← Chapters

ကန်ချက်တစ်ချက်တည်းဖြင့် အဆုံးသတ်ခြင်း

Vol. 24 Ch. 348

ကန်ချက်တစ်ချက်တည်းဖြင့် အဆုံးသတ်ခြင်း

Vol. 24 Ch. 348

~ပတ်ဝန်းကျင်တစ်ခုလုံး အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားသည်။

မျက်နှာတိုင်းသည် ချက်ချင်းဆိုသလို အေးခဲတောင့်တင်းသွားကြပြီး ကြောက်ရွံ့ထိတ်လန့်မှုတို့က လူတိုင်း၏ မျက်နှာသွင်ပြင်ပေါ်သို့ လျင်မြန်စွာ စီးဆင်းသွားလေ၏။

အကြောက်တရားများ ပြည့်နှက်နေသော မျက်လုံးအားလုံးသည် 'ရှန်ကွမ်းချင်း' ထံတွင်သာ စုပြုံ ကျရောက်နေတော့သည်။

'ထျန်းလော့' မြို့၏ နံပါတ်တစ် ပါရမီရှင် 'ရှန်ကွမ်းချင်း' တကယ်ကြီး သေဆုံးသွားခဲ့သည်လား။

လျိုချင်းယန်က 'ရှန်ကွမ်းချင်း' အား ဓားတစ်ချက်တည်းဖြင့် အသေသတ်ဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ 'ရှန်ကွမ်းချင်း' မှာ တုံ့ပြန်ဖို့ အခွင့်အရေးပင် တစ်စက္ကန့်မျှ မရလိုက်ပါချေ။

'ထျန်းယွမ်' ဘုံ ဒုတိယလွှာ အဆင့်သာ ရှိသော လျိုချင်းယန်က 'ထျန်းယွမ်' ဘုံ စတုတ္ထလွှာ အဆင့်ရှိ 'ရှန်ကွမ်းချင်း' ကို သတ်ပစ်လိုက်သည်။

သူ၏ အစွမ်းသည် မည်မျှ ကြောက်မက်ဖွယ် ကောင်းလိုက်သနည်း။

'ရှန်ကွမ်းချင်း' သည် 'ထျန်းလော့' မြို့၏ ထိပ်တန်း ပါရမီရှင်တစ်ဦး ဖြစ်ပြီး သူ၏ အစွမ်းမှာ အမှန်တကယ်ပင် မြင့်မားလှသည်။ သို့သော်ငြားလည်း လျိုချင်းယန်၏ ရှေ့မှောက်တွင် သူ လှုပ်ရှားဖို့ အခွင့်အရေး မရခဲ့သလို ရှောင်တိမ်းဖို့ အခွင့်အရေးပင် မရခဲ့ပါချေ။

လျိုချင်းယန်၏ စွမ်းအားသည် ပွဲကြည့် ပရိသတ်အားလုံးကို အကြီးအကျယ် တုန်လှုပ်ခြောက်ခြားသွားစေတော့သည်။

“'ထျန်းယွမ်' ဘုံ စတုတ္ထလွှာ ဆိုတာကလည်း ဒီလောက်ပါပဲ”

လျိုချင်းယန်က သူ၏ ဓားရှည်ပေါ်မှ သွေးများကို ခါထုတ်လိုက်ရင်း အေးဆေးစွာ ပြောလိုက်သည်။

“ အစ်ကို ရှန်ကွမ်း အသတ်ခံလိုက်ရပြီ”

စောစောက ဒေါသတကြီး ဟိန်းဟောက်နေသော 'လျိုယွင်ဖေး' မှာ ယခုအခါ ကြောက်ရွံ့မှုများ လုံးလုံးလျားလျား လွှမ်းမိုးသွားပြီး တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီနေလေ၏။

အခြား လူငယ် ယောက်ျား၊ မိန်းမများမှာလည်း လုံးဝ ကြက်သေသေလျက် 'ရှန်ကွမ်းချင်း' အား အကြောက်တရားများ လွှမ်းသော ပြူးကျယ်သော မျက်လုံးများဖြင့် စိုက်ကြည့်နေကြတော့သည်။

မြို့ဂိတ် အပြင်ဘက်ရှိ တိတ်ဆိတ်နေသော နေရာတွင် လေပြေအေးများ တိုက်ခတ်သွားပြီး ကြောက်လန့်တကြား ဖြစ်နေသော လူအုပ်ကြီးမှာ ကျောက်ရုပ်များကဲ့သို့ ဖြစ်နေကြသည်။

မျှော်လင့်ချက် ကင်းမဲ့ခြင်း၊ မကျေနပ်နိုင်ခြင်းတို့ဖြင့် ပြည့်နှက်နေသော 'ရှန်ကွမ်းချင်း' ၏ မျက်လုံးများမှာ ဖြည်းညှင်းစွာ မှိန်ဖျော့သွားခဲ့ပြီး နောက်ဆုံးတွင် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။ သူ၏ သွေးများက လမ်းမပေါ်တွင် အနီရောင် ကွက်ကြီးတစ်ခုအဖြစ် စွန်းထင်းသွားစေ၏။

'ရှန်ကွမ်းချင်း' လဲကျသွားသည်နှင့် လမ်းမပေါ်မှ လူများ နောက်ဆုံးတွင် ထိတ်လန့်တကြားဖြင့် ပွက်လောရိုက်သွားကြတော့သည်။

“သခင်လေး ရှန်ကွမ်း သေပြီ။ သခင်လေး ရှန်ကွမ်း သေသွားပြီ”

“သူ သူက သခင်လေး ရှန်ကွမ်းကို သတ်ရဲတယ်။ 'မော့ချင်းယွင်' ရဲ့ ရှေ့မှာတင် သတ်ရဲတယ်”

“သူတို့ ရူးသွားကြပြီလား 'ရှန်ကွမ်း' မိသားစုက ဘယ်လောက် အင်အားကြီးလဲ သူတို့က သခင်လေးကို သတ်ရဲတယ်။ 'ရှန်ကွမ်း' မိသားစုကို ရန်စမိမှတော့ သေလမ်းပဲ ရှိတော့တာပေါ့”

“သွားပြီ။ သွားပြီ။ သခင်လေး ရှန်ကွမ်း အသတ်ခံလိုက်ရမှတော့ 'ရှန်ကွမ်း' မိသားစုက သေချာပေါက် ဒေါသထွက်တော့မှာပဲ။ သူတို့ သေမှာ သေချာပြီ။ ငါတို့ မြန်မြန် သွားကြရအောင် မဟုတ်ရင် ငါတို့ပါ ရောပြီး ညပ်သွားဦးမယ်”

လမ်းမပေါ်ရှိ လူတိုင်း အလွန်အမင်း ထိတ်ပျာနေကြသည်။ ဤဖြစ်ရပ်မှာ လျိုချင်းယန်၏ မြင့်မားသော စွမ်းအားကြောင့် ထိတ်လန့်နေခြင်း မဟုတ်ဘဲ 'ရှန်ကွမ်းချင်း' အသတ်ခံလိုက်ရသည့် အဖြစ်မှန်ကြောင့်သာ ဖြစ်သည်။

'ရှန်ကွမ်း' မိသားစုသည် 'ထျန်းလော့' မြို့၏ မိသားစုကြီး လေးခုကို ဦးဆောင်နေသော အဖွဲ့ ဖြစ်ပြီး အလွန် အစွမ်းထက်လှသည်။ 'မော့ချင်းယွင်' ၏ နောက်ကွယ်မှာကား တန်ခိုးကြီးမားသော 'ထျန်းတောက်' ဂိုဏ်းကြီး ရှိနေသေးသည် မဟုတ်ပါလား။

“ချင်းယန် မင်းရဲ့ ခွန်အားတွေ တော်တော် တိုးတက်လာတာပဲ”

ဖုန်းဝူချန်က သူ၏ ရှေ့မှ တုန်လှုပ်ခြောက်ခြားနေသော 'မော့ချင်းယွင်' ကို လုံးလုံးလျားလျား လျစ်လျူရှုထားလျက် မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် ချီးကျူးလိုက်သည်။

မြို့ဂိတ်မှ လူအုပ်ကြီး၏ ပြောဆိုဆွေးနွေးသံများကို ဖုန်းဝူချန် ကြားပုံမရပေ။ လျိုချင်းယန်က 'ထျန်းလော့' မြို့၏ နံပါတ်တစ် ပါရမီရှင်ကို သတ်လိုက်ခြင်းက သူ့အတွက် စိုးရိမ်စရာ သို့မဟုတ် ကြောက်ရွံ့စရာ တစ်ခုခု ဖြစ်စေပုံ မပေါ်ခဲ့။

“ဆရာ့ (လမ်းစဉ်ကိုးသွယ် တာအိုအရှင်)ရဲ့ ဓားသိုင်းပညာက တကယ်ကို ကြောက်ဖို့ ကောင်းတာပါ။ ကျွန်တော်က နည်းနည်းလေးပဲ သဘောပေါက်

သေးတာ” လျိုချင်းယန်က ရှက်ရွံ့သလို ပြုံးရင်း ပြန်ပြောလာသည်။

“ဒါပေမဲ့ ကျင့်ကြံခြင်း ပညာရပ်ကိုတော့ တော်တော်လေး နားလည်သွားပြီ။ ကျွန်တော့်ရဲ့ လက်ရှိ အစွမ်းနဲ့ဆိုရင် 'ထျန်းယွမ်' ဘုံ စတုတ္ထလွှာလောက်တော့ ရှိနေလောက်ပြီ”

လျိုချင်းယန်က 'ရှန်ကွမ်းချင်း' ကို သတ်နိုင်ခဲ့ခြင်းမှာ ကြောက်မက်ဖွယ် ဓားသိုင်းပညာကြောင့် သာမက ရုတ်တရက် ရွေ့လျားလိုက်သော အခိုက်အတန့်ကြောင့်လည်း ဖြစ်သည်။

အစွမ်းထက်သော သိုင်းပညာ နှစ်ခု ပေါင်းစပ်လိုက်ခြင်းက 'ရှန်ကွမ်းချင်း' ကို လုံးဝ အငိုက်မိသွားစေခဲ့သည်။

“အနာဂတ်မှာ မင်း ဒီ့ထက် ပိုသန်မာလာဦးမှာပါ” ဖုန်းဝူချန်က ခေါင်းညိတ်လိုက်သည်။

ထိုစဉ်၊

“မင်း သေချင်နေတာ”

'မော့ချင်းယွင်' ၏ တုန်လှုပ်နေသော မျက်နှာသည် ချက်ချင်း ဒေါသများဖြင့် ပုံပျက်သွားပြီး အလွန်တရာ ပြင်းထန်သော လူသတ်လိုသည့် အငွေ့အသက်များ ပေါက်ကွဲထွက်လာတော့သည်။ 'ထျန်းယွမ်' ဘုံ ဆဌမလွှာ၏ စွမ်းအားများကိုလည်း အသက်သွင်းလိုက်လေ၏။

“ဝှီ ဝှီ”

ထို ကြောက်မက်ဖွယ် စွမ်းအားသည် မြို့ဂိတ်များကို တုန်ခါသွားစေပြီး ပြိုကျ ပေါက်ကွဲသွားစေသည်။ အနီးအနားမှ အဆောက်အအုံများမှာလည်း ပြိုကျ ပျက်စီးသွားသဖြင့် အနီးရှိ လူအုပ်ကြီးမှာ ထိတ်လန့်တကြား ထွက်ပြေးကြရတော့သည်။

“ဒီကောင်တွေ တရားလွန်လွန်းတယ်။ မင်းတို့က ငါ့သူငယ်ချင်းကို ငါ့မျက်စိရှေ့မှာတင် သတ်ရဲတယ် ဟုတ်လား” 'မော့ချင်းယွင်' က ဟိန်းဟောက်လိုက်၏။ သူသည် ဖုန်းဝူချန်နှင့် သူ့အဖော်များက သူ့အား လုံးဝ အလေးမထားသကဲ့သို့ ခံစားရသဖြင့် အရှက်ရသွားလေသည်။

ဒေါသမီးများ လောင်မြိုက်နေသော 'မော့ချင်းယွင်' သည် သူ၏ စွမ်းအားက ဖုန်းဝူချန်အား ခြေတစ်လှမ်းမျှပင် နောက်သို့ ဆုတ်သွားစေနိုင်ခြင်း မရှိသည်ကို သတိမထားမိလိုက်ပေ။

'လျိုယွင်ဖေး' နှင့် အခြားသူများမှာ 'မော့ချင်းယွင်' ၏ ကြောက်မက်ဖွယ် စွမ်းအားကြောင့် သတိပြန်ဝင်လာကြပြီး 'ထျန်းလော့' မြို့ထဲတွင် 'ရှန်ကွမ်းချင်း' ကို တစ်စုံတစ်ယောက်က သတ်ရဲသည်ကို မယုံကြည်နိုင် ဖြစ်နေကြသည်။

“မင်းတို့ တော်တော် သတ္တိကောင်းနေတယ်ပေါ့။ အစ်ကို ရှန်ကွမ်းကို သတ်တဲ့သူတွေ ဘယ်လို အဆုံးသတ်ရလဲ မင်းတို့ သိရဲ့လား” 'လျိုယွင်ဖေး' က လျိုချင်းယန်အား စိုက်ကြည့်ရင်း ဒေါသတကြီး ကြိမ်းမောင်းလိုက်၏။

“မြန်မြန် 'ရှန်ကွမ်း' မိသားစု ခေါင်းဆောင်ကို အကြောင်းကြားလိုက်။ မြန်မြန်လုပ်။ သူတို့ကို လွတ်မသွားစေနဲ့”

“အစ်ကို ချင်းယွင် သူတို့ကို မြန်မြန် သတ်လိုက်ပါ။ အစ်ကို ရှန်ကွမ်းအတွက် သွေးကြွေး ပြန်ဆပ်ပေးပါ”

လူငယ် ယောက်ျား၊ မိန်းမများ အားလုံး ဒေါသတကြီး အော်ဟစ်နေကြသည်။ သူတို့သည် မိမိတို့၏ အသိုင်းအဝိုင်းမှ အလိုလိုက်၊ အကြင်နာခံရသူများ ဖြစ်ကြရာ ဤကဲ့သို့ အရှက်ခွဲခံရခြင်း ၊ အထင်သေးခံရခြင်းမျိုးကို ဘယ်တုန်းကမျှ မကြုံခဲ့ဖူးပေ။ သူတို့ထဲမှ တစ်ယောက်ကို သတ်ရဲသောသူသည် မည်သူနည်း။

“ချင်းယန် မင်း အရင် ဆုတ်လိုက်” ဖုန်းဝူချန်က အေးစက်စွာ ပြောလိုက်၏။

လျိုချင်းယန်က 'မော့ချင်းယွင်' ကို တစ်ချက် ကြည့်လိုက်ပြီးနောက် မြောင်ချင်းချင်း၏ ဘေးသို့ သတိဖြင့် ဆုတ်ခွာသွားသည်။

'မော့ချင်းယွင်' သည် 'ထျန်းယွမ်' ဘုံ ဆဌမလွှာ အဆင့်တွင် ရှိနေသဖြင့် လျိုချင်းယန် မည်မျှပင် သန်မာသည် ဖြစ်စေ 'မော့ချင်းယွင်' ကို ယှဉ်ပြိုင်နိုင်စွမ်း မရှိပေ။

ဖုန်းဝူချန် ကိုယ်တိုင် ဝင်ရောက် လှုပ်ရှားရတော့မည် ဖြစ်၏။

ဖုန်းဝူချန်သည် 'မော့ချင်းယွင်' ၏ ရှေ့သို့ မည်သည့်အချိန်က ရောက်ရှိသွားသည်ကို မည်သူမျှ မသိလိုက်ကြပေ။ သူ၏ အရှိန်မှာ မယုံကြည်နိုင်လောက်အောင် လျင်မြန်လှသည်။

သို့သော် ဖုန်းဝူချန် 'မော့ချင်းယွင်' ၏ ရှေ့တွင် ရပ်နေသည်ကို မြင်လိုက်ရသောအခါ လူတိုင်း အံ့ဩသွားကြပြီး ဖုန်းဝူချန်သည် သူ၏ သူငယ်ချင်းအတွက် ရပ်တည်ပေးနေသည်ဟု ထင်လိုက်ကြ၏။

“ဟိုကောင်လေးက 'မော့ချင်းယွင်' ကို ရင်ဆိုင်မလို့လား။ ဒါ ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့ တူတူပဲ”

“'ထျန်းတောက်' ဂိုဏ်းက ပါရမီရှင် တပည့်တစ်ယောက်အနေနဲ့ 'မော့ချင်းယွင်' က အသက် နှစ်ဆယ့်နှစ်နှစ်နဲ့ 'ထျန်းယွမ်' ဘုံ ဆဌမလွှာကို ရောက်နေတာ သူ့အစွမ်းက တိုင်းတာလို့တောင် မရဘူး။ 'ဝူကျိ' နယ်မြေ တစ်ခုလုံးမှာ 'မော့ချင်းယွင်' ရဲ့ ပါရမီကို ဘယ်သူက မသိဘဲ နေမလဲ”

“'ရှန်ကွမ်းချင်း' ကို သတ်ပြီး 'ရှန်ကွမ်း' မိသားစုကို ရန်စမိပြီ။ အခု 'မော့ချင်းယွင်' ကို ထပ် ရင်ဆိုင်ဖို့ ကြိုးစားနေတာက ကိုယ့်အစွမ်းကိုယ် အထင်ကြီးလွန်းနေတာပဲ”

အဝေးသို့ ထွက်ပြေးသွားသော လူများသည် အခြေအနေကို မရပ်မနား ဆွေးနွေးနေကြ၏။ သူတို့က ဖုန်းဝူချန်ကို အထင်သေးနေကြခြင်း မဟုတ်ဘဲ 'ထျန်းတောက်' ဂိုဏ်း၏ အင်အားက အလွန် ပြင်းထန်ပြီး 'မော့ချင်းယွင်' ၏ စွမ်းအားက အလွန် သန်မာသောကြောင့် ဖြစ်လေသည်။

ဖုန်းဝူချန်က ဒေါသထွက်နေသော 'မော့ချင်းယွင်' အား အေးစက်စက် ကြည့်နေသည်။ သူ၏ မျက်နှာတွင် ကြောက်ရွံ့မှု တစ်စိုးတစ်စိမျှ မရှိနေပေ။

'ထျန်းယွမ်' ဘုံ ဆဌမလွှာ အဆင့်ရှိ 'မော့ချင်းယွင်' မှာ သူ၏ မျက်စိထဲတွင် ပုရွက်ဆိတ် တစ်ကောင်မျှသာ ဖြစ်ပြီး ခြိမ်းခြောက်မှု တစ်စုံတစ်ရာ မပေးနိုင်သကဲ့သို့ပင်။

“လူလည်း သေသွားပြီပဲ။ မင်း ဘာလုပ်ချင်သေးလဲ”

ဟု ဖုန်းဝူချန်က အေးစက်စွာ မေးလိုက်၏။ သူ၏ ခန္ဓာကိုယ် အတွင်းမှ 'အစစ်အမှန်ယွမ်' စွမ်းအင်များလည်း အရှိန် မြင့်တက်လာသည်။

“'ထျန်းယွမ်' ဘုံ စတုတ္ထလွှာ မယုံနိုင်စရာပဲ။ 'ထျန်းယွမ်' ဘုံ စတုတ္ထလွှာ အဆင့်က တစ်ယောက်က 'ထျန်းယွမ်' ဘုံ ဆဌမလွှာ အဆင့်ကို ရင်ဆိုင်ဖို့ သတ္တိရှိနေတယ်”

“ငါ့တစ်သက်မှာ ဒီလောက် သေချင်နေတဲ့သူ မတွေ့ဖူးဘူး။ သူတို့ ရူးနေကြတာပဲ ဖြစ်ရမယ်။ ဒီလောက် နည်းတဲ့ အစွမ်းနဲ့ ဒီလောက် မောက်မာရဲတယ်။ 'ရှန်ကွမ်းချင်း' ကို သတ်ပြီးမှတော့ သူတို့ ဘယ်သူပဲ ဖြစ်ဖြစ် သေရမှာပဲ။ သူတို့ရဲ့ ဆွေမျိုးတွေ၊ သူငယ်ချင်းတွေပါ အကုန် ဒုက္ခရောက်တော့မှာ။ အိုးသူတို့ ဘယ်အဖွဲ့အစည်းကမှန်းတောင် ငါ မသိဘူး။ တကယ်ပဲ အဲ့ဒီ အဖွဲ့အစည်းအတွက် စိတ်မကောင်းဘူး”

“'ထျန်းယွမ်' ဘုံ စတုတ္ထလွှာရဲ့ အစွမ်းနဲ့ 'မော့ချင်းယွင်' က သူ့ကို လက်ဝါးတစ်ချက်တည်းနဲ့ သတ်ပစ်နိုင်တယ်”

လူအုပ်ကြီးက နောက်တစ်ကြိမ် မထီမဲ့မြင် ပြုလိုက်ကြပြန်၏။

“မင်း သေပေးရမယ်”

'မော့ချင်းယွင်' က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ ကြောက်မက်ဖွယ် စွမ်းအားများက သူ၏ လက်သီးတွင် စုစည်းသွားပြီး စူးရှသော စိမ်းပြာရောင် အလင်းများ ထုတ်လွှတ်ကာ ဖုန်းဝူချန်ထံသို့ အားကုန် ထိုးနှက်လိုက်၏။

'ထျန်းယွမ်' ဘုံ စတုတ္ထလွှာ အဆင့်ရှိ ဖုန်းဝူချန်အား 'မော့ချင်းယွင်' က ခြိမ်းခြောက်မှု တစ်ခုအဖြစ် ပင် မမြင်ပေ။

'မော့ချင်းယွင်' သည် ဤလက်သီးတွင် သူ၏ အစွမ်းရှိသမျှ ထည့်သွင်းထားပြီး ပေါက်ကွဲထွက်လာသော စွမ်းအားသည် ဖုန်းဝူချန်အား လုံးဝ ချေမှုန်းပစ်နိုင်စွမ်း ရှိ၏။

“ဘုန်း”

'မော့ချင်းယွင်' ၏ လက်သီး လျှပ်စီးကဲ့သို့ ထွက်ပေါ်လာစဉ် ဖုန်းဝူချန်က လက်တစ်ဖက်ကို ဖြန့်ထုတ်လိုက်သည်။ ခပ်တိုးတိုး ပေါက်ကွဲသံ တစ်ချက် ထွက်ပေါ်လာပြီးနောက် သူသည် 'မော့ချင်းယွင်' ၏ လက်သီးကို လွယ်ကူစွာ တားဆီးလိုက်သည်။

တဆက်တည်း၌၊ အလွန် ကြောက်မက်ဖွယ် ကောင်းသော အားလှိုင်းများက ပတ်ပတ်လည်သို့ လှိမ့်ထွက်သွားပြီး မြို့ဂိတ် အပြင်ဘက်ရှိ ကြီးမားသော မြေကွက်လပ်ကြီးသည် ချက်ချင်းပင် တွင်းနက်ကြီး တစ်ခုအဖြစ် ပြိုကျသွားတော့၏။

'ထျန်းယွမ်' ဘုံ ဆဌမလွှာ အဆင့်ရှိ 'မော့ချင်းယွင်' ၏ အစွမ်းကုန် ထိုးနှက်ချက်သည် ဖုန်းဝူချန်အား တစ်လက်မမျှပင် ရွေ့လျားသွားစေနိုင်ခြင်း မရှိခဲ့ပေ။

“ဘာ ဘယ်လို ဘယ်လို ဖြစ်နိုင်မှာလဲ” 'မော့ချင်းယွင်' ၏ မျက်နှာသည် တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားပြီး သူ၏ မျက်လုံးများမှာ ပြူးကျယ်လျက် ဖုန်းဝူချန်အား မယုံကြည်နိုင်ခြင်း၊ အံ့အားသင့်ခြင်းတို့ဖြင့် စိုက်ကြည့်နေသည်။

“သူ သူက အစ်ကိုမော့ရဲ့ စွမ်းအားကို တကယ်ကြီး တားလိုက်တယ်” 'လျိုယွင်ဖေး' နှင့် အခြားသူများမှာ အံ့ဩလွန်းသဖြင့် ဆွံ့အသွားကြ၏။

“ဘုရားရေ”

အဝေးမှ ပွဲကြည့် ပရိသတ်များလည်း ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လုံးဝ အံ့အားသင့်သွားကြပြီး ကြောက်လန့်တကြား အော်ဟစ်မိကြသည်။

'ထျန်းယွမ်' ဘုံ စတုတ္ထလွှာ အဆင့်ရှိ ဖုန်းဝူချန်သည် ဆဌမလွှာ အဆင့်ရှိ ပုဂ္ဂိုလ်တစ်ဦး၏ ကြောက်မက်ဖွယ် စွမ်းအားကို လွယ်ကူစွာ တားဆီးလိုက်သည်။

“ဒါ ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။ စတုတ္ထလွှာက ဘယ်လိုလုပ်”

“သူ 'မော့ချင်းယွင်' ရဲ့ တိုက်ခိုက်မှုကို တကယ် တားဆီးလိုက်နိုင်တယ်”

“ကိုယ့်မျက်လုံးကိုယ်တောင် မယုံနိုင်ဘူး။ ဒီကောင်လေးက 'မော့ချင်းယွင်' ကို တကယ် ယှဉ်နိုင်တယ်လား”

လူအုပ်ကြီးမှာ တုန်လှုပ်ခြောက်ခြားသွားကြပြီး သူတို့၏ ခန္ဓာကိုယ်များမှာ အလိုအလျောက် တုန်ရီလာကြသည်။ ဖုန်းဝူချန်တွင် ဤမျှ သန်မာသော အစွမ်း ရှိနေသည်ကို မည်သူမျှ မယုံကြည်နိုင် ဖြစ်နေကြသည်။

တုန်လှုပ်နေသော 'မော့ချင်းယွင်' အား ကြည့်ရင်း ဖုန်းဝူချန်က သူ၏ လက်ကို ဖြည်းညှင်းစွာ ဖြေလျှော့လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

“မင်းက ငါ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး။ မင်း သူတို့အတွက် ရပ်တည်ပေးမယ်ဆိုရင် သေသေချာချာ စဉ်းစား”

“မောက်မာလိုက်တာ”

'မော့ချင်းယွင်' မှာ တုန်လှုပ်နေဆဲ ဖြစ်သော်လည်း သူ၏ မျက်နှာမှာ နောက်တစ်ကြိမ် မည်းမှောင်သွားပြီး ပြင်းထန်သော တိုက်ခိုက်မှု နောက်တစ်ခုကို စတင်လိုက်သည်။

“ဘုန်း ဘုန်း ဘုန်း”

'မော့ချင်းယွင်' ၏ သံမဏိ လက်သီးများက အဆက်မပြတ် တိုက်ခိုက်လာသော်လည်း ဖုန်းဝူချန်မှာ မရွေ့မလျားပင် 'မော့ချင်းယွင်' ၏ ကြမ်းတမ်းသော ထိုးနှက်ချက် အားလုံးကို သူ၏ ညာလက်တစ်ဖက်တည်းဖြင့်သာ ဖမ်းယူနေသည်။

အလွန် ကြမ်းတမ်းစွာ တိုက်ခိုက်နိုင်သော 'မော့ချင်းယွင်' ပင်လျှင် 'ထျန်းယွမ်' ဘုံ စတုတ္ထလွှာ အဆင့်ရှိ ဖုန်းဝူချန်အား တုန်ခါသွားစေနိုင်ခြင်း မရှိခဲ့ပေ။

နောက်တစ်ကြိမ် လူအုပ်ကြီးမှာ တုန်လှုပ်ခြောက်ခြားကာ စကားမပြောနိုင် ဖြစ်သွားကြသည်။

ထိုအခိုက်အတန့်တွင် လူတိုင်း နောက်ဆုံးတွင် သဘောပေါက်သွားကြသည်။

ဖုန်းဝူချန်နှင့် သူ၏ အဖော်များသည် သေချင်နေကြခြင်း မဟုတ်ဘဲ 'မော့ချင်းယွင်' ကိုပင် ခြိမ်းခြောက်မှု တစ်ခုအဖြစ် မသတ်မှတ်ရလောက်အောင် လုံလောက်သော ခွန်အားများကို ပိုင်ဆိုင်ထားခြင်းသာ ဖြစ်လေ၏။

“ဒါ မဖြစ်နိုင်ဘူး။ လုံးဝ မဖြစ်နိုင်ဘူး” 'မော့ချင်းယွင်' သည် တိုက်ခိုက်ရင်း ပို၍ မယုံကြည်နိုင် ဖြစ်လာသည်။

'မော့ချင်းယွင်' ၏ ကြောက်မက်ဖွယ် အစွမ်းနှင့် အားကုန် တိုက်ခိုက်နေသော်လည်း ဖုန်းဝူချန်အပေါ် အနည်းငယ်မျှပင် အကျိုးသက်ရောက်မှု မရှိခဲ့ပေ။

“ငါ ပြောပြီးပြီလေ မင်းက ငါ့ ပြိုင်ဘက် မဟုတ်ဘူးလို့။ ငါ မင်းကို နောက်ထပ် အခွင့်အရေး တစ်ခေါက် ပေးမယ် မင်းသူငယ်ချင်းတွေကို ခေါ်ပြီး ထွက်သွား” ဖုန်းဝူချန်က အေးစက်စွာ ပြောလိုက်ပြီး သူ၏ အသံမှာ အနည်းငယ် ပို၍ အေးစက်လာသည်။

'မော့ချင်းယွင်' ၏ မျက်နှာမှာ ကြမ်းတမ်းစွာ တုန်ခါသွားပြီး ဒေါသများ ပေါက်ကွဲ ထွက်လာတော့သည်။ 'ကြယ်တာရာ နယ်မြေ' ၏ ထိပ်တန်း ပါရမီရှင် တစ်ဦးအနေဖြင့် သူ ဘယ်တုန်းကမှ ဒီလို အထင်သေးခံရခြင်းမျိုး မကြုံဖူးခဲ့ပေ။

မာနကြီးသော 'မော့ချင်းယွင်' က ဖုန်းဝူချန်၏ ဤသို့ စော်ကားမှုကို ဘယ်လို သည်းခံနိုင်မည်နည်း။

“မြေကမ္ဘာအဆင့် အဆင့်နိမ့်သိုင်း”

'မော့ချင်းယွင်' က ကြမ်းတမ်းစွာ ဟိန်းဟောက်လိုက်ပြီး သိုင်းပညာ တစ်ခုကို အသုံးပြုရန် ပြင်လိုက်သည်။

'မော့ချင်းယွင်' သည် လွယ်လွယ်ဖြင့် လက်လျှော့မည် မဟုတ်ပေ။

သို့သော် 'မော့ချင်းယွင်' သည် သူ၏ သိုင်းပညာကို အသုံးမပြုသေးမီမှာပင် ချက်ချင်း နောင်တရသွားရသည်။

“ဘုန်း”

“ဖွီး”

'မော့ချင်းယွင်' သူ၏ သိုင်းပညာကို စတင်လိုက်သည်နှင့် ဖုန်းဝူချန် လှုပ်ရှားလိုက်သည်။ အလွန်တရာ ကြောက်မက်ဖွယ် အရှိန်ဖြင့် သူ၏ လက်သီးသည် 'မော့ချင်းယွင်' ၏ ဝမ်းဗိုက်ပေါ်သို့ ကျရောက်သွားသည်။ ပြင်းထန်သော ပေါက်ကွဲသံနှင့်အတူ 'မော့ချင်းယွင်' သည် သွေးများ အန်ထုတ်လိုက်ရပြီး သူ၏ ခန္ဓာကိုယ်မှာ ပုစွန်တစ်ကောင်လို ကွေးကောက်သွားသည်။ အလွန်တရာ နာကျင်မှုက သူ၏ တစ်ကိုယ်လုံးသို့ ချက်ချင်း စီးဆင်းသွားပြီး မျက်လုံးများ ပြူးကျယ်ထွက်လာသည်။

“ဒါ ဒါ ဘယ်လို စွမ်းအားမျိုးကြီးလဲ” 'မော့ချင်းယွင်' ၏ နှလုံးသားထဲတွင် ထိတ်လန့်သွားသည်။ သူ၏ ကျင့်ကြံခြင်း အဆင့်ဖြင့် ဖုန်းဝူချန်၏ လက်သီး စွမ်းအားကို မခံနိုင်ရအောင် ဖြစ်နေသည်။

လက်သီးတစ်ချက်တည်းက 'မော့ချင်းယွင်' ကို သွေးအန်စေခဲ့ရာ ပွဲကြည့် ပရိသတ်များမှာ ကြောက်လန့်တကြားဖြင့် ဝိညာဉ် လွင့်ထွက်သွားကြသည်။

'မော့ချင်းယွင်' သည် 'ထျန်းယွမ်' ဘုံ ဆဌမလွှာ အဆင့် ဖြစ်သည်။ သို့သော် 'ထျန်းယွမ်' ဘုံ စတုတ္ထလွှာ အဆင့် ကျင့်ကြံသူ ဖုန်းဝူချန်က ဤမျှ ပြင်းထန်သည့် စွမ်းအားကို ဘယ်လို ပိုင်ဆိုင်ထားနိုင်သနည်း။

“ဘုန်း”

နောက်တစ်စက္ကန့်တွင် ဖုန်းဝူချန်က 'မော့ချင်းယွင်' ၏ ဦးခေါင်း နောက်စေ့ကို တံတောင်ဖြင့် ပင့်ထိုးလိုက်သည်။ 'မော့ချင်းယွင်' ၏ ခန္ဓာကိုယ်သည် မြေကြီးပေါ်သို့ ပြင်းထန်စွာ ဆောင့်ကျသွားပြီး ထိမိသည်နှင့် ချက်ချင်း ပြန်ကန်တက်လာပြန်သည်။

“ဝှီး”

“ဘုန်း ဘုန်း ဘုန်း”

'မော့ချင်းယွင်' ပြန်ကန်တက်လာသည်နှင့် တပြိုင်နက် ဖုန်းဝူချန်၏ ခြေထောက်က ဘောလုံး တစ်လုံးကို ကန်တင်လိုက်သကဲ့သို့ လေထဲတွင် ဝေ့၍ ကန်လိုက်သည်။

'မော့ချင်းယွင်' ၏ ခန္ဓာကိုယ်သည် ချက်ချင်းပင် အနက်ရောင် မျဉ်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မြို့ဂိတ်ဆီသို့ ပြင်းစွာ ပျံသန်းသွားတော့သည်။

ပြိုကျနေသော ဂိတ်တံခါးကို ခုခံမှု တစ်စုံတစ်ရာ မရှိဘဲ ထိုးဖောက်သွားပြီး မြို့တွင်းရှိ အဆောက်အအုံ အများအပြားကိုပါ ဆက်တိုက် ထိုးဖောက် ဝင်ရောက်သွားလေသည်။

ဖုန်းဝူချန်၏ ကန်ချက်မှာ အလွန် အစွမ်းထက်လှပြီး 'မော့ချင်းယွင်' ခံနိုင်ရည် ရှိသည်ထက် များစွာ ပိုမို ပြင်းထန်လှ၏။

မြို့ထဲသို့ လွင့်စင်သွားသော 'မော့ချင်းယွင်' မှာ သေသည်လား၊ ရှင်သည်လား မည်သည့် အခြေအနေတွင် ရှိနေသည်ကိုပင် မခန့်မှန်းနိုင်တော့ပေ။

နေရာတစ်ခုလုံး သေမလောက် တိတ်ဆိတ်သွားပြီး လူတိုင်း၏ မျက်နှာများမှာ ကြောက်ရွံ့မှု၏ အရိပ်မည်းများ ဖုံးလွှမ်းသွားကြသည်။

'ကြယ်တာရာ နယ်မြေ' ၏ ထိပ်တန်း ပါရမီရှင် 'မော့ချင်းယွင်' သည် 'ထျန်းယွမ်' ဘုံ စတုတ္ထလွှာ အဆင့်ရှိ ဖုန်းဝူချန်၏ လက်ထဲတွင် အနည်းငယ်မျှပင် ပြန်လည် ခုခံနိုင်စွမ်း မရှိဘဲ လုံးလုံးလျားလျား ရှုံးနိမ့်သွားခဲ့‌ချေပြီ။

ဤသို့သော ထိပ်တန်း ပါရမီရှင် တစ်ဦးကို ဖုန်းဝူချန်က ကန်ချက် တစ်ချက်တည်းဖြင့် အဆုံးသတ် ဖြေရှင်းလိုက်လေသည်။

All Chapters