သွေးကျောက်စိမ်း ဗောဓိ
Vol. 24 Ch. 357
~'ကျန်း' မိသားစု၏ အခက်အခဲများကို လွယ်ကူစွာ ကူညီ ဖြေရှင်းပေးလိုက်နိုင်ပြီး 'အင်မော်တယ် လက်နက် စံအိမ်' ကိုပါ လက်အောက်ခံ ရရှိလိုက်ရသဖြင့် ဖုန်းဝူချန်မှာ အလွန် နေလို့ ထိုင်လို့ ကောင်းနေပြီး စိတ်ထဲတွင်လည်း လုံးဝ လန်းဆန်း တက်ကြွနေလေသည်။
ထို့အပြင် ဖုန်းဝူချန်သည် 'ကျန်း' မိသားစု၏ လက်နက်သန့်စင်ခြင်း ကျောက်စိမ်းပြားနှင့် 'အင်မော်တယ် လက်နက် စံအိမ်' ၏ အမှတ်တံဆိပ်ကိုပါ ရရှိလိုက်သေးရာ ၎င်းတို့ နှစ်ခုစလုံးမှာ တန်ဖိုး မဖြတ်နိုင်သော ရတနာများ ဖြစ်ကြ၏။
လက်နက်သန့်စင်ခြင်း ကျောက်စိမ်းပြားက ဖုန်းဝူချန်အား လက်နက်သန့်စင်ခြင်း ကုန်ကြမ်းများအတွက် စိုးရိမ်ပူပန်စရာ မလိုတော့စေသလို ဆေးလုံး ဖော်စပ်ရန် ကုန်ကြမ်းများ အတွက်ပင် ပူစရာ မလိုတော့ပေ။
'အင်မော်တယ် လက်နက် စံအိမ်' ၏ အမှတ်တံဆိပ်.. ပြည်မကြီးပေါ်မှ ၎င်း၏ ဂုဏ်သိက္ခာနှင့် အဆင့်အတန်းတို့နှင့် အတူ ထို အမှတ်တံဆိပ်မှာ အသက်ကယ် ကျက်သရေဆောင် တစ်ခုကဲ့သို့ပင် ဖြစ်သည်။
"အစ်ကိုဖုန်း.. အစ်ကိုဖုန်းရဲ့ လက်နက်သန့်စင်ခြင်း ပညာရပ်က ဒီလောက် ကြောက်ဖို့ကောင်းမှန်း ကျွန်တော် တစ်ခါမှ မသိခဲ့ဘူး။ အစ်ကိုဖုန်းက ပြည်မကြီးပေါ်က နံပါတ်တစ် လက်နက်သန့်စင်ခြင်း စံအိမ်ထက်တောင် သာလွန်နေသေးတယ်" လျိုချင်းယန်က တုန်လှုပ်စွာ ဆိုလိုက်သည်။
အသက် နှစ်ဆယ်ပင် မပြည့်သေးဘဲ 'နဝမ အဆင့်' သန့်စင်ခြင်း ဆရာကြီး တစ်ဦး၏ ဘုံအဆင့်ကို ကျော်လွန်နေသည်ကို လျိုချင်းယန် ယုံကြည်ရန် ဝန်လေးနေမိသော်လည်း ၎င်းကို ရှင်းပြရန်လည်း သူကိုယ်တိုင်ပင် မတတ်နိုင် ဖြစ်နေသည်။
တစ်ခါတစ်ရံ လျိုချင်းယန်သည် ၎င်း အားလုံးမှာ အိပ်မက်တစ်ခု သူ ဖုန်းဝူချန်နှင့် တွေ့ဆုံခဲ့သည့် နေ့မှ စတင်ခဲ့ပြီး ယခုထိတိုင် နိုးထခြင်း မရှိသေးသော အလွန် ရှည်လျားသည့် အိပ်မက်တစ်ခုဟု ခံစားမိလေသည်။
'ကျန်းကျွင့်လန်' မှာမူ သူ အိပ်မက် မက်နေသည်ဟု မခံစားရပေ။ သူ အမှန်တကယ် ခံစားနေရသည်မှာ ဆရာသည် သူ၏ မယုံနိုင်ဖွယ် စွမ်းရည်များဖြင့် အသက် နှစ်ဆယ်အောက် လူငယ် တစ်ယောက်နှင့် မတူဘဲ ပြည်မကြီး၏ လျှို့ဝှက် နယ်မြေများမှ ထိပ်တန်း စွမ်းအားရှင်ကြီး တစ်ဦးဦးနှင့် ပိုတူနေသည်ဟု ခံစားနေရခြင်း ဖြစ်ပါသည်။
'ဒါ.. ငါ စိတ်ကူး ယဉ်နေတာပဲ ဖြစ်ရမယ်' 'ကျန်းကျွင့်လန်' က ထိုအကြောင်းကို ဆက်မတွေးရန် သူ၏ ခေါင်းကို အတင်းအကျပ် ခါယမ်းလိုက်သည်။
"'ကျွင့်လန်' ရှင် ဘာဖြစ်နေတာလဲ" မြောင်ချင်းချင်းက 'ကျန်းကျွင့်လန်' ၏ အာရုံ လွင့်မျောနေသည်ကို သတိပြုမိပြီး အလွန် သိချင်စိတ်ဖြင့် မေးလိုက်သည်။
'ကျန်းကျွင့်လန်' က သူ၏ ခေါင်းကို ပြင်းထန်စွာ ခါယမ်းလိုက်ပြီး အနည်းငယ် လန့်ဖျပ်စွာ တုံ့ပြန်လိုက်သည်။
"ဘာမှ မဟုတ်ပါဘူး"
ထို့နောက်၊ 'ကျန်းကျွင့်လန်' က ဖုန်းဝူချန်ထံသို့ လှည့်ကြည့်လိုက်ပြီး ပြောပြလာသည်။
"ဆရာ ..ရှေ့မှာ သိပ်မဝေးတော့တဲ့ နေရာက 'ကြယ်တာရာ နယ်မြေ' မြို့တော်ပါ။ လေလံပွဲ ကျင်းပတဲ့ နေရာပေါ့။ 'ဝူကျိ' နယ်မြေရဲ့ အကြီးဆုံး လေလံရုံပေါ့၊ ဆရာ ဘယ်လို ကုန်ကြမ်းမျိုးကို လိုချင်၊ လိုချင် အဲ့ဒီမှာ ရှာတွေ့နိုင်မှာပါ"
ဖုန်းဝူချန်က ခေါင်းညိတ်လိုက်သည်။ "ကုန်ကြမ်းတွေ ဝယ်ပြီးရင် တစ်ခုခု စားကြမယ်။ ပြီးရင် 'ကျိုကျိုး'ကို ပြန်ကြတာပေါ့"
ဖုန်းဝူချန် လေလံရုံသို့ သွားရောက်ခြင်းမှာ 'ခုနစ်လုံးကြယ် မူလ ဝိညာဉ် ဆေးလုံး' ဖော်စပ်ရန် ကုန်ကြမ်းများ ဝယ်ယူရန် ဖြစ်၏။ ၎င်းမှာ အလွန် ရှားပါးသော ဆေးတစ်မျိုး ဖြစ်ပြီး 'ကျိုကျိုး' တွင် အလွန် ရှားပါးလှသော်လည်း 'ဝူကျိ' နယ်မြေ၏ အကြီးဆုံး လေလံရုံကမူ ဖုန်းဝူချန်၏ လိုအပ်ချက်များကို သေချာပေါက် ဖြည့်ဆည်းပေးနိုင်ပေလိမ့်မည်။
'ခုနစ်လုံးကြယ် မူလ ဝိညာဉ် ဆေးလုံး' ကို ဖော်စပ်ခြင်းဖြင့် ဖုန်းဝူချန်သည် သူ၏ အစွမ်းအစကို မြှင့်တင်ရန်နှင့် သူ၏ မိသားစု၊ 'ထျန်းကျိုး မှ လူများ၏ ကျင့်ကြံခြင်း အဆင့်ကိုပါ တိုးမြှင့်ပေးနိုင်ရန် စိတ်ဝိဉာဉ်
ခွဲဖြာခြင်း ပညာရပ်ကို အသုံးပြုနိုင်မည် ဖြစ်သည်။
'ကြယ်တာရာ နယ်မြေ' မြို့တော်မှာ အလွန် စည်ကား သာယာလှပြီး 'ကြယ်တာရာ နယ်မြေ' များမှ အင်အားကြီး ပုဂ္ဂိုလ်များစွာကို စုစည်းထားသည်။
မြို့ထဲတွင် 'ထျန်းယွမ်' ဘုံ စွမ်းအားရှင်များ အများအပြား ရှိနေပြီး လမ်းများမှာ စည်ကားလျက် လူအများမှာလည်း အဆက်မပြတ် စီးဆင်းနေကြသည်။
"သခင်လေး 'ကျန်း'"
"သခင်လေး 'ကျန်း' ကို ဂါရဝပြုပါတယ်"
သူတို့ 'ကြယ်တာရာ နယ်မြေ' မြို့တော်ထဲသို့ ဝင်ရောက်လာသည်နှင့် လမ်းမပေါ်မှ ကျင့်ကြံသူများက 'ကျန်းကျွင့်လန်' အား လေးစားစွာ နှုတ်ဆက်ကြသည်။
'ကျန်း' မိသားစုသည် 'ဝူကျိ' နယ်မြေ တစ်ခွင်လုံးတွင် ကျော်ကြားလှသည်။ ပြည်မကြီး၏ နံပါတ်တစ် ပါရမီရှင် လက်နက်သန့်စင်သူ တစ်ဦး အနေဖြင့် 'ကျန်းကျွင့်လန်' မှာ ပြည်မကြီး တစ်ခုလုံးတွင် ကျော်ကြားလေသည်။
'ကြယ်တာရာ နယ်မြေ' တွင် 'ကျန်းကျွင့်လန်' ၏ ကျော်ကြားမှုကို လူတိုင်း သိကြလေ၏။
ဆန့်ကျင်ဘက် အားဖြင့် ဖုန်းဝူချန်နှင့် အခြားသူများကိုမူ မည်သူမျှ မမှတ်မိကြပေ။ အခြေအနေကို မသိသူများက သူတို့အား 'ကျန်းကျွင့်လန်' ၏ အခြွေအရံများဟု ထင်မှတ်နေကြသည်။
'ဒါပေမဲ့ သူတို့က အခြွေအရံတွေ ဆိုရင် ..ဘာလို့ 'ကျန်းကျွင့်လန်' ရဲ့ ရှေ့က လျှောက်နေရတာလဲ'
လျိုချင်းယန်က လေးစားမှု အပြည့်ဖြင့် သက်ပြင်းချရင်း ချီးကျူးလိုက်သည်။
"ပြည်မကြီးရဲ့ နံပါတ်တစ် ပါရမီရှင် လက်နက်သန့်စင်သူ ဖြစ်ရတာ တကယ် မတူတာပဲနော်။ ဘယ်နေရာ သွားသွား လူတိုင်းက မင်းကို မှတ်မိကြတယ်"
"အာ ၊ မင်းက ငါ့ရဲ့ နာကျင်မှုကို နားလည်မှာ မဟုတ်ပါဘူး" 'ကျန်းကျွင့်လန်' က ကူကယ်ရာမဲ့စွာ ခြောက်ကပ်ကပ် ပြုံးရှာသည်။
"နာကျင်မှု ဟုတ်လား"
မြောင်ချင်းချင်းက 'ကျန်းကျွင့်လန်' အား အံ့အားသင့်စွာ ကြည့်လိုက်သည်။
'ကျန်း' မိသားစု၏ သခင်လေး ပြည်မကြီး၏ နံပါတ်တစ် ပါရမီရှင် လက်နက်သန့်စင်သူ တစ်ဦး အနေဖြင့် သူ့မှာ ဘယ်လို နာကျင်မှုမျိုးများ ရှိနိုင်ဦးမည်နည်း။
လူပေါင်းများစွာ အိပ်မက် မက်ရသော အဆင့်အတန်း တစ်ခု။ သို့ပါလျက် 'ကျန်းကျွင့်လန်' က နာကျင်မှုဟု ဆိုလိုက်သည်။
"သခင်လေး 'ကျန်း'"
"သခင်လေး 'ကျန်း'"
မြောင်ချင်းချင်းနှင့် လျိုချင်းယန်တို့ နားမလည်နိုင်စွာ ကြည့်နေကြစဉ် လမ်းမ၏ အခြား တစ်ဖက်မှ မိန်းမပျိုလေးများ၏ အော်ဟစ်သံများ ရုတ်တရက် ထွက်ပေါ်လာသည်။
"နာကျင်မှုတွေ..လာပြီ"
မိန်းမပျိုလေးများ၏ အော်ဟစ်သံများကို ကြားသောအခါ 'ကျန်းကျွင့်လန်' တုန်လှုပ်သွားပြီး လှည့်ကာ တရှိန်ထိုး ထွက်ပြေးလေတော့သည်။ ထိုသို့ ပြေးရင်း တစ်ချိန်တည်းမှာပင် အော်ဟစ်လိုက်သေးသည်။
"ဆရာရေ.. နောက် လမ်းချိုးကနေ ဘယ်ဘက် ကွေ့လိုက်ရင် လေလံရုံကို တွေ့လိမ့်မယ်ဗျ"
ဖုန်းဝူချန်နှင့် အခြားသူများမှာ လမ်းမ၏ အခြား တစ်ဖက်သို့ ခေါင်းလှည့် ကြည့်လိုက်ကြပြီး 'ကျန်းကျွင့်လန်' ၏ နာကျင်မှု သဘာဝကို ချက်ချင်း နားလည်သွားကြတော့သည်။
ပုံစံမျိုးစုံ၊ ရုပ်ရည်မျိုးစုံ ရှိသော မိန်းမပျို ဒါဇင်ပေါင်းများစွာသည် သူတို့ထံသို့ ထိတ်လန့်ဖွယ် အမြန်နှုန်းဖြင့် ပြေးလွှားလာကြပြီး သူမတို့၏ အရှိန်အဟုန်မှာ လမ်းမကြီး တစ်ခုလုံးကို လွှမ်းမိုးထားလေသည်။
လမ်းမပေါ်မှ လူများမှာ ထိတ်လန့်တကြားဖြင့် အလျင်အမြန် လမ်းဖယ်ပေးကြရသည်။
ဖုန်းဝူချန်နှင့် သူ့အဖော်များမှာ မှင်တက်သွားကြပြီး သူတို့ ဖြတ်သန်းသွားနိုင်ရန် အလျင်အမြန် ဘေးသို့ ရှောင်တိမ်းလိုက်ကြသည်။
လင်ရှောင်ရှောင်နှင့် မြောင်ချင်းချင်းတို့မှာ ပါးစပ် အဟောင်းသားဖြင့် တုန်လှုပ်သွားကြသည်။
"ဒါ ..ဒါကို နာကျင်မှုလို့ သတ်မှတ်တယ် ဟုတ်လား။ ဒါ ဒါ မရေမတွက်နိုင်တဲ့ ယောက်ျားတွေ အိပ်မက် မက်ရတဲ့ အရာကြီးကို" လျိုချင်းယန်မှာ လုံးဝ မှင်တက်သွားပြီး တံတွေးကို မမြိုချဘဲ မနေနိုင်တော့ပေ။
"ကံကောင်းတဲ့ ကောင်လေးပဲ" ဖုန်းဝူချန်လည်း မျက်တောင် ပုတ်ခတ် ပုတ်ခတ်ဖြင့် ကြောင်ငေးနေမိသည်။ 'ကျန်းကျွင့်လန်' အား လိုက်လံနေသော မိန်းမပျို အရေအတွက်ကြောင့် အမှန်တကယ်ပင် အံ့အားသင့်သွားပြီး ဤအချက်က မရေမတွက်နိုင်သော လူများကို အားကျ မနာလို ဖြစ်စေမည်မှာ မလွဲဧကန်ပင်။
"ခစ်ခစ်…အစ်ကိုကြီးဖုန်း သွားကြရအောင်။ သူ့ကို စောင့်နေရင် သူ ပြန်လာဖို့ အချိန် အတော်ကြာလိမ့်ဦးမယ်ရှင့်" လင်ရှောင်ရှောင်က သူမ၏ ပါးစပ်ကို အုပ်ရင်း ရယ်မောကာ ပြောလိုက်သည်။ ထိုရယ်မောသံလေးနှင့် အတူ သူမက လမ်းမပေါ်ရှိ လူတိုင်း၏ ဝိညာဉ်များကို လုယူသွားသကဲ့သို့ပင်။
"သွားကြတာပေါ့" ဖုန်းဝူချန်က ခေါင်းခါလိုက်သည်။
"သူ ဘေးမသီ ရန်မခဘဲ ပြန်လာနိုင်ပါစေလို့ မျှော်လင့်ရတာပဲ" လျိုချင်းယန်က သနားကရုဏာ သက်စွာ ပြောလိုက်သည်။
'ကျန်းကျွင့်လန်' ညွှန်ကြားသည့်အတိုင်း ဖုန်းဝူချန်နှင့် သူ့အဖော်များသည် 'ဝူကျိ' နယ်မြေ၏ အခမ်းနားဆုံး လေလံရုံ 'ဝူကျိ လေလံရုံ' သို့ ခပ်မြန်မြန် ရောက်ရှိလာခဲ့ကြ၏။
'ဝူကျိ လေလံရုံ' မှာ အလွန် ကြီးမားလှပေ၏။ ၎င်း၏ နန်းတော် အဆောက်အအုံများမှာ ကြီးကျယ် ခမ်းနားလှရာ 'ဝူကျိ' နယ်မြေ၏ ဧရာမ အဖွဲ့အစည်းကြီးများထဲမှ တစ်ခုအဖြစ် သတ်မှတ်နိုင်သည်။
"လေးယောက်လုံးကို ကြိုဆိုပါတယ်" လေလံရုံ၏ အစောင့်များက သူတို့ကို လေးစားစွာ နှုတ်ဆက်ကြ၏။
"တကယ်ပဲ.. 'ဝူကျိ' နယ်မြေ လေလံရုံ ဆိုတဲ့အတိုင်းပဲ။ 'ကျန်း' မိသားစုရဲ့ နန်းတော်တွေလိုပဲ ခံ့ညားတယ်။ ပြီးတော့ 'ကောင်းကင်ဘုံ လူသား' ဘုံ စွမ်းအားရှင်တွေရဲ့ အရှိန်အဝါ အများအပြားတောင် ရှိနေတယ်။ အင်အားကြီး အဖွဲ့အစည်းကြီးက တကယ်ပဲ ထူးကဲတာပဲ" လျိုချင်းယန်က အံ့ဩတကြီး အော်ဟစ်လိုက်သည်။
'ဝူကျိ' နယ်မြေ၏ လေလံရုံမှာ မယုံနိုင်လောက်အောင် ကြီးမားလှပြီး 'ကျိုကျိုး' လေလံရုံထက် ဆယ်ဆမက ကြီးမားသည်။ ၎င်းသည် 'ဝူကျိ' နယ်မြေ တစ်ခုလုံးမှ မရေမတွက်နိုင်သော ရတနာများကို စုဆောင်းထား၏။
သင့်မှာ ပိုက်ဆံသာ ရှိနေသမျှ သင် လိုချင်သော မည်သည့် ရတနာမဆို 'ဝူကျိ' နယ်မြေတွင် ရှိသည်။
ဟုတ်ပါသည်။ ရွှေဒင်္ဂါးများဖြင့် မဝယ်နိုင်သော ထို ရတနာများ အတွက်မူ စိတ်ကူးထဲတွင် တွေးတောရုံမျှသာ တတ်နိုင်ပေလိမ့်မည်။
ဖုန်းဝူချန်နှင့် သူ့အဖော် သုံးယောက်မှာ ဈေးတစ်ခုကဲ့သို့ စည်ကားနေသော လေလံရုံထဲသို့ တန်းတန်းမတ်မတ် လျှောက်လှမ်း ဝင်ရောက်သွားကြသည်။ ထိုနေရာတွင် တိမ်တိုက်များကဲ့သို့ များပြားလှသော အင်အားကြီး ပုဂ္ဂိုလ်များဖြင့် ပြည့်နှက်နေ၏။
ယဉ်ကျေး လှပသော အစေခံမလေး တစ်ဦး သူတို့ထံသို့ လေးစားသော အပြုံးဖြင့် ချဉ်းကပ်လာပြီး ဖိတ်ခေါ်လာလေ၏။
"'ဝူကျိ လေလံရုံ' ကနေ ကြိုဆိုပါတယ်။ လေးယောက်လုံး ဘယ်လို ရတနာမျိုးတွေကို စိတ်ဝင်စားလို့ပါလဲရှင်"
"ဒီ ဆေးဖက်ဝင် ပစ္စည်းတွေ ပြင်ဆင်ပေးပါ။ တစ်မျိုးကို ဆယ်ခုစီ လိုချင်ပါတယ်.. ကျေးဇူးပဲ" ဖုန်းဝူချန်က စာရင်း တစ်ခုကို ကမ်းပေးလိုက်ပြီး ယဉ်ကျေးစွာ ပြုံးပြလိုက်သည်။
အစေခံမလေးက စာရင်းကို ယူလိုက်ပြီး ခဏတာ ကြည့်လိုက်သည်။ သူမ၏ လှပသော မျက်လုံးများမှာ သိသိသာသာ ပို၍ လေးစားလာဟန်တူပြီး ပြုံးလိုက်သည်။
"ခဏလေး စောင့်ပေးပါရှင်။ ကျွန်မ ရှင်တို့အတွက် ပြင်ဆင်ပေးပါ့မယ်"
ပါဝင်ပစ္စည်းများ စာရင်းကို ကြည့်ရုံမျှဖြင့် အစေခံမလေးက ဖုန်းဝူချန်သည် ဆေးပညာရှင် တစ်ဦး ဖြစ်ကြောင်း ခန့်မှန်းမိလိုက်သည်။
"အစ်ကိုဖုန်း.. 'ကျန်းကျွင့်လန်' ထွက်ပြေးသွားတာ ဒီလောက် ကြာနေပြီ ပြန်မလာသေးဘူး။ သူ အဖမ်းခံလိုက်ရတာတော့ မဟုတ်ပါဘူးနော်"
လျိုချင်းယန်က သူတစ်ပါး ဒုက္ခရောက်သည်ကို ဝမ်းသာနေသကဲ့သို့ ပြုံးရင်း ထုတ်ပြောလိုက်ခြင်းပါ။ သူ၏ အကြည့်များမှာ လေလံရုံ၏ ဝင်ပေါက်ဆီသို့ ရံဖန်ရံခါ ရောက်ရှိသွား၏။
"ဘာလဲ။ အစ်ကိုလျိုက သွား ကူညီချင်လို့လား" မြောင်ချင်းချင်းက ပြုံးရင်း မေးလိုက်သည်။
မြောင်ချင်းချင်း၏ မျက်နှာအမူအရာကို မြင်သောအခါ လျိုချင်းယန်မှာ ကြောက်လန့်တကြား ချွေးအေးများ ပျံသွားပြီး ရယ်ကျဲကျဲဖြင့် ဆိုသည်။
"အာ..ဘယ်လို ဖြစ်နိုင်မှာလဲ"
"ဟွန့်"
မြောင်ချင်းချင်းက လျိုချင်းယန်အား မျက်စောင်းတစ်ချက် ပစ်သွင်းလိုက်ရာ လျိုချင်းယန်ခမျာ.. ကြောက်လန့်တကြား တိတ်ဆိတ်သွားတော့သည်။
မကြာမီပင် အစေခံမလေးက သိုလှောင် လက်စွပ် တစ်ကွင်းဖြင့် ပြန်လာပြီး ဖုန်းဝူချန်အား လေးစားစွာ ကမ်းပေးကာ ဆိုလိုက်သည်။
"ဒါက ဧည့်သည်တော်ကြီး တောင်းဆိုထားတဲ့ ဆေးဖက်ဝင် ပစ္စည်းတွေပါ။ စုစုပေါင်း ရွှေဒင်္ဂါး ဆယ့်သုံး သန်း ကျပါတယ်"
"ကျေးဇူးပဲ"
ဖုန်းဝူချန်က ခေါင်းညိတ်လိုက်ပြီး သိုလှောင် လက်စွပ်ကို ယူကာ ရွှေဒင်္ဂါးများ ပေးချေလိုက်သည်။
သူ ရွှေဒင်္ဂါးများ ပေးချေနေစဉ် ဖုန်းဝူချန် မတော်တဆ တစ်စုံတစ်ခုကို မြင်တွေ့လိုက်ရပြီး သူ၏ အကြည့်များက သူ၏ ရှေ့မှ အစေခံမလေးကို ဖြတ်ကျော်ကာ သူမ၏ နောက်ကွယ်မှ တစ်စုံတစ်ခုကို ကြည့်လိုက်သည်။ သူ၏ မျက်နှာအမူအရာမှာ အနည်းငယ် အံ့အားသင့်သွား၏။
"'သွေးကျောက်စိမ်း ဗောဓိ'"
ဖုန်းဝူချန်က အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။ ပတ္တမြား တစ်လုံးကဲ့သို့ လှပသော 'သွေးကျောက်စိမ်း ဗောဓိ' တစ်လုံးကို အစေခံမလေး၏ နောက်မှ စင်ပေါ်တွင် ကြည်လင်သော ရတနာ သေတ္တာ တစ်လုံးဖြင့် ထည့်ထားသည်ကို သူ..ရုတ်တရက် မြင်လိုက်ရလေသည်။
ယခင်က လင်ရှောင်ရှောင်ထံမှ 'သွေးကျောက်စိမ်း ဗောဓိ' တစ်လုံး ရရှိခဲ့ဖူးရာ ၎င်းကို အထူး မှတ်မိနေပြီး တစ်ချက် ကြည့်ရုံမျှဖြင့် မှတ်မိနိုင်သည်။ ထို့အပြင် ဤ တစ်လုံးမှာ လင်ရှောင်ရှောင် သူ့အား ပေးခဲ့သော တစ်လုံးထက် များစွာ သက်တမ်း ရင့်နေပုံ ပေါ်သည်။
'သွေးကျောက်စိမ်း ဗောဓိ' သည် 'နဝမ အဆင့် ရေခဲ မီးတောက် မြွေကြီး' ၏ မျက်ရည်များဖြင့် ပျိုးထောင်ထားသော ရှားပါး ရတနာ တစ်ပါး ဖြစ်သည်။ သက်တမ်း ရင့်သော အလုံးများတွင် ကြီးမားသော စွမ်းအင်များ ပါဝင်ပြီး ၎င်းတို့သည် 'ကောင်းကင်ဘုံ လူသား' ဘုံမှ တစ်စုံတစ်ယောက်ကိုပင် သူတို့၏ ကျင့်ကြံခြင်း အဆင့်ကို တိုးတက်စေရန် ကူညီပေးနိုင်လေသည်။
"တကယ်ပဲ 'သွေးကျောက်စိမ်း ဗောဓိ' ပဲ" လင်ရှောင်ရှောင်ကလည်း အံ့ဩစွာ ရေရွတ်လိုက်သည်။
"သခင်လေး.. မျက်စိရှင်သားပဲ။ ဒါ လေလံရုံမှာ ရှိတဲ့ တစ်လုံးတည်းသော 'သွေးကျောက်စိမ်း ဗောဓိ' ပါ။ သက်တမ်း နှစ်ငါးဆယ် အပြည့် ရှိပါတယ်။ 'ထျန်းယွမ်' ဘုံ ကျင့်ကြံသူ တစ်ယောက်ကို အချိန်တို အတွင်း အဆင့် တိုးတက်သွားစေဖို့ လုံလောက်ပါတယ်" အစေခံမလေးက ပျော်ရွှင်စွာ ဆို လေသည်။
"'ထျန်းယွမ်' ဘုံ ကျင့်ကြံသူတွေ အဆင့် တိုးတက်နိုင်တယ်" လျိုချင်းယန်၏ မျက်လုံးများမှာ အစွမ်းကုန် ပြူးကျယ်သွားသည်။
"ဒါကို ဘယ်လို ရောင်းမှာလဲ" ဖုန်းဝူချန်က စိတ်အားထက်သန်စွာ မေးလိုက်သည်။ သူ ဤ 'သွေးကျောက်စိမ်း ဗောဓိ' ကို သဘောကျသွားခဲ့ပြီ ဖြစ်သည်။
"သခင်လေး လိုချင်တယ် ဆိုရင် ကျွန်မ အခုပဲ တာဝန်ခံကြီးကို သွားခေါ်လိုက်ပါ့မယ်။ ကျွန်မမှာ ဒီကိစ္စကို ဆုံးဖြတ်ပိုင်ခွင့် မရှိလို့ပါ။ ခဏလေး စောင့်ပေးပါရှင်" အစေခံမလေးက လေးစားစွာ ဆိုသည်။
"ကျေးဇူးတင်ပါတယ်" ဖုန်းဝူချန်က ခေါင်းညိတ်လိုက်သည်။ ဤ 'သွေးကျောက်စိမ်း ဗောဓိ' ကို အနိုင်ရရန် သူ ဆုံးဖြတ်ထားပြီး ဖြစ်သည်။ ဤသို့သော ရတနာ တစ်ပါးကို သူ ဘယ်လို လက်လွှတ်နိုင်မည်နည်း။
"အစ်ကိုဖုန်း ..အဲ့ဒါ ဝယ်ဖို့ ပိုက်ဆံ လောက်လို့လားဗျ" လျိုချင်းယန်က တုံ့ဆိုင်းစွာ မေးလိုက်သည်။
"ရွှေဒင်္ဂါး ကုဋေ အနည်းငယ်လောက် ဆိုရင် လုံလောက်မှာပါ ဟုတ်တယ်မလား" ဖုန်းဝူချန် မသေမချာ ဖြစ်နေသည်။ နှစ်ငါးဆယ် သက်တမ်းရှိ 'သွေးကျောက်စိမ်း ဗောဓိ' မှာ ရှားပါး တွေ့ရှိမှု တစ်ခု ဖြစ်ပြီး ဈေးနှုန်း ကြီးမားမည်မှာ သံသယ ဝင်စရာ မလိုပေ။
"ကုဋေ အနည်းငယ်" လျိုချင်းယန်မှာ မျှော်လင့်ချက် ကင်းမဲ့သော အမူအရာ ဖြစ်သွားသည်။
'ဖေဖေ့ရဲ့ ကျင့်ကြံခြင်း အဆင့်က 'ယွမ်တန်' ဘုံ သတ္တမလွှာကို ရောက်ဖို့ နီးကပ်နေလောက်ပြီ။ ဒီ 'သွေးကျောက်စိမ်း ဗောဓိ' နဲ့ ဆိုရင် ကြမ်းတမ်းတဲ့ စွမ်းအင်တွေကို ချေဖျက်ပြီးတာနဲ့ 'နတ်ဆိုး သွေး ဖီးနစ် သစ်သီး' နဲ့ အတူ ဖေဖေ့ကို 'ထျန်းယွမ်' ဘုံကို ချိုးဖြတ် တက်ရောက်ဖို့ ကူညီပေးနိုင်မှာ သေချာတယ်'
ဟု ဖုန်းဝူချန်က စိတ်ထဲမှ တွေးမိနေသည်။
မကြာမီပင် စိတ်လှုပ်ရှားနေသော လူလတ်ပိုင်း အရွယ် အမျိုးသားတစ်ဦး အပြေးအလွှား လာနေလေသည်။ အသက် သုံးဆယ် သို့မဟုတ် လေးဆယ် အရွယ်ခန့် ရှိ၏။ တစ်စုံတစ်ယောက်က 'သွေးကျောက်စိမ်း ဗောဓိ' ကို ဝယ်ယူလိုကြောင်း ကြားသိရသဖြင့် သူက ကောင်းကင်ယံသို့ ခုန်တက်တော့မတတ် စိတ်လှုပ်ရှားနေလေသည်။
ထိုလူမှာ လေလံရုံ၏ တာဝန်ခံကြီး 'ဝူယွိရှန်' ဖြစ်ပြီး သူ၏ ကျင့်ကြံခြင်း အဆင့်မှာ 'ထျန်းယွမ်' ဘုံ နဝမလွှာ အဆင့်သို့ ရောက်ရှိနေသည်။
"တာဝန်ခံကြီး 'ဝူ' ၊ ဒီ သခင်လေးက 'သွေးကျောက်စိမ်း ဗောဓိ' ကို စိတ်ဝင်စားနေတာပါ" အစေခံမလေးက 'ဝူယွိရှန်' ကို မိတ်ဆက်ပေးလိုက်သည်။
'ဝူယွိရှန်' က ယဉ်ကျေးစွာ လက်နှစ်ဖက် ဆုပ်ကာဖြင့် ပြုံးလိုက်သည်။
"မိတ်ဆွေလေး..ကျွန်တော်က လေလံရုံက တာဝန်ခံကြီးပါ။ ခင်ဗျား 'သွေးကျောက်စိမ်း ဗောဓိ' ကို ဝယ်ဖို့ သေချာပြီလား ဆိုတာ မေးလို့ ရမလား"
"ဈေးနှုန်း ပြောပါ.." ဖုန်းဝူချန်က တည့်တိုး ပြောလိုက်သည်။
'ဝူယွိရှန်' မှာ ပို၍ပင် စိတ်လှုပ်ရှားသွားပြီး ပြုံးလိုက်သည်။
"ညီလေး ဒီ 'သွေးကျောက်စိမ်း ဗောဓိ' က လေလံရုံမှာ နောက်ဆုံး တစ်လုံးပါပဲ။ သက်တမ်း နှစ်ငါးဆယ် အပြည့် ရှိတယ်။ လေလံရုံက သတ်မှတ်ထားတဲ့ ဈေးနှုန်းကတော့ ရွှေဒင်္ဂါး ကုဋေ ခုနစ်ထောင်ပါ"
"ကုဋေ ခုနစ်ထောင်…" လျိုချင်းယန်၏ မျက်လုံးများ ပြုတ်ထွက်တော့မတတ် ဖြစ်သွားသည်။
ရူးလောပ်သော အရေအတွက်ကြောင့် လန့်ဖျပ်သွားသဖြင့် ဖုန်းဝူချန် တောင့်တင်းသွား၏။ သို့သော် 'ကျိုကျိုး' လေလံရုံမှ 'မြေကမ္ဘာ နှလုံးသား မြင့်မြတ်သော ကြာပန်း' ကို ကုဋေငါးထောင် တန်ဖိုး သတ်မှတ်ခဲ့သည်ကို ပြန် အမှတ်ရလိုက်ပြီး သူ မကြာမီ စိတ်တည်ငြိမ်သွားသည်။
ဖုန်းဝူချန်၏ မှင်တက်သွားသော မျက်နှာအမူအရာကို မြင်သောအခါ 'ဝူယွိရှန်' ၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွားသည်။
ဖုန်းဝူချန်မှာ ရွှေဒင်္ဂါး ကုဋေခုနစ်ထောင် မပိုင်ဆိုင်နိုင်ပေ။
လင်ရှောင်ရှောင် ပင်လျှင် ဤမျှ များပြားသော ရွှေဒင်္ဂါးများကို သူမ အနားတွင် သယ်ဆောင်ထားမည် မဟုတ်ပေ။
'ဒါကို 'မြေကမ္ဘာ နှလုံးသား မြင့်မြတ်သော ကြာပန်း' နည်းနည်းနဲ့ လဲရမယ်' ဖုန်းဝူချန်က တိတ်တဆိတ် ဆုံးဖြတ်လိုက်သည်။
ဆုံးဖြတ်ချက် ချပြီးနောက် ဖုန်းဝူချန်က စကား စလိုက်သည်။
"တာဝန်ခံကြီး 'ဝူ' ၊ကျွန်တော် 'သွေးကျောက်စိမ်း ဗောဓိ' ကို ယူမယ်"
ထိုအခိုက်မှာပင် အစောင့်တစ်ဦး အလျင်အမြန် လျှောက်လှမ်းလာပြီး 'ဝူယွိရှန်' ၏ နားထဲသို့ စကား အနည်းငယ် တိုးတိုးလေး ကပ် ပြောလိုက်သည်။ 'ဝူယွိရှန်' က ဆိုသည်။
"မိတ်ဆွေလေး..ခဏလေး စောင့်ပေးပါ။ ကျွန်တော် ဂုဏ်သရေရှိ ဧည့်သည်တော် တစ်ယောက်ကို အရင် နှုတ်ဆက်လိုက်ဦးမယ်"
"ကျွန်တော် အလျင်မလိုပါဘူး" ဖုန်းဝူချန်က ခေါင်းညိတ်လိုက်သည်။ လေလံရုံတွင် ဂုဏ်သရေရှိ ဧည့်သည်တော်များ ရှိခြင်းမှာ သာမန် ကိစ္စ ဖြစ်ပြီး သူ နားလည်ပေးနိုင်သည်။
မကြာမီပင် 'ဝူယွိရှန်' ပြန်ရောက်လာသည်။
"မိတ်ဆွေလေး ၊ တကယ်ပဲ တောင်းပန်ပါတယ်။ 'သွေးကျောက်စိမ်း ဗောဓိ' ကို တခြား ဂုဏ်သရေရှိ ဧည့်သည်တော် တစ်ယောက်က ကြိုတင် မှာယူထားပြီး ဖြစ်သွားလို့ပါ။ ခင်ဗျား တခြား ရတနာတွေကို ကြည့်တာ ပို ကောင်းမလား"
ထိုသို့ ပြောကာ 'ဝူယွိရှန်' က ခပ်ရေးရေး ပြုံးလိုက်သည်။ သူ၏ စိတ်ရင်းမှန် မဟုတ်သည့် အမူအရာကို မြင်တွေ့နိုင်ခြင်း မရှိပေ။
"တခြား ဂုဏ်သရေရှိ ဧည့်သည်တော်က မှာယူထားပြီးပြီ…" မြောင်ချင်းချင်းက နားမလည်နိုင်စွာ ရေရွတ်လိုက်သည်။
လျိုချင်းယန်က မျက်မှောင်ကြုတ်လိုက်ပြီး လေသံခပ်မာမာဖြင့် မေးလိုက်သည်။
"တာဝန်ခံကြီး 'ဝူ' ခင်ဗျား အစက ကြိုတင် မှာယူထားတဲ့ အကြောင်း တစ်ခွန်းမှ မပြောခဲ့ဘူး။ ကျွန်တော်တို့က 'သွေးကျောက်စိမ်း ဗောဓိ' ကို အရင် ဝယ်ဖို့ ဆုံးဖြတ်ခဲ့တာ။ အခု ခင်ဗျားက တခြား တစ်ယောက်က မှာယူထားပြီးပြီလို့ ပြောတယ်။ ခင်ဗျား ဒါ ..ဘာကို ဆိုလိုတာလဲ"