'အင်မော်တယ် လက်နက် စံအိမ်' သို့ စီးနင်းခြင်း
Vol. 24 Ch. 352
~'ကျန်း' မိသားစု၏ အဆင့်မြင့် ပုဂ္ဂိုလ်များမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေ၏။ သူတို့၏ မျက်နှာများအားလုံးတွင် ကြည်နူးသော အပြုံးများ ဝေဆာလျက် ရှိသည်။ သူတို့သည် ဖုန်းဝူချန်၏ နောက်သို့ လိုက်ပါကာ ခန်းမဆောင်ကြီးထဲမှ ထွက်ခွာသွားကြတော့သည်။
ဖုန်းဝူချန်၏ ဦးဆောင်မှုအောက်တွင် 'ကျန်း' မိသားစု၏ အဆင့်မြင့် ပုဂ္ဂိုလ်များအားလုံး ကောင်းကင်ယံသို့ ပျံတက်သွားကြပြီး 'အင်မော်တယ် လက်နက် စံအိမ်' တည်ရှိရာဆီသို့ ဦးတည်လိုက်ကြ၏။
ယနေ့ 'ကျန်း' မိသားစုသည် လုံးဝ မောက်မာထောင်လွှားနေသည်ဟု ဆိုရမည်။
'အင်မော်တယ် လက်နက် စံအိမ်' အား စိန်ခေါ်ခြင်း။ ဒီကိစ္စကြီးက 'ကျန်း' မိသားစု ယခင်က အိပ်မက်ပင် မမက်ဝံ့ခဲ့သော အရာ တစ်ခု ဖြစ်လေသည်။
'ကျန်း' မိသားစုသည် 'လက်နက်သန့်စင်ခြင်း မိသားစု' ဟု ကျော်ကြားသော်လည်း သူတို့သည် 'အင်မော်တယ် လက်နက် စံအိမ်' ကို ဘယ်သောအခါမျှ မကျော်လွန်နိုင်ခဲ့ကြပေ။ ထို့ကြောင့် သူတို့ကို လွယ်လွယ်ကူကူ သွားရောက် ရန်စဝံ့ခြင်း မရှိခဲ့ပါ။
သို့သော် ယနေ့ 'ကျန်း' မိသားစုသည် တွေးတောရဲရုံသာမက ကိုယ်တိုင်ကိုယ်ကျ လာရောက်လည်ပတ်ဝံ့သည်အထိ ဖြစ်လာခဲ့ပြီ။
"'ဆေးဧကရာဇ်' က 'အင်မော်တယ် လက်နက်' တွေ တကယ် သွင်းလုပ်နိုင်တယ်တဲ့။ ငါ ကြားတာ မှန်ရဲ့လား"
"လုံးဝ အမှန်ပဲ။ ငါ့အဖေ အခုလေးတင် ငါ့ကို ပြောပြတာ"
"ငါတို့ 'ကျန်း' မိသားစုက အခု အရင်ဆုံး သွားတွေ့တယ် ဆိုတော့ ဒါ 'အင်မော်တယ် လက်နက် စံအိမ်' ကို တိုက်ရိုက် စီးနင်းတာနဲ့ တူတူပဲ။ ငါတော့ မယုံနိုင်သေးဘူး။ 'ဆေးဧကရာဇ်' က အရမ်း မောက်မာတာပဲ"
"တကယ်ပဲ 'ဆေးဧကရာဇ်' ဆိုတဲ့ နာမည်နဲ့ မထိုက်တန်ဘဲ မနေဘူး။ အရမ်း မာနကြီးတာပဲ။ သူ 'အင်မော်တယ် လက်နက် စံအိမ်' ကိုတောင် ဂရုမစိုက်ဘူး။ 'ဆေးဧကရာဇ်' မှာ ဒီလောက် ယုံကြည်မှု ရှိနေမှတော့ သူ 'အင်မော်တယ် လက်နက် စံအိမ်' ကို သေချာပေါက် နှိမ်နင်းနိုင်မှာပဲ။ မြန်မြန် သွားကြည့်ကြစို့"
'ကျန်း' မိသားစု၏ မျိုးဆက်သစ်များနှင့် မျိုးနွယ်စုဝင်များမှာ တုန်လှုပ်ခြောက်ခြားကာ စိတ်လှုပ်ရှားနေကြသည်။ ကျင့်ကြံခြင်း အဆင့် 'ထျန်းယွမ်' ဘုံသို့ ရောက်ရှိနေသူ မည်သူမဆို လျင်မြန်စွာ လေထဲသို့ ပျံတက်သွားကြ၏။
'ကျန်း' မိသားစု၏ ဧရာမ တပ်ဖွဲ့ကြီးသည် ခမ်းနားထည်ဝါစွာ ထွက်ခွာသွားပြီး လူပေါင်း တစ်ထောင်ခန့်ပင် ရှိလေသည်။
ထောင်ကျော်သော 'ထျန်းယွမ်' ဘုံ စွမ်းအားရှင်များ။ ဤဖြစ်ရပ်မှာ မည်မျှ ကြောက်မက်ဖွယ်ကောင်းသော အင်အားစုကြီး ဖြစ်သနည်း။
"အစ်ကိုဖုန်း ဘာလို့ 'အင်မော်တယ် လက်နက် စံအိမ်' ကို ဒီလောက် အလျင်စလို သွားချင်ရတာလဲဗျ ဘာ ဘာအစီအစဉ် ရှိလို့လဲဗျ" ပျံသန်းနေစဉ် လျိုချင်းယန်က ဖုန်းဝူချန်အား အသံတိုးတိုးဖြင့် ကပ်၍ မေးလိုက်၏။
ဖုန်းဝူချန်က လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်ရုံမှလွဲ၍ အဖြေ ပြန်မပေးခဲ့ပေ။
"ချင်းယန် အစ်ကိုဖုန်းက 'မီးအဆိပ်' ကို ထိန်းချုပ်နိုင်တယ်လေ။ ရှင်..ဘယ်လိုထင်လဲ" လင်ရှောင်ရှောင်က ခပ်ဖွဖွ ရယ်မောရင်း ဆိုလိုက်သည်။
"အိုး .. ဒါက.."
ရုတ်ချည်းပင်၊ လျိုချင်းယန်၏ မျက်လုံးများ အရောင်တောက်သွားပြီး သူ၏ မျက်နှာအမူအရာမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွား လေတော့သည်။
---
တစ်ချိန်တည်းမှာပင် 'ဝူကျိ' နယ်မြေရှိ 'အင်မော်တယ် လက်နက် စံအိမ်' တွင် 'ထျန်းလော့' မြို့ကို တုန်လှုပ်ခြောက်ခြားစေခဲ့သော သတင်းကို သူတို့ ရရှိထားပြီး ဖြစ်လေသည်။
'ကျန်းကျွင့်လန်' ၏ ဆရာ တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာခဲ့လေပြီ ဟူ၍တည်း။
'အင်မော်တယ် လက်နက် စံအိမ်' ၏ ခန်းမဆောင်ကြီး အတွင်း သတင်းရရှိချိန်တွင် အဆင့်မြင့် ပုဂ္ဂိုလ်များ တုန်လှုပ်သွားကြပြီး သူတို့၏ မျက်နှာအမူအရာများမှာ အနည်းငယ် ပို၍ လေးနက်သွားကြ၏။
"'ကျန်းကျွင့်လန်' ရဲ့ ဆရာ ဟုတ်လား" အကြီးအကဲ တစ်ဦးက မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။
"သတင်းက အတည်မပြုနိုင်သေးပါဘူး။ ဒါပေမဲ့ 'ထျန်းလော့' မြို့က လာတာပါ။ 'ကျန်းဝူဖုန်း' နဲ့ 'ကျန်းကျွင့်လန်' က သူ့ကို ကြိုဆိုဖို့ 'ထျန်းလော့' မြို့ကို ကိုယ်တိုင် သွားပါခဲ့တယ်တဲ့ ခင်ဗျာ။ 'ထျန်းလော့' မြို့က လူတွေ အားလုံး 'ကျန်းကျွင့်လန်' က အဲ့ဒီလူကို 'ဆရာ' လို့ ခေါ်တာ မြင်လိုက်ရပြီး 'ကျန်းဝူဖုန်း' ကလည်း သူ့ကို အရမ်း ရိုသေနေတာပါပဲ။ သူ့ကို 'ဆေးဧကရာဇ်' လို့တောင် ခေါ်တယ် ဆိုပဲ ခင်ဗျာ။ သူက လူငယ် တစ်ယောက်ပါပဲတဲ့
ခင်ဗျာ"
ထိုသို့ တပည့် တစ်ဦးက လေးစားစွာ သတင်းပို့လိုက်သည်။
"'ဆေးဧကရာဇ်'"
"လူငယ် တစ်ယောက်"
အဆင့်မြင့် ပုဂ္ဂိုလ်များ၏ မျက်နှာအမူအရာများမှာ နောက်တစ်ကြိမ် ပြောင်းလဲသွားပြီး ပို၍ပင် လေးနက်သွားကြသည်။
အဘိုးအို တစ်ဦးက ခေါင်းခါရင်း
"လူငယ် တစ်ယောက်ရဲ့ လက်နက်သန့်စင်ခြင်း ပါရမီက 'ကျန်းကျွင့်လန်' ထက် ကျော်လွန်နေရင်တောင် 'ကျန်းဝူဖုန်း' ရဲ့ လေးစားမှုကို ရဖို့ မလုံလောက်သေးဘူး"
ဟု ဆိုလိုက်သည်။
"'ကျန်းကျွင့်လန်' က အစွမ်းထက်တဲ့ လက်နက်သန့်စင်သူ တစ်ယောက်။ သူ့ဆရာက သူ့ကို ပညာတွေ သင်ပေးခဲ့တာ ဖြစ်နိုင်မလား။ သူ့ဆရာရဲ့ နောက်ကြောင်းကို ငါတို့ သိရဲ့လား" ပင်မနေရာမှ စံအိမ်သခင်ကြီးက မေးလိုက်သည်။
"ကျွန်တော်တို့ မသိပါဘူး။ 'ကျန်းကျွင့်လန်' မှာ ဆရာတစ်ယောက် ရှိတယ်ဆိုတာတောင် ဘယ်သူမှ မသိခဲ့ကြပါဘူး" တပည့်က ခေါင်းခါလိုက်သည်။
"စံအိမ်သခင်ကြီးခင်ဗျာ.. သတင်းကတော့ မှန်လောက်ပါတယ်" လူငယ်တစ်ဦးက လေးနက်စွာ ဆိုသည်။ "'ကျန်းကျွင့်လန်' က သူ့ကို 'ဆရာ' လို့ ခေါ်တယ် ဆိုကတည်းက သူကလည်း လက်နက်သန့်စင်သူ တစ်ယောက် ဖြစ်ရမယ်။ 'ကျန်းဝူဖုန်း' က ပြည်မကြီးမှာ ထူးကဲတဲ့ အဆင့်အတန်း ရှိတာ သူ့ရဲ့ လေးစားမှုကို ရနိုင်တဲ့သူ သိပ်မများဘူး။ ဒီလူ သာမန်တော့ မဟုတ်နိုင်ဘူး"
စံအိမ်သခင်ကြီးက ခေါင်းညိတ်လိုက်ပြီး သူ၏ အသံမှာ ရေခဲတမျှ အေးစက်နေသည်။
“သူ့နောက်ခံက ဘာပဲ ဖြစ်နေ ဖြစ်နေ ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ဘူး”
ပါရမီရှင် တပည့်တစ်ဦးကလည်း မောက်မာစွာ ဆိုလိုက်သည်။
"ပေါက်စန တစ်ကောင်က ဘယ်လောက် စွမ်းနိုင်မှာမို့လို့လဲ။ သူ့ရဲ့ လက်နက်သန့်စင်ခြင်း ပညာရပ် ဘယ်လောက် မြင့်မားနေပါစေ စံအိမ်သခင်ကြီးကို ကျော်လွန်နိုင်မှာ မဟုတ်ဘူး"
"ဘယ်သူ့ကို အကူအညီ တောင်းတောင်း အလကားပဲ။ ငါတို့ 'အင်မော်တယ် လက်နက် စံအိမ်' ကို စော်ကားမိရင် သူတို့ ကောင်းကောင်း အဆုံးသတ်ရမှာ မဟုတ်ဘူး" ဟု အခြား ပါရမီရှင် တပည့်တစ်ဦးကလည်း အေးစက်စွာ ဖြည့်စွက်လိုက်သည်။
"ဒါတွေအားလုံးက 'လက်နက်သန့်စင်ခြင်း ကျမ်း' ကြောင့်ပဲ။ ငါတို့ 'ကျန်း' မိသားစုကို အခုချက်ချင်း သွား
အရေးယူလို့ မဖြစ်သေးဘူး။ 'လက်နက်သန့်စင်ခြင်း ကျမ်း' ကို ရပြီးမှ 'ကျန်း' မိသားစုကို ဖိနှိပ်ဖို့ အခွင့်အရေး ရှာရမယ်။ ဒါမှ တခြားသူတွေ ငါတို့အပေါ် မရယ်ရဲမှာ" အခြား အကြီးအကဲ တစ်ဦးက လေးနက်စွာ ဆိုသည်။
"ပထမ အကြီးအကဲ ပြောတာ အရမ်း မှန်ပါတယ်" စံအိမ်သခင်ကြီးက ခေါင်းညိတ်လိုက်ကာ သူ နောက်ထပ် တစ်စုံတစ်ရာ ပြောရန် ပြင်လိုက်စဉ်မှာကင် တစ်စုံတစ်ခုကို အာရုံခံမိလိုက်သဖြင့် သူ၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွား၏။
"ဒါ 'ကျန်းဝူဟွမ်' ရဲ့ အရှိန်အဝါပဲ။ သူတို့ ဒီကို ဘာလာလုပ်တာလဲ" စံအိမ်သခင်ကြီး အနည်းငယ် အံ့အားသင့်သွားသည်။
အဆင့်မြင့် ပုဂ္ဂိုလ်များကလည်း အားကောင်းသော အရှိန်အဝါ အများအပြားကို အာရုံခံမိလိုက်ကြသည်။ ၎င်းတို့မှာ 'ကျန်း' မိသားစုမှ စွမ်းအားရှင်များ ဖြစ်သည်မှာ သေချာလှသည်။
"ပထမ အကြီးအကဲ၊ ကြည့်ရတာ ကျွန်တော်တို့..အနာဂတ်ထိ စောင့်စရာ မလိုတော့ဘူး ထင်တယ်။ အခွင့်အရေးက ရောက်လာပြီ။ 'ကျန်း' မိသားစုက ပြဿနာရှာဖို့ တံခါးဝထိ ရောက်လာတာပဲ။ သူတို့သာ 'အင်မော်တယ် လက်နက် စံအိမ်' ကို စော်ကားပြီး အသတ်ခံလိုက်ရရင် ကျွန်တော်တို့ 'ကျန်းကျွင့်လန်' ရဲ့ 'လက်နက်သန့်စင်ခြင်း ကျမ်း' ကို အခွင့်အရေးယူပြီး လုယူလိုက်လို့ ရပါပြီ" လူငယ် တပည့်တစ်ဦးက တခွီးခွီး လှောင်ရယ်လိုက်သည်။
ပထမ အကြီးအကဲက မျက်မှောင် အတန်ကြာ ကြုတ်ထားပြီး လေးနက်စွာ ဆိုသည်။ "'ကျန်း' မိသားစုရဲ့ လုပ်ရပ်တွေက တော်တော် ထူးဆန်းတယ်။ 'ကျန်းကျွင့်လန်' ရဲ့ ဆရာကို ဖိတ်ခေါ်ပြီးတာနဲ့ ငါတို့ 'အင်မော်တယ် လက်နက် စံအိမ်' ဆီ တန်းတန်းမတ်မတ် လာခဲ့တယ်။ သူတို့ ဒီလူအပေါ် ဒီလောက်တောင် ယုံကြည်မှု ရှိနေတာလား"
“ပထမ အကြီးအကဲက အများကြီး စဉ်းစားလွန်းနေပါပြီ။ 'ကျန်း' မိသားစုမှာ 'အင်မော်တယ် လက်နက် စံအိမ်' ဆီ လာရဲလောက်တဲ့ သတ္တိ မရှိပါဘူး။ သူတို့ ကျွန်တော်တို့ဆီ လာတောင်းပန်တာမျိုးပဲ ဖြစ်မှာပါ..ဟားဟား”
အခြား အဆင့်မြင့် ပုဂ္ဂိုလ်တစ်ဦးက အေးစက်စွာ လှောင်ရယ်လိုက်သည်။
"ဟွန့်။ သူတို့ သေလမ်း လာရှာတာပဲ" အကြီးအကဲ တစ်ဦးက ဒေါသတကြီး ဆို၏။
"စံအိမ်သခင်ကြီးနဲ့ အကြီးအကဲများကို သတင်းပို့ပါတယ်။ 'ကျန်း' မိသားစုက လူတွေ ရောက်လာပါပြီ" တပည့်တစ်ဦးက ခန်းမဆောင်ကြီးထဲသို့ ဝင်ရောက် သတင်းပို့လာ ယလေသည်။
"'ကျန်းဝူဟွမ်' က ဘယ်လို လှည့်ကွက်တွေ သုံးမလဲ ငါ ကြည့်ချင်သေးတာပေါ့" စံအိမ်သခင်ကြီးက အေးစက်စွာ ဆိုလိုက်ပြီး သူ၏ ပုံရိပ်မှာ လှစ်ခနဲ ပျောက်ကွယ်သွားကာ ထွက်ခွာသွားလေသည်။
'အင်မော်တယ် လက်နက် စံအိမ်' ၏ အဆင့်မြင့် ပုဂ္ဂိုလ်များလည်း ခန်းမဆောင်ကြီးထဲမှ အလျင်စလို ထွက်ခွာသွားကြပြီး ကောင်းကင်ယံသို့ မော့ကြည့်လိုက်ကြသည်။
'အင်မော်တယ် လက်နက် စံအိမ်' ၏ အင်အားမှာ 'ကျန်း' မိသားစုထက် များစွာ ကြောက်မက်ဖွယ် ကောင်းလှသည်။ 'ထျန်းကျိ' ဘုံ စွမ်းအားရှင် အများအပြား ရှိပြီး 'ကောင်းကင်ဘုံ လူသား' ဘုံ ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာ ရှိရာ အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှပါ၏။
'အင်မော်တယ် လက်နက် စံအိမ်' ၏ စံအိမ်သခင်ကြီး 'ချီယွမ်' ။ 'အဋ္ဌမ အဆင့်' လက်နက်သန့်စင်သူ တစ်ဦး ဖြစ်ပြီး သူ၏ ကျင့်ကြံခြင်း အဆင့်မှာ 'ထျန်းကျိ' ဘုံ ဆဌမလွှာ အဆင့်သို့ ရောက်ရှိနေသည်။ သူသည် ပြည်မကြီး၏ အထွတ်အထိပ် စွမ်းအားရှင်များထဲမှ တစ်ဦး ဖြစ်ပြီး ပြည်မကြီး တစ်ခွင်လုံးတွင် ကျော်ကြားလှပေသည်။
'အင်မော်တယ် လက်နက် စံအိမ်' ၏ ကာကွယ်စောင့်ရှောက်သူများနှင့် အကြီးအကဲများမှာ အားလုံး 'ထျန်းကျိ' ဘုံ စွမ်းအားရှင်များ ဖြစ်ကြ၏။ လက်နက် သန့်စင်သူများ ဖြစ်သည့်အလျောက် လက်ထဲမှ ရတနာများမှာလည်း မလွဲမသွေ ကြောက်မက်ဖွယ် ကောင်းလိမ့်မည်။
လက်နက်သန့်စင်သူများ အပြင် 'အင်မော်တယ် လက်နက် စံအိမ်' တွင် အစွမ်းထက်သော ဆေးပညာရှင် အများအပြားလည်း ရှိသေးပြီး အမြင့်ဆုံးမှာ 'သတ္တမ အဆင့်' ဆေးပညာရှင် ဖြစ်သည်။ ထို့အပြင် 'ဆဌမ အဆင့်' ပန်းပဲဆရာကြီး တစ်ဦးလည်း ရှိသေး၏။
ဤ ပုဂ္ဂိုလ် တစ်ဦးချင်းစီတိုင်းသည် ပြည်မကြီး တစ်ခွင်လုံးတွင် ကျော်ကြားသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။
"ဝှစ် ဝှစ် ဝှစ်"
အမြင့် ကောင်းကင်ယံတွင် 'ကျန်း' မိသားစုမှ စွမ်းအားရှင် တစ်ထောင်ကျော် လေထဲမှ ပျံသန်းလာကြပြီး 'အင်မော်တယ် လက်နက် စံအိမ်' ၏ ရင်ပြင်ပေါ်သို့ တစ်ဦးပြီးတစ်ဦး ဆင်းသက်လာကြသည်။
ဦးဆောင်လာသူမှာ 'ကျန်း' မိသားစု၏ ယခင် မိသားစု ခေါင်းဆောင် 'ကျန်းဝူဟွမ်' ပင် ဖြစ်သည်။
သူ၏ ဘေးတွင်ကား မိသားစု ခေါင်းဆောင် 'ကျန်းထျန်းယွင်' နှင့် ဖုန်းဝူချန်တို့ ရှိနေပြီး နောက်တွင် ကြီးမားပြီး ကြောက်မက်ဖွယ် ကောင်းသော 'ကျန်း' မိသားစု၏ အင်အားကြီး ပုဂ္ဂိုလ်များ တန်းစီ လိုက်ပါလာကြသည်။
'ကျန်း' မိသားစု၏ ဤသို့သော အခင်းအကျင်းကို ကြည့်ရသည်မှာ တိုက်ပွဲ ဆင်နွှဲရန် လာကြသည်ဟုပင် ထင်မှတ်ရဖွယ် ရှိသည်။
"'ကျန်းဝူဟွမ်' မင်း လူတွေ အများကြီး ခေါ်လာပြီး ငါ့ရဲ့ 'အင်မော်တယ် လက်နက် စံအိမ်' မှာ ဘာလုပ်မလို့လဲ" စံအိမ်သခင်ကြီး 'ချီယွမ်' က အေးစက်စွာ မေးလိုက်သည်။ သူ၏ အမူအရာတွင် လေးစားမှု အလျဉ်းမရှိပေ။
"'ကျန်းဝူဟွမ်' မင်းရဲ့ 'ကျန်း' မိသားစု အင်အားလောက်နဲ့တော့ 'အင်မော်တယ် လက်နက် စံအိမ်' က မင်းတို့ကို အလေးထား စရာတောင် မလိုဘူး" အကြီးအကဲ တစ်ဦးက လေးနက်စွာ ဆိုလိုက်ပြီး သူ၏ မျက်နှာမှာ အလွန် တင်းမာနေသည်။
ဤစကားကို ကြားသောအခါ 'ကျန်းဝူဟွမ်' က ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး ဆိုသည်။ "လက်နက်သွင်းလုပ်ခြင်း ပြိုင်ပွဲကို သုံးရက် နောက်ဆုတ်ပြီး စောင့်စရာ မလိုတော့ဘူး။ ဒီနေ့ပဲ စတင်ကြတာပေါ့"
"အိုး။ ဒီနေ့ စတင်မယ် ဟုတ်လား" 'ချီယွမ်' က 'ကျန်းဝူဟွမ်' အား အနည်းငယ် အံ့ဩစွာ ကြည့်လိုက်သည်။ 'ကျန်းဝူဟွမ်' ၏ ယုံကြည်မှုက မည်သည့်နေရာမှ လာသည်ကို သူ မသိခဲ့ပေ။
'အင်မော်တယ် လက်နက် စံအိမ်' ၏ အဆင့်မြင့် ပုဂ္ဂိုလ်များ အားလုံး အံ့အားသင့်သွားကြသည်။
'ကျန်းဝူဟွမ်' နှင့် 'ကျန်း' မိသားစုမှ စွမ်းအားရှင် အများအပြားသည် သူတို့၏ တံခါးဝအထိ လာရောက်ကာ လက်နက်သွင်းလုပ်ခြင်း ပြိုင်ပွဲ ပြုလုပ်ရန် တကယ်ကြီး စိန်ခေါ်နေကြသည်။
"ဟားဟား"
'ချီယွမ်' က ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး လှောင်ပြောင် သရော်လိုက်သည်။ "'ကျန်းဝူဟွမ်' မင်းကတော့ ဒီစံအိမ်သခင်ကြီးကို ယှဉ်နိုင်မှာ မဟုတ်သေးပါဘူး။ အစွမ်းအစပဲ ဖြစ်ဖြစ်၊ လက်နက်သန့်စင်ခြင်းပဲ ဖြစ်ဖြစ် မင်း ငါ့ကို ရှုံးတယ်။ မင်းတို့ 'ကျန်း' မိသားစုကို သုံးရက် အချိန်ပေးတာက မင်းတို့ မိသားစုကို လေးစားလို့။ မင်းကတော့ မောက်မာစွာနဲ့ ဒီကို ရောက်လာပြီး လက်နက်သန့်စင်ခြင်း ပြိုင်ပွဲ လာလုပ်ရဲတယ် ဟုတ်လား"
"မိသားစု မဟာအကြီးအကဲ 'ကျန်း' ခင်ဗျား 'အင်မော်တယ် လက်နက်' တွေ သွင်းလုပ်နိုင်တယ်လို့ ကျွန်တော် တစ်ခါမှ မကြားဖူးပါဘူး။ ခင်ဗျားရဲ့ လက်နက်သန့်စင်ခြင်း အဆင့်နဲ့ ကျွန်တော်တို့ စံအိမ်သခင်ကြီးကို ယှဉ်နိုင်မှာ မဟုတ်ဘူး" ပါရမီရှင် တပည့်တစ်ဦးက အေးစက်စွာ လှောင်ရယ်လိုက်သည်။
အခြား ပါရမီရှင် တပည့်တစ်ဦးကလည်း
"'ကျန်းကျွင့်လန်' က သူ့ဆရာကို တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာဖို့ ခေါ်လိုက်တယ်လို့ ကြားတယ်။ အဲ့တစ်ယောက်က ဘယ်သူလဲ မသိဘူး။ 'ကျန်း' မိသားစုက 'ကျန်းကျွင့်လန်' ရဲ့ ဆရာက စံအိမ်သခင်ကြီးထက် ပိုတော်မယ်လို့ တကယ်ပဲ ထင်နေတာလား" ဟု မထီမဲ့မြင် ပြောဆို လေသည်။
"'အင်မော်တယ် လက်နက် စံအိမ်' ရဲ့ လက်နက်သန့်စင်ခြင်း ပညာကလည်း ဒီလောက်ကြီး မဟုတ်ပါဘူး။ သူတို့ သင်ပေးလိုက်တဲ့ တပည့်တွေကလည်း သိပ်ပြီး ပြောပလောက်တာ မဟုတ်ဘူး။ မဟုတ်ရင် ကျုပ်က နံပါတ်တစ် ပါရမီရှင် လက်နက်သန့်စင်သူ ဘွဲ့ကို ဘယ်လိုလုပ် ရခဲ့မှာလဲ" ဟု 'ကျန်းကျွင့်လန်' က အေးစက်စွာ ပြန်လည် ချေပလိုက်သည်။
ဖုန်းဝူချန် ရှိနေသဖြင့် သူ 'အင်မော်တယ် လက်နက် စံအိမ်' ကို ကြောက်ရွံ့ခြင်း အလျဉ်း မရှိတော့ပေ။
ဤစကားများကြောင့် 'အင်မော်တယ် လက်နက် စံအိမ်' ၏ အဆင့်မြင့် ပုဂ္ဂိုလ်များ၏ မျက်နှာများ ချက်ချင်း မည်းမှောင်သွားကြတော့၏။
'အင်မော်တယ် လက်နက် စံအိမ်' သည် ပြည်မကြီး၏ အသန်မာဆုံး လက်နက်သန့်စင်ခြင်း ဂိုဏ်း ဖြစ်သည်။ လူငယ်လေး တစ်ယောက်ထံမှ ဤသို့ မရိုမသေ ပြုမူခြင်းကို သူတို့ ဘယ်လို သည်းခံနိုင်မည်နည်း။
"'ကျန်းကျွင့်လန်' မင်း သိပ်ပြီး မမောက်မာနေနဲ့။ နံပါတ်တစ် ပါရမီရှင် လက်နက်သန့်စင်သူ ဘွဲ့ကို ငါ မကြာခင် အချိန်မရွေး ပြန်ယူမှာ" ပါရမီရှင် တပည့်တစ်ဦးက အေးစက်စွာ ဆိုလိုက်သည်။ သူ၏ မျက်နှာအမူအရာမှာ အေးစက်ပြီး ခက်ထန်လှကာ မျက်လုံးများထဲတွင် လူသတ်ရိပ်များ လင်းလက်နေသည်။
ဤတပည့်မှာ အခြားသူ မဟုတ်၊ လက်နက်သန့်စင်ခြင်း ပြိုင်ပွဲတွင် 'ကျန်းကျွင့်လန်' ကို ရှုံးနိမ့်ခဲ့သော ပါရမီရှင် တပည့် 'ချီခုံ' ပင် ဖြစ်လေ၏။
'ချီခုံ' သည် 'အင်မော်တယ် လက်နက် စံအိမ်' ၏ နံပါတ်တစ် ပါရမီရှင် လက်နက်သန့်စင်သူ ဖြစ်ပြီး စံအ်ိမ်သခင်လေးလည်း ဖြစ်သည်။ သူ၏ ပညာရပ်မှာ 'ပဉ္စမ အဆင့်' လက်နက်သန့်စင်သူ အဆင့် ဖြစ်၏။ သူ၏ ကျင့်ကြံခြင်း အဆင့်မှာ 'ထျန်းယွမ်' ဘုံ အဋ္ဌမလွှာ အဆင့်သို့ပင် ရောက်ရှိနေပြီး 'ကျန်းကျွင့်လန်' ထက် များစွာ သာလွန်ပေသည်။
'ကျန်းကျွင့်လန်' ၏ ကျင့်ကြံခြင်း ပါရမီမှာ 'ချီခုံ' ထက် မနိမ့်ကျသော်လည်း သူက ပုံမှန် လေ့ကျင့်မှု ပေါ့ဆခဲ့ခြင်းသာ ဖြစ်သည်။
'ကျန်းကျွင့်လန်' က လှောင်ရယ်လိုက်သည်။ "မင်း ဒီတစ်သက်တော့ အခွင့်အရေး ရတော့မှာ မဟုတ်ဘူး"
"အဲ့ဒါကတော့ စောင့်ကြည့်ရသေးတာပေါ့" 'ချီခုံ' က အေးစက်စွာ ပြန်ပြောလိုက်ပြီး သူ၏ ကြမ်းတမ်းသော လူသတ်လိုသည့် အရှိန်အဝါကို မထိန်းချုပ်တော့ပေ။
"မင်း တိုက်ချင်တယ် ဆိုရင် ပြိုင်ပွဲ ပြီးတဲ့အထိ စောင့်။ မင်းရဲ့ လူသတ်ချင်တဲ့ စိတ်ကို အခု သိမ်းထားလိုက်။ မဟုတ်ရင် မင်းကို သတ်မိသွားရင် ငါ့ကိုယ်ငါ ထိန်းနိုင်မှာ မဟုတ်ဘူး" ဖုန်းဝူချန်က ကြောက်မက်ဖွယ် စွမ်းအားရှင် အများအပြား၏ ရှေ့မှောက်တွင် မျက်နှာ၌ ကြောက်ရွံ့မှု အရိပ်အယောင် တစ်စိုးတစ်စိမျှ မရှိဘဲ အေးစက်စွာ ဆိုလိုက်သည်။
တုန်လှုပ်သွားသည်…။
လုံးဝ တုန်လှုပ်သွားသည်။
ဖုန်းဝူချန်က 'ချီခုံ' အား သတ်ပစ်မည်ဟု နှုတ်ဖြင့် ခြိမ်းခြောက်လိုက်ရဲ၏။
'အင်မော်တယ် လက်နက် စံအိမ်' ၏ အဆင့်မြင့် ပုဂ္ဂိုလ်များနှင့် တပည့်များအားလုံး မှင်သက်သွားကြသလို 'ကျန်း' မိသားစုမှ လူများလည်း ထိုနည်းတူပင်။
ဤလူငယ်ကား မည်သူနည်း။
သည်လောက် မောက်မာလှသည်လား။ 'အင်မော်တယ် လက်နက် စံအိမ်' ၏ အဆင့်မြင့် ပုဂ္ဂိုလ်များ ရှေ့မှောက်တွင် 'အင်မော်တယ် လက်နက် စံအိမ်' ၏ သခင်လေးကို သတ်မည်ဟု ကြေညာလိုက်ရဲသည်။
"သူတောင်းစား။ 'အင်မော်တယ် လက်နက် စံအိမ်' မှာ မောက်မာဝံ့တဲ့ ဘယ်ကောင်မှ အသက်ရှင်လျက် ထွက်သွားတယ်လို့ မရှိဘူး"
'ချီခုံ' က ကြောက်မက်ဖွယ် ဟိန်းဟောက်လိုက်ပြီး 'ထျန်းယွမ်' ဘုံ နဝမလွှာ အဆင့်၏ ကြောက်မက်ဖွယ် စွမ်းအားများ ပေါက်ကွဲထွက်လာကာ အချိန်မရွေး တိုက်ခိုက်ရန် အသင့် ဖြစ်နေသည်။
လျိုချင်းယန်က သူတစ်ပါး ဒုက္ခရောက်သည်ကို ဝမ်းသာအားရ လှောင်ရယ်လိုက်လေသည်။
"မင်း ပါးစပ် ဆင်ခြင်ဦး။ မဟုတ်ရင် မင်းအဖေတောင် မင်းကို ကယ်နိုင်မှာ မဟုတ်ဘူးနော်.."
"လူငယ်တွေက တကယ်ပဲ မောက်မာကြတာပဲ။ မင်းက 'ကျန်းကျွင့်လန်' ဖိတ်ခေါ်လာတဲ့ ဆရာ ဆိုတာ ဖြစ်ရမယ်။ ဒီစံအိမ်သခင်ကြီးက မင်းမှာ သတ်နိုင်လောက်တဲ့ ဘယ်လို စွမ်းရည်မျိုး ရှိလဲ ဆိုတာ မြင်ချင်သေးတာပေါ့"
ဟု 'ချီယွမ်' က အေးစက်စွာ ရေရွတ်လိုက်သည်။
ဖုန်းဝူချန်၏ မောက်မာမှုက သူ့အား လုံးလုံးလျားလျား ဒေါသထွက်သွားစေခဲ့ပြီ ဖြစ်သည်။
ပြည်မကြီး တစ်ခုလုံးတွင် 'အင်မော်တယ် လက်နက် စံအိမ်' ၌ မည်သူမျှ ရိုင်းစိုင်းစွာ ပြုမူခြင်း မရှိခဲ့ဖူးပေ။ 'ချီယွမ်' ၏ ရှေ့မှောက်တွင် ဤမျှ မောက်မာရုံသာမက 'ချီခုံ' ကို သတ်မည်ဟု ခြိမ်းခြောက်
ရဲသည်အထိပင်။
"ဒါဆို ခင်ဗျားကို ပြရတာပေါ့"
ဖုန်းဝူချန်က လှောင်ရယ်လိုက်ပြီး သူ၏ စိမ်းပြာရောင် မီးတောက်များကို အသက်သွင်းလိုက်ရာ ကြမ်းတမ်းသော အရှိန်အဝါများ လှိုင်းထလာသည်။ စိမ်းပြာရောင် မီးတောက် တစ်စသည် သူ၏ လက်ဖဝါးတွင် နတ်သမီးလေး တစ်ပါးကဲ့သို့ ကခုန်နေသည်။
ဖုန်းဝူချန်၏ စကားများက 'ကျန်းဝူဟွမ်' ကိုပင် တုန်လှုပ်သွားစေခဲ့သည်။
ဖုန်းဝူချန် တကယ်ကြီး လှုပ်ရှားရဲသည်လား။
သည်နေရာက 'အင်မော်တယ် လက်နက် စံအိမ်' ဖြစ်သည်။ 'ကျန်း' မိသားစုဝင်များ အားလုံး အတူတကွ တိုက်ခိုက်လျှင်ပင် သူတို့ 'ချီယွမ်' တစ်ယောက်တည်းကို ယှဉ်နိုင်မည် မဟုတ်ပေ။ တကယ်၍ တိုက်ပွဲ ဖြစ်ပွားခဲ့လျှင် အကျိုးဆက်များမှာ စဉ်းစား၍ပင် မရနိုင်တော့ပေ။
'အင်မော်တယ် လက်နက် စံအိမ်' သည် 'ကျန်း' မိသားစုအား ချေမှုန်းပစ်ရန်နှင့် 'လက်နက်သန့်စင်ခြင်း ကျမ်း' ကို လုယူရန် ဤအခွင့်အရေးကို သေချာပေါက် အသုံးချလိမ့်မည်။
'ကျန်းဝူဟွမ်' နှင့် 'ကျန်းထျန်းယွင်' အခြား အဆင့်မြင့် ပုဂ္ဂိုလ်များ အပါအဝင် အားလုံး စိုးရိမ်ပူပန်မှုများဖြင့် ဗလောင်ဆူနေကြသော်လည်း ဖုန်းဝူချန်အားလည်း မတားဆီးရဲကြပေ။
'ကျန်းကျွင့်လန်' မှာလည်း စိုးရိမ်နေပြီး သူ၏ တောင်းပန်သော အကြည့်များက လင်ရှောင်ရှောင်ထံသို့ မတော်တဆ ရောက်ရှိသွားသော်လည်း သူမက သူ့အား စိတ်အေးစေရန် အမူအရာ ပြန်ပြလိုက်သည်။
'ကျန်းကျွင့်လန်' က ဘယ်လို စိတ်အေးနိုင်မည်နည်း။
အကယ်၍ သူတို့ အခြေအနေကို မထိန်းချုပ်နိုင်ခဲ့လျှင် 'ကျန်း' မိသားစု သေချာပေါက် ပျက်စီးသွားလိမ့်မည် မဟုတ်ပါလော။
"ဆရာ၊ ကျေးဇူးပြုပြီး မဆင်မခြင် မလုပ်ပါနဲ့" 'ကျန်းကျွင့်လန်' က တိုးသက်စွာ တိုက်တွန်းလိုက်သည်။
ဖုန်းဝူချန်က ပြန်မဖြေခဲ့ပေ။ သူ၏ စိတ်အာရုံဖြင့် 'ချီခုံ' ၏ ခန္ဓာကိုယ် အတွင်းမှ 'မီးအဆိပ်' ကို ချက်ချင်း ထိန်းချုပ်လိုက်၏။
"အား"
'ချီခုံ' ၏ ခန္ဓာကိုယ်မှ မည်းနက်သော မီးခိုးများ ထူးဆန်းစွာ ထွက်ပေါ်လာပြီး ပြင်းထန်သော မီးတောက်များအဖြစ်သို့ ပြောင်းလဲသွားသည်။ သူ၏ တစ်ကိုယ်လုံးတွင် အနက်ရောင် သွေးကြောများ ထောင်တက်လာပြီး နောက်ဆုံးတွင် အလွန်တရာ နာကျင်စွာ အော်ဟစ်လိုက်ရတော့သည်။
"မီးအဆိပ်"
'မီးအဆိပ်' ၏ ကြောက်မက်ဖွယ် ကောင်းမှုက 'ချီခုံ' ၏ နောက်မှ တပည့်များကို သူတို့၏ ဝိညာဉ်များ လွင့်ထွက်သွားသကဲ့သို့ပင် ကြောက်လန့်တကြားဖြင့် အနောက်သို့ ဆုတ်သွားစေသည်။
ဤမြင်ကွင်းကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသောအခါ 'အင်မော်တယ် လက်နက် စံအိမ်' နှင့် 'ကျန်း' မိသားစုမှ လူတိုင်း အလွန်အမင်း ထုံထိုင်းသွားကြတော့သည်။