← Chapters

လေလံရုံအား ရိုက်ချိုးခြင်း

Vol. 24 Ch. 358

လေလံရုံအား ရိုက်ချိုးခြင်း

Vol. 24 Ch. 358

~'ဝူယွိရှန်' သည် 'သွေးကျောက်စိမ်း ဗောဓိ' ကို တစ်စုံတစ်ယောက်က ကြိုတင် မှာယူထားကြောင်း အစပိုင်းတွင် မပြောခဲ့ပေ။

တစ်နည်းအားဖြင့် ဆိုရလျှင် ဖုန်းဝူချန်နှင့် သူ့အဖွဲ့သည် ၎င်းကို ဝယ်ယူရန် ပထမဆုံး ဆုံးဖြတ်ခဲ့သူများ ဖြစ်ကြသည်။

'ဝူယွိရှန်' သည် တစ်ပတ် လှည့်ပတ်သွားပြီးနောက် ၎င်းကို အခြားသူ တစ်ဦးက မှာယူထားပြီး ဖြစ်သည်ဟု ပြောရဲသည်မှာ မည်သည့် ဖောက်သည်မျှ လက်ခံနိုင်မည် မဟုတ်သော ဆင်ခြေတစ်ခု ဖြစ်သည်။

ဖုန်းဝူချန်က သူ့အား ပညာပြ လိုက်သည်ကို သိလိုက်၏။ 'ဝူယွိရှန်' သည် ထို ဂုဏ်သရေရှိ ဧည့်သည်တော်အား ကျေနပ်အောင် လုပ်လိုသဖြင့် သူတို့ လေးယောက်အား အနည်းငယ်မျှပင် အရေးမပါသကဲ့သို့ သဘောထားလိုက်ခြင်း ဖြစ်သည်။

'ဝူယွိရှန်' သည် အပေါ်ယံအားဖြင့် ယဉ်ကျေးနေသော်လည်း သူ၏ အတွင်းစိတ်ထဲတွင် အကျိုးစီးပွားက ပထမနေရာ၌ ရှိသည်မှာ ထင်ရှားလှသည်။

"တကယ်ပဲ တစ်စုံတစ်ယောက်က မှာယူထားပြီးသားပါ။ ကျွန်တော် အစကတည်းက ရှင်းရှင်းလင်းလင်း မပြောခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်" 'ဝူယွိရှန်' က အခက်တွေ့ဟန်ဖြင့် ဟန်ဆောင် ပြောလိုက်သည်။ သူ၏ မျက်လုံးများထဲတွင် မထီမဲ့မြင် အမူအရာ တစ်ချက် လင်းလက်သွား၏။

'ရွှေဒင်္ဂါး ကုဋေ ခုနစ်ထောင်ကို ထုတ်ပေးနိုင်မယ့် လူငယ် လေးယောက် ဟုတ်လား' 'ဝူယွိရှန်' မှာ တစ်စက္ကမျှ မယုံကြည်ခဲ့ပေ။

ဖုန်းဝူချန်၏ မျက်နှာအမူအရာမှာ အနည်းငယ် အေးစက်သွားပြီး သူ ဆိုလိုက်သည်။ "ခင်ဗျားက လေလံရုံရဲ့ တာဝန်ခံကြီး တစ်ယောက် ဖြစ်ပြီးတော့ ခင်ဗျား မသိတဲ့ အရာတွေ ရှိတယ်လို့ ပြောရဲသေးတာလား။ ရှားပါး ရတနာတွေက ခင်ဗျားရဲ့ လက်ထဲကနေ ဖြတ်သွားရမှာ။ ဒီတော့ ခင်ဗျား ဘယ်လိုလုပ် မသိဘဲ နေနိုင်မှာလဲ။ ခင်ဗျားက ကျုပ်တို့ကို သုံးနှစ်သား ကလေးတွေလို့ ထင်နေတာလား"

"'သွေးကျောက်စိမ်း ဗောဓိ' က တကယ်ပဲ မှာယူထားပြီးသား ဖြစ်ပါတယ်။ ညီလေး တခြား ဘာမှ မလိုအပ်တော့ဘူး ဆိုရင် ကျွန်တော် နှောင့်ယှက် မနေတော့ပါဘူး" 'ဝူယွိရှန်' က ဆိုလိုက်ပြီး 'သွေးကျောက်စိမ်း ဗောဓိ' ထည့်ထားသော ရတနာ သေတ္တာကို ယူကာ လှည့်ထွက် သွားရန် ပြင်လိုက်သည်။

ဖုန်းဝူချန်၏ လျင်မြန်သော လှုပ်ရှားမှု တစ်ခုက 'ဝူယွိရှန်' ၏ လမ်းကို ပိတ်ဆို့လိုက်ပြီး သူက အေးစက်သော လေသံဖြင့် ဆိုလိုက်သည်။ "'သွေးကျောက်စိမ်း ဗောဓိ' ကို ကျုပ် အရင် ဝယ်ဖို့ ဆုံးဖြတ်ခဲ့တာ။ အခု ခင်ဗျားက ဒါကို တခြား တစ်ယောက်ကို ရောင်းမယ်ပေါ့။ ခင်ဗျား ကျုပ် လက်ခံနိုင်လောက်တဲ့ ရှင်းပြချက် တစ်ခု မပေးမချင်း ကျုပ် ဒီ လေလံရုံကို ရိုက်ချိုးပြီး ခင်ဗျားတို့ရဲ့ အကြီးအကဲတွေကို ထွက်လာအောင် လုပ်ပစ်မယ်"

ဤစကားများကြောင့် 'ဝူယွိရှန်' ၏ မျက်နှာမှာ အရုပ်ဆိုးသွားပြီး လေးနက်သော အသံဖြင့် ဆိုလိုက်သည်။ "လူငယ်မိတ်ဆွေ ကျုပ် ခင်ဗျားကို ဒီနေရာမှာ ပြဿနာ မရှာဖို့ အကြံပေးချင်တယ်။ မဟုတ်ရင် ခင်ဗျား အသက်ရှင်လျက် ထွက်သွားနိုင်မှာ မဟုတ်ဘူး"

ဖုန်းဝူချန်က အေးစက်စွာ ပြန်ဖြေသည်။ "ခင်ဗျား ကျုပ်ကို ခြိမ်းခြောက်နေတာလား"

"'သွေးကျောက်စိမ်း ဗောဓိ' ကို ကျွန်တော်တို့ အရင် ဝယ်ဖို့ ဆုံးဖြတ်ခဲ့တာ။ ခင်ဗျားက ဒါကို တခြား တစ်ယောက်ကို ရောင်းတယ်။ ဒါ ခင်ဗျားရဲ့ အမှား။ အခု ခင်ဗျားက ကျွန်တော်တို့ကို ပြဿနာ ရှာတယ်လို့ ပြောတယ် ဟုတ်လား"

လျိုချင်းယန်က အေးစက်သော လေသံဖြင့် ပြန်လည် ချေပလိုက်သည်။

'ဝူယွိရှန်' ၏ မျက်နှာအမူအရာ မည်းမှောင်သွားပြီး ..

"ခင်ဗျားတို့မှာ ရွှေဒင်္ဂါး ကုဋေ ခုနစ်ထောင်တောင် ရှိလို့လား။ ခင်ဗျားတို့ကို ပြောပြရမှာလည်း ကျုပ် စိတ်မဝင်စားဘူး။ 'သွေးကျောက်စိမ်း ဗောဓိ' ကို 'ကြယ်တာရာ နယ်မြေ' မြို့တော်က 'ယွင်' မိသားစုရဲ့ သခင်လေးက မှာယူထားတာ။ ခင်ဗျားတို့ သခင်လေး 'ယွင်' က ဘယ်သူလဲ ဆိုတာ သိရဲ့လား။ 'ကြယ်တာရာ နယ်မြေ' မြို့တော်ရဲ့ ထိပ်တန်း ပါရမီရှင်။ သူက 'ကောင်းကင်ဘုံ လူသား' ဘုံကို ချိုးဖြတ် တက်ရောက်ဖို့ ဒီ 'သွေးကျောက်စိမ်း ဗောဓိ' ကို အရေးတကြီး လိုအပ်နေတာ"

"သူ ဘယ်သူလဲ ဆိုတာ ကျုပ် ဂရုမစိုက်ဘူး။ 'သွေးကျောက်စိမ်း ဗောဓိ' ကို ကျုပ် အရင် ဝယ်ဖို့ ဆုံးဖြတ်ခဲ့တာ။ ခင်ဗျား ဒါကို ကျုပ်ကိုပဲ ရောင်းရမယ်" ဖုန်းဝူချန်က နောက်မဆုတ်ဘဲ အေးစက်စွာ ပြန်ဖြေသည်။

"ဟွန့်။ မင်း သေချင်နေတာပဲ။ 'ကြယ်တာရာ နယ်မြေ' မြို့တော်မှာ ဘယ်သူက သခင်လေး 'ယွင်' ကို စော်ကားရဲလို့လဲ။ သူ့ရဲ့ ပါရမီနဲ့ ဆိုရင် သူက 'ဝူကျိ' နယ်မြေ တစ်ခုလုံးမှာ ရှားပါးတဲ့ လူနည်းစုထဲက တစ်ယောက်ပဲ။ မင်း ကိုယ့်အစွမ်း ကိုယ်မသိဘဲ မနိုင်တာကို မကိုက်တာ အကောင်းဆုံးပဲ" 'ဝူယွိရှန်' က လှောင်ရယ်လိုက်သည်။

တင်းမာမှုများ ကြီးထွားလာသည်နှင့် စောစောက ဖုန်းဝူချန်အား ကြိုဆိုခဲ့သော အစေခံမလေးမှာ စိုးရိမ် ပျာယာခတ်လာသည်။

"တာဝန်ခံကြီး 'ဝူ' ..သူက ဆေးပညာရှင် တစ်ယောက်ပါ" အစေခံမလေးက အခြေအနေများ ပိုမို ဆိုးရွားလာမည်ကို စိုးရိမ်သဖြင့် အလျင်အမြန် တိုးတိုးလေး ဆိုသည်။

"ပါးစပ် ပိတ်ထား။ ဒါ ..မင်း အလုပ် မဟုတ်ဘူး" 'ဝူယွိရှန်' က သူမအား ရှင်းရှင်းလင်းလင်း မကြားလိုက်သကဲ့သို့ ကြမ်းတမ်းစွာ အော်ငေါက်လိုက်ပြီး ဘေးသို့ တွန်းထုတ်လိုက်သည်။

'ဝူယွိရှန်' သည် 'ထျန်းယွမ်' ဘုံ နဝမလွှာ အဆင့်တွင် ရှိနေသည်မှာ မှန်သော်လည်း သူသည် လေလံရုံ အတွင်းမှ ဖောက်သည် တစ်ဦးကို လက်တင် မထိရဲခဲ့ပေ။

ဒါက လေလံရုံ၏ စည်းကမ်း ဖြစ်၏။

"ကျုပ်တို့.. သေလမ်း ရှာနေတာ ဟုတ်သည် ဖြစ်စေ မဟုတ်သည် ဖြစ်စေ ..ခင်ဗျားနဲ့ မဆိုင်ဘူး။ ကျုပ် ခင်ဗျားကို ရွှေဒင်္ဂါး ကုဋေ ခုနစ်ထောင် ပေးမယ်။ 'သွေးကျောက်စိမ်း ဗောဓိ' ကို ထားခဲ့ပါ" ဖုန်းဝူချန်က အေးစက်စွာ ဆိုလိုက်သည်။ သူ၏ ဆုံးဖြတ်ချက်မှာ ကြိုတင် မှာယူထားသူ..မည်သူမည်ဝါ ဖြစ်မှုကြောင့် တုန်လှုပ်သွားခြင်း မရှိပေ။

အကယ်၍သာ ယခင်က ဖြစ်ခဲ့ပါလျှင် ဖုန်းဝူချန် တုံ့ဆိုင်းနေမိနိုင်သော်လည်း ယခုမူ သူ 'ယွင်' မိသားစုကို အလေးအနက်ပင် မထားတော့ပေ။

ထို့အပြင် ဖုန်းဝူချန်သည် 'ယွင်' မိသားစု၏ သခင်လေးအပေါ် မည်သည့် အမှားအယွင်းမျှ မကျူးလွန်ခဲ့ပေ။ သူက 'သွေးကျောက်စိမ်း ဗောဓိ' ကို ဝယ်ယူလိုရုံမျှသာ။

တစ်ခုခု ဝယ်ယူသည့်အခါ ဦးရာလူ စနစ် ရှိသည် မဟုတ်ပါလား။

'ဝူယွိရှန်' က ဒေါသတကြီး ဟိန်းဟောက်လိုက်တော့သည်။

"ကျေးဇူးတရား မသိတဲ့ လူမိုက်တွေ။ တစ်ယောက်ယောက် ဒီ ပြဿနာရှာတဲ့ ကောင်တွေကို လေလံရုံထဲက ပစ်ထုတ်လိုက်စမ်း"

'ဝူယွိရှန်' ကိုယ်တိုင် မလှုပ်ရှားရဲသည်မှာ မှန်သော်လည်း တစ်စုံတစ်ယောက်က လေလံရုံတွင် ပြဿနာ ရှာနေပါက ဒါက အခြား ကိစ္စတစ်ရပ် ဖြစ်လေ၏။

'ဝူယွိရှန်' က သူတို့ လေးယောက် အပေါ်သို့ အပြစ်ပုံချလိုက်ပြီး သူတို့သည် ပြဿနာ ရှာသူများ ဖြစ်ကြောင်း ပြတ်ပြတ်သားသား စွပ်စွဲလိုက်သည်။

'ဝူယွိရှန်' ၏ ဟိန်းဟောက်သံကို ကြားသောအခါ လေလံရုံ၏ အစောင့် ဒါဇင်ခန့် ပြေးလွှားလာကြပြီး ကျယ်ဝန်းသော လေလံ ခန်းမကြီးထဲမှ လူအများအပြား၏ အာရုံစိုက်မှုကို ဆွဲဆောင်လိုက်သည်။

"ဘယ်သူက ဒီလောက် သတ္တိကောင်းပြီး လေလံရုံမှာ ပြဿနာ ရှာရဲတာလဲ။ ဒီလို ကိစ္စမျိုး ကြားရတာ ဒါ ပထမဆုံးပဲ"

"အဲ့ဒါ တာဝန်ခံကြီး 'ဝူ' ရဲ့ အသံ မဟုတ်လား။ တစ်ယောက်ယောက် ပြဿနာ ရှာနေတာလား"

"တကယ် ရှားရှားပါးပါးပဲ။ 'ကြယ်တာရာ နယ်မြေ' က လေလံရုံမှာ တစ်ယောက်ယောက်က ပြဿနာ ရှာရဲတယ်လို့ ငါ မကြားဖူးဘူး။ သူတို့ကိုယ်သူတို့ 'ကျန်း' မိသားစုရဲ့ သခင်လေး.. ဒါမှမဟုတ် 'အင်မော်တယ် လက်နက် စံအိမ်' ရဲ့ စံအ်ိမ်သခင်လေးလို့ ထင်နေတာလား"

တစ်ခဏမျှ အတွင်း လေလံ ခန်းမထဲတွင် အင်အားကြီး ပုဂ္ဂိုလ်များစွာ၏ အကြည့်များ လှစ်ခနဲ ကျရောက်လာသည်။

"ဟို လေးယောက်ကို ငါ့အတွက် ပစ်ထုတ်လိုက်" 'ဝူယွိရှန်' က အစောင့်များအား ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။

အစောင့် ဒါဇင်ခန့်မှာ ရှေ့သို့ တိုးဝင်လာကြသည်။ သူတို့၏ ကျင့်ကြံခြင်း အဆင့်များမှာ မနိမ့်ကျကြပေ။ တစ်ဦးချင်းစီတိုင်းမှာ 'ထျန်းယွမ်' ဘုံ အဆင့်တွင် ရှိကြရာ လေလံရုံ၏ အင်အားကို ပြသနေသည်။

"ချင်းယန်။ ချင်းချင်း။ ရှောင်ရှောင်။ ရိုက်ချိုးပစ်"

ဖုန်းဝူချန်က ပြင်းထန်စွာ အော်ဟစ်လိုက်ပြီး သူ၏ လက်သီးများကို တုံ့ဆိုင်းမနေဘဲ ဆုပ်ကိုင်လိုက်ကာ အစောင့် ဒါဇင်ခန့်ထံသို့ တိုးဝင်သွားတော့သည်။

"ကောင်းပြီ" လျိုချင်းယန်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပြီး သူ၏ 'အစစ်အမှန်ယွမ်' စွမ်းအင်ကို ထုတ်ဖော်ကာ လေလံရုံရှိ စင်များကို ကျပန်း ပစ်မှတ်ထား၍ တိုက်ခိုက်လိုက်သည်။

မြောင်ချင်းချင်းနှင့် လင်ရှောင်ရှောင်တို့မှာလည်း အအားမနေကြပေ။ ပူးပေါင်း ပါဝင်လာကြပြီး သူတို့၏ 'အစစ်အမှန်ယွမ်' စွမ်းအင်ကို ထုတ်ဖော်ကာ ဖျက်ဆီးမှုများ စတင်လိုက်ကြ၏။

မြောင်ချင်းချင်းနှင့် လင်ရှောင်ရှောင်တို့ အတွက် ဤသို့သော အရာကို ပြုလုပ်ရခြင်းမှာ ပထမဆုံး အကြိမ် ဖြစ်သော်လည်း သူတို့ ၎င်းကို စိတ်လှုပ်ရှားဖွယ် ကောင်းသည်ဟု တွေ့ရှိနေကြဟန်တူသည်။

"ဘုန်း။ ဘုန်း။ ဘုန်း"

တစ်ပြိုင်နက်တည်းမှာပင် ဖုန်းဝူချန်သည် လျှပ်စီးကဲ့သို့ လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး ကြောက်မက်ဖွယ် အရှိန်ဖြင့် တိုက်ခိုက်လိုက်သည်။

လျှပ်တပြက် နေရာ ရွှေ့ပြောင်းခြင်း

အနည်းငယ် အပြီးတွင် အစောင့်များ အားလုံး လွင့်စင်သွားကြပြီး လေလံရုံ ပတ်လည်ရှိ စင်များပေါ်သို့ ထိခတ် ကျရောက်သွားကြ၏။

"ဟိုကောင်လေးရဲ့ အစွမ်းက မသေးဘူး။ 'အစစ်အမှန်ယွမ်' စွမ်းအင်တောင် မထုတ်ဖော်ဘဲနဲ့ အချက် နှစ်ချက်လောက်နဲ့ အစောင့် ဒါဇင်လောက်ကို လွင့်စင်သွားအောင် လုပ်လိုက်တယ်"

"လေလံရုံမှာ ပြဿနာ လာရှာရဲတဲ့ သတ္တိကတော့ တော်တော် ရှိတာပဲ။ ဒီကောင်လေး အသက် ကြာကြာ နေရတော့မှာ မဟုတ်ဘူး"

"ဒီ လေးယောက်က မျက်နှာစိမ်းတွေပဲ။ အရင်က တစ်ခါမှ မမြင်ဖူးဘူး။ ဒါပေမဲ့ လေလံရုံမှာ တိုက်ခိုက်ရဲလောက်အောင် သတ္တိကောင်းနေတယ်။ သူတို့မှာ အဆင့်အတန်း ကြီးကြီးမားမားများ ရှိနေမလား"

"အဆင့်အတန်း ကြီးကြီးမားမား။ 'ကျန်း' မိသားစုနဲ့ 'အင်မော်တယ် လက်နက် စံအိမ်' က ပါရမီရှင်တွေက လွဲရင် 'ဝူကျိ' နယ်မြေမှာ ဘယ်သူက လေလံရုံမှာ ပရမ်းပတာ လုပ်ရဲမှာလဲ။ 'ထျန်းတောက်' ဂိုဏ်းရဲ့ ဂိုဏ်းချုပ်လေးတောင် ဒီလောက် သတ္တိ မရှိဘူး"

ခန်းမထဲတွင် မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ တစ်ယောက်နှင့်တစ်ယောက် တီးတိုး ပြောဆိုနေကြသည်။

"တရားလွန်လွန်းတယ်။ ငါ့အတွက် သူတို့ကို သတ်ပစ်လိုက်စမ်း" 'ဝူယွိရှန်' က ဒေါသတကြီး အမိန့်ပေးလိုက်သည်။ သူ၏ လူသတ်လိုသော စိတ်မှာ ကောင်းကင်ယံသို့ ထိုးတက်သွား၏။

ပို၍ များပြားသော အစောင့်များ အထဲသို့ ပြေးဝင်လာကြသော်လည်း သူတို့၏ အဆင့်များမှာ သိပ်မသန်မာလှပေ။ အားလုံးမှာ 'ယွမ်တန်' ဘုံ အဆင့်မျှသာ ရှိကြပြီး ဖုန်းဝူချန်အား လုံးဝ တားဆီးနိုင်စွမ်း မရှိကြပေ။

တစ်ယောက် ဝင်လာလျှင် ဖုန်းဝူချန်က တစ်ယောက်ကို လွင့်စင်သွားစေသည်။ နှစ်ယောက် ဝင်လာလျှင် နှစ်ယောက် လွင့်စင်သွားစေသည်။

လျိုချင်းယန်နှင့် သူ၏ အဖော် နှစ်ဦးမှာမူ ရိုက်ချိုးရုံသာ ရိုက်ချိုးနေကြသည်။

ပြင်းထန်စွာ ရိုက်ချိုးနေကြသည်။

မိနစ် အနည်းငယ် အတွင်း လေလံ ခန်းမကြီးမှာ လုံးဝ ဖရိုဖရဲ ဖြစ်သွားပြီး ရတနာများမှာ ကြမ်းပြင် တစ်ခွင်လုံးတွင် ပြန့်ကျဲနေတော့သည်။

ခန်းမထဲမှ ကျင့်ကြံသူ အများအပြားမှာ ဆွံ့အသွားကြသည်။

'ဒီကောင်လေးနဲ့ သူ့အဖွဲ့ရဲ့ သတ္တိ.. ကြီးလှပါလား'

"အသုံးမကျတဲ့ ကောင်တွေချည်းပဲ" 'ဝူယွိရှန်' က ဟိန်းဟောက်လိုက်သည်။ သူ၏ မျက်နှာမှာ ဒေါသကြောင့် ရှုံ့မဲ့နေပြီး မိမိကိုယ်ကို မထိန်းချုပ်နိုင်တော့ပေ။

ပြင်းထန်စွာ ဒေါသထွက်နေသော 'ဝူယွိရှန်' သည် ဖုန်းဝူချန်အား စူးစူးရဲရဲ ကြည့်လိုက်ပြီး ချက်ချင်းပင် လှစ်ခနဲ တိုးဝင်သွားသည်။ သူ၏ တစ်ကိုယ်လုံးမှာ လူသတ်လိုသော အငွေ့အသက်များဖြင့် ပြည့်နှက်နေ၏။

"ဝှစ် ဝှစ် ဝှစ်"

"ဘုန်း ဘုန်း ဘုန်း"

ဖုန်းဝူချန်သည် သူ 'ဝူယွိရှန်' ၏ ပြိုင်ဘက် မဟုတ်သည်ကို သိသည်။ သူက ပြတ်သားစွာ လျှပ်တပြက် နေရာ ရွှေ့ပြောင်းခြင်းကို အသုံးပြုလိုက်ရာ သူ၏ ပုံရိပ်မှာ လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ကွယ်သွားလိုက် ပြန်ပေါ်လာလိုက် ထို့နောက် ပျောက်ကွယ်သွားလိုက်၊ ပြန်ပေါ်လာပြန်လိုက်ဖြင့် အစောင့် တစ်သုတ်ကို လွင့်စင်သွားစေသည်။

လျှို့ဝှက်ဆန်းကြယ်သော 'လျှပ်တပြက် နေရာ ရွှေ့ပြောင်းခြင်း'ဖြင့် 'ဝူယွိရှန်' မှာ ဖုန်းဝူချန်အား ကိုင်တွယ်ရန် နည်းလမ်း မရှိ ဖြစ်နေပြီး ဒေါသထွက်လွန်းသဖြင့် ပေါက်ကွဲထွက်တော့မတတ် ဖြစ်နေသည်။

ငါးမိနစ် မပြည့်မီမှာပင် လေလံ ခန်းမကြီးမှာ မှတ်မိနိုင်စရာ မရှိလောက်အောင် ပျက်စီးသွားခဲ့ပြီး ရှားပါး ရတနာ အများအပြားမှာလည်း ပျက်စီးသွားခဲ့သည်။

"ရပ်လိုက်စမ်း"

မာကြောပြီး သြဇာအာဏာပါသော ဒေါသတကြီး ဟိန်းဟောက်သံကြီးက ခန်းမထဲတွင် ရုတ်တရက် ပဲ့တင်ထပ်လာသည်။ မိုးခြိမ်းသံကဲ့သို့ လူတိုင်း ကြောက်လန့်တကြား တုန်ရီသွားကြသည်။

အဖြူရောင် ဝတ်ရုံဖြင့် အကြီးအကဲ တစ်ဦး လှစ်ခနဲ ပေါ်ထွက်လာသည်။ သူ၏ အလွန် ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါက ပတ်ဝန်းကျင် တစ်ခုလုံးကို လွှမ်းခြုံသွားပြီး ရှိနေသူ အားလုံး အသက်ရှူ မှားလောက်အောင် ဖိနှိပ်လိုက်သည်။

'ကောင်းကင်ဘုံ လူသား' ဘုံ အဋ္ဌမလွှာ။

ထို အကြီးအကဲ ရောက်ရှိလာသည်နှင့် နေရာတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားတော့သည်။

ဖုန်းဝူချန်က သူ၏ တိုက်ခိုက်မှုကို ရပ်တန့်လိုက်ပြီး လျိုချင်းယန်နှင့် အခြား နှစ်ဦးမှာလည်း အရာများကို ရိုက်ချိုးခြင်း ရပ်တန့်လိုက်သည်။ မျက်လုံး အားလုံးမှာ ထို အကြီးအကဲထံသို့ လှည့်သွားကြသည်။

"ဒုတိယ အကြီးအကဲ။ အချိန်ကိုက်ပဲ ရောက်လာတာပဲ။ ဒီ လေးယောက် လေလံရုံမှာ ပရမ်းပတာ လာလုပ်နေပါတယ်" 'ဝူယွိရှန်' မှာ အကြီးအကဲကို မြင်သောအခါ ဝမ်းမြောက်စွာဖြင့် ဖုန်းဝူချန်နှင့် အခြားသူများအား လက်ညှိုးထိုးကာ ဒေါသတကြီး တိုင်တန်းလိုက်သည်။

ထို အကြီးအကဲမှာ အခြားသူ မဟုတ် 'အင်မော်တယ် လက်နက် စံအိမ်' ၏ ဒုတိယ အကြီးအကဲ 'နျဲ့ဖုန်းယွင်' ပင် ဖြစ်သည်။ 'ကောင်းကင်ဘုံ လူသား' ဘုံ အဋ္ဌမလွှာ ကျင့်ကြံခြင်း အဆင့် ရှိပြီး 'ဆဌမ အဆင့်' ဆေးပညာရှင် တစ်ဦးလည်း ဖြစ်လေ၏။

'နျဲ့ဖုန်းယွင်' သည် 'ဝူကျိ' နယ်မြေ အတွင်း၌ အလွန် ဂုဏ်သိက္ခာ ကြီးမားသူ ဖြစ်ပြီး 'ဆဌမ အဆင့်' ဆေးပညာရှင် တစ်ဦး အနေဖြင့် သူ၏ မြင့်မြတ်သော အဆင့်အတန်းကို လူတိုင်းက ရိုသေ လေးစားကြသည်။

လေလံ ခန်းမကြီး၏ ပျက်စီးနေသော အခြေအနေကို ကြည့်ရင်း 'နျဲ့ဖုန်းယွင်' ၏ မျက်နှာအိုကြီးမှာ ဒေါသကြောင့် မည်းမှောင်သွားပြီး ဒေါသမီးများ တောက်လောင်နေတော့၏။

သူ၏ နက်ရှိုင်းပြီး ကြောက်မက်ဖွယ် ကောင်းသော အကြည့်များက ဖုန်းဝူချန်ထံသို့ ကျရောက်လာသည်။ 'နျဲ့ဖုန်းယွင်' က မည်းမှောင်စွာ ဆိုလိုက်သည်။

"မင်း တော်တော် သတ္တိကောင်းနေတယ်ပေါ့။ လေလံရုံမှာ ရတနာတွေ အများကြီးကို ရိုက်ချိုး ဖျက်ဆီးရဲတယ် ဟုတ်လား"

'နျဲ့ဖုန်းယွင်' ၏ စကားကို ကြားသောအခါ ဖုန်းဝူချန်က တုံ့ဆိုင်းမနေဘဲ လေထဲသို့ လက်ဝါး တစ်ချက် ရိုက်ထုတ်လိုက်သည်။ "ဘုန်း" ခနဲ အသံနှင့်အတူ နောက်ထပ် ခင်းကျင်းပြသထားသော စင်တစ်ခု ပျက်စီးသွားပြန်သည်။

ဤသည်ကိုပင် ရိုင်းစိုင်းခြင်းဟု ခေါ်ဆိုသည်။ ဖုန်းဝူချန်က ၎င်းကို စံနမူနာ ပြသလိုက်ခြင်းပင်။

ဖုန်းဝူချန်က 'အင်မော်တယ် လက်နက် စံအိမ်' ၏ ဒုတိယ အကြီးအကဲ ရှေ့မှောက်တွင်ပင် ခင်းကျင်းပြသထားသော စင်ပေါ်မှ ရှားပါး ရတနာများကို ဖျက်ဆီးပစ်လိုက်ရဲသည်။

လေလံ ခန်းမကြီး တစ်ခုလုံးမှ အင်အားကြီး ပုဂ္ဂိုလ်များစွာမှာ ဖုန်းဝူချန်၏ ရဲတင်းသော လှုပ်ရှားမှုကြောင့် မှင်တက်သွားကြပြီး တစ်ဦးချင်းစီတိုင်း ဆွံ့အသွားကြ၏။

'နျဲ့ဖုန်းယွင်' ၏ ရှေ့မှောက်တွင် ဤသို့ ပြုမူရဲလောက်အောင် ဖုန်းဝူချန် မည်သည့်နေရာမှ သတ္တိများ ရလာသည်ကို သူတို့ တစ်ယောက်မျှ မသိကြပေ။

'ဒီကောင်လေး တကယ်ပဲ သေလမ်း ရှာနေတာပဲ' လူတိုင်း စိတ်ထဲမှ ထပ်တူ..ကောက်ချက်ချလိုက်ကြသည်။

"ခင်ဗျား အရင်ဆုံး လေလံရုံရဲ့ တာဝန်ခံကို မေးကြည့်သင့်တယ်" ဖုန်းဝူချန်က 'နျဲ့ဖုန်းယွင်' အား ကြောက်ရွံ့ခြင်း အလျဉ်းမရှိဘဲ အေးစက်စွာ ဆိုလိုက်သည်။

ဖုန်းဝူချန် ဤမျှ ယုံကြည်မှု ရှိပြီး သူ့အား မကြောက်ရွံ့သည်ကို မြင်သောအခါ လေလံရုံ၏ ဒုတိယ အကြီးအကဲ 'နျဲ့ဖုန်းယွင်' ၏ မျက်ခုံးများ အနည်းငယ် တွန့်သွားသည်။

'ဒီကောင်လေး.. ငါးဆားနူတော့ မဟုတ်ဘူး ထင်တယ်'

'ဝူယွိရှန်' က အလျင်အမြန် ရှင်းပြလိုက်သည်။ သူ ပြောရင်း ပို၍ ဒေါသ ထွက်လာရလေသည်။

"ဒုတိယ အကြီးအကဲ ..သူတို့က 'သွေးကျောက်စိမ်း ဗောဓိ' ကို ဝယ်ချင်လို့ပါ။ ဒါပေမဲ့ 'သွေးကျောက်စိမ်း ဗောဓိ' က သခင်လေး 'ယွင်' က ကြိုတင် မှာယူထားပြီးသား ဖြစ်နေတယ်။ ကျွန်တော် ဘယ်လိုပဲ ပြောပြော သူတို့ နားမထောင်ဘူး။ ပြီးတော့ သူတို့မှာ ရွှေဒင်္ဂါး ကုဋေ ခုနစ်ထောင် ထုတ်ပေးနိုင်မှာလည်း မဟုတ်ဘူး။ ရှင်းရှင်းလင်းလင်းကို သူတို့က ပြဿနာ ရှာဖို့ လာတာပဲ။ အဲ့ဒါကြောင့် ကျွန်တော် လူတွေကို သူတို့ကို မောင်းထုတ်ခိုင်းလိုက်တာ။ အဲ့ဒီမှာ သူတို့က စပြီး ရိုက်ချိုး ဖျက်ဆီးတော့တာပဲ"

ထိုအခါ၊ လျိုချင်းယန်က အေးစက်စွာ ဆိုသည်။

"ကျွန်တော်တို့ ဝယ်ချင်တယ် ပြောတုန်းက ခင်ဗျား မှာထားပြီးသားလို့ မပြောခဲ့ဘူး။ ပစ္စည်း တစ်ခုခု ဝယ်တဲ့အခါ ဦးရာလူ စနစ်ကို လေးစားရတာ သဘာဝ မကျဘူးလား။ လေလံရုံရဲ့ တာဝန်ခံကြီး တစ်ယောက် ဖြစ်ပြီး ခင်ဗျား ဒါတောင် မသိဘူးလား။ ခင်ဗျား ကိုယ့်ကိုယ်ကိုယ် တာဝန်ခံလို့ ခေါ်နေတုန်းပဲလား။ ဒါက 'ဝူကျိ' နယ်မြေရဲ့ အကြီးဆုံး လေလံရုံ ဖြစ်ရက်နဲ့ တကယ့်ကို စိတ်ပျက်စရာပဲ"

"တာဝန်ခံကြီး 'ဝူ' က အမှား ရှိတယ် ဆိုရင်တောင် မင်းတို့ လေလံရုံက ရတနာတွေကို ရိုက်ချိုး ဖျက်ဆီးပိုင်ခွင့် မရှိဘူး။ မင်းတို့ လေလံရုံရဲ့ စည်းကမ်းတွေကို ချိုးဖောက်လိုက်တာပဲ" 'နျဲ့ဖုန်းယွင်' က ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူက သူ၏ ကိုယ်ပိုင် ဝန်ထမ်းကို ကာကွယ်နေသည်မှာ ထင်ရှားလှသည်။

ဤသို့ ကြားသောအခါ ဖုန်းဝူချန်က အေးစက်စွာ ပြန်ဖြေသည်။

"'ဝူကျိ လေလံရုံ' မှာ ဦးရာလူ စနစ် ဆိုတဲ့ စည်းကမ်း မရှိဘူးလား။ မရှိဘူး ဆိုရင်လည်း ထားလိုက်ပါတော့။ 'သွေးကျောက်စိမ်း ဗောဓိ' ကို တခြား တစ်ယောက်က မှာယူထားပြီးပြီ၊ ပြီးတော့ လေလံရုံမှာ ဦးရာလူ စနစ် ဆိုတာလည်း မရှိဘူး ဆိုတော့ ဒါဆို.. အခု ကျုပ်က သူ့နောက်ကနေ ဝယ်ဖို့ တန်းစီလိုက်မယ်"

အေးစက်သော အကြည့်တစ်ချက် 'နျဲ့ဖုန်းယွင်' ထံသို့ လှစ်ခနဲ ကျရောက်သွားပြီး ဖုန်းဝူချန်က မေးလိုက်သည်။

"ဟုတ်တယ် မဟုတ်လား၊ ဒုတိယ အကြီးအကဲ။ ခင်ဗျား ဘယ်သူ့ကို ရောင်းဖို့ စီစဉ်ထားလဲ။ ခင်ဗျားက 'ကြယ်တာရာ နယ်မြေ' မြို့တော်ရဲ့ နံပါတ်တစ် ပါရမီရှင် 'ယွင်ချုံ' ကို ရောင်းမှာလား။ ဒါမှမဟုတ် ကျုပ်ကို ရောင်းမှာလား"

ဖုန်းဝူချန်၏ ရဲတင်းသော ရပ်တည်ချက်.. 'နျဲ့ဖုန်းယွင်' အား လုံးဝ အလေးမထားသော အပြုအမူက ပွဲကြည့် ပရိသတ်များ အကြား ပွဲဆူသွားစေသည်။

"ဒီကောင်လေး တကယ်ပဲ သေလမ်း ရှာနေတာပဲ" လူတိုင်း စိတ်ထဲမှ တညီတညွတ်တည်း တွေးလိုက်ကြလေသည်။

"ဟွန့်။ သခင်လေး 'ယွင်' ကို ရောင်းမှာပေါ့။ မင်းက ဘာမို့လို့လဲ" 'ဝူယွိရှန်' က မထီမဲ့မြင် ကြိမ်းမောင်းလိုက်သည်။

“ပါးစပ် ပိတ်ထား”

'နျဲ့ဖုန်းယွင်' က 'ဝူယွိရှန်' အား ဆူပူလိုက်ပြီး ဖုန်းဝူချန်အား မေးလိုက်သည်။

"မင်း ..ဘယ်သူလဲ"

ဖုန်းဝူချန်၏ ရိုင်းစိုင်းမှု ယုံကြည်မှု လေလံရုံကို မကြောက်ရွံ့မှု ဤအချက်များ အားလုံးက 'နျဲ့ဖုန်းယွင်' အား ပို၍ လေးနက်သွားစေသည်။

အကယ်၍သာ သာမန်လူ တစ်ယောက် ဖြစ်ပါက သူတို့ လေလံရုံတွင် ပရမ်းပတာ လုပ်ရဲမည် မဟုတ်ပေ။

သို့သော် ဖုန်းဝူချန်မှာ သာမန်လူ တစ်ယောက် မဟုတ်သည့်ပုံ ပေါ်နေလေသည်။

All Chapters