← Chapters

'အင်မော်တယ် လက်နက် စံအိမ်' အား လက်အောက်ခံစေခြင်း

Vol. 24 Ch. 356

'အင်မော်တယ် လက်နက် စံအိမ်' အား လက်အောက်ခံစေခြင်း

Vol. 24 Ch. 356

~'အင်မော်တယ် လက်နက် စံအိမ်' တွင် သေမလောက် တိတ်ဆိတ်ငြိမ်သက်သွားသည်။

'ချီယွမ်' နှင့် အခြားသူများ ဦးခေါင်းဖြင့် ဆောင့်ကာ ဆရာတင်နေကြသည်ကို မြင်တွေ့ရသောအခါ လူတိုင်း တုန်လှုပ်ခြောက်ခြားသွားကြ၏။

ပြည်မကြီး၏ နံပါတ်တစ် လက်နက်သန့်စင်သူက လူငယ်လေး တစ်ယောက်ကို ဆရာအဖြစ် တင်မြှောက်ရန် ဆန္ဒ ရှိနေသည်။ အကယ်၍ ဤသတင်းသာ ပြင်ပသို့ ပေါက်ကြားသွားပါက 'အင်မော်တယ် လက်နက် စံအိမ်' ၏ မျက်နှာကို ဘယ်နေရာတွင် သွားထားရမည်နည်း။

'ချီယွမ်' တစ်ယောက်တည်း ဦးခေါင်းဖြင့် ဆောင့်ကာ ဆရာ တင်မြှောက်ခြင်းက ကိစ္စတစ်ခု ဖြစ်သော်လည်း ကာကွယ်စောင့်ရှောက်သူများနှင့် အကြီးအကဲများကပါ သူ့နောက်သို့ လိုက်ပါ ပြုလုပ်ကြသည်။

"ဆရာ 'အင်မော်တယ် လက်နက် စံအိမ်' ရဲ့ စံအိမ်သခင်ကြီးနဲ့ ကာကွယ်စောင့်ရှောက်သူတွေက ဆရာ့ကို သူတို့ရဲ့ ဆရာအဖြစ် တင်မြှောက်ချင်နေကြတယ်" 'ကျန်းကျွင့်လန်' ၏ မျက်လုံးများ ပြူးကျယ်ထွက်လာပြီး သူ အိပ်မက် မက်နေသလို ခံစားလိုက်ရသည်။

"ငါတို့ သခင်လေးရဲ့ ဆရာက အရမ်း အရမ်း ကြောက်ဖို့ကောင်းတာပဲ"

"'အဆင့်မြင့် အင်မော်တယ် လက်နက်' တစ်ခု ပေါ်ထွက်လာတာနဲ့ 'ချီယွမ်' ကို ကြောက်လန့်တကြား ချက်ချင်း ဒူးထောက်ပြီး ဆရာ တင်မြှောက်သွားစေတာပဲ"

"ဒါ ဒါမှ တကယ့် လက်နက်သန့်စင်သူ အစစ် ဟုတ်တယ်မလား။ 'အတွေးဖြင့် ပုံဖော်ခြင်း'။ နတ်ဘုရားတွေပဲ ပိုင်ဆိုင်တဲ့ နတ်ဘုရား ပညာရပ် ဟုတ်တယ်မလား"

'ကျန်း' မိသားစု၏ မျိုးဆက်သစ်များနှင့် အင်အားကြီး ပုဂ္ဂိုလ်များစွာတို့မှာ မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားနေကြသည်။

ဤမျှ မဖြစ်နိုင်သော အဖြစ်အပျက်မျိုး ဖြစ်ပေါ်လာလိမ့်မည်ဟု ရှိနေသူ မည်သူမျှ စိတ်ကူးပင် မယဉ်ဖူးခဲ့ကြပေ။

အစပိုင်းတွင် 'အင်မော်တယ် လက်နက် စံအိမ်' က 'ကျန်း' မိသားစုသည် သူတို့၏ သေဆုံးခြင်းကို တွေ့ကြုံရန် လာရောက်ကြသည်ဟု ထင်မှတ်ခဲ့ကြသည်။ 'ကျန်း' မိသားစုဝင်များကမူ ဖုန်းဝူချန်တွင် 'အင်မော်တယ် လက်နက် စံအိမ်' ကို နှိမ်နင်းနိုင်သည့် စွမ်းရည် ရှိပြီး 'ကျန်း' မိသားစုအား အခက်အခဲများမှ ကူညီ ကျော်လွှားပေးနိုင်မည်ဟု ခံစား မိခဲ့ကြသည်။

သို့သော် ဖုန်းဝူချန် ပြသလိုက်သော ကြောက်မက်ဖွယ် နတ်ဘုရား ပညာရပ်များက 'အင်မော်တယ် လက်နက် စံအိမ်' အား မှင်သက်သွားစေလိမ့်မည်ဟု မည်သူက တွေးထင်ထားခဲ့မည်နည်း။

'အဆင့်မြင့် အင်မော်တယ် လက်နက်' တစ်ခုက 'အင်မော်တယ် လက်နက် စံအိမ်' အား ချေမှုန်းပစ်လိုက်ပြီး 'ချီယွမ်' မှာ ဆရာ တင်မြှောက်ရန် ဆန္ဒ ရှိနေခဲ့သည်။

လူတိုင်း၏ နှလုံးသားထဲတွင် ဒီရေလှိုင်းများ ရိုက်ခတ်သွားကြ၏။

'ဒါ အိပ်မက်ပဲ ဖြစ်ရမယ်'

"ညီလေး ငါ့ကို ရိုက်ပါဦး။ ငါ အိပ်မက် မက်နေတာပဲ ဖြစ်ဖို့ မျှော်လင့်တယ်" တပည့်တစ်ဦးက ကြောက်လန့်တကြား ဆိုသည်။

"မ ..မဟုတ်ဘူး။ မင်း.. မင်းကမှ ငါ့ကို ရိုက်။ ငါလည်း အိပ်မက် မက်နေတာပဲ ဖြစ်ဖို့ မျှော်လင့်တယ်" အခြား တပည့်တစ်ဦးက ကြောင်ငေးလျက် ပြန်ဖြေသည်။

"စံအိမ်သခင်ကြီးက တကယ်ကြီး ဆရာ တင်မြှောက်နေတာ"

"ကာကွယ်စောင့်ရှောက်သူတွေနဲ့ အကြီးအကဲတွေကလည်း သူ့ကို ဆရာအဖြစ် တင်မြှောက်နေကြတယ်"

'အင်မော်တယ် လက်နက် စံအိမ်' မှ တပည့်များ၏ စိတ်ပိုင်းဆိုင်ရာ ခုခံကာကွယ်မှုများမှာ လုံးဝ ပြိုကျသွားလေသည်။

"စွမ်းအားရှင်ကြီးကို တပည့်အဖြစ် လက်ခံပေးဖို့ လေးစားစွာ တောင်းဆိုပါတယ်" ဖုန်းဝူချန်ထံမှ အဖြေ မကြားရသေးသဖြင့် 'ချီယွမ်' နှင့် အခြားသူများ ထပ်မံ ပြောလိုက်ကြသည်။ တပည့်များ သို့မဟုတ် 'ကျန်း' မိသားစုက မည်သို့ ရှုမြင်သည်ကို လုံးဝ ဂရုမစိုက်တော့ပေ။

ဤသို့ ထူးကဲသော ပုဂ္ဂိုလ်ကြီး တစ်ဦးနှင့် ရင်ဆိုင်ရခြင်းမှာ သူတို့အတွက် အခွင့်အရေးကြီး ဖြစ်သည်။ အကယ်၍ ဤအခွင့်အရေးကို အမိအရ မဖမ်းဆုပ်ထားပါက သူတို့ တစ်သက်လုံး နောင်တရနေကြရမည် ဖြစ်သည်။

ဖုန်းဝူချန်က သူ၏ လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ 'အင်မော်တယ် ဓား' သည် လင်ရှောင်ရှောင်၏ ဘေးသို့ ပျံသန်းသွားသည်။ ဖုန်းဝူချန်က နူးညံ့သော အပြုံးဖြင့် ဆိုလိုက်သည်။ "ရှောင်ရှောင် ဒါ မင်းကို ငါ ပေးတဲ့ ပထမဆုံး လက်ဆောင်ပဲ"

"အစ်ကိုကြီးဖုန်းက ဒါကို ကျွန်မကို ပေးတာ" လင်ရှောင်ရှောင် ချက်ချင်းပင် မှင်တက်သွားပြီး သူမ၏ မျက်နှာအမူအရာမှာ ကြည်နူး အံ့ဩသော တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားသည်။

ဖုန်းဝူချန် သွင်းလုပ်လိုက်သော ပထမဆုံး 'အင်မော်တယ် လက်နက်' မှာ 'အဆင့်မြင့် အင်မော်တယ် လက်နက်' တစ်ခု ဖြစ်ရာ မည်သို့ ဆိုစေကာမူ ကိုယ်တိုင် သိမ်းဆည်းထားသင့်သည်။ သို့သော် သူက ၎င်းကို လင်ရှောင်ရှောင်အား ပေးအပ်လိုက်သည်။

ဤအချက်က ဖုန်းဝူချန်၏ နှလုံးသားထဲတွင် 'အဆင့်မြင့် အင်မော်တယ် လက်နက်' တစ်ခုမျှသည် လင်ရှောင်ရှောင်ထက် များစွာ အရေးမကြီးကြောင်း ပြသနေသည်။

"ဒါက 'ရှောင်ရှောင်' အတွက် အထူး သွင်းလုပ်ထားတဲ့ 'ရေခဲ ဂုဏ်သတ္တိ အင်မော်တယ် ဓား' ပဲ။ ယူထားလိုက်။ အနာဂတ်မှာ အသုံးဝင်လိမ့်မယ်" ဖုန်းဝူချန်က ပြုံးရင်း ဆိုသည်။

"ကျေးဇူးတင်ပါတယ် အစ်ကိုကြီးဖုန်း" လင်ရှောင်ရှောင်က ပျော်ရွှင်စွာ အော်ဟစ်လိုက်သည်။ ဤဖြစ်ရပ်မှာ ဖုန်းဝူချန် သူမအား ပေးသော ပထမဆုံး တန်ဖိုးကြီး လက်ဆောင် ဖြစ်သည်။

လူတိုင်း၏ အားကျ မနာလိုသော အကြည့်များ အလယ်တွင် လင်ရှောင်ရှောင်သည် ဓားအား သူမ၏ သွေးဖြင့် သခင်အဖြစ် သတ်မှတ်လိုက်ပြီး သူမ၏ ခန္ဓာကိုယ် အတွင်းသို့ သိမ်းဆည်းလိုက်သည်။

သူ၏ အကြည့်ကို 'ချီယွမ်' နှင့် အခြားသူများထံသို့ လွှဲလိုက်ပြီး ဖုန်းဝူချန်က ခံစားချက်ကင်းမဲ့စွာ

ပြောလိုက်သည်။

"လက်နက်သန့်စင်ခြင်း ပြိုင်ပွဲမှာ 'အင်မော်တယ် လက်နက် စံအိမ်' က 'ကျန်း' မိသားစုကို ရှုံးခဲ့တယ်။ ခင်ဗျားတို့ အရှက်ရတယ်လို့ ခံစားရလို့ 'ကျန်း' မိသားစုကို ကိုင်တွယ်ချင်ခဲ့ကြတယ်။ ဒါပေမဲ့ အခု ခင်ဗျားတို့က လူတွေ အများကြီး ရှေ့မှာ ကျုပ်ရှေ့မှာ ဆရာအဖြစ် ဒူးထောက်နေကြတယ်။ ခင်ဗျားတို့ မျက်နှာ မပျက်ဘူးလား"

"မပျက်ပါဘူး ..လုံးဝ မပျက်ပါဘူး။ စွမ်းအားရှင်ကြီး တစ်ပါးရဲ့ နောက်ကို လိုက်ပြီး လက်နက်သန့်စင်ခြင်း ပညာရပ်ကို သင်ယူခွင့် ရတာ ကျုပ်တို့ တပည့်တွေအတွက် အမြင့်မြတ်ဆုံး ဂုဏ်ယူစရာတစ်ခုပါ" 'ချီယွမ်' က ချက်ချင်း လေးစားစွာ ပြန်ဖြေသည်။

"'ကျန်းကျွင့်လန်' က စွမ်းအားရှင်ကြီးရဲ့ တပည့်တစ်ယောက် ဖြစ်ပြီး သူက ပြည်မကြီးရဲ့ နံပါတ်တစ် လူငယ် လက်နက်သန့်စင်သူ ဘွဲ့ကို ရယူတာ လုံးဝ ထိုက်တန်ပါတယ်" ကာကွယ်စောင့်ရှောက်သူ တစ်ဦးက ဖြည့်စွက် ဆိုလိုက်လေသည်။

"ထကြပါ.."

ဖုန်းဝူချန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ သူတို့ကို သူ၏ တပည့်များအဖြစ် လက်ခံလိုက်ဟန်တူသည်။

"ဆရာ့ကို ကျေးဇူးတင်ပါတယ်" 'ချီယွမ်' နှင့် အခြားသူများ ချက်ချင်းပင် အလွန် ဝမ်းမြောက်သွားကြသည်။

"ဒီနေ့ ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေကို ဘယ်သူမှ ပြောခွင့် မရှိဘူး" ဖုန်းဝူချန်က တည်ငြိမ်စွာ ဆိုသည်။

"ဆရာ စိတ်ချပါ။ ဘယ်သူမှ မပြောရဲစေရဘူးလို့ ကျုပ် အာမခံပါတယ်" 'ချီယွမ်' က ယုံကြည်မှု အပြည့်ဖြင့် အတည်ပြုလိုက်သည်။ အကြောင်းမှာ ၎င်းကို အတင်းအကျပ် လိုက်နာစေရန် သူ့တွင် အစွမ်း ရှိသောကြောင့် ဖြစ်သည်။

'အင်မော်တယ် လက်နက် စံအိမ်' ၏ စံအိမ်သခင်ကြီး ပြည်မကြီး၏ ထိပ်တန်း စွမ်းအားရှင်များထဲမှ တစ်ဦး ဖြစ်သည့်အလျောက် သူ၏ အမိန့်များကို မနာခံဝံ့သူ မည်သူမျှ မရှိပေ။

"ဒီနေ့ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို ဘယ်သူမဆို ပေါက်ကြားအောင် လုပ်ဝံ့ရင် ဒီစံအိမ်သခင်ကြီးက သူတို့ကို ပြာကျသွားအောင် လုပ်ပစ်မယ် ဆိုတာ အာမခံတယ်" 'ချီယွမ်' က ကြမ်းတမ်းသော လေသံဖြင့် ချက်ချင်း အမိန့်ပေးလိုက်သည်။

"ကျွန်တော်တို့ မဝံ့ရဲပါဘူး" 'အင်မော်တယ် လက်နက် စံအိမ်' မှ တပည့်များက အလျင်အမြန် လေးစားစွာ ပြန်ဖြေကြသည်။

'ချီယွမ်' ကိုယ်တိုင် အမိန့်ပေးလိုက်ပြီ ဖြစ်၍ သူတို့တွင် သတ္တိ တစ်သောင်း ရှိလျှင်ပင် အသေးငယ်ဆုံး အချက်ကိုမျှ ဖော်ထုတ်ရန် မဝံ့ရဲကြတော့ပေ။

"ဟမ့်"

'ချီယွမ်' က မျက်မှောင်ကြုတ်လိုက်ပြီး တပည့်များအား ကြမ်းတမ်းသော အကြည့်တစ်ချက် ပစ်လွှတ်လိုက်သည်။

'ချီယွမ်' ၏ ကြမ်းတမ်းသော အကြည့်ကို သဘောပေါက်သွားသောအခါ တပည့်များ ချက်ချင်း နားလည်သွားကြပြီး ဒူးထောက်ကာ ရိုသေစွာ ဂါရဝပြုလိုက်ကြသည်။

"တပည့်တို့က အဘိုးဆရာကြီးကို ဂါရဝပြုပါတယ်"

'အဘိုးဆရာကြီး'

ဖုန်းဝူချန် အနည်းငယ် ကြောင်သွားသည်။ 'ငါ ငါ ဒီလောက် အသက်ကြီးသွားပြီလား'

"အူးဟူး..အစ်ကိုဖုန်း တကယ်ပဲ အရမ်း မိုက်တာပဲ။ တစ်ချက်တည်းနဲ့ 'အင်မော်တယ် လက်နက် စံအိမ်' တစ်ခုလုံးကို အလဲထိုးလိုက်တာပဲ" လျိုချင်းယန်က ဖုန်းဝူချန်အား လက်မ ထောင်ပြလိုက်သည်။

မြောင်ချင်းချင်းကလည်း စိတ်လှုပ်ရှားစွာ တိုးတိုးလေး ဆိုသည်။ "အစ်ကိုဖုန်း..အစ်ကိုဖုန်းက အခုကစပြီး လူကြီးတစ်ယောက် ဖြစ်တော့မယ်။ 'အင်မော်တယ် လက်နက် စံအိမ်' က အရမ်း အစွမ်းထက်တာ။ စံအိမ်သခင်ကြီးကတောင် အစ်ကိုဖုန်းကို ဆရာအဖြစ် တင်မြှောက်တယ်"

ဤစကားကို ကြားသောအခါ ဖုန်းဝူချန်မှာ ကူကယ်ရာမဲ့စွာ ခြောက်ကပ်ကပ် ပြုံးလိုက်မိသည်။

အခြားသူများမှာ သူ၏ ကြောက်မက်ဖွယ် နတ်ဘုရား ပညာရပ်များကိုသာ မြင်တွေ့ကြရသော်လည်း သူ့အနေနှင့် 'အင်မော်တယ် လက်နက်' ကို သွင်းလုပ်ရာတွင် အလွန် ကြီးမားသော စွန့်စားမှု ပြုလုပ်ခဲ့ရပြီး သူ၏ 'ဝိညာဉ် စွမ်းအား' အားလုံး ကုန်ဆုံးသွားခဲ့သည်ကိုမူ သူတို့ မသိခဲ့ကြပေ။

ကံကောင်းသည်မှာ ဖုန်းဝူချန်သည် သူ၏ အရှိန်အဝါကို လုံးဝ ဖုံးကွယ်ထားနိုင်ခဲ့သဖြင့် သူ၏ 'ဝိညာဉ် စွမ်းအား' ကုန်ဆုံးသွားသည်ကို မည်သူမျှ မသိနိုင်ခဲ့ခြင်း ဖြစ်သည်။

'အင်မော်တယ် လက်နက် စံအိမ်' သည် 'ဝူကျိ' နယ်မြေ၏ အရှင်သခင် ဖြစ်ပြီး ပြည်မကြီး တစ်ခွင်လုံးတွင် ထူးကဲသော အင်အားစု တစ်ခု ဖြစ်သည်။ ၎င်းတို့တွင် အလွန် ကျယ်ပြန့်သော ကွန်ရက်နှင့် လုံးဝ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအား ရှိသည်။

သို့သော် ယခုအခါ သူတို့ ဖုန်းဝူချန်ထံတွင် လက်အောက်ခံလိုက်ကြလေ၏။

တုန်လှုပ်ခြောက်ခြားနေဆဲ ဖြစ်သော 'ကျန်းဝူဟွမ်' ထံသို့ လှည့်ကြည့်လိုက်ပြီး ဖုန်းဝူချန်က ခပ်ပြုံးပြုံးနှင့် သတိပေးလိုက်သည်။ "မိသားစု ခေါင်းဆောင် 'ကျန်း' ကိစ္စက ပြီးသွားပြီ။ ၊ကျွန်တော့်ရဲ့ နန်းတော်ကို မမေ့လိုက်ပါနဲ့"

"'ဆေးဧကရာဇ်' စိတ်ချပါ။ အမှားအယွင်း မရှိစေရပါဘူး" 'ကျန်းဝူဟွမ်' က ရုတ်တရက် နိုးထလာသကဲ့သို့ နတ်ဘုရား တစ်ပါး၏ ရှေ့မှောက်တွင် ရောက်နေသကဲ့သို့ အလွန် ရိုသေလေးစားစွာ ဆိုလိုက်သည်။

"မိသားစု ခေါင်းဆောင် 'ကျန်း' ကို ကျေးဇူးတင်ပါတယ်" ဖုန်းဝူချန်က ယဉ်ကျေးစွာ ပြန်ဖြေသည်။

"'ဆေးဧကရာဇ်' က သိပ် ယဉ်ကျေးလွန်းနေပါပြီ"

'ကျန်းဝူဟွမ်' က မျက်နှာသာ ပေးခံရသဖြင့် ဝမ်းမြောက်နေလေသည်။ သူက အလျင်အမြန်ပင် အနီရောင် ကျောက်စိမ်း ဆွဲသီး တစ်ခုကို ထုတ်ယူလိုက်ပြီး ဖုန်းဝူချန်အား ကမ်းပေးကာ ဆိုလိုက်သည်။

"'ဆေးဧကရာဇ်' ဒါက 'ကျန်း' မိသားစုရဲ့ သြဇာအာဏာ အမှတ်တံဆိပ်ပါ။ အနာဂတ်မှာ ခင်ဗျား လက်နက်သန့်စင်ဖို့ ကုန်ကြမ်းတွေ လိုအပ်လာရင် 'ဝူကျိ' နယ်မြေရဲ့ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ဒီ ကျောက်စိမ်းကို ပြလိုက်တာနဲ့ ရွှေဒင်္ဂါး တစ်ပြားမှ မလိုဘဲ ရရှိနိုင်မှာပါ"

"အိုး။ ဒီလောက် ကောင်းတဲ့ အရာ ရှိသေးတာလား။ ဒါဆိုရင်တော့ မိသားစု ခေါင်းဆောင် 'ကျန်း' ကို ကျေးဇူး အများကြီး တင်ရတော့မှာပဲ။ တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော့်မှာ ပိုက်ဆံ မရှိဘူး ဖြစ်နေတာ" ဖုန်းဝူချန်က ချက်ချင်းပင် ပျော်ရွှင်စွာ အော်ဟစ်လိုက်သည်။

'သေစမ်း။ ဒီလောက် ကြောက်စရာကောင်းတဲ့ အဆင့်အတန်း ရှိပြီးတော့ ပိုက်ဆံ မရှိဘူးလို့ ပြောရဲသေးတယ်'

သာမန် အစားအသောက် ကိစ္စများတွင် ဖုန်းဝူချန် ဂရုမစိုက်သော်လည်း လက်နက်သန့်စင်ခြင်းနှင့် ဆေးပညာ အတွက် ကုန်ကြမ်းများ ဝယ်ယူရန် လိုအပ်သော ရွှေဒင်္ဂါးများမှာမူ အိပ်မက်ဆန်သော အရေအတွက်ထိ များပြားလှသည်။

ဖုန်းဝူချန်.. ပိုက်ဆံ မရှိဟု ဆိုခြင်းမှာ မှားယွင်းနေခြင်း မဟုတ်ပေ။

ထိုအခိုက်အတန့်တွင် 'ချီယွမ်' က အလျင်အမြန် လျှောက်လှမ်းလာပြီး 'အင်မော်တယ်' ဟူသော စာလုံး ထွင်းထုထားသည့် အနက်ရောင် အမှတ်တံဆိပ် တစ်ခုကို ကမ်းပေးကာ လေးစားစွာ ဆိုလိုက်သည်။

"ဆရာ ၊ ဒါက 'အင်မော်တယ် လက်နက် စံအိမ်' ရဲ့ အမှတ်တံဆိပ်ပါ။ အနာဂတ်မှာ ဆရာ အခက်အခဲ တစ်ခုခု ကြုံလာခဲ့ရင် ဒီ အမှတ်တံဆိပ်က ဖြေရှင်းပေးနိုင်မှာပါ"

"ဟုတ်ပါပြီ"

ဖုန်းဝူချန်က ခေါင်းညိတ်လိုက်ပြီး မည်သည့် အားနာသမှုမှ မပါဘဲ လက်ခံလိုက်သည်။

'အင်မော်တယ် လက်နက် စံအိမ်' ကို ကိုယ်စားပြုသော အမှတ်တံဆိပ် တစ်ခုမှာ သေဒဏ်မှ လွတ်ငြိမ်းခွင့် ရွှေတံဆိပ် တစ်ခုနှင့် သေချာပေါက် တူညီနေပြီး သူ့ အိပ်မက်ထဲတွင်ပင် ငြင်းဆန်မိမည် မဟုတ်ပေ။

ပြည်မကြီးပေါ်တွင် မည်သူက 'အင်မော်တယ် လက်နက် စံအိမ်' နှင့် ရန်သူ ဖြစ်ဝံ့မည်နည်း။

ထို့အပြင် လွန်ခဲ့သော ခဏလေးကပင် ပြည်မကြီး တစ်ခုလုံးမှ ထိပ်တန်း စွမ်းအားရှင်များသည် 'အဆင့်မြင့် အင်မော်တယ် လက်နက်' တစ်ခု၏ တည်ရှိမှုကို ခံစားမိလိုက်ကြပြီး ၎င်း ထွက်ပေါ်လာသော လားရာမှာ 'အင်မော်တယ် လက်နက် စံအိမ်' ဖြစ်သနေလေသည်။ သည်အချက်က 'အင်မော်တယ် လက်နက် စံအိမ်' ၏ ဂုဏ်သိက္ခာကို သိသိသာသာ မြှင့်တင်ပေးလိုက်သည်မှာ မလွဲဧကန်ပင်။

'အဆင့်မြင့် အင်မော်တယ် လက်နက်' လိုချင်ပါသလား။

‘'ထျန်းကျိ' ဘုံ စွမ်းအားရှင် တစ်ယောက် ဖြစ်တော့ ဘာဖြစ်လဲ။

'အင်မော်တယ် လက်နက် စံအိမ်' မှာ သွား တောင်းပန်လိုက်လေ။

ဘာ။ မတောင်းပန်ဘူး ဟုတ်လား။’

ပြည်မကြီးမှာ တောင်းပန်မည့် စွမ်းအားရှင်တွေ အများကြီး ရှိသည်။

တစ်ယောက် ပိုလာခြင်း၊ တစ်ယောက် နည်းသွားခြင်းက ဘာမှ ကွာခြားသွားမည် မဟုတ်ပေ။

'အင်မော်တယ် လက်နက် စံအိမ်' ၏ ရှေ့မှောက်တွင် သင်က ပို၍ မောက်မာလေ၊ 'အင်မော်တယ် လက်နက်' တစ်ခု ရရှိရန် ဖြစ်နိုင်ခြေ နည်းလေပင်။

ဘာ..။ အားနည်းသူကို အနိုင်ကျင့်တယ် ဟုတ်လား။

အကယ်၍သာ သင်.. 'အင်မော်တယ် လက်နက် စံအိမ်' ကို ဆန့်ကျင်မည် ဆိုလျှင် ပြည်မကြီး တစ်ခွင်လုံးမှ မရေမတွက်နိုင်သော အင်အားစုများနှင့် ရန်သူ ဖြစ်ရန် ပြင်ဆင်ထားလိုက်ပါ။

'အင်မော်တယ် လက်နက် စံအိမ်' ဆိုသည်မှာ ဤမျှ မောက်မာလှပေသည်။

ယခု ဖုန်းဝူချန် ဦးစီးနေပြီ ဖြစ်ရာ 'အင်မော်တယ် လက်နက် စံအိမ်' သည် ပြည်မကြီးပေါ်တွင် မရပ်မနား လှည့်လည်သွားလာရန် သေချာပေါက် ဝံ့ရဲပေလိမ့်မည်။

ဖုန်းဝူချန်သည် အစပိုင်းတွင် 'ချီယွမ်' အား အကျိုးကျေးဇူး အချို့ ပေးရန် စဉ်းစားနေခဲ့သော်လည်း ထပ်မံ စဉ်းစားပြီးနောက် ထိုအတွေးကို ဖျောက်ဖျက်လိုက်သည်။ အကြောင်းမှာ 'ချီယွမ်' နှင့် အခြားသူများမှာ တပည့်များ ဖြစ်လာကြသည်မှာ ခဏလေးသာ ရှိသေးသောကြောင့် ဖြစ်သည်။ သူတို့ အမှန်တကယ် ဘာတွေ တွေးနေသည်ကို မည်သူ သိနိုင်မည်နည်း။

အကယ်၍ 'ချီယွမ်' နှင့် အခြားသူများ အကျိုးကျေးဇူးများကို လွယ်လွယ်ကူကူ ရရှိသွားပါက သူတို့ သေချာပေါက် မောက်မာလာကြလိမ့်မည်။

ထို့ကြောင့် ဖုန်းဝူချန်သည် စောင့်ကြည့်ရန် စီစဉ်လိုက်ပြီး အချိန် အနည်းငယ် ကြာပြီးမှသာ ဆက်လက် ဆောင်ရွက်ရန် ဆုံးဖြတ်လိုက်သည်။

"ဆရာ ..ဘာပဲ လိုအပ်လိုအပ် မေးလိုက်ရုံပါပဲ" 'ချီယွမ်' က ထပ်မံ ဖြည့်ပြောလိုက်သည်။

"ခင်ဗျားဆီမှာ 'နတ်ဆိုး သွေး ဖီးငှက် သစ်သီး' နဲ့ 'မြေကမ္ဘာ နှလုံးသား မြင့်မြတ်သော ကြာပန်း' ရော ရှိလား" ဖုန်းဝူချန်က ခဏ စဉ်းစားပြီးနောက် မေးလိုက်သည်။

"'နတ်ဆိုး သွေး ဖီးနစ် သစ်သီး' နဲ့ 'မြေကမ္ဘာ နှလုံးသား မြင့်မြတ်သော ကြာပန်း'"

'ချီယွမ်' မှာ ပထမတွင် ကြောင်သွားပြီး အနည်းငယ် အံ့အားသင့်သွား၏။

'ဆရာက ဘာလို့ ဒီလောက် အဆင့်နိမ့်တဲ့ ကောင်းကင်နဲ့ မြေကြီး ရတနာတွေကို လိုချင်ရတာလဲ'

'ချီယွမ်' က ထပ်မံ စဉ်းစား မနေဝံ့တော့ဘဲ ချက်ချင်းပင် လေးစားစွာ ပြန်ဖြေသည်။

"ရှိပါတယ် ဆရာ။ ဆရာ ဘယ်လောက် လိုချင်လဲ ကျုပ်တို့ဆီမှာ ရှိပါတယ်"

"ဒါဆို…ကျွန်‌တော့်အတွက် နည်းနည်း ပြင်ဆင်ပေးပါ"

ဖုန်းဝူချန်က ခေါင်းညိတ်လိုက်ပြီး 'ချီယွမ်' ၏ ပခုံးကို ပေါ့ပေါ့ပါးပါး ပုတ်လိုက်၏။

ဤတစ်ချက် ပုတ်လိုက်ရုံမျှဖြင့် ဖုန်းဝူချန်က 'ချီယွမ်' အား လုံးဝ မှင်တက်သွားစေခဲ့သည်။

‘ငါ့ရဲ့ မီးအဆိပ်’

'ချီယွမ်' မှာ သူ၏ နက်ရှိုင်းသော ကျင့်ကြံခြင်း အဆင့်ဖြင့် ထိုအခိုက်အတန့်လေးမှာပင် သူ၏ ခန္ဓာကိုယ် အတွင်းမှ 'မီးအဆိပ်' အနည်းဆုံး သုံးပုံတစ်ပုံ ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသည်။

'ချီယွမ်' က ဖုန်းဝူချန်အား တုန်လှုပ်သော မျက်နှာဖြင့် ကြည့်လိုက်ပြီး အတွင်းစိတ်ထဲတွင် ထိတ်လန့်သွားသည်။

'ဆရာက 'မီးအဆိပ်' ကိုတောင် ဖယ်ရှားနိုင်တယ်'

ဖုန်းဝူချန်က ပေါ့ပေါ့ပါးပါး ပုတ်လိုက်ရုံမျှဖြင့် 'ချီယွမ်' ၏ အတွင်းမှ မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းသော 'မီးအဆိပ်' ၏ သုံးပုံတစ်ပုံမှာ ပျောက်ကွယ်

သွားခဲ့ချေသည်။

'ချီယွမ်' တုန်လှုပ်မသွားဘဲ နေနိုင်ပါမည်လား။

ကာကွယ်စောင့်ရှောက်သူများနှင့် အကြီးအကဲများမှာ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး တစ်ယောက် မျက်လုံးထဲတွင် တစ်ယောက်၏ တုန်လှုပ်မှုကို တွေ့မြင်လိုက်ကြရသည်။

သူတို့၏ ကျင့်ကြံခြင်း အဆင့်ဖြင့် 'ချီယွမ်' ၏ ခန္ဓာကိုယ် အတွင်းမှ 'မီးအဆိပ်' ၏ အခြေအနေကို သူတို့ သဘာဝအတိုင်း အာရုံခံမိနိုင်လေသည်။

'ကျန်းဝူဟွမ်' နှင့် 'ဝူဖုန်း' တို့လည်း သတိပြုမိကြ၏။ ဖုန်းဝူချန် 'မီးအဆိပ်' ကို နှင်ထုတ်နိုင်သည်ကို 'ကျန်းကျွင့်လန်' ထံမှ သူတို့က ယခင်တည်းက သိရှိထားပြီး ဖြစ်ပါသည်။

သို့သော် 'ကျန်းဝူဟွမ်' နှင့် အခြားသူများ မသိခဲ့ကြသည်မှာ ဖုန်းဝူချန်က 'အဋ္ဌမ အဆင့်' လက်နက်သန့်စင်သူ တစ်ဦးထံမှ ကြောက်မက်ဖွယ် 'မီးအဆိပ်' ၏ သုံးပုံတစ်ပုံကို လွယ်ကူစွာ ရှင်းလင်းပေးနိုင်လိမ့်မည် ဆိုသည့်…အချက်ပင်။

"ဆရာ့ကို ကျေးဇူးတင်ပါတယ်"

'ချီယွမ်' က ကျေးဇူးတင်စွာ ဆိုလိုက်ပြီး 'နတ်ဆိုး သွေး ဖီးနစ် သစ်သီး' နှင့် 'မြေကမ္ဘာ နှလုံးသား မြင့်မြတ်သော ကြာပန်း' တို့ကို ပြင်ဆင်ရန် တစ်စုံတစ်ယောက်ကို အလျင်အမြန်.. စေလွှတ်လိုက်၏။

ဖုန်းဝူချန် ဤသို့ ပြုမူလိုက်ခြင်းမှာ ပထမ တစ်ချက် အနေဖြင့် 'ချီယွမ်' အား လုံးဝ တုန်လှုပ်သွားစေရန် ဖြစ်ပြီး ဒုတိယ တစ်ချက် အနေဖြင့် 'အင်မော်တယ် လက်နက် စံအိမ်' မှ အဖွဲ့ဝင် အားလုံးအား မျှော်လင့်ချက် ရှိကြောင်း ပြသရန် ဖြစ်သည်။ သည်နည်းလမ်းက သူတို့အားလုံး သစ္စာဖောက်လိုသော အတွေးများ လုံးဝ ပျောက်ကွယ်သွားစေရန် အာမခံနိုင်ပေလိမ့်မည်။

ဖုန်းဝူချန်သည် အလွန် ပါးနပ်ပြီး ကြင်နာမှုနှင့် သြဇာအာဏာ နှစ်ခုစလုံးကို ပြသကာ 'ချီယွမ်' အား ခိုင်မာစွာ ထိန်းချုပ်ထားသည်ဟု ဆိုရပေမည်။

'အင်မော်တယ် လက်နက် စံအိမ်' အား သူ၏ အထောက်အပံ့ အဖြစ် ရရှိထားသဖြင့် ဖုန်းဝူချန်၏ အနာဂတ် ကြိုးပမ်းမှုများမှာ များစွာ ပိုမို ချောမွေ့လာပေလိမ့်မည်။

"အကြီးအကဲ"

မကြာမီ တပည့် တစ်ဦးက သိုလှောင် လက်စွပ် တစ်ကွင်းကို ဖုန်းဝူချန်အား ကမ်းပေးလိုက်ပြီး လေးစားစွာ ခေါ်လိုက်၏။

‘အကြီးအကဲတဲ့လား..’

ဖုန်းဝူချန်မှာ ၎င်းကို လက်ခံရင်း စိတ်ထဲ၌ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။ သူ အတွင်းသို့ ပေါ့ပေါ့ပါးပါး ကြည့်လိုက်၏။

“.......”

သူသည် ထိုအရာများကို မမျှော်လင့်ထားခဲ့ပေ။ ကြည့်လိုက်သည်နှင့် တွေ့ရှိလိုက်ရသော အရာကြောင့် လန့်ဖျတ်သွားရသည်။

သိုလှောင် လက်စွပ် အတွင်းတွင် ရှိနေသည်က..

'နတ်ဆိုး သွေး ဖီးနစ် သစ်သီး' ပေါင်း သောင်းချီ၍ …၊ 'မြေကမ္ဘာ နှလုံးသား မြင့်မြတ်သော ကြာပန်း' ပေါင်း နှစ်သောင်းကျော်…။

ထို ပေါများမှုက ဖုန်းဝူချန်အား တုန်လှုပ်သွားစေ၏။

ထိုတပည့်မှာ ပေါ့ပေါ့ပါးပါး ဖြည့်ထည့်လိုက်ခြင်းသာ ဖြစ်ပြီး ဖုန်းဝူချန်၏ မျက်နှာအမူအရာကို မြင်သောအခါ သူ ယူလာသည်မှာ မလုံလောက်ဟု ထင်သွားပြီး ကြောက်လန့်တကြားဖြင့် ခြေထောက်များပင် ပျော့ခွေသွားသည်။

အလွန် ထိတ်လန့်တကြားဖြင့် ထိုတပည့်က ကြောက်ရွံ့တကြီး မေးလိုက်သည်။

"အကြီးအကဲ မ ..မလောက်လို့လား"

"လောက်ပါပြီ၊ လောက်တာထက်တောင် ပိုသေးတယ်"

ထိုတပည့်၏ စကားကို ကြားသောအခါ ဖုန်းဝူချန်မှာ မူးချင်ချင် ဖြစ်သွားရသည်။

'အင်မော်တယ် လက်နက် စံအိမ်' တွင် ရတနာများ မည်မျှ သိုလှောင်ထားသနည်း။ သူတို့က ပေါ့ပေါ့ပါးပါး တောင်းဆိုလိုက်ရုံဖြင့် သောင်းချီ၍ ထုတ်ပေးနိုင်ခဲ့၏။

'ဧရာမ အဖွဲ့အစည်းကြီး တစ်ခု ဖြစ်ဖို့ ထိုက်တန်ပါပေတယ်' ဖုန်းဝူချန်က အတွင်းစိတ်မှ အံ့ဩတကြီး ချီးကျူးလိုက်သည်။

"စံအိမ်သခင်ကြီး 'ချီယွမ်' ကျေးဇူးတင်ပါတယ်" ဖုန်းဝူချန်က သူ၏ ကျေးဇူးတင်စကားကို ဆိုလိုက်ပြီး ထို့နောက် 'ကျန်းကျွင့်လန်' ထံသို့ လှည့်လိုက်သည်။

"ကျန်းအာ.. 'ဝူကျိ' နယ်မြေက လေလံရုံကို လိုက်ပို့ပေးပါ"

“ဟုတ်ကဲ့ ဆရာ”

'ကျန်းကျွင့်လန်' က ချက်ချင်း ပြန်ဖြေသည်။

ဤသို့ဖြင့် ဖုန်းဝူချန်နှင့် အဖွဲ့ ငါးယောက်မှာ 'အင်မော်တယ် လက်နက် စံအိမ်' မှ ထွက်ခွာသွားကြပြီး တိတ်ဆိတ် ငြိမ်သက်နေသော 'အင်မော်တယ် လက်နက် စံအိမ်' နှင့် 'ကျန်း' မိသားစုဝင်များကို ချန်ထားခဲ့လေသည်။

'အင်မော်တယ် လက်နက် စံအိမ်' မှ တပည့်များ အားလုံးမှာ 'ကျန်းကျွင့်လန်' အား ဤမျှ ကြောက်မက်ဖွယ် ကောင်းသော ဆရာ တစ်ဦး ရှိသည့်အတွက် အားကျ မနာလို ဖြစ်နေကြသည်။

'ကျန်း' မိသားစုမှ အဖွဲ့ဝင်များမှာမူ 'ကျန်းကျွင့်လန်' ဤမျှ ကြောက်မက်ဖွယ် ကောင်းသော ဆရာ တစ်ဦးကို ရှာဖွေ တွေ့ရှိခဲ့သည့်အတွက် တိတ်တဆိတ် စိတ်သက်သာရာ ရနေကြ၏။

All Chapters