ကြွားဝါခြင်း
Vol. 24 Ch. 360
~ဖုန်းဝူချန်နှင့် သူ့အဖွဲ့ ထွက်ခွာသွားပြီးနောက် လေလံ ခန်းမကြီးမှာ တိတ်ဆိတ်ငြိမ်သက်နေဆဲ ဖြစ်သည်။
'ပိုင်လီဟန်' နှင့် 'နျဲ့ဖုန်းယွင်' တို့မှာ ကြောက်လန့်မှု လှိုင်းများ ရိုက်ခတ်နေသည်ကို ခံစားနေရဆဲပါတည်း။
'ကျန်း' မိသားစု၏ ကျောက်စိမ်း တံဆိပ်မှာ သူတို့အတွက် အလွန် ကြောက်မက်ဖွယ် ကောင်းလှ၏။
'ဝူကျိ လေလံရုံ' သည် 'ဝူကျိ' နယ်မြေမှ အင်အားကြီး ပုဂ္ဂိုလ်များထဲမှ တစ်ဦး ဖြစ်သော်လည်း 'ကျန်း' မိသားစုနှင့် နှိုင်းယှဉ်လျှင် သူတို့ များစွာ အားနည်းလှသည်။
ကျောက်စိမ်း တံဆိပ်သည် 'ကျန်း' မိသားစု၏ အဆုံးစွန်သော သြဇာအာဏာကို ကိုယ်စားပြုပြီး မိသားစု တစ်ခုလုံး၏ တည်ရှိမှုကို အမိန့်ပေးနိုင်လေသည်။ 'ပိုင်လီဟန်' နှင့် 'နျဲ့ဖုန်းယွင်' တို့ မပြောနှင့် စံအိမ်သခင်ကြီးသာ ဤနေရာတွင် ရှိနေခဲ့လျှင်ပင် သူတို့ ဦးညွှတ်ရပေလိမ့်မည်။
'ကျန်း' မိသားစု၏ အင်အားမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှပြီး လေလံရုံမှာ သူတို့ကို စိန်ခေါ်ရန် အရည်အချင်း မရှိပေ။
မည်မျှ ကြာသွားသည် မသိ တစ်စုံတစ်ယောက်က သိလိုစိတ်ကို မထိန်းချုပ်နိုင်တော့ဘဲ ထုတ်မေးလိုက်သည်။
"မိသားစု ခေါင်းဆောင် ..သူတို့ တကယ်ပဲ ဘယ်သူတွေလဲ သိလို့ရမလား ခင်ဗျာ။ ဘာလို့ မိသားစု ခေါင်းဆောင်နဲ့ ဒုတိယ အကြီးအကဲတို့ ဒီလောက် ကြောက်လန့်နေရတာလဲ"
'ပိုင်လီဟန်' က ခေါင်းခါလိုက်ပြီး ဆိုသည်။
"ငါတို့ စော်ကားလို့ မရတဲ့ လူတွေပဲ"
ထို စကားခြောက်လုံးက ခန်းမထဲရှိ လူတိုင်းကို မှင်တက်သွားစေသည်။
'လေလံရုံကတောင် စော်ကားလို့ မရတဲ့ လူတွေ။ သူတို့ရဲ့ နောက်ခံတွေက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းနေလို့လဲ'
"'ဝူယွိရှန်' ရဲ့ အလောင်းကို ဝံပုလွေတွေဆီ ပစ်ကျွေးလိုက်။ လူစုခွဲကြတော့"
'နျဲ့ဖုန်းယွင်' က အေးစက်စွာ အမိန့်ပေးလိုက်ပြီး 'ဝူယွိရှန်' ၏ အလောင်းအား ကြမ်းတမ်းသော အကြည့်တစ်ချက် ပစ်လွှတ်လိုက်သည်။ သူ့ခမျာ 'ဝူယွိရှန်' ကြောင့် သေလုနီးပါး ဖြစ်ခဲ့ရ၏။
လူအုပ်ကြီးမှာ ကိုယ်စီ..ကိုယ်စီ.. လူစုခွဲသွားကြပြီး မိမိတို့၏ သက်ဆိုင်ရာ တာဝန်များဆီသို့ ပြန်သွားကြလေသည်။
"ဒုတိယ အကြီးအကဲ ခင်ဗျားရဲ့ 'မီးအဆိပ်' ကိစ္စ ဘယ်လိုလဲ။ လွန်ခဲ့တဲ့ မကြာသေးခင်ကမှ တစ်ခါ ထဖောက်သွားတာ မဟုတ်ဘူးလား" ဟု 'ပိုင်လီဟန်' က နားမလည်နိုင်စွာ မေးလိုက်သည်။ 'နျဲ့ဖုန်းယွင်' ၏ 'မီးအဆိပ်' ရုတ်တရက် ထဖောက်လာပြီး ယခင်ကထက် ပိုမို ဆိုးရွားနေသည်ကို သူ ထူးဆန်းနေမိသည်။
"ကျုပ်လည်း အဲ့ဒါပဲ တွေးနေတာ။ တကယ်ပဲ 'မီးအဆိပ်' က အရင်ကထက် ပို ကြောက်ဖို့ကောင်းနေတယ်" 'နျဲ့ဖုန်းယွင်' က ခေါင်းခါလိုက်သည်။ သူလည်း ထိုနည်းတူပင် ရှုပ်ထွေးနေပြီး ရှင်းပြချက် တစ်ခု မပေးနိုင်ခဲ့ပေ။
'နျဲ့ဖုန်းယွင်' သည် သူ၏ 'မီးအဆိပ်' ကို ဖုန်းဝူချန်နှင့် ဆက်စပ်ရန် ဖြစ်နိုင်ခြေကို တစ်ခါမျှ မစဉ်းစားမိခဲ့ပေ။ ထို့ကြောင့် သူ အခြေအနေကို နားလည်နိုင်စွမ်း မရှိခဲ့။
'နျဲ့ဖုန်းယွင်' က ခြောက်ကပ်ကပ် ပြုံးလိုက်ပြီး ခေါင်းခါလိုက်သည်။
"ဒီကိစ္စကို အခု ခဏ မစိုးရိမ်ကြသေးတာပေါ့။ ကျုပ်တို့ အဖြေတစ်ခုကို မြန်မြန် စဉ်းစားထားတာ ပိုကောင်းမယ်။ ဒီ အဖြစ်အပျက်ကို 'ကျန်း' မိသားစုက သိသွားခဲ့ရင် အကျိုးဆက်တွေက ကျုပ်တို့ စိတ်ကူးနိုင်တာထက် ကျော်လွန်သွားလိမ့်မယ်"
"ဒီလူငယ်က 'ကျန်း' မိသားစုက မဟုတ်တာ သေချာတယ်။ ဒါပေမဲ့ သူက သူတို့ရဲ့ ကျောက်စိမ်း တံဆိပ်ကို ပိုင်ဆိုင်ထားတယ်။ 'ကျန်း' မိသားစုက သူ့ကို အရမ်း အလေးထားရမယ်"
ဟု 'ပိုင်လီဟန်' က လေးနက်စွာ ပြောလေသည်။
အကယ်၍သာ ထိုလူငယ်က 'ကျန်း' မိသားစုမှ ဖြစ်ခဲ့ပါလျှင် ဤမျှ ထူးကဲသော အဆင့်အတန်းဖြင့် သူတို့ သေချာပေါက် သူ့အကြောင်း သိရှိနေကြမည် ဖြစ်သည်။ ထို့ကြောင့် 'ပိုင်လီဟန်' မှာ ဖုန်းဝူချန် 'ကျန်း' မိသားစုဝင် မဟုတ်ကြောင်း သေချာနေ၏။
'ကျန်း' မိသားစု၏ ကျောက်စိမ်း တံဆိပ်ကို ပိုင်ဆိုင်ထားသော လူငယ်လေး တစ်ယောက်။ ၎င်းမှာ မိသားစု၏ သခင်လေးများနှင့် အကြီးအကဲများပင် မပိုင်ဆိုင်သော အရာ ဖြစ်ရာ ထို လူငယ်လေး မည်မျှ ကြောက်မက်ဖွယ် ကောင်းနိုင်သည်ကို စိတ်ကူး ကြည့်နိုင်ပေသည်။
လေလံရုံသည် ဤတစ်ကြိမ်တွင် ဖုန်းဝူချန်အား စော်ကားမိခဲ့ပြီး 'ပိုင်လီဟန်' မှာ ထိုသတင်း 'ကျန်း' မိသားစု၏ နားထဲသို့ ရောက်ရှိသွားမည်ကို စိုးရိမ်နေသည်။ ထိုအခါ လေလံရုံမှာ အကျိုးဆက်များကို ခံစားရနိုင်ဖွယ် ရှိသည်။
---
ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့သည် လေလံရုံမှ ထွက်ခွာလာခဲ့ပြီး 'မူးယစ် နတ်ဘုရား စံအိမ်' ဟု လူသိများသော စားသောက်ဆိုင် တစ်ဆိုင်သို့ ရောက်ရှိလာခဲ့ကြသည်။
သူတို့သည် လမ်းမကြီးကို အပေါ်မှ မြင်နိုင်ပြီး မြို့၏ လှပသော ရှုခင်းများကိုပါ ရှုစားနိုင်သော လသာဆောင် ဘေးရှိ ဒုတိယ အထပ်မှ ကောင်းမွန်သော နေရာတစ်ခုကို ရှာတွေ့ခဲ့ကြသည်။
ဖုန်းဝူချန်က စားသောက်ဆိုင်၏ အထူး ဟင်းလျာ အချို့ကို ပေါ့ပေါ့ပါးပါး မှာကြားလိုက်သည်။ သူ အစားအသောက်နှင့် ပတ်သက်၍ ဇီဇာ မကြောင်တတ်ပေ။
ထိုအခိုက်အတန့်တွင် အသက်ကို မရှူနိုင်မရှိုက်နိုင် ဟောဟဲလိုက်နေသော လူငယ် တစ်ဦး စားသောက်ဆိုင်ထဲသို့ ပြေးဝင်လာပြီး ဒုတိယ အထပ်ဆီသို့ တန်းတန်းမတ်မတ် တက်လာသည်။ သူ၏ အမူအရာမှာ ထိတ်လန့်နေပုံ ပေါ်၏။
ထိုလူမှာ အသက် နှစ်ဆယ် အလယ်ပိုင်း အရွယ်ခန့် ရှိပြီး အနက်ရောင် ပိုးထည် ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏ ဆံပင်များမှာ ပခုံးပေါ်သို့ ဖြန့်ကျနေပြီး ထက်မြက်သော မျက်ခုံးများ၊ တောက်ပသော မျက်လုံးများဖြင့် အတော်လေး ချောမောသော မျက်နှာ ရှိလေသည်။
"ငါ ငါ မရတော့ဘူး။ မော မောလိုက်တာ" ထိုလူက မောဟိုက်စွာ ဆိုလိုက်သည်။ သူ၏ နှုတ်ခမ်းများမှာ ခြောက်သွေ့ကွဲအက်နေ၏။
ကံမကောင်းစွာပင် ထိုလူမှာ ဖုန်းဝူချန်တို့နှင့် တစ်စားပွဲ တည်းတွင် ဝင်ထိုင်လိုက်ပြီး သောက်စရာ သွန်းလောင်းရန် လက်ဖက်ရည်အိုးကို သူ့ဘာသာသူ ယူငင်လိုက်သည်။ သူ၏ မောဟိုက်နေမှုကြောင့် မြိုချလိုက်သော လက်ဖက်ရည်များ သီးထွက်သွားပြီး အလွန် ပြင်းထန်စွာ သီးနေလေသည်။
"အလျင်လိုတိုင်းလည်း လိုရာ ရောက်မှာ မဟုတ်ဘူး" ဖုန်းဝူချန်က ထိုလူအား တစ်ချက် ကြည့်လိုက်ပြီးနောက် တည်ငြိမ်စွာ ဆိုလိုက်သည်။
ကြက်ပေါင် တစ်ချောင်းကို ကိုက်ရင်း လျိုချင်းယန်က ထိုလူအား ကြည့်လိုက်ပြီး ပြုံးကာ မေးလိုက်သည်။ "ညီအစ်ကို.. ဘာတွေ ဒီလောက် အလျင်လိုနေတာလဲ။ လက်ဖက်ရည်တောင် သီးကုန်ပြီ"
တုံ့ပြန်သည့် အနေဖြင့် ထိုလူက ဖုန်းဝူချန်နှင့် အခြားသူများကို တစ်ချက် ကြည့်လိုက်ပြီး ပြုံးကာ တောင်းပန်လိုက်သည်။ "တောင်းပန်ပါတယ်။ ကျွန်တော် ခင်ဗျားတို့ရဲ့ အစာစားချိန်ကို နှောင့်ယှက်မိသွားလား"
စကားပြောနေစဉ် ထိုလူက လမ်းမကို လှည့်ပတ် ကြည့်လိုက်ပြီး နောက်ဆုံးတွင် စိတ်သက်သာရာ ရသွားကာ လက်ဖက်ရည် အခွက်ပေါင်းများစွာကို ပုံမှန်အတိုင်း သောက်သုံးလိုက်သည်။
"ခင်ဗျား သဘောအတိုင်း နေပါ" ဖုန်းဝူချန်က အေးစက်စွာ ဆိုလိုက်သည်။
ထိုလူ၏ အမည်မှာ 'တုံကျန့်ထျန်း' ဖြစ်ပြီး သူ၏ ကျင့်ကြံခြင်း အဆင့်မှာ 'ထျန်းယွမ်' ဘုံ စတုတ္ထလွှာသို့ ရောက်ရှိနေပြီ ဖြစ်ရာ ဖုန်းဝူချန်နှင့် တန်းတူ ဖြစ်သည်။
ပထမ တစ်ချက် ကြည့်ရုံမျှဖြင့် ဖုန်းဝူချန်နှင့် အခြားသူများမှာ 'တုံကျန့်ထျန်း' ၏ ကျင့်ကြံခြင်း အဆင့်ကို မြင်တွေ့နိုင်ခဲ့ကြသည်။
ထို့နောက် 'တုံကျန့်ထျန်း' က ပြုံးကာ မေးလိုက်သည်။ "ညီအစ်ကိုတို့ ခင်ဗျားတို့ကို ကြည့်ရတာ 'ကြယ်တာရာ နယ်မြေ' မြို့တော်ကို အခုမှ ရောက်လာကြတာ ထင်တယ် ဟုတ်တယ်မလား"
သူက အစ်ကိုကြီး တစ်ယောက်ကဲ့သို့ ပြုမူလိုက်လေသည်။
"ဟုတ်ပါတယ်။ ကျွန်မတို့ ဒီကို ပထမဆုံး အကြိမ် ရောက်ဖူးတာပါ" မြောင်ချင်းချင်းက ယဉ်ကျေးစွာ ပြန်ဖြေသည်။
သူ၏ ရင်ဘတ်ကို ပုတ်လိုက်ပြီး 'တုံကျန့်ထျန်း' က အားပါးတရ ရယ်မောလိုက်သည်။
"ကျုပ်နာမည်က 'တုံကျန့်ထျန်း' ပါ။ ခင်ဗျားတို့နဲ့ တွေ့ဆုံရတာ ကံတရားပဲ။ ဒီလို ဖြစ်မှတော့ ဒီစားပွဲကို ကျုပ် တာဝန်ယူပါရစေ။ 'ကြယ်တာရာ နယ်မြေ' မြို့တော်မှာ ခင်ဗျားတို့ ဘာပဲ လိုအပ်. လိုအပ် ..ကျုပ်ကို ရှာဖို့ တုံ့ဆိုင်းမနေကြပါနဲ့"
'တုံကျန့်ထျန်း' သည် 'ကြယ်တာရာ နယ်မြေ' မြို့တော်တွင် သူကသာ နောက်ဆုံး စကားကို ပြောပိုင်ခွင့် ရှိသကဲ့သို့ ပြုမူနေသည်။
'ကြွားနေတာ'
လျိုချင်းယန်က စိတ်ထဲမှ တွေးလိုက်သည်။
ဖုန်းဝူချန်မှာ တိတ်ဆိတ်နေဆဲ ဖြစ်ပြီး မြောင်ချင်းချင်းနှင့် လင်ရှောင်ရှောင်တို့မှာ ထူးဆန်းသော မျက်နှာအမူအရာများ ဖြစ်နေကြသည်။
လျိုချင်းယန်မှာမူ အစားစားခြင်းကိုသာ အာရုံစိုက်နေ၏။
ထို လေးယောက်၏ တုံ့ပြန်မှုများကို သတိပြုမိသောအခါ 'တုံကျန့်ထျန်း' မှာ ပထမတွင် ကြောင်သွားသည်။ ထို့နောက် အလျင်အမြန် ဖြည့်စွက် ဆိုလိုက်သည်။ "'ကြယ်တာရာ နယ်မြေ' မြို့တော် တစ်ခုတည်းလို့ မထင်လိုက်နဲ့။ 'ကြယ်တာရာ နယ်မြေ' တစ်ခုလုံးမှာ ငါ 'တုံကျန့်ထျန်း' မကိုင်တွယ်နိုင်တဲ့ ကိစ္စ မရှိဘူး"
"ညီအစ်ကို.. ခင်ဗျားက 'ထျန်းယွမ်' ဘုံ စတုတ္ထလွှာ အဆင့်ပဲ ရှိသေးတာလေနော်" လျိုချင်းယန်က သတိပေးခြင်းကို မပြုလုပ်ဘဲ မနေနိုင်တော့ပေ။
"ညီလေး.. ငါ့ကို အထင် မသေးနဲ့။ ငါက 'ထျန်းယွမ်' ဘုံ စတုတ္ထလွှာ အဆင့်ပဲ ရှိသေးပေမဲ့ ငါ့မှာ အရမ်းကို မြင့်မားတဲ့ ပါရမီ ရှိတယ်ကွ။ နှစ် နှစ်တိုတိုလေး အတွင်းမှာ ငါ 'ယွမ်တန်' ဘုံ နဝမလွှာ အဆင့်ကနေ 'ထျန်းယွမ်' ဘုံ စတုတ္ထလွှာ အဆင့်ကို ချိုးဖြတ် တက်ရောက်ခဲ့တာ"
'တုံကျန့်ထျန်း' က သူ၏ ကြွားဝါမှုများအား မေးခွန်းထုတ်ခံရသည်ဟု ခံစားမိသဖြင့် အလျင်အမြန် ရှင်းပြလိုက်သည်။
"တကယ်ပဲ အားကျစရာ ပါရမီပဲ။ ကျွန်တော်တို့ အစ်ကိုဖုန်းက 'ယွမ်တန်' ဘုံ ပထမအလွှာ အဆင့်ကနေ 'ထျန်းယွမ်' ဘုံ စတုတ္ထလွှာ အဆင့်ကို တစ်နှစ်တည်းနဲ့ ရောက်ခဲ့တာ" လျိုချင်းယန်က ဂုဏ်ယူသော အပြုံးဖြင့် ဆိုသည်။
ထိုစကားလုံးများကို ကြားလိုက်ရသည့် အခိုက်အတန့်တွင် 'တုံကျန့်ထျန်း' ၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး သူ စိတ်ထဲမှ တွေးလိုက်သည်။
'ငါ ကြွားဖော် ကြွားဖက် တစ်ယောက်နဲ့ တွေ့နေပြီ။ ငါ့ထက်တောင် ပို ဆိုးသေး။ 'ယွမ်တန်' ဘုံ ပထမအလွှာ အဆင့်ကနေ 'ထျန်းယွမ်' ဘုံ စတုတ္ထလွှာ အဆင့်ကို တစ်နှစ်တည်းနဲ့ ချိုးဖြတ် တက်ရောက်တယ် ဟုတ်လား။ ဒါကို ဘယ်သူမှ မယုံဘူး'
တစ်နှစ် အတွင်း 'ယွမ်တန်' ဘုံ ပထမအလွှာ အဆင့်မှ 'ထျန်းယွမ်' ဘုံ စတုတ္ထလွှာ အဆင့်သို့ ချိုးဖြတ် တက်ရောက်ရန်လား။ ကျင့်ကြံခြင်း အတွက် မွေးရာပါ ပါရမီ ပါလာသော စူပါ ပါရမီရှင် တစ်ဦးပင်လျှင် ဤသို့ ပြုလုပ်နိုင်မည် မဟုတ်ပေ။
'မဟုတ်ဘူး။ ငါ သူ့ကို ရှုံးလို့ မဖြစ်ဘူး' 'တုံကျန့်ထျန်း' က စိတ်ထဲမှ တွေးလိုက်သည်။
ထိုအတွေးနှင့်အတူ 'တုံကျန့်ထျန်း' က ပျော်ရွှင်စွာ ရယ်မောလိုက်ပြီး ပြန်ပြောလိုက်လေသည်။
"ညီအစ်ကိုဖုန်းက တကယ်ပဲ ကြောက်ဖို့ ကောင်းတာပဲ။ လူတွေထဲက စစ်မှန်တဲ့ နဂါးတစ်ကောင်။ ပြည်မကြီးပေါ်က ကောင်းကင်ဘုံရဲ့ ဂုဏ်ယူစရာပဲ"
"ညီအစ်ကို 'တုံ' က နောက်နေပြန်ပြီ" ဖုန်းဝူချန်က ခပ်ရေးရေး ပြုံးလိုက်သည်။
'တုံကျန့်ထျန်း' က သူ၏ လက်ကို ဝှေ့ယမ်းလိုက်ပြီး ဂုဏ်ယူစွာဖြင့်၊
"ညီအစ်ကိုဖုန်း၊ ကျုပ်ကို 'ထျန်းယွမ်' ဘုံ စတုတ္ထလွှာ အဆင့်ပဲ ရှိတယ်လို့ မကြည့်နဲ့။ ကျုပ်က မူလ ခန္ဓာကိုယ်နဲ့ဗျ၊ ကျင့်ကြံခြင်း အရှိန်အဟုန်က အံ့မခန်းပဲ"
ထိုသို့ ပြောပြီးနောက် 'တုံကျန့်ထျန်း' က သူ၏ လက်ဖက်ရည်ခွက်ကို ကောက်ယူလိုက်ပြီး မျက်နှာတွင် ကျေနပ်သော အမူအရာဖြင့် လက်ဖက်ရည် တစ်ငုံ သောက်လိုက်သည်။
"ဝိုး။ ဒါ တကယ် အထင်ကြီးစရာပဲ။ အရမ်း အားကျတာပဲ။ ကျွန်တော်တို့ 'ချင်းချင်း' ကကျ 'အင်မော်တယ် ဝိညာဉ် ခန္ဓာ' တစ်ခုပဲ ရှိတာ။ ပြီးတော့ သူ့ရဲ့ ကျင့်ကြံခြင်း အရှိန်အဟုန်က မူလ ခန္ဓာထက် ဆယ်ဆကျော်လောက်ပဲ ပိုမြန်တာ" လျိုချင်းယန်က ပြုံးရင်း ဆိုလိုက်သည်။
"ဖွီး"
လက်ဖက်ရည် တစ်ငုံမျှသာ သောက်လိုက်ရသေးသော 'တုံကျန့်ထျန်း' မှာ လျိုချင်းယန်၏ စကားများကို ကြားသောအခါ သောက်လက်စ လက်ဖက်ရည်များ ထွေးထုတ်လိုက်မိပြီး သူ၏ မျက်နှာမှာ ဆွံ့အသွားသည်။
'ဒီကောင်လေးက ကြွားတာ ပိုပြီးတော့တောင် ဆိုးလာပါလား။ 'အင်မော်တယ် ဝိညာဉ် ခန္ဓာကိုယ်' ဟုတ်လား။ ဒါက ဒဏ္ဍာရီတွေထဲမှာပဲ ကြားဖူးတဲ့ ခန္ဓာ တစ်ခု။ တကယ် ဖြစ်နိုင်မှာ မဟုတ်ဘူး။ ကောင်လေး.. မင်း တော်တော် သတ္တိ ရှိတာပဲ။ ဒါပေမဲ့ သိပ် ကျေနပ်မနေနဲ့။ ငါ့ကို ကြွားဝါပြီး ယှဉ်ပြိုင်ဖို့ ကြိုးစားတဲ့ လူ အများစုက မျက်နှာပြဖို့တောင် ရှက်လွန်းလို့ အဆုံးသတ်သွားကြရတယ်' ဟင 'တုံကျန့်ထျန်း' က အတွေးထဲမှ ကျိန်ဆဲလိုက်လေသည်။
ထိုကောင်မလေးက 'အင်မော်တယ် ဝိညာဉ် ခန္ဓာကိုယ်' ပိုင်ဆိုင်သည် ဟုတ်လား။ သူ့ကို သတ်ပစ်လျှင်ပင် သူက ယုံကြည်မည် မဟုတ်ပေ။
ကြွားဝါခြင်းနှင့် ပတ်သက်လာလျှင် 'တုံကျန့်ထျန်း' က သူ့ကိုယ်သူ မရှုံးနိမ့်နိုင်သူဟု သတ်မှတ်ထားပြီး တစ်ခါမျှ မရှုံးနိမ့်ခဲ့ဖူးပေ။
"'အင်မော်တယ် ဝိညာဉ် ခန္ဓာကိုယ်' ဟုတ်လား။ အထင်ကြီးစရာပဲ။ တကယ် အထင်ကြီးစရာပါပဲ"
'တုံကျန့်ထျန်း' က အကြိမ်ကြိမ် ထုတ်ဖော် ချီးကျူးလိုက်သည်။
မြောင်ချင်းချင်းက စကား တစ်ခွန်းမှ မဆိုဘဲ ခပ်ဖွဖွ ရယ်မောလိုက်သည်။ လင်ရှောင်ရှောင်မှာမူ သူမ၏ ပါးစပ်ကို အုပ်ရင်း တခစ်ခစ် ရယ်နေသည်။
"တကယ်ပဲ မျှော်လင့်မထားဘူး။ မမလေး 'ချင်းချင်း' က တကယ်ပဲ ကြောက်မက်ဖွယ် ကောင်းတာပဲ"
'တုံကျန့်ထျန်း' က ပြုံးရင်း ဆိုလိုက်သည်။ သူ၏ ချီးကျူးမှုများမှာ သဘာဝအတိုင်း ထွက်ပေါ်လာသည်။
သူက သူ၏ စိတ်ကို တည်ငြိမ်အောင် အသက်ကို ပြင်းပြင်း ရှူလိုက်ပြီး အတွေးများကို စုစည်းလိုက်ကာ.. ဆက်ပြောသည်။
"ကျုပ်ရဲ့ လက်ရှိ ခွန်အားနဲ့ 'ဝိညာဉ် လက်နက်' တစ်ခု ပေါင်းလိုက်ရင် 'ထျန်းယွမ်' ဘုံ ဆဌမလွှာ အဆင့်က တစ်ယောက်ကို အနိုင်ယူဖို့ ပြဿနာ မရှိလောက်ဘူး။ 'ထျန်းယွမ်' ဘုံ ပဉ္စမလွှာ အဆင့်က တိုက်ခိုက်ရေးသမား အယောက် နှစ်ဆယ်လောက်ကို တစ်ချိန်တည်းမှာ ရင်ဆိုင်ဖို့တောင် ကျုပ် ဂရုစိုက်မှာ မဟုတ်ဘူး"
"ဒီလောက် ကြောက်စရာကောင်းတဲ့ အစွမ်း။ အလွှာ နှစ်ခု ဖြတ်ကျော်ပြီး တိုက်ခိုက်နိုင်တယ်" လျိုချင်းယန်က နောက်တစ်ကြိမ် အော်ဟစ်လိုက်သည်။ သူ၏ မျက်နှာတွင် အလွန် လေးစားသော အမူအရာ ထင်ဟပ်နေ၏။
လျိုချင်းယန်၏ တုန်လှုပ်သော မျက်နှာကို မြင်သောအခါ 'တုံကျန့်ထျန်း' က ကြည်နူးစွာ ရယ်မောလိုက်သည်။ "လွန်ခဲ့တဲ့ ရက် အနည်းငယ်ကပဲ ကျုပ်က 'ထျန်းယွမ်' ဘုံ ဆဌမလွှာ အဆင့်က အင်အားကြီး တိုက်ခိုက်ရေးသမား တစ်ယောက်ကို အနိုင်ယူခဲ့သေးတယ်ဗျ"
"အိုး..ဟုတ်လား၊ အစ်ကိုဖုန်းကကျ အလွှာ လေးခု ဖြတ်ကျော်ပြီး တိုက်ခိုက်နိုင်တယ်။ 'ထျန်းယွမ်' ဘုံ အဋ္ဌမလွှာ အဆင့်က လူတွေတောင် သူ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး။ ဒါ့အပြင် အစ်ကိုဖုန်းက တစ်ယောက်တည်းနဲ့ 'ထျန်းယွမ်' ဘုံနဲ့ 'ကောင်းကင်ဘုံ လူသား' ဘုံက တိုက်ခိုက်ရေးသမား ရာပေါင်းများစွာကို နှိမ်နင်းခဲ့တယ်လေ.." လျိုချင်းယန်က အနည်းငယ် မဲ့ပြုံး ပြုံးလိုက်ပြီး အတော်လေး ကျေနပ်နေပုံ ပေါ်သည်။
ဤစကားကို ကြားသောအခါ 'တုံကျန့်ထျန်း' မှာ လုံးဝ မှင်တက်သွားသည်။
'ဒီကောင်စုတ်လေးရဲ့ ကြွားဝါတာတွေက ပိုပြီးတော့တောင် ဆိုးသထက် ဆိုးလာပါလား။ အလွှာ လေးခု ဖြတ်ကျော်ပြီး တိုက်ခိုက်တယ်။ ပြီးတော့ တစ်ယောက်တည်းနဲ့ 'ထျန်းယွမ်' ဘုံနဲ့ 'ကောင်းကင်ဘုံ လူသား' ဘုံက ရာပေါင်းများစွာကို နှိမ်နင်းတယ် ဟုတ်လား။ 'ထျန်းယွမ်' ဘုံ စတုတ္ထလွှာ အဆင့်က တစ်ယောက်က ဒါကို လုပ်နိုင်လို့လား။ ဘယ်သူမှ ယုံမှာ မဟုတ်ဘူး။ ဒီကောင်လေးက ငါနဲ့ ယှဉ်ပြိုင်ဖို့ စိတ်ပိုင်းဖြတ်ထားပုံပဲ' 'တုံကျန့်ထျန်း' က အတွေးထဲမှ ကြိမ်းမောင်းလိုက်သည်။
သူ၏ ရန်လိုမှုများ ပြည့်နေသော အကြည့်က လျိုချင်းယန်ထံတွင် စူးစိုက်နေသည်။ 'တုံကျန့်ထျန်း' က 'မင်း စောင့်နေလိုက် ကောင်လေး။ မင်းကို ငါ ဦးညွှတ် ရှုံးနိမ့်သွားအောင် လုပ်ပစ်မယ်' ဟု ပြောနေသကဲ့သို့ပင်။
လျိုချင်းယန်မှာလည်း အားနည်းမှု မပြဘဲ သူ၏ မျက်လုံးများမှာ ယုံကြည်မှုများဖြင့် ပြည့်နှက်နေပြီး 'တုံကျန့်ထျန်း' အား 'လာခဲ့လေ။ ငါက ငယ်ငယ်ကတည်းက ကြွားဝါတာကို လေ့ကျင့်လာခဲ့တာ။ ဘယ်သူ့ကိုမှ မကြောက်ဘူး' ဟု တုံ့ပြန်နေသကဲ့သို့ပင်။
"ဘယ်သူက တွေးထင်မိမှာလဲ။ ညီအစ်ကိုဖုန်းက အရမ်း အံ့ဩဖို့ကောင်းတာပဲ။ တကယ် မယုံနိုင်စရာပဲ" 'တုံကျန့်ထျန်း' က အံ့ဩတကြီး အော်ဟစ်နေလေသည်။
ဖုန်းဝူချန်ကမူ ပယ်ချသော အမူအရာ ပြုလုပ်လိုက်ပြီး ခပ်ရေးရေး ပြုံးကာ ဆိုလိုက်သည်။
"ဒါ ဘာမှ မဟုတ်ပါဘူး။ ပြောပလောက်တဲ့ အရာ မဟုတ်ပါဘူး"
'ဒီလောက် အကြွားသန်တာကို ငါ တစ်ခါမှ မမြင်ဖူးဘူးဟေ' ဖုန်းဝူချန်၏ အဖြေကို တုံ့ပြန်သည့် အနေဖြင့် 'တုံကျန့်ထျန်း' က စိတ်ထဲမှ တွေးလိုက်သည်။
'တုံကျန့်ထျန်း' အသက်ကို ပြင်းပြင်း ရှူလိုက်ပြီး သူ့ကိုယ်သူ တတ်နိုင်သမျှ တည်ငြိမ်အောင် ကြိုးစားကာ သူ၏ အစွမ်းရှိသမျှ ထုတ်သုံးရန် ဆုံးဖြတ်လိုက်သည်။
သူ၏ စိတ်ကို တည်ငြိမ်အောင် ထားပြီးနောက် 'တုံကျန့်ထျန်း' က ပြုံးရင်း..
"ခင်ဗျားတို့ မသိသေးဘူး ထင်တယ်။ ကျုပ်က 'စတုတ္ထ အဆင့်' လက်နက်သန့်စင်သူ တစ်ယောက်လည်း ဟုတ်သေးတယ်။ လက်နက်သန့်စင်ခြင်း အပေါ်မှာ အချိန် အများကြီး မကုန်ဆုံးခဲ့ဘူး ဆိုရင် ကျုပ်ရဲ့ ကျင့်ကြံခြင်း အဆင့်က 'ထျန်းယွမ်' ဘုံ စတုတ္ထလွှာ အဆင့်လေးနဲ့တင် ကန့်သတ်နေမှာ မဟုတ်ဘူးဗျ"
"အိုး။ လက်နက်သန့်စင်သူ တစ်ယောက်လည်း ဟုတ်သေးတယ် ဟုတ်လား။ ဒါ တကယ် အထင်ကြီးစရာပဲ" လျိုချင်းယန်က အားကျ မနာလိုမှုများ ပြည့်နေသော မျက်နှာထားလေး ပြသလိုက်သည်။
'တုံကျန့်ထျန်း' သည် 'တတိယ အဆင့်' လက်နက်သန့်စင်သူ တစ်ဦး ဖြစ်ကြောင်း ဖုန်းဝူချန် တစ်ချက် ကြည့်ရုံမျှဖြင့် သိရှိနိုင်ပြီး သူ ကြွားဝါနေမှန်း ချက်ချင်း သိလိုက်သည်။
"ဟုတ်တယ်" 'တုံကျန့်ထျန်း' က ဆိုလိုက်သည်။
သူ၏ မျက်နှာမှာ ဂုဏ်ယူမှုများဖြင့် ဝင်းပနေပြီး လျိုချင်းယန်အား 'ကောင်လေး မင်း ကြွားဝါတာကို သင်ယူဖို့ အများကြီး လိုသေးတယ်' ဟု ပြောနေသကဲ့သို့ပင်။
'တုံကျန့်ထျန်း' သူ၏ ဂုဏ်ယူမှုတွင် ပျော်မွေ့နေစဉ် လျိုချင်းယန်က နောက်ထပ် စကားတစ်ခွန်း ပစ်လွှတ်လိုက်သည်။
"အစ်ကိုဖုန်းက အသက် နှစ်ဆယ် မပြည့်သေးဘူး။ သူက 'အင်မော်တယ် လက်နက်' တွေ သွင်းလုပ်နိုင်နေပြီဗျ"
"ဖွီ"
ဤစကားကို ကြားသောအခါ 'တုံကျန့်ထျန်း' မှာ သူ၏ လက်ဖက်ရည်ကို နောက်တစ်ကြိမ် ထွေးထုတ်လိုက်မိပြီး လုံးဝ ကျောက်ရုပ် ဖြစ်သွားသည်။
'မင်း.. မင်း ဒီလို ကြွားလို့ မရဘူးလေ။ လုံးဝ မယုံနိုင်စရာပဲ'
ကြွားဝါခြင်း၏ အမြင့်ဆုံး အဆင့်မှာ သင်၏ ယုံတမ်းစကားများကို အခြားသူများက အမှန်ဟု ယုံကြည်သွားစေခြင်း ဖြစ်သည်။
သူတို့က သင်.. ကြွားဝါနေမှန်း သိသော်လည်း ၎င်းမှာ အမှန်ဟု ထင်နေကြဆဲပင်။
ဖုန်းဝူချန် အလွှာ လေးခု ဖြတ်ကျော် တိုက်ခိုက်နိုင်သည်ဟု ဆိုခြင်းမှာ ကိစ္စတစ်ခု ဖြစ်ပြီး သူ တစ်ယောက်တည်း 'ထျန်းယွမ်' ဘုံမှ ရာပေါင်းများစွာကို နှိမ်နင်းခဲ့သည်ဟု ဆိုခြင်းမှာ အခြား ကိစ္စတစ်ခု ဖြစ်သည်။ သို့သော် ယခု အသက် နှစ်ဆယ်အောက် ကောင်လေး တစ်ယောက် 'အင်မော်တယ် လက်နက်' များ သွင်းလုပ်နိုင်သည်ဟု ဆိုပြန်
လေသည်။
လူအ တစ်ယောက်ပင်လျှင် ဤဖြစ်ရပ်မှာ ကြွားဝါခြင်း သက်သက် ဖြစ်ကြောင်း သိနိုင်ပေသည်။
' 'အင်မော်တယ် လက်နက်' တွေ သွင်းလုပ်တယ် ဟုတ်လား။ 'အင်မော်တယ် လက်နက် စံအိမ်' က စံအိမ်သခင်ကြီးပဲ 'အင်မော်တယ် လက်နက်' တွေ သွင်းလုပ်နိုင်တာ။ ပြည်မကြီးပေါ်က အသန်မာဆုံး လက်နက်သန့်စင်သူ။ တခြား ဘယ်သူက 'အင်မော်တယ် လက်နက်' တွေ သွင်းလုပ်နိုင်ဦးမှာလဲ။ ဒီကောင်စုတ်လေးက သူ မကြွားခင် မစဉ်းစားဘူးလား' 'တုံကျန့်ထျန်း' မှာ သွေးများ အန်ထုတ်မိတော့မတတ် ဖြစ်သွားသည်။
ဖုန်းဝူချန် အသက် နှစ်ဆယ်ပင် မပြည့်သေးသော လူငယ် တစ်ယောက်။ 'တုံကျန့်ထျန်း' ကို သတ်ပစ်လျှင်ပင် ဖုန်းဝူချန် 'အင်မော်တယ် လက်နက်' များ သွင်းလုပ်နိုင်သည်ကို သူ ဘယ်တော့မှ ယုံကြည်မည် မဟုတ်ပေ။
"အစ်ကိုဖုန်းက 'အင်မော်တယ် လက်နက်' တွေ သွင်းလုပ်နိုင်တာ တကယ် အံ့ဩဖို့ကောင်းတာပဲ" ခဏတာ ကျောက်ရုပ် ဖြစ်သွားပြီးနောက် 'တုံကျန့်ထျန်း' က ဖုန်းဝူချန်အား လက်နှစ်ဖက် ဆုပ်ကာဖြင့် ချီးကျူးလိုက်သည်။
မည်သို့ပင် ဆိုစေ ၎င်းမှာ ကြွားဝါခြင်းမျှသာ ဖြစ်ပြီး 'တုံကျန့်ထျန်း' မှာ မယုံကြည်သဖြင့် အံ့အားသင့်စရာ အကြောင်း မရှိပေ။
"ဒါ.. ဘာမှ မဟုတ်ပါဘူး။ ပြောပလောက်တဲ့ အရာ မဟုတ်ပါဘူး" ဖုန်းဝူချန်က ခပ်ရေးရေး ပြုံးရင်း ပေါ့ပေါ့ပါးပါး ဆိုလိုက်သည်။
'ဒီကောင်လေးက ဒီလို ကြွားဝါတာကို တကယ်ကြီး လက်ခံလိုက်ရဲတဲ့ သတ္တိ ရှိနေတယ်ဟ’
'တုံကျန့်ထျန်း' မှာ ဒေါသကြောင့် ရူးသွပ်သွားတော့မတတ် ဖြစ်နေတော့သည်။