← Chapters

'အင်မော်တယ် လက်နက်' ပေါ်ထွက်လာခြင်း

Vol. 24 Ch. 354

'အင်မော်တယ် လက်နက်' ပေါ်ထွက်လာခြင်း

Vol. 24 Ch. 354

~ဖုန်းဝူချန်သည် တရားသူကြီး တစ်ဦးအလား အဆက်မပြတ် ဝေဖန်သုံးသပ်နေလေ၏။

'ချီယွမ်' မှာ ဒေါသထွက်လွန်းသဖြင့် သူ၏ အဆုတ်များ ပေါက်ကွဲထွက်တော့မတတ် ခံစားနေရ၏။

ပြည်မကြီး၏ အသန်မာဆုံး လက်နက်သန့်စင်သူ တစ်ဦး ဖြစ်သော မိမိအား မည်သူက မျက်နှာချင်းဆိုင် ဝေဖန်ရဲသနည်း။

ဝေဖန်ရဲခြင်း မပြောနှင့်.. မည်သူမျှပင် အရည်အချင်း မရှိခဲ့ပါ။

အခြား လက်နက်သန့်စင်သူများကို ထောက်ပြ အကဲဖြတ်နိုင်သူမှာ 'ချီယွမ်' တစ်ဦးတည်းသာ ရှိခဲ့သည်။ မည်သည့် လက်နက်သန့်စင်သူမျှ သူ့အား ထောက်ပြရန် မဝံ့ရဲခဲ့ကြပေ။ ပြည်မကြီး၏ လက်နက်သန့်စင်ခြင်း နယ်ပယ်တွင် 'ချီယွမ်' သည် အကြီးအကဲ ပဓာန ဖြစ်သည်။

သို့သော် ဖုန်းဝူချန်က ဝေဖန်ရဲခဲ့သည်။ ထို့အပြင် သူသည် ပြည်မကြီး၏ နံပါတ်တစ် လက်နက်သန့်စင်သူအား အလုပ်သင် တစ်ဦးကဲ့သို့ သဘောထားကာ ဆရာကြီး တစ်ဦး၏ ဟန်ပန်ဖြင့် ဝေဖန်နေခဲ့သည်။

"'အင်မော်တယ် လက်နက်' တစ်ခု သွင်းလုပ်ရာမှာ 'အင်မော်တယ် ဝိညာဉ် ကျောက်တုံး' က အရေးအကြီးဆုံးပဲ။ 'အဋ္ဌမ အဆင့်' လက်နက်သန့်စင်သူ တစ်ယောက် ဖြစ်ပြီးတော့ 'အင်မော်တယ် ဝိညာဉ် ကျောက်တုံး' ရဲ့ ဝိညာဉ် စွမ်းအင်ကိုတောင် မထိန်းသိမ်းနိုင်ဘူး။ ဒီတော့ ခင်ဗျား ဘယ်လို 'အင်မော်တယ် လက်နက်' မျိုးကို သွင်းလုပ်နေတာလဲ" ဖုန်းဝူချန်က ခေါင်း ထပ်ခါလိုက်ပြီး သူ၏ မျက်နှာတွင် အလွန်အမင်း စိတ်ပျက်သော အမူအရာများ ထင်ဟပ်နေသည်။

'ကျန်းဝူဟွမ်' နှင့် 'ကျန်းထျန်းယွင်' တို့မှာ မှင်တက်သွားကြပြီး ဖုန်းဝူချန်အား ကြောက်ရွံ့မှုများဖြင့် ကြည့်နေကြသည်။

ဖုန်းဝူချန်က ပြည်မကြီး၏ နံပါတ်တစ် လက်နက်သန့်စင်သူအား ဤသို့ နှိမ့်ချ ပြောဆိုရဲလိမ့်မည်ဟု သူတို့ မယုံကြည်နိုင် ဖြစ်နေကြသည်။

'ချီယွမ်' ၏ မျက်နှာမှာ ဒေါသကြောင့် တဆတ်ဆတ် တုန်နေသော်လည်း ဒေါသ ပေါက်ကွဲထွက်ရန် မဝံ့ရဲခဲ့ပေ။ ပထမ တစ်ချက်မှာ သူ လက်နက်သန့်စင်ခြင်း အလယ်တွင် ရှိနေသောကြောင့် ဖြစ်ပြီး ဒုတိယ တစ်ချက်မှာ ဖုန်းဝူချန်က 'မီးအဆိပ်' ကို ထိန်းချုပ်နိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် 'ချီယွမ်' မှာ သူ၏ ဒေါသကို အတွင်း၌သာ မြိုသိပ်ထားရန်မှလွဲ၍ အခြား ရွေးချယ်စရာ မရှိခဲ့ပေ။

'အင်မော်တယ် လက်နက် စံအိမ်' မှ အကြီးအကဲများနှင့် တပည့်များမှာ မကျေမနပ် ဖြစ်နေကြသော်လည်း နှုတ်ဆိတ်နေခဲ့ကြသည်။

'ချီယွမ်' ကဲ့သို့ လက်နက်သန့်စင်သူ တစ်ဦးမှာ မည်မျှ အစွမ်းထက်သနည်း။ သူသည် 'အင်မော်တယ် လက်နက် စံအိမ်' မှ တပည့်များ အားလုံး အလေးစားဆုံး ပုဂ္ဂိုလ် ဖြစ်သည်။ တပည့် အားလုံး၏ နှလုံးသားထဲမှ နတ်ဘုရား တစ်ပါး ဖြစ်၏။

"နည်းစနစ်ကတော့ မဆိုးပါဘူး။ မီးတောက်ကို ထိန်းချုပ်ပုံကလည်း မဆိုးဘူး။ တခြား လက်နက် သန့်စင်သူတွေထက်တော့ သာတယ်။ ကံမကောင်းတာက ဒါတွေအားလုံးက အပေါ်ယံ သကာမျှပဲ" ဖုန်းဝူချန်က ထပ်မံ မှတ်ချက်ပေးလိုက်၏။ ချီးကျူးနေပုံ ပေါက်သော်လည်း အလွန် ဝန်လေးနေဟန် တူသည်။

'အဋ္ဌမ အဆင့်' လက်နက်သန့်စင်ခြင်း နည်းစနစ်များနှင့် ထိန်းချုပ်မှုက မဆိုးရုံ သက်သက်။ ထို့အပြင်၊ ဒါတွေအားလုံးက အပေါ်ယံ သကာမျှသာတဲ့။

"လုံးဝ စော်ကားနေတာပဲ" ဂုဏ်သရေရှိ အကြီးအကဲ တစ်ဦးက အသံတိုးတိုးဖြင့် ဆိုလိုက်ပြီး သူ၏ မျက်နှာမှာ ရှုံ့မဲ့နေသည်။

"ဒီကောင်လေး ရူးကြောင်ကြောင်တွေ လျှောက်ပြောနေတာ။ သူက စံအိမ်သခင်ကြီးကို အပြစ်ပြုနေတာပဲ" ဒေါသထွက်နေသော ကာကွယ်စောင့်ရှောက်သူ တစ်ဦးက သူ၏ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလေ၏။ သူသည် ဖုန်းဝူချန်၏ ဦးခေါင်းကို လက်သီးတစ်ချက်တည်းဖြင့် ထုခွဲပစ်လိုက်ချင်နေသည်။

"သူ့ကိုယ်သူ ဘယ်သူ ထင်နေလဲ။ စံအိမ်သခင်ကြီး ရှေ့မှာ ဒီလောက် မောက်မာရဲတယ်" ပါရမီရှင် တပည့်များမှာ ပို၍ပင် ဒေါသ ထွက်လာကြပြီး သူတို့၏ လူသတ်လိုသော အကြည့်များမှာ ဖုန်းဝူချန်ထံသို့ စုပြုံ

ကျရောက်နေလေသည်။

အကယ်၍သာ အကြည့်များက သတ်ဖြတ်နိုင်စွမ်း ရှိပါလျှင် ဖုန်းဝူချန် မည်မျှ သေဆုံးခဲ့ပြီးပြီကိုပင် မသိနိုင်တော့ပေ။

ထိုစဥ်.. ပထမ အကြီးအကဲက လေးနက်စွာ မှတ်ချက်ချသည်။

"စံအိမ်သခင်ကြီးက 'အင်မော်တယ် လက်နက်' တစ်ခုကို သွင်းလုပ်နေတာ။ 'အင်မော်တယ် ဝိညာဉ် ကျောက်တုံး' ရဲ့ ဝိညာဉ် စွမ်းအင် အများကြီး ဆုံးရှုံးသွားတာတော့ မှန်တယ်။ ဒါပေမဲ့ ဘယ် လက်နက်သန့်စင်သူမဆို ဒါကို မြင်နိုင်တာပဲ။ ပြီးတော့ ဒါက ရှောင်လွှဲလို့ မရတဲ့ ကိစ္စပဲလေ"

'အင်မော်တယ် ဝိညာဉ် ကျောက်တုံး' မှ ဝိညာဉ် စွမ်းအင် ဆုံးရှုံးမှုကို 'ချီယွမ်' ပင်လျှင် ရှောင်လွှဲနိုင်ခြင်း မရှိခဲ့ပါ။

ဖုန်းဝူချန်က ဆက်ပြောသည်။

"ခင်ဗျားရဲ့ 'အင်မော်တယ် ဝိညာဉ် ကျောက်တုံး' က ဝိညာဉ် စွမ်းအင် အများကြီး ဆုံးရှုံးသွားပြီ။ 'ဥက္ကာခဲ သံ' က အရည်ပျော် သံရည် ဖြစ်သွားတဲ့အခါ တခြား ကုန်ကြမ်းတွေနဲ့ ရောစပ်ဖို့ မလွယ်ကူတော့ဘူး။ အဲ့အစား ကုန်ကြမ်းတွေကို ဝါးမြိုသွားလိမ့်မယ်။ 'အဋ္ဌမ အဆင့်' လက်နက်သန့်စင်သူ တစ်ယောက် ဖြစ်ပြီးတော့ ခင်ဗျား ဒီလောက် ရိုးရှင်းတဲ့ အချက်ကို မသိဘူးလား။ ဒီလို အခြေခံ အမှားမျိုးက 'အဋ္ဌမ အဆင့်' လက်နက်သန့်စင်သူ တစ်ယောက်ဆီမှာ မဖြစ်သင့်ဘူး။ ခင်ဗျား ဘယ်လိုလုပ် 'အင်မော်တယ် လက်နက်' ကို သွင်းလုပ်နိုင်ဦးမှာလဲ။ 'ဥက္ကာခဲ သံ' အရည်ပျော်ခါနီးမှာ တခြား ကုန်ကြမ်းတွေကို ထည့်ရမှာဗျ"

"'အင်မော်တယ် ဝိညာဉ် ကျောက်တုံး' နဲ့ 'ဥက္ကာခဲ သံ' ကလွဲရင် 'နှစ်တစ်ထောင် နွေးထွေး ကျောက်စိမ်း' နဲ့ တခြား ကုန်ကြမ်းတွေရဲ့ ပမာဏ အချိုးအစားက အရမ်း များသွားရင် အကျိုးသက်ရောက်မှု မရှိဘူးလို့ မဆိုနိုင်ပေမဲ့ ကုန်ကြမ်းတွေ နည်းသွားရင်တော့ လက်နက်သန့်စင်ခြင်း ကျရှုံးသွားနိုင်တယ်။ 'အင်မော်တယ် လက်နက်' တစ်ခု သွင်းလုပ်တဲ့အခါ ကုန်ကြမ်း တစ်ခုစီရဲ့ ပမာဏက နည်းတာထက်စာရင် များတာက ပိုကောင်းတယ်"

"ပြီးတော့ ခင်ဗျား 'ဥက္ကာခဲ သံ' ကို အရည်ကျိုတုန်းက မီးကို တမင် တိုးလိုက်တယ်။ ခင်ဗျား လက်နက်သန့်စင်ခြင်း လုပ်ငန်းစဉ်ကို မြန်မြန် ပြီးချင်နေတာလား။ ဒါမှမဟုတ် ခင်ဗျား မီးကို ထိန်းချုပ်တာ အရမ်း တော်တယ်လို့ ထင်နေတာလား။ 'ဥက္ကာခဲ သံ' ကို အရည်ကျိုဖို့ မီးအပျော့စား လိုတယ် ဆိုတာ မသိဘူးလား။ ပြီးတော့ 'နွေးထွေးသော ကျောက်စိမ်း' သူ့ရဲ့ ဝိညာဉ် စွမ်းအင်ကလည်း အရမ်း အရေးကြီးတယ်။ အရမ်း စောပြီး ထည့်လိုက်ရင် ဝိညာဉ် စွမ်းအင်တွေ ဆုံးရှုံးသွားမှာ ပေါ့။ ဒါကို သန့်စင်ခြင်း မီးဖိုထဲမှာ နောက်ဆုံးမှ ထည့်ရမှာ…"

ဖုန်းဝူချန်သည် 'ချီယွမ်' ၏ အမှားများကို ဇွဲရှိရှိ ထောက်ပြနေသည်။ ဆရာကြီး တစ်ဦးက သာမန်လူ တစ်ဦးအား သင်ကြားပေးနေသကဲ့သို့ပင်။ 'ချီယွမ်' အား မျက်နှာသာ လုံးဝ မပေးခဲ့ပေ။

'ချီယွမ်' ၏ မျက်နှာမှာ အလွန် အရုပ်ဆိုးနေသည်။ ပထမ တစ်ချက်မှာ ဖုန်းဝူချန်က သူ၏ အမှားများကို လူတိုင်း၏ ရှေ့မှောက်တွင် ထောက်ပြနေသောကြောင့် ဖြစ်ပြီး ဒုတိယ တစ်ချက်မှာ ဖုန်းဝူချန် ပြောသမျှ အားလုံး မှန်ကန်နေသောကြောင့် ဖြစ်သည်။

သည်ဖြစ်ရပ်က 'ချီယွမ်' အား တုန်လှုပ်သွားစေသည်။

အကယ်၍သာ အခြားသူ တစ်ဦး 'ချီခုံ' ကဲ့သို့ ပါရမီရှင်များ ပင် ဖြစ်စေကာမူ 'ချီယွမ်' က 'ဥက္ကာခဲ သံ' ကို အရည်ကျိုရန် အရှိန်မြှင့်လိုက်သည်ကို သတိပြုမိမည် မဟုတ်ပေ။ 'အင်မော်တယ် လက်နက်' တစ်ခု သွင်းလုပ်ရန် လိုအပ်သော ကုန်ကြမ်းများ၏ တိကျသော အချိုးအစားကိုလည်း သိမည် မဟုတ်။ 'နှစ်တစ်‌ထောင် နွေးထွေး ကျောက်စိမ်း' ကို လုပ်ငန်းစဉ်၏ နောက်ဆုံးမှ ထည့်ရမည် ဆိုသည်ကိုကား ပြောဖွယ်ရာပင် မရှိတော့။

ဤအချက်များ တစ်ခုတည်းကပင် ဖုန်းဝူချန်၏ လက်နက်သန့်စင်ခြင်း နယ်ပယ်တွင် မည်မျှ အစွမ်းထက်သော အောင်မြင်မှုများ ရရှိထားသည်ကို ဖော်ပြနေသည်။

ဤအခိုက်အတန့်တွင် ဖုန်းဝူချန် စကားဆုံးသွားပြီးနောက် 'ကျန်းဝူဟွမ်' နှင့် 'အင်မော်တယ် လက်နက် စံအိမ်' မှ ကာကွယ်စောင့်ရှောက်သူများ၊ အကြီးအကဲများ အားလုံး မှင်တက်သွားကြပြီး ဖုန်းဝူချန်အား တုန်လှုပ်စွာ ကြည့်နေကြ၏။

'ကျန်းကျွင့်လန်' သည် ဖုန်းဝူချန်၏ စကားများ မှန်ကန်ခြင်း ရှိ၊ မရှိ မသိသော်လည်း ဖုန်းဝူချန် ယုံကြည်မှု အပြည့်ဖြင့် ပြောဆိုနေသည်ကို မြင်သောအခါ သူလည်း အကြီးအကျယ် တုန်လှုပ်သွားသည်။

လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့မှာ လုံးဝ ထုံထိုင်းသွားခဲ့ကြပြီး ဖြစ်သည်။

လက်နက်သန့်စင်ခြင်း အလယ်တွင် 'ချီယွမ်' ၏ လက်များ လျင်မြန်စွာ ပြောင်းလဲသွားပြီး 'အင်မော်တယ် ဝိညာဉ် ကျောက်တုံး' ၏ ဝိညာဉ် စွမ်းအင်ကို ထိန်းသိမ်းရန် ချက်ချင်း အာရုံစိုက်လိုက်သည်။ 'နွေးထွေး ကျောက်စိမ်း' ကို အရည်ကျိုခြင်း ရပ်တန့်လိုက်ပြီး အခြား ကုန်ကြမ်းများ၏ အနှစ်သာရကို နတ်ဘုရား လက်နက် ပုံသဏ္ဌာန် စတင် ယူဆောင်နေပြီ ဖြစ်သော 'ဥက္ကာခဲ သံ' နှင့် ရောစပ် ရောနှောလိုက်၏။

'ချီယွမ်' ၏ ရုတ်တရက် ပြောင်းလဲမှုကို 'ကျန်းဝူဟွမ်' နှင့် 'အင်မော်တယ် လက်နက် စံအိမ်' မှ ကာကွယ်စောင့်ရှောက်သူများ၊ အကြီးအကဲများသာ သတိပြုမိလိုက်ကြပြီး သူတို့၏ တုန်လှုပ်သော မျက်နှာအမူအရာများမှာ ပို၍ပင် ထင်ရှားလာလေ၏။

“အိုး။ လိုက်လျောညီထွေ ပြောင်းလွယ်သားပဲ။ 'အင်မော်တယ် ဝိညာဉ် ကျောက်တုံး' ကတော့ တော်တော် ဖြုန်းတီးခံလိုက်ရပြီ”

ဖုန်းဝူချန်က အနည်းငယ် အံ့ဩစွာ ဆိုလိုက်သည်။

'အဋ္ဌမ အဆင့်' လက်နက်သန့်စင်သူ တစ်ဦးသည် အလကား ချီးကျူးခံနေရခြင်း မဟုတ်ပေ။ 'ချီယွမ်' ၏ လက်နက်သန့်စင်ခြင်း ပညာရပ်များမှာ အမှန်တကယ်ပင် အတော်လေး ကြောက်မက်ဖွယ် ကောင်းလှသည်။

အခြား ကုန်ကြမ်းများနှင့် ရောစပ်ပြီး 'အင်မော်တယ် ဝိညာဉ် ကျောက်တုံး' ၏ ဝိညာဉ် စွမ်းအင်ကို ပေါင်းစပ်ပြီးမှသာ 'ချီယွမ်' သည် 'နွေးထွေးသော ကျောက်စိမ်း' ကို အရည်ကျိုရန် စတင်လိုက်၏။ ၎င်း၏ ဝိညာဉ် စွမ်းအင်ကို ထုတ်ယူရင်း အရည်ကျိုကာ သန္ဓေ နတ်ဘုရား လက်နက်ထဲသို့ ပေါင်းစပ် ထည့်သွင်းလိုက်သည်။

ကြောက်မက်ဖွယ် အရှိန်အဝါ တစ်ခုသည် သန့်စင်ခြင်း မီးဖို အတွင်းမှ စတင် ဖြစ်တည်လာသည်။

ဤ အလွန် အစွမ်းထက်သော အရှိန်အဝါကို ခံစားမိသောအခါ ရှိနေသူ အားလုံး တုန်လှုပ်သွားကြ၏။

'အင်မော်တယ် လက်နက် စံအိမ်' မှ တပည့်များ၏ မျက်နှာများတွင် တုန်လှုပ်မှုမှသည် ရိုင်းစိုင်းသော ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုသို့ ပြောင်းလဲသွားသည်။

ဤ အစွမ်းထက်သော အရှိန်အဝါ၏ စွမ်းအားကို ခံစားမိသောအခါ 'အင်မော်တယ် လက်နက် စံအိမ်' မှ လူတိုင်း 'ချီယွမ်' သည် 'အင်မော်တယ် လက်နက်' တစ်ခုကို နောက်တစ်ကြိမ် အောင်မြင်စွာ သွင်းလုပ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိလိုက်ကြ၏။

ဤ ကြောက်မက်ဖွယ် အရှိန်အဝါသည် 'ဝိညာဉ် လက်နက်' တစ်ခု၏ အရှိန်အဝါထက် သေချာပေါက် ပိုမို သန်မာလှသည်။ 'အင်မော်တယ် လက်နက်' ကို တစ်ခါမျှ မမြင်ဖူးသော ကျင့်ကြံသူများ ပင်လျှင် ဤအခိုက်အတန့်တွင် ခန့်မှန်းမိနိုင်သည်။ ဤ အနှစ်သာရမှာ အလွန် အစွမ်းထက်လွန်းလှပေသည်။

"'အင်မော်တယ် လက်နက်'။ စံအိမ်သခင်ကြီးက နောက်ထပ် 'အင်မော်တယ် လက်နက်' တစ်ခု သွင်းလုပ်လိုက်ပြန်ပြီ"

"စံအိမ်သခင်ကြီးက တကယ်ပဲ ပြည်မကြီးရဲ့ နံပါတ်တစ် လက်နက်သန့်စင်သူ ဖြစ်ဖို့ ထိုက်တန်ပါတယ်။ အရမ်း အစွမ်းထက်တာပဲ။ ပြီးတော့ ဒီ 'အင်မော်တယ် လက်နက်' ရဲ့ အရှိန်အဝါက စံအိမ်သခင်ကြီး အရင် သွင်းလုပ်ခဲ့တဲ့ လက်နက်တွေထက် ပို သန်မာတယ်။ 'အလယ်အလတ် အဆင့် အင်မော်တယ် လက်နက်' တစ်ခုတောင် ဖြစ်နိုင်တယ်"

"ဟားဟား။ စံအိမ်သခင်ကြီးက 'အင်မော်တယ် လက်နက်' တစ်ခု သွင်းလုပ်လိုက်ပြီ။ ဟိုကောင်လေး အခု ဘာပြောစရာ ရှိသေးလဲ ဟုတ်တယ်မလား။ သူ ခုနက တတွတ်တွတ် ပြောနေတာ စံအိမ်သခင်ကြီးရဲ့ လက်နက်သန့်စင်ခြင်းကို နှောင့်ယှက်နေတာ။ သူသာ 'အင်မော်တယ် လက်နက်' တစ်ခု မသွင်းလုပ်နိုင်ခဲ့ရင် သူ လူတွေနဲ့ မျက်နှာချင်းဆိုင်ဝံ့ဦးမလား ငါ ကြည့်ချင်သေးတယ်"

"ငါ ထင်တာတော့ သူ 'အင်မော်တယ် လက်နက်' တွေ ဘယ်လို သွင်းလုပ်ရလဲ လုံးဝ နားလည်တာ မဟုတ်ဘူး။ ပေါက်ကရတွေ လျှောက်ပြောနေတာ။ တကယ် အစွမ်းထက်တဲ့ လူတစ်ယောက်က သူလို မောက်မာပြီး ရိုသေမှု မရှိဘဲ နေပါ့မလား"

'အင်မော်တယ် လက်နက် စံအိမ်' မှ တပည့်များက စိတ်လှုပ်ရှားစွာ အော်ဟစ် အောင်ပွဲခံကြပြီး ဖုန်းဝူချန်အပေါ် တစ်ယောက်ပြီး တစ်ယောက် မထီမဲ့မြင် ပြုလာကြသည်။

သို့သော် 'အင်မော်တယ် လက်နက် စံအိမ်' မှ ကာကွယ်စောင့်ရှောက်သူများနှင့် အကြီးအကဲများမှာ ပျော်ရွှင်နိုင်ခြင်း မရှိကြပေ။ ထိုအစား သူတို့၏ မျက်နှာများမှာ တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေပြီး မလှုပ်မယှက် ရပ်နေကြသည်။

တပည့်များ အားလုံးက ထိုပုဂ္ဂိုလ်တို့သည် 'ချီယွမ်' သွင်းလုပ်လိုက်သော 'အင်မော်တယ် လက်နက်' ကြောင့် မှင်သက်နေကြသည်ဟု ထင်မှတ်လိုက်ကြ၏။

'ကျန်း' မိသားစု၏ လူငယ် အဖွဲ့ဝင်များမှာ လုံးဝ အံ့အားသင့်နေကြသည်။

"တကယ်ကြီး 'အင်မော်တယ် လက်နက်' တစ်ခု သွင်းလုပ်လိုက်နိုင်တယ်"

"ဒီလောက် ကြောက်စရာ ကောင်းတဲ့ အရှိန်အဝါ။ 'အင်မော်တယ် လက်နက်'။ တကယ်ပဲ 'အင်မော်တယ် လက်နက်' ပဲ" 'ကျန်းထျန်းယွင်' က မျက်မှောင်ကြုတ်လိုက်ပြီး ဆို၏။

"သူ ပထမ အကြိမ် ကြိုးစားတာနဲ့ သွင်းလုပ် အောင်မြင်သွားတယ်။ ဒါ 'အလယ်အလတ် အဆင့် အင်မော်တယ် လက်နက်' ပဲ"

'ကျန်းဝူဟွမ်' မှာ ဤအခိုက်အတန့်တွင် သူ၏ ဘေးမှ ဖုန်းဝူချန်အား ထိတ်လန့်သည့် မျက်လုံးများဖြင့် ကြည့်နေသည်။ 'ကျန်းဝူဖုန်း' မှာလည်း ထိုနည်းတူပင်။ သူတို့ နှစ်ဦးစလုံး တစ်စုံတစ်ခုကို သတိပြုမိလိုက်

ကြသည်မှာ ထင်ရှားလှ၏။

''ချီယွမ်' သွင်းလုပ်လိုက်တဲ့ 'အင်မော်တယ် လက်နက်' က ဖုန်းဝူချန်ရဲ့ လမ်းညွှန်ချက်တွေ အပေါ်မှာ လုံးဝ အခြေခံထားတာပဲ။ ဘုရား..ဘုရား ..'ဆေးဧကရာဇ်' ရဲ့ နောက်ခံက ဘာလဲ။ သူ့ရဲ့ လက်နက်သန့်စင်ခြင်း ပညာရပ်က ဘယ်အဆင့်ထိ ရောက်နေပြီလဲ' 'ကျန်းဝူဟွမ်' ၏ နှလုံးသားထဲတွင် အလွန်တရာ လန့်ဖျတ်နေလေသည်။

ကာကွယ်စောင့်ရှောက်သူ တစ်ဦးမှာ အလွန် တုန်လှုပ်သွား၏။

"'အင်မော်တယ် ဝိညာဉ် ကျောက်တုံး' ရဲ့ ဝိညာဉ် စွမ်းအင် အများစုက ပျံ့လွင့်သွားပြီ။ စံအိမ်သခင်ကြီးရဲ့ ကိုယ်ပိုင် သွင်းလုပ်နည်းကို သုံးရင် ဒါ သေချာပေါက် ကျရှုံးမှာ။ ဒါပေမဲ့ ဖုန်းဝူချန်ရဲ့ အကြံဉာဏ်အတိုင်း 'နွေးထွေး ကျောက်စိမ်း' ကို နောက်ဆုံးမှ ထားခဲ့လိုက်တာ၊ ဝိညာဉ် စွမ်းအင် ချို့တဲ့မှုကို ပြန်လည် ဖြည့်တင်းပေးနိုင်ခဲ့တယ်။ အဲ့ဒါကြောင့်ပဲ စံအိမ်သခင်ကြီး အောင်အောင်မြင်မြင် သွင်းလုပ်နိုင်ခဲ့တာ"

"စံအိမ်သခင်ကြီးက ဟို လူငယ်လေးရဲ့ လမ်းညွှန်ချက်တွေအတိုင်း လိုက်လုပ်ပြီး 'အင်မော်တယ် လက်နက်' ကို သွင်းလုပ်လိုက်တာပဲ…" အကြီးအကဲများလည်း ၎င်းကို မြင်တွေ့လိုက်ကြသည်။

ဟုတ်ပါသည်။ 'ချီယွမ်' သည် 'အင်မော်တယ် ဝိညာဉ် ကျောက်တုံး' ၏ ဝိညာဉ် စွမ်းအင် အများစု ဆုံးရှုံးသွားသည့် အချိန်တွင် ဖုန်းဝူချန် ပေးသော အကျဉ်းချုပ် လမ်းညွှန်ချက်များကို လိုက်နာရုံမျှဖြင့် ကျရှုံးမှုကို ရှောင်ရှားနိုင်ခဲ့၏။

ရိုးရှင်းသော နည်းလမ်း တစ်ခု ပေးလိုက်ရုံမျှဖြင့် သူ 'ချီယွမ်' အား ယခင်က တစ်ခါမျှ မသွင်းလုပ်နိုင်ခဲ့သော 'အလယ်အလတ် အဆင့် အင်မော်တယ် လက်နက်' တစ်ခုကို သွင်းလုပ်နိုင်စေခဲ့သည်။

ပေါ့ပေါ့ပါးပါး လမ်းညွှန်မှုဖြင့် 'ချီယွမ်' 'အလယ်အလတ် အဆင့် အင်မော်တယ် လက်နက်' တစ်ခု သွင်းလုပ်နိုင်ခဲ့သည်။

အကယ်၍သာ ဖုန်းဝူချန်၏ လမ်းညွှန်ချက်များနှင့် အပြည့်အဝ အညီ သွင်းလုပ်ခဲ့မည် ဆိုလျှင် 'အဆင့်မြင့် အင်မော်တယ် လက်နက်' တစ်ခုကို သွင်းလုပ်နိုင်မည် မဟုတ်ပါလား။

'ချီယွမ်' မှာ အလွန် တုန်လှုပ်သွားပြီး ထိုအကြောင်းကို စဉ်းစား၍ပင် မဝံ့ရဲတော့ပေ။

'အင်မော်တယ် ဝိညာဉ် ကျောက်တုံး' မှ ဝိညာဉ် စွမ်းအင် ဆုံးရှုံးမှုကို ဘယ်လို ရှောင်လွှဲနိုင်မည်နည်း။

'ချီယွမ်' မသိခဲ့သလို ရှိနေသူ မည်သူမျှလည်း မသိခဲ့ကြပေ။

ဖုန်းဝူချန် တစ်ဦးတည်းသာ သိနိုင်ပေမည်။

'သူ တကယ်ပဲ ဘယ်သူလဲ။ ပြည်မကြီးမှာ ငါ့ထက် ပို ကြောက်ဖို့ကောင်းတဲ့ လက်နက်သန့်စင်သူ ရှိနေသေးတာလား။ သူ့ဆရာက ဘယ်သူ ဖြစ်နိုင်မလဲ။ လျှို့ဝှက်ဆန်းကြယ်တဲ့ မျိုးနွယ်စုတွေထဲက တစ်ယောက်များလား' 'ချီယွမ်' ရင်တွင်း. ဖုန်းဝူချန် အကြောင်း သိလိုစိတ်များဖြင့် ပြည့်နှက်နေတော့သည်။

'ချီယွမ်' မှာ ဖုန်းဝူချန် ဤမျှ ငယ်ရွယ်သော အသက်ဖြင့် ဤမျှ ကြောက်မက်ဖွယ် ကောင်းသော လက်နက်သွင်းလုပ်ခြင်း အောင်မြင်မှုများကို သူ၏ ကိုယ်ပိုင် စွမ်းအားဖြင့် ရရှိခဲ့သည်ကို မယုံကြည်နိုင်ပေ။ သူ၏ နောက်ကွယ်တွင် ကြောက်မက်ဖွယ် ဆရာတစ်ဦး ရှိရပေမည်။

'ချီယွမ်’သည် တုန်လှုပ်မှုနှင့် သိလိုစိတ်တို့ လွှမ်းမိုးလျက် လက်

ဝှေ့ယမ်းလိုက်သည်။ သန့်စင်ခြင်း မီးဖို ပွင့်လာသည်နှင့် ကြောက်မက်ဖွယ် အရှိန်အဝါ တစ်ခုက အရပ်မျက်နှာ အားလုံးဆီသို့ မုန်တိုင်းကဲ့သို့ လှိုင်းထလာပြီး တောက်ပသော အလင်းတန်း တစ်ခု ကောင်းကင်ယံသို့ တန်းတန်းမတ်မတ် ပစ်လွှတ်လိုက်သည်။ ကောင်းကင်တစ်ခုလုံး တုန်ခါသွားပြီး ပြင်းထန်သော အလင်းရောင်ကြောင့် လူတိုင်း မျက်စိများ မှိတ်ထားလိုက်ကြရ၏။

'အင်မော်တယ် လက်နက်' တစ်ခု ပေါ်ထွက်လာခြင်းမှာ ကြီးကျယ်ခမ်းနားသော မြင်ကွင်းကြီး ဖြစ်ပြီး ကမ္ဘာမြေကိုပင် တုန်လှုပ်စေနိုင်သည်ဟု ခေါ်ဆိုနိုင်သည်။

ခဏ အကြာတွင် မျက်စိကျိန်းဖွယ် အလင်းရောင်များ တဖြည်းဖြည်း မှိန်ဖျော့သွားသောအခါ တောက်ပသော ရွှေရောင် အလင်းများ ထုတ်လွှတ်နေသည့် ဧရာမ ပုဆိန်ကြီး တစ်လက် သန့်စင်ခြင်း မီးဖို အထက်တွင် ပျံဝဲနေလေ၏။ ၎င်း၏ ကြောက်မက်ဖွယ် အရှိန်အဝါက လူများကို ထိတ်လန့်သွားစေသည်။

'အလယ်အလတ် အဆင့် အင်မော်တယ် လက်နက်'

ထို ဧရာမ ပုဆိန်ကြီးကို မြင်သောအခါ ပရိသတ်ထဲမှ လူတိုင်း စိတ်လှုပ်ရှားမှုများဖြင့် လွှမ်းခြုံသွားပြီး 'အင်မော်တယ် လက်နက် စံအိမ်' မှ တပည့်များမှာ သူတို့၏ အောင်ပွဲကို ကြေညာနေသကဲ့သို့ ရူးသွပ်မတတ် အော်ဟစ် အောင်ပွဲခံကြသည်။

"ကောင်စုတ်လေး၊ မင်း မျက်စိနဲ့ သေချာ ကြည့်စမ်း။ ငါတို့ စံအိမ်သခင်ကြီးက အခု 'အလယ်အလတ် အဆင့် အင်မော်တယ် လက်နက်' တွေ သွင်းလုပ်နိုင်ပြီ။ မင်း ခုနက ပေါက်ကရတွေ လျှောက်ပြောနေတာ ငါတို့ စံအိမ်သခင်ကြီးကို စော်ကားနေတာပဲ"

"ဟေ့လူ၊ မင်း ..စံအိမ်သခင်ကြီးကို စော်ကားခဲ့တယ်။ မင်းက အဆိပ် မီးတောက်တွေကို ထိန်းချုပ်နိုင်ရင်တောင် ဒီနေ့ ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားနိုင်ဖို့ မမျှော်လင့်နဲ့"

"ဟား..တကယ့် ပါရမီ အစစ်အမှန် မရှိတဲ့ လူတွေက ပေါက်ပန်းလေးဆယ်တွေ လျှောက်ပြောပြီး ကိုယ့်ကိုယ်ကို လူကြီးလူကောင်း တစ်ယောက်လို့ ထင်နေကြတာပဲ.. "

'အင်မော်တယ် လက်နက် စံအိမ်' မှ တပည့်များ၏ မျက်လုံးထဲတွင် ဖုန်းဝူချန်က 'ချီယွမ်' ၏ အမှားများကို ထောက်ပြခြင်းမှာ သူက သူ့ကိုယ်သူ စွမ်းအားရှင်ကြီး တစ်ဦး၊ အရေးပါသူ တစ်ဦးဟု သတ်မှတ်ပြီး 'ချီယွမ်' ကို လုံးဝ ပမာမခန့် ပြုမူနေသည်ဟု ထင်မြင်နေကြသည်။ ယခု 'ချီယွမ်' က 'အင်မော်တယ် လက်နက်' တစ်ခုကို အောင်မြင်စွာ သွင်းလုပ်နိုင်ခဲ့ပြီ ဖြစ်ရာ ၎င်းမှာ ဖုန်းဝူချန်၏ မျက်နှာကို ပြင်းထန်စွာ ရိုက်လိုက်ခြင်း ဖြစ်သည်မှာ မလွဲဧကန်ပင်။

"ပါးစပ် ပိတ်ထားကြစမ်း"

တုန်လှုပ်ခြောက်ခြားနေသော 'ချီယွမ်' က 'အင်မော်တယ် လက်နက် စံအိမ်' မှ တပည့်များအား ရုတ်တရက် ဟိန်းဟောက်လိုက်သည်။ သူ၏ ကြောက်မက်ဖွယ် အရှိန်အဝါက တပည့်များကို အကြီးအကျယ် ကြောင်အသွားစေပြီး ဝိညာဉ်လွင့်မတတ် ဖြစ်သွားစေသည်။

'အင်မော်တယ် လက်နက် စံအိမ်' မှ တပည့်များမှာ လုံးဝ ကြက်သေသေသွားကြပြီး ဘာတွေ ဖြစ်နေမှန်း မသိကြတော့ပေ။

"စံအိမ် စံအိမ်သခင်ကြီး.. ဘာ ဘာဖြစ်လို့လဲ။ ဘာလို့ ဒီလောက် ဒေါသထွက်နေတာလဲ"

"'အလယ်အလတ် အဆင့် အင်မော်တယ် လက်နက်' သွင်းလုပ်တာ.. ပြဿနာ တစ်ခုခု ရှိသွားလို့လား"

"အဖေ ဘာဖြစ်နေတာလဲ။ ဒါ 'အလယ်အလတ် အဆင့် အင်မော်တယ် လက်နက်' ပဲဟာ"

'အင်မော်တယ် လက်နက် စံအိမ်' မှ တပည့်များနှင့် 'ချီခုံ' တို့မှာ လုံးဝ နားမလည်နိုင် ဖြစ်နေကြပြီး အပြစ်ကင်းစင်သော မျက်နှာများဖြင့် ရှိနေကြ၏။

သူတို့ တင်မက 'ကျန်း' မိသားစုဝင်များပင်လျှင် 'ချီယွမ်' အဘယ်ကြောင့် ဤမျှ ဒေါသထွက်နေသည်ကို နားမလည်ကြပေ။

နေရာတစ်ခုလုံး တိတ်ဆိတ်သွားပြီး လူတိုင်း၏ ကြောက်ရွံ့နေသော အကြည့်များမှာ 'ချီယွမ်' ထံတွင် စုပြုံနေသည်။

"ဆရာ ..ဘာဖြစ်တာလဲ" 'ကျန်းကျွင့်လန်' က အသံတိုးတိုးဖြင့် မေးလိုက်သည်။ သူ၏ မျက်နှာအမူအရာမှာ စိုးရိမ်ပူပန်မှုနှင့် တင်းမာမှုတို့ဖြင့် ပြည့်နှက်နေရ၏။

'ချီယွမ်' ၏ ဒေါသဖြင့် မည်သို့သော ကြောက်မက်ဖွယ် မြင်ကွင်းမျိုး ဖြစ်ပေါ်လာနိုင်သည်ကို မည်သူမျှ မသိကြပေ။

ဖုန်းဝူချန်က ခပ်ရေးရေး ပြုံးလိုက်ပြီး အဖြေ မပေးခဲ့ပေ။

ခဏ အကြာတွင် 'ချီယွမ်' ဖြည်းညှင်းစွာ အရှေ့သို့ တက်လာသည်။ သူ သွင်းလုပ်ခဲ့သော အစွမ်းထက် 'အင်မော်တယ် လက်နက်' ကို တစ်ချက်မျှပင် လှည့်မကြည့်ပေ။

သူ၏ အကြည့်မှာ ဖုန်းဝူချန်ထံတွင် စူးစိုက်နေသည်။ သူ လက်နှစ်ဖက် ဆုပ်ကာဖြင့် အရိုအသေ ပြုလိုက်ပြီး တောင်းဆိုလိုက်သည်။

"ကျေးဇူးပြုပြီး စွမ်းအားရှင်ကြီး ကျွန်တော့်ကို ဉာဏ်အလင်း ဖွင့်ပေးဖို့ တုံ့ဆိုင်းမနေပါနဲ့"

All Chapters