်းသွားတော့သည်။
'ကျန်းထျန်းရွှမ်း' ကို မှတ်မိသူများမှာ 'ထျန်းလော့' မြို့၏ မိသားစုကြီး လေးခုမှ အဆင့်မြင့် ပုဂ္ဂိုလ်များနှင့် အစွမ်းထက်သော ကျင့်ကြံခြင်း အဆင့် ရှိသည့် လွတ်လပ်သော ကျင့်ကြံသူ အချို့သာ ဖြစ်သည်။ အခြားသူများမှာမူ 'ကျန်းထျန်းရွှမ်း' မည်သူမည်ဝါ ဖြစ်သည်ကို မသိကြပေ။
သို့သော် 'ရှန်ကွမ်းထျန်းယွဲ့' ကို အတင်းအကျပ် ဒူးထောက်စေနိုင်ပြီး 'ကောင်းကင်ဘုံ လူသား' ဘုံ ပဉ္စမလွှာ၏ ကြောက်မက်ဖွယ် အစွမ်းကို ပိုင်ဆိုင်ထားရုံမျှဖြင့် 'ကျန်းထျန်းရွှမ်း' တွင် ကြီးမားသော နောက်ခံ ရှိသည်ကို ပြသရန် လုံလောက်နေသည်။
အားလုံးက နားမလည်နိုင်၊ တုန်လှုပ်ခြောက်ခြားကာ ကြောက်ရွံ့နေကြစဉ် 'ကျန်းထျန်းရွှမ်း' သည် ဖြည်းညှင်းစွာ လှည့်လိုက်သည်။ ထို့နောက် ဖုန်းဝူချန်၏ ရှေ့မှောက်သို့ လေးနက်စွာ ဦးညွှတ်လိုက်ပြီး အလွန်အမင်း ရိုသေလေးစားစွာ ဆိုလိုက်သည်။
" တပည့် 'ကျန်းထျန်းရွှမ်း' က 'ဆေးဧကရာဇ်' ကို ဂါရဝပြုပါတယ်"
"တပည့်"
'ကျန်းထျန်းရွှမ်း' က သူ့ကိုယ်သူ "တပည့်" ဟု သုံးနှုန်းလိုက်ပြီး ထို လျှို့ဝှက်ဆန်းကြယ်သော လူငယ်အား "ဆေးဧကရာဇ်" ဟု ခေါ်လိုက်သည်။
ဒါ ဒါ ဘာတွေ ဖြစ်ကုန်တာလဲ။
'ကျန်းထျန်းရွှမ်း' ဆိုတာ 'ကျန်း' မိသားစုရဲ့ 'ထျန်း' မျိုးဆက်ထဲက ပါရမီရှင် မဟုတ်လား။ အသက် သုံးဆယ်တည်းနဲ့ 'ဆဌမ အဆင့်' လက်နက်သန့်စင်သူ ဖြစ်နေပြီ။ သူကိုယ်တိုင် 'ကောင်းကင်ဘုံ လူသား' ဘုံ ပဉ္စမလွှာ အဆင့် စွမ်းအားရှင်တစ်ယောက်။ 'ဝူကျိ' နယ်မြေ တစ်ခွင်လုံးမှာ သြဇာအာဏာ ကြီးမားသူတစ်ဦး မဟုတ်ပါလား။
မိသားစုကြီး လေးခုမှ အဖွဲ့ဝင်များ အပါအဝင် မြင်ကွင်းရှိ လူတိုင်း ကျောက်ရုပ်များကဲ့သို့ ပါးစပ် အဟောင်းသားဖြင့် ကြက်သေသေသွားကြသည်။
'ရှန်ကွမ်း' မိသားစု၏ အဆင့်မြင့် ပုဂ္ဂိုလ်များမှာ လုံးဝ မျှော်လင့်ချက် ကင်းမဲ့သွားကြတော့သည်။
ဤမျှ ထူးကဲသော အဆင့်အတန်း ရှိသည့် 'ကျန်းထျန်းရွှမ်း' ပင်လျှင် ဖုန်းဝူချန်၏ ရှေ့မှောက်တွင် သူ့ကိုယ်သူ "တပည့်" ဟု သုံးနှုန်းရပြီး ဤမျှ ရိုသေနေရသည် ဆိုလျှင် ဖုန်းဝူချန်၏ အဆင့်အတန်းကရော။
"သူ သူ ဘယ်သူလဲ။ ဒီလောက် ကြောက်စရာကောင်းတဲ့ နောက်ခံ ရှိနေတယ်"
"'ကျန်းထျန်းရွှမ်း' က သူ့ကို အရမ်း ရိုသေနေတာပဲ 'ဆေးဧကရာဇ်' လို့တောင် ခေါ်တယ်"
"'ရှန်ကွမ်း' မိသားစုက သူတို့ လုံးဝ မထိသင့်တဲ့ လူကို သွားထိမိပြီ။ မဆန်းပါဘူး 'ရှန်ကွမ်းချင်း' ကို သတ်ရဲပြီး 'မော့ချင်းယွင်' ကိုတောင် ဒဏ်ရာရအောင် လုပ်ရဲတယ် ဆိုကတည်းက"
"'ရှန်ကွမ်း' မိသားစုတော့ သွားပြီ။ 'ကျန်း' မိသားစုကတောင် ရိုသေရတဲ့ အဓိပတိ တစ်ယောက်ကို သွားစော်ကားမိမှတော့ သူတို့ သေရုံပဲ ရှိတော့တယ်။ ဒီကိစ္စကြောင့် 'ထျန်းတောက်' ဂိုဏ်းတောင် ပါသွားနိုင်တယ်"
နောက်ဆုံးတွင် လူတိုင်း ဖုန်းဝူချန်နှင့် သူ့အဖွဲ့သည် သာမန်လူများ လုံးဝ မဟုတ်ကြဘဲ ထူးကဲသော အဆင့်အတန်းများနှင့် ဂုဏ်ပုဒ်များကို ပိုင်ဆိုင်ထားကြောင်း အမှန်တကယ် သဘောပေါက်သွားကြသည်။
"ကျန်းထျန်းရွှမ်း" ဖုန်းဝူချန်က အနည်းငယ် ခေါင်းညိတ်လိုက်သည်။
"တပည့် နောက်ကျသွားပါတယ်။ 'ဆေးဧကရာဇ်' ခွင့်လွှတ်ပေးပါ" 'ကျန်းထျန်းရွှမ်း' က နောက်တစ်ကြိမ် ဦးညွှတ်ရင်း လေးစားစွာ ဆိုသည်။
"ကိစ္စမရှိပါဘူး" ဖုန်းဝူချန်က ခပ်ရေးရေး ပြုံးကာ ပြန်ဖြေလိုက်သည်။ သူ လုံးဝ စိတ်ထဲ မထားသော်လည်း အနည်းငယ် အံ့အားသင့်နေမိသည်။
'ကျန်းထျန်းရွှမ်း' က လေးစားစွာ ဆက်ပြောလာသည်က..
"ပထမ အကြီးအကဲနဲ့ သခင်လေးတို့ မကြာခင် ရောက်ပါတော့မယ်။ တပည့်က 'ထျန်းလော့' မြို့ အနီးအနားမှာ လက်နက်သန့်စင်ဖို့ ပစ္စည်းတွေ လာဝယ်ရင်း သတင်းရတာနဲ့ ချက်ချင်း အမြန်ဆုံး လာခဲ့တာပါ"
'ကျန်းထျန်းရွှမ်း' ၏ စကားသံ ဆုံးသည်နှင့် အထက် ကောင်းကင်ယံတွင် ထူးဆန်းသော ဖြစ်ရပ်တစ်ခု ပေါ်ပေါက်လာသည်။ ကောင်းကင်၏ အစိတ်အပိုင်းကြီးတစ်ခု လှုပ်ခတ်သွားပြီး ဖြူလွှသော အလင်းတန်း ဒါဇင်ပေါင်းများစွာက တိမ်ပင်လယ်ကို ထိုးဖောက် ဝင်ရောက်လာကြသည်။
တဆက်တည်း၌၊ 'ထျန်းလော့' မြို့ရှိ ကျင့်ကြံသူ အားလုံးသည် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါ ဒါဇင်ပေါင်းများစွာကို ခံစားမိလိုက်ကြသည်။ သူတို့သည် 'ထျန်းလော့' မြို့ဆီသို့ ထိတ်လန့်ဖွယ် အရှိန်နှုန်းဖြင့် ပျံသန်းလာနေကြသည်။
"'ကောင်းကင်ဘုံ လူသား' ဘုံ။ မ မဟုတ်ဘူး။ 'ထျန်းကျိ' ဘုံ စွမ်းအားရှင်တွေ။"
"တကယ်ကြီး 'ထျန်းကျိ' ဘုံ စွမ်းအားရှင်တွေပါလား။ ဘုရား ဘုရား။ ဘာတွေ ဖြစ်နေတာလဲ"
"စွမ်းအားရှင်တွေ အများကြီးပဲ။ 'ထျန်းတောက်' ဂိုဏ်းက စွမ်းအားရှင်တွေ ရောက်လာတာလား။ ဒါပေမဲ့ 'ထျန်းတောက်' ဂိုဏ်းမှာ 'ထျန်းကျိ' ဘုံ စွမ်းအားရှင် တစ်ယောက်ပဲ ရှိတာ မဟုတ်ဘူးလား"
"'ကျန်း' မိသားစု။ 'ကျန်း' မိသားစုက စွမ်းအားရှင်တွေ။ ပထမ အကြီးအကဲနဲ့ 'ကျန်း' မိသားစုရဲ့ သခင်လေး"
မြို့ဂိတ်မှ ပွဲကြည့် ပရိသတ်များမှာ အလွန်အမင်း တုန်လှုပ်ခြောက်ခြားသွားကြပြီး ကြောက်မက်ဖွယ်ရာ မျက်နှာထားများ ဖြစ်နေကြသည်။ ရောက်ရှိလာသော စွမ်းအားရှင်များမှာ 'ကျန်း' မိသားစုမှ ဖြစ်ကြောင်း သိလိုက်ရသောအခါ သူတို့၏ နှလုံးသားများ ရင်ဘတ်ထဲမှ ခုန်ထွက်တော့မတတ် ဖြစ်သွားကြသည်။
"'ကျန်း' မိသားစုရဲ့ ပထမ အကြီးအကဲ" 'လျို' မိသားစု ခေါင်းဆောင်၏ မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားပြီး ဖုန်းဝူချန်အား ကြောက်မက်ဖွယ်ရာ ပြူးကျယ်သော မျက်လုံးများဖြင့် ရုတ်တရက် လှမ်းကြည့်လိုက်သည်။
"သွားပြီ အကုန်လုံး သွားပါပြီ" 'ရှန်ကွမ်း' မိသားစု၏ အဆင့်မြင့် ပုဂ္ဂိုလ်များမှာ လုံးဝ မျှော်လင့်ချက် ကင်းမဲ့သွားပြီး မြေပြင်ပေါ်သို့ အားမရှိစွာ ပုံကျသွားကြသည်။
'ရှန်ကွမ်းချင်း' သည် မည်မျှ ကြောက်မက်ဖွယ် ကောင်းသော ပုဂ္ဂိုလ်တစ်ဦးကို ရန်စခဲ့မိသည်ကို 'ရှန်ကွမ်းထျန်းယွဲ့' နှင့် အခြားသူများ စဉ်းပင် မစဉ်းစားရဲကြတော့ပေ။
“ဝှစ်..ဝှစ်”
ထိပ်တန်း စွမ်းအားရှင် ဒါဇင်ပေါင်းများစွာသည် လျင်မြန်စွာ ပျံသန်းလာကြပြီး မျက်စိတစ်မှိတ်အတွင်း ဖုန်းဝူချန်၏ ရှေ့မှောက်သို့ ရောက်ရှိလာကြသည်။ ကြောက်မက်ဖွယ် အင်အားစုကြီး တစ်ခုပါတည်း။
ထို စွမ်းအားရှင် ဒါဇင်ပေါင်းများစွာမှာ 'ကျန်း' မိသားစုမှ အတိအကျ ဖြစ်ပြီး ၎င်းတို့မှာ 'ကျန်း' မိသားစု၏ စွမ်းအားရှင် အင်အားများထဲမှ အနည်းငယ်မျှသော အစိတ်အပိုင်း တစ်ခုသာ ဖြစ်သည်။
ဦးဆောင်လာသူများမှာ အခြားသူများ မဟုတ်ဘဲ 'ကျန်း' မိသားစု၏ ပထမ အကြီးအကဲ 'ကျန်းဝူဖုန်း' နှင့် သခင်လေး 'ကျန်းကျွင့်လန်' တို့ပင် ဖြစ်ကြသည်။
"'ကျန်း' မိသားစုရဲ့ ပထမ အကြီးအကဲ"
"နံပါတ်တစ် ပါရမီရှင် လက်နက်သန့်စင်သူ 'ကျန်းကျွင့်လန်'"
ရောက်ရှိလာသူများကို မြင်တွေ့လိုက်ရသောအခါ မြင်ကွင်းရှိ လူတိုင်း အော်ဟစ်မိကြပြီး စိတ်လှုပ်ရှားမှု၊ တုန်လှုပ်မှု၊ ကြောက်ရွံ့မှု အစရှိသော မျက်နှာထားများစွာ ဖြစ်ပေါ်နေကြသည်။
"'ကောင်းကင်ဘုံ လူသား' ဘုံ အဋ္ဌမလွှာ။ ခစ်ခစ်..
'ကျန်း' မိသားစုရဲ့ အစွမ်းက တကယ်ကို ကြောက်ဖို့ကောင်းတာပဲ။ ကြည့်ရတာ သူတို့မှာ 'ထျန်းကျိ' ဘုံ စွမ်းအားရှင်တွေလည်း ရှိပုံပဲနော်.." လင်ရှောင်ရှောင်က ခပ်ဖွဖွ ရယ်မောရင်း ဆိုသည်။
"'ကောင်းကင်ဘုံ လူသား' ဘုံ အဋ္ဌမလွှာ" လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့မှာ ပါးစပ် အဟောင်းသားဖြင့် တုန်လှုပ်စွာ အော်ဟစ်မိကြသည်။
'ကျန်းဝူဖုန်း'၊ 'ကျန်းကျွင့်လန်' နှင့် အခြားသူများ ရောက်ရှိလာခြင်းက 'ထျန်းလော့' မြို့၏ မိသားစုကြီး လေးခုမှ အဆင့်မြင့် ပုဂ္ဂိုလ်များ အကြား ကြောက်ရွံ့မှု လှိုင်းများ ဖြစ်ပေါ်စေပြီး 'ရှန်ကွမ်း' မိသားစုအား မျှော်လင့်ချက် ကင်းမဲ့ခြင်း၏ အစွန်ဆုံးသို့ တွန်းပို့ပေးလိုက်သည်။
'ရှန်ကွမ်းထျန်းယွဲ့' သည် မြေပြင်ပေါ်တွင် ဒူးထောက်လျက် တစ်လက်မမျှ မလှုပ်ရဲတော့ပေ။ သူ၏ သား သေဆုံးသွားခဲ့သော်လည်း ဤအခိုက်အတန့်တွင် ဒေါသ အငွေ့အသက် တစ်စမျှပင် မထားရဲဘဲ ကြောက်ရွံ့မှုနှင့် မျှော်လင့်ချက် ကင်းမဲ့မှုတို့သာ ရှိနေသည်။
'ကျန်းကျွင့်လန်' က ဦးစွာ 'ရှန်ကွမ်းထျန်းယွဲ့' အား အေးစက်သော အကြည့်တစ်ချက် ပစ်လွှတ်လိုက်သည်။ မမေးဘဲနှင့်ပင် အခြေအနေကို သူ ခန့်မှန်းမိလိုက်သည်။ သူ၏ အေးစက်သော အကြည့်က 'ရှန်ကွမ်းထျန်းယွဲ့' အား တုန်ရီသွားစေသည်။
'ကျန်းကျွင့်လန်' နှင့် 'ကျန်းဝူဖုန်း' တို့ ဖြည်းညှင်းစွာ ရှေ့တိုးလာသည်။ လူတိုင်း၏ တုန်လှုပ်သော အကြည့်များ အလယ်တွင် သူတို့နှစ်ဦးလည်း လေးစားစွာ ဦးညွှတ်လိုက်ကြသည်။
"ဆေးဧကရာဇ်"
"ဆရာ"
"ဆရာ"
'ကျန်းကျွင့်လန်' က ထိုလူငယ်အား "ဆရာ" ဟု အမှန်တကယ် ခေါ်လိုက်ပေသည်။
'ကျန်း' မိသားစု၏ ပထမ အကြီးအကဲက လူငယ် တစ်ယောက်ကို ဦးညွှတ် ဂါရဝပြုလိုက်သည်။
ဒါ ဘာတွေ ဖြစ်နေတာလဲ။ 'ပြည်မကြီး၏ နံပါတ်တစ် မျိုးဆက်သစ် လက်နက်သန့်စင်သူ' ဟု သိကြသော 'ကျန်းကျွင့်လန်' မှာ ဤမျှ ငယ်ရွယ်သော ဆရာ တစ်ယောက် ရှိနေခဲ့သည်။
ထို လျှို့ဝှက်ဆန်းကြယ်သော လူငယ်သည် အမှန်စင်စစ် မည်သူနည်း။
နံပါတ်တစ် မျိုးဆက်သစ် လက်နက်သန့်စင်သူ၏ ဆရာ ဖြစ်နိုင်ရုံသာမက 'ကျန်းဝူဖုန်း' ကဲ့သို့ အရေးပါသော ပုဂ္ဂိုလ်ကြီးကပင် ဤမျှ ရိုသေလေးစားမှု ပြသရသည်။
'လျိုယွင်ဖေး' မှာ ကြောက်လန့်တကြား တုန်ရီနေသည်။
‘ဆေးဧကရာဇ်တဲ့လား သွားပါပြီ အကုန်လုံး သွားပါပြီ’
'ကျန်းဝူဖုန်း' ကဲ့သို့ အစွမ်းထက်သော ပုဂ္ဂိုလ်ကြီးက သူ့အား ဂါရဝပြုသည်ကို မြင်သောအခါ ဖုန်းဝူချန် အံ့အားသင့်သွားပြီး အလျင်အမြန် ငြင်းဆိုလိုက်သည်။
"စီနီယာ ဒီလောက် ကြီးကျယ်တဲ့ ဂါရဝပြုမှုမျိုးကို ကျွန်တော် တကယ် လက်မခံနိုင်ပါဘူး ကျွန်တော့်အသက်တိုသွားပါဦးမယ်"
ထိုစဥ်၊ 'ကျန်းကျွင့်လန်' က အလျင်အမြန် မိတ်ဆက်ပေးလိုက်သည်။
"ဆရာ ဒါက ကျွန်တော့်ရဲ့ 'ကျန်း' မိသားစု ပထမ အကြီးအကဲပါ"
ဤသို့ ကြားသောအခါ ဖုန်းဝူချန်က အလျင်အမြန်ပင် လက်နှစ်ဖက် ဆုပ်ကာဖြင့် ဂါရဝပြုလိုက်သည်။
"ဒါဆို ပထမ အကြီးအကဲ ကိုယ်တိုင်ပေါ့"
"'ဆေးဧကရာဇ်' က သဘောထား ကြီးမြတ်လွန်းပါတယ်"
'ကျန်းဝူဖုန်း' က ယဉ်ကျေးသော အပြုံးဖြင့် ဆိုလိုက်သည်။ သူ၏ အပြုံးထဲတွင် မျက်နှာသာ ပေးခံရသဖြင့် ဝမ်းမြောက်သော အရိပ်အယောင် အနည်းငယ် ပါဝင်နေလေသည်။
'ကျန်းဝူဖုန်း' သည် ဖုန်းဝူချန်၏ ရူးလောက်သော စွမ်းရည်များအကြောင်း 'ကျန်းကျွင့်လန်' ထံမှ ကြားသိထားပြီး ဖြစ်သည်။
'ကျန်းကျွင့်လန်' သူ့ကို မပြောခဲ့လျှင်ပင် 'ဆေးဧကရာဇ်' ဟူသော ဘွဲ့ အမည်တစ်ခုတည်းကပင် 'ကျန်းဝူဖုန်း' အား သူ့ကို မော့ကြည့်စေရန် လုံလောက်နေသည်။
ဖုန်းဝူချန်က 'ကျန်းကျွင့်လန်' အား ပေးအပ်ခဲ့သော လက်နက်သန့်စင်ခြင်း ကျင့်စဉ်မှာ 'ကျန်း' မိသားစု ကိုယ်တိုင်ပင် မဖန်တီးနိုင်သော အရာ ဖြစ်သည်။ ထိုအချက် တစ်ခုတည်းကပင် 'ကျန်းဝူဖုန်း' သူ၏ လေးစားမှုကို ပြသရန် အကြောင်းပြချက် လုံလောက်နေသည်။
"'ဆေးဧကရာဇ်' ကို ဂါရဝပြုပါတယ်" 'ကျန်း' မိသားစု၏ စွမ်းအားရှင် ဒါဇင်ပေါင်းများစွာက စိတ်လှုပ်ရှားစွာ ဂါရဝပြုကြသည်။ နောက်ဆုံးတွင် သူတို့ အကြာကြီး မျှော်လင့်နေခဲ့သော 'ဆေးဧကရာဇ်' ကို မြင်တွေ့လိုက်ရပြီ ဖြစ်သည်။
'ကျန်း' မိသားစုကဲ့သို့ ကြောက်မက်ဖွယ် မိသားစုကြီးကပင် ဖုန်းဝူချန်အား ဤမျှ ရိုသေလေးစားမှု ပြသနေသည် ဆိုလျှင် သူ၏ အဆင့်အတန်းမှာ အမှန်တကယ် မည်သို့နည်း။
"ပထမ အကြီးအကဲ သူက မမလေး လင်ရှောင်ရှောင် ဆရာ့ရဲ့ ချစ်သူပါ။ သူက လျိုချင်းယန်နဲ့ မြောင်ချင်းချင်း သူတို့က ဆရာ့ရဲ့ သူငယ်ချင်းကောင်းတွေပါ" 'ကျန်းကျွင့်လန်' က တစ်ယောက်ချင်းစီကို မိတ်ဆက်ပေးလိုက်လေသည်။
"ပထမ အကြီးအကဲကို ဂါရဝပြုပါတယ်" လင်ရှောင်ရှောင်နှင့် လျိုချင်းယန်တို့ နှစ်ဦးလည်း လေးစားစွာ နှုတ်ဆက်လိုက်ကြသည်။
'ကျန်းဝူဖုန်း' က ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်သည်။ အကယ်၍သာ အခြားသူများ ဖြစ်ခဲ့ပါလျှင် 'ကျန်းဝူဖုန်း' က သူတို့ကို အရေးတယူ စိုက်ကြည့်မည် မဟုတ်ပေ။ သို့သော် ဖုန်းဝူချန်၏ သူငယ်ချင်းများ ဖြစ်သည့်အတွက် သူ လျစ်လျူရှု မပြုရဲဘဲ ယဉ်ကျေးစွာ ခေါင်းညိတ်၍ ပြန်လည် နှုတ်ဆက်လိုက်သည်။
"ဆရာ ကျွန်တော့် အဘိုးနဲ့ အဖေက အိမ်မှာ စောင့်နေပါပြီ။ ကျေးဇူးပြုပြီး ကြွပါ။ 'ရှန်ကွမ်း' မိသားစု ကိစ္စကို ဦးလေး 'ကျန်း' က ရှင်းပါလိမ့်မယ်" 'ကျန်းကျွင့်လန်' က လေးစားစွာ တိုက်တွန်းလာသည်။
'ကျန်းထျန်းရွှမ်း' က လေးစားစွာ ဆိုသည်။
"'ဆေးဧကရာဇ်' စိတ်ချပါ ကျုပ် ကောင်းကောင်း ကိုင်တွယ်လိုက်ပါ့မယ်"
ဤသို့ ကြားသောအခါ 'ရှန်ကွမ်းထျန်းယွဲ့' အပါအဝင် 'ရှန်ကွမ်း' မိသားစု၏ စီနီယာ ပုဂ္ဂိုလ်များ မျက်နှာ ဖြူဖပ်ဖြူလျော် ဖြစ်သွားကြသည်။
'ရှန်ကွမ်းထျန်းယွဲ့' က အသည်းအသန် ဦးခေါင်းဖြင့် ဆောင့်ကာ တောင်းပန်လေသည်။
"'ဆေးဧကရာဇ်' အသက် ချမ်းသာပေးပါ။ ပထမ အကြီးအကဲ သနားပါ။ ကျွန်တော်တို့ 'ဆေးဧကရာဇ်' ရဲ့ အဆင့်အတန်းကို မသိခဲ့ပါဘူး။ စော်ကားမိတာ မဟုတ်ပါဘူး ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်"
"'ဆေးဧကရာဇ်' ခွင့်လွှတ်ပေးပါ"
'ရှန်ကွမ်း' မိသားစု၏ စီနီယာ ပုဂ္ဂိုလ်များက တညီတညွတ်တည်း ဦးခေါင်းဖြင့် ဆောင့်ကာ အသက် ချမ်းသာပေးရန် တောင်းပန်ကြ
တော့သည်။
'လျိုယွင်ဖေး' အပါအဝင် သခင်လေးများလည်း အလျင်အမြန် ဒူးထောက်ကာ ခွင့်လွှတ်ပေးရန် တောင်းပန်ကြသည်။
"'ဆေးဧကရာဇ်' ခွင့်လွှတ်ပေးပါ။ ကျွန်တော်တို့ 'ဆေးဧကရာဇ်' ကို စော်ကားဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး စိတ်ရင်းမှန်နဲ့ သနားပေးဖို့ တောင်းပန်ပါတယ်"
မိမိတို့၏ သားများ ဒူးထောက် တောင်းပန်နေသည်ကို မြင်တွေ့ရသောအခါ အခြား အဓိက မိသားစု ခေါင်းဆောင် သုံးဦး၏ မျက်နှာများ သိသိသာသာ ပြောင်းလဲသွားပြီး ကြောက်လန့်တကြား ဖြစ်သွားကြသည်။
"ဒီသောက်ငတုံးတွေ"
မိသားစု ခေါင်းဆောင် တစ်ဦးစီတိုင်း ဒေါသထွက်သွားပြီး တုံ့ဆိုင်းမနေဘဲ မိမိတို့၏ သားများကို ပြင်းထန်စွာ ပါးရိုက်လိုက်ကြသည်။ သူတို့မှာ ဒေါသထွက်လွန်းသဖြင့် ပေါက်ကွဲထွက်တော့မတတ် ဖြစ်နေကြသည်။
ဤမျှ ကြီးမြတ်သော ပုဂ္ဂိုလ်ကြီးကို ရန်စရဲသည့် မျက်စိ မရှိသော လူမိုက်တစ်ဦးကို မွေးမြူမိခြင်း အတွက် သူတို့ ကိုယ့်ကိုယ်ကိုယ် ကျိန်ဆဲနေမိကြသည်။
သို့သော် 'ကျန်းကျွင့်လန်' က 'ရှန်ကွမ်း' မိသားစုကိုသာ ဖော်ညွှန်းခဲ့ပြီး အခြား မိသားစုများကို ထည့်သွင်း ပြောဆိုခြင်း မရှိသည့်အတွက် သူတို့ စိတ်သက်သာရာ ရသွားကြ၏။
ဖုန်းဝူချန်က ခေါင်းညိတ်လိုက်ပြီး သူတို့ကို တစ်ချက်မျှပင် လှည့်မကြည့်ဘဲ 'ကျန်းဝူဖုန်း'၊ 'ကျန်းကျွင့်လန်' နှင့် အခြား စွမ်းအားရှင်များနှင့်အတူ ထွက်ခွာသွားတော့သည်။
'ကျန်းထျန်းရွှမ်း' နှင့် စွမ်းအားရှင် အချို့သာ နေရစ်ခဲ့သည်။
"'ဆေးဧကရာဇ်' 'ဆေးဧကရာဇ်'"
'ရှန်ကွမ်းထျန်းယွဲ့' နှင့် အခြားသူများ ထိတ်လန့်တကြား အော်ခေါ်လိုက်ကြသော်လည်း အချည်းနှီးသာ ဖြစ်သည်။
'ရှန်ကွမ်းထျန်းယွဲ့' က ထိတ်လန့်တကြားဖြင့် 'ကျန်းထျန်းရွှမ်း' အား အလျင်အမြန် ကြည့်လိုက်ပြီး ကြောက်ရွံ့စွာ တောင်းပန်လိုက်သည်။
"လက်နက်သန့်စင်သူ 'ကျန်း' ကျုပ်သား သေဆုံးသွားပါပြီ 'ရှန်ကွမ်း' မိသားစုကို ချမ်းသာပေးပါ"
'ကျန်းထျန်းရွှမ်း' ၏ မျက်နှာအမူအရာမှာ အေးစက်နေသည်။
"ငါသာ နည်းနည်းလေး နောက်ကျခဲ့ရင် ဘာဆက်ဖြစ်မလဲ မင်း သိရဲ့လား"
'ကျန်းထျန်းရွှမ်း' ၏ အမြင်တွင် အကယ်၍သာ သူ တစ်ခဏ နောက်ကျခဲ့ပါလျှင် 'ရှန်ကွမ်းထျန်းယွဲ့' ၏ အစွမ်းဖြင့် ဖုန်းဝူချန်အား သတ်ပစ်ရန်မှာ လက်ဖဝါးကို လှန်လိုက်သကဲ့သို့ လွယ်ကူလှသည်။ အကယ်၍ ဖုန်းဝူချန်သာ သေဆုံးသွားပါက 'ကျန်း' မိသားစုအား 'အင်မော်တယ် လက်နက် စံအိမ်' ကို ခုခံရန် မည်သူ ကူညီပေးနိုင်တော့မည်နည်း။ ထိုသို့ဆိုလျှင် 'ကျန်း' မိသားစုမှာ ကပ်ဘေးကြီးနှင့် ရင်ဆိုင်ရမည် မဟုတ်ပါလား။
'ရှန်ကွမ်းထျန်းယွဲ့' သည် 'ကျန်း' မိသားစုအား ပျက်စီးခြင်း၏ နယ်နိမိတ်သို့ တွန်းပို့လိုက်မတတ် ဖြစ်ခဲ့သည်။
'ကျန်းထျန်းရွှမ်း' က 'ရှန်ကွမ်း' မိသားစုကို လွယ်လွယ်ဖြင့် ခွင့်လွှတ်နိုင်ပါ့မလား။ ထို့အပြင် သူ ဖုန်းဝူချန်အား ကျေနပ်လောက်သော ဖြေရှင်းချက်တစ်ခု ပေးရဦးမည် ဖြစ်သည်။
'ရှန်ကွမ်းထျန်းယွဲ့' မှာ အကျိုးဆက်များ မည်သို့ ဖြစ်နိုင်သည်ကို မသိဘဲ ထိတ်လန့်စွာ ဆိုသည်။ "'ဆေးဧကရာဇ်' ရဲ့ အဆင့်အတန်းက ထူးကဲတယ် ဆိုတာ ကျုပ် သိပါတယ်။ ကျုပ်သားက 'ဆေးဧကရာဇ်' ကို စော်ကားခဲ့တာ သူ သေသင့်ပါတယ်။ ဒါပေမဲ့ လက်နက်သန့်စင်သူ 'ကျန်း' ရယ်..ကျုပ်တို့ 'ဆေးဧကရာဇ်' ရဲ့ အဆင့်အတန်းကို မသိခဲ့ပါဘူးဗျာ။ 'ရှန်ကွမ်း' မိသားစုက 'ဆေးဧကရာဇ်' ကို တောင်းပန်ပါမယ်"
"မလိုဘူး"
'ကျန်းထျန်းရွှမ်း' က အေးစက်စွာ ပြန်ဖြေလိုက်ရင်း သူ၏ လက်ညှိုးကို လှစ်ခနဲ လှုပ်ရှားလိုက်ရာ ကြောက်မက်ဖွယ် စွမ်းအင် အလင်းတန်း တစ်ခုက 'ရှန်ကွမ်းထျန်းယွဲ့' ၏ နဖူး အလယ်ဗဟိုကို ချက်ချင်း ထိုးဖောက်သွားသည်။
'ရှန်ကွမ်းထျန်းယွဲ့' ထိုနေရာတွင်ပင် အသက်ပျောက်သွားခဲ့လေ၏။
ထို့နောက်၊
"'ရှန်ကွမ်း' မိသားစုကို ချေမှုန်းပစ်လိုက်" ဟု 'ကျန်းထျန်းရွှမ်း' က အေးစက်စွာ အမိန့်ပေးလိုက်ရာ စွမ်းအားရှင် အချို့ ချက်ချင်းပင် တုံ့ဆိုင်းမနေဘဲ လှုပ်ရှားလိုက်ကြသည်။
'ထျန်းလော့' မြို့ရှိ မိသားစုကြီး၊ ငယ်များ အပါအဝင် ပွဲကြည့် ပရိသတ်များမှာ ကြောက်လန့်လွန်းသဖြင့် စကားတစ်ခွန်းမျှ မပြောရဲကြဘဲ မျက်နှာများမှာ စက္ကူကဲ့သို့ ဖြူဖျော့နေကြသည်။
'ကျန်း' မိသားစုသည် သဘောထား မတိုက်ဆိုင်ရုံမျှဖြင့် အင်အားစု တစ်ခုကို ရှင်းလင်းလေ့ မရှိခဲ့ပေ။ သို့သော် ဤတစ်ကြိမ်တွင် 'ရှန်ကွမ်း' မိသားစုအား ချေမှုန်းပစ်ရန် တုံ့ဆိုင်းမနေဘဲ အမိန့်ပေးလိုက်ခြင်းက ဖုန်းဝူချန်သည် သူတို့အတွက် မည်မျှ အရေးပါသည်ကို ပြသနေသည်။
'ကျန်းထျန်းရွှမ်း' ၏ အေးစက်သော အကြည့်များက အခြား အဓိက မိသားစုကြီး သုံးခုထံသို့ လှစ်ခနဲ ကျရောက်သွားရာ သူတို့အား ကြောက်လန့်တကြား တုန်ရီသွားစေသည်။ ဤမိသားစု သုံးခုလုံးသည် ကျိုကျိူး 'ပေတို' မိသားစုကို အချိန်မရွေး ချေမှုန်းပစ်နိုင်လောက်အောင် အစွမ်းထက်ကြသော်လည်း 'ကျန်းထျန်းရွှမ်း' ၏ ရှေ့မှောက်တွင် သူတို့အားလုံးမှာ အမှိုက်များသာ ဖြစ်ကြသည်။
ထို့နောက် 'ကျန်းထျန်းရွှမ်း' က အေးစက်စွာ နှာမှုတ်လိုက်ပြီး ပျံသန်း ထွက်ခွာသွားတော့သည်။
ထိုအခါမှသာ မိသားစုကြီး သုံးခုလုံး ဟူးခနဲ သက်ပြင်းကိုယ်စီ ချလိုက်နိုင်ကြသည်။
'လျိုယွင်ဖေး' ၏ တင်းမာနေသော အာရုံကြောများ ဖြေလျှော့သွားပြီး
"'ရှန်ကွမ်း' မိသားစုတော့ သွားပြီ။ တကယ် ကံဆိုးတာပဲ"
"'ကျန်း' သခင်လေးရဲ့ ဆရာတဲ့။ ပြီးတော့ 'ကျန်း' မိသားစုရဲ့ ပထမ အကြီးအကဲ ကိုယ်တိုင် လာကြိုဆိုရတယ်။ ဒီလောက် ရိုသေနေတာ ဟိုကောင်လေးရဲ့ လက်နက်သန့်စင်ခြင်း ပညာရပ်က ပိုတောင် ကြောက်ဖို့
ကောင်းနေလို့များလား"
"ငါတော့ အဲ့ 'ဆေးဧကရာဇ်' က 'ကျန်း' သခင်လေးရဲ့ ဆရာဆိုတဲ့ အဆင့်အတန်းကို ယုံတောင် မယုံနိုင်သေးဘူး"
"ဟုတ်တယ်။ 'အင်မော်တယ် လက်နက် စံအိမ်' က 'ကျန်း' မိသားစုကို ကိုင်တွယ်တော့မှာလေ ဒါကြောင့် သခင်လေးက သူ့ဆရာကို အပြင်ထွက်ဖို့ ဖိတ်ခေါ်ခဲ့တာပဲ။ ကြည့်ရတာ သူတို့ 'အင်မော်တယ် လက်နက် စံအိမ်' နဲ့ အပြတ်အသတ် တိုက်ခိုက်ကြတော့မယ် ထင်တယ်"