တစ်ခဏအတွင်း အောင်မြင်ခြင်း
Vol. 24 Ch. 355
~'ချီယွမ်' ၏ လုပ်ရပ်များကြောင့် ရှိနေသူ အားလုံး ချက်ချင်း မှင်တက်သွားကြသည်။
'ချီယွမ်' သည် သူ၏ ယခင် လက်နက်သန့်စင်ခြင်း အဆင့်ကို ကျော်လွန်၍ 'အလယ်အလတ် အဆင့် အင်မော်တယ် လက်နက်' တစ်ခုကို သွင်းလုပ်နိုင်ခဲ့သည်။ သို့ပါလျက် ယခု သူက ဖုန်းဝူချန်အား သင်ကြားမှု ပေးရန် ဦးညွှတ် တောင်းပန်လိုက်သည်။
'ချီယွမ်' ၏ ဦးနှောက်ကို တံခါးညှပ်သွားခြင်းများလား။
ဖုန်းဝူချန်၏ မောက်မာပြီး "ဂရုမစိုက်" သော မှတ်ချက်များက 'အင်မော်တယ် လက်နက် စံအိမ်' မှ အဖွဲ့ဝင်များကို ဒေါသထွက်စေခဲ့သည်။ သို့သော် အဆုံးသတ်တွင် 'ချီယွမ်' 'အင်မော်တယ် လက်နက်' ကို အောင်မြင်စွာ သွင်းလုပ်ပြီးသည့်အခါ သူက ဖုန်းဝူချန်၏ ယခင် စော်ကားမှုများကို လုံးဝ လျစ်လျူရှုလိုက်ပြီး (၃၆၀)ဒီဂရီ ပြောင်းလဲသွားသော သဘောထားဖြင့် တုံ့ပြန်ခဲ့သည်။
ထိုသို့ သဘောထား ပြောင်းလဲသွားရုံမျှ မက 'ချီယွမ်' က ဖုန်းဝူချန်အား "ဆရာ" တစ်ဦးသဖွယ်ပင် သုံးနှုန်းလိုက်သေးသည်။
ကမ္ဘာပေါ်မှာ ဘာတွေ ဖြစ်ပျက်နေပါသနည်း။
'အင်မော်တယ် လက်နက် စံအိမ်' မှ တပည့်များမှာ သစ်သားရုပ်များကဲ့သို့ အေးခဲ တောင့်တင်းသွားကြသလို 'ကျန်း' မိသားစုမှ အဖွဲ့ဝင်များမှာလည်း ထိုနည်းတူပင်။
'ချီယွမ်' သည် ပြည်မကြီး၏ နံပါတ်တစ် လက်နက်သန့်စင်သူ ဖြစ်ပြီး လက်နက်သန့်စင်ခြင်း နယ်ပယ်တွင် သူ၏ ပညာရပ်မှာ အလွန် နက်ရှိုင်းသဖြင့် မည်သူမျှ မယှဉ်နိုင်ခဲ့ပေ။
သို့သော် 'ချီယွမ်' က ဖုန်းဝူချန်အား ဦးညွှတ်လိုက်ခြင်းက လူတိုင်းကို အမှန်တကယ် တုန်လှုပ်သွားစေပြီး မယုံကြည်နိုင် ဖြစ်သွားစေသည်။
"ဆရာ ..ဒီမှာ ဘာတွေ ဖြစ်ကုန်တာလဲဗျ" 'ကျန်းကျွင့်လန်' က ကြောင်ငေးသော အမူအရာဖြင့် မေးလိုက်သည်။ သူ၏ မျက်နှာမှာလည်း အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေ၏။
"တကယ့် ဆရာတစ်ဆူပါပဲ" 'ကျန်းကျွင့်လန်' ၏ စကား မဆုံးမီမှာပင် 'ကျန်းဝူဟွမ်' ၏ တုန်လှုပ်နေသော အသံကို ကြားလိုက်ရတော့သည်။
ဖုန်းဝူချန်၏ လက်နက်သန့်စင်ခြင်း ပညာရပ်များ၏ ကြောက်မက်ဖွယ် ကောင်းမှုက 'ကျန်းဝူဟွမ်' အား ဒူးထောက် ကိုးကွယ်ချင်စိတ်ပင် ပေါက်သွားစေသည်။
"အဘိုး"
'ကျန်းကျွင့်လန်' က 'ကျန်းဝူဟွမ်' အား နားမလည်သော မျက်နှာဖြင့် ပြန်ကြည့်လိုက်ပြီး ထို့နောက် ဖုန်းဝူချန်ထံသို့ လှည့်ကြည့်လိုက်သည်။
"ကျေးဇူးပြုပြီး ဆရာ ..ကျွန်တော်တို့ကို ဉာဏ်အလင်း ဖွင့်ပေးဖို့ တုံ့ဆိုင်းမနေပါနဲ့" 'အင်မော်တယ် လက်နက် စံအိမ်' မှ ကာကွယ်စောင့်ရှောက်သူများနှင့် အကြီးအကဲများ အားလုံး တညီတညွတ်တည်း ဦးညွှတ်လိုက်ကြသည်။ ယခင် ဒေါသများမှာ လုံးဝ ပျောက်ကွယ်သွားပြီး လေးစားမှုများဖြင့် အစားထိုးသွား
လေ၏။
'အင်မော်တယ် လက်နက် စံအိမ်' မှ ကာကွယ်စောင့်ရှောက်သူများနှင့် အကြီးအကဲများ အားလုံး ဤမျှ ရိုသေလေးစားနေကြ၏။
"ဒါ ..ဒါ" 'ချီခုံ' မှာ စကားလုံးများ ရှာမတွေ့နိုင်တော့ပေ။
'စံအိမ်သခင်ကြီးနဲ့ ကာကွယ်စောင့်ရှောက်သူတွေ တကယ် ဘာဖြစ်သွားတာလဲ။ သူတို့ တစ်ယောက်ယောက်ရဲ့ ထိန်းချုပ်မှုအောက် ရောက်သွားတာလား'
'အင်မော်တယ် လက်နက် စံအိမ်' မှ တပည့်များမှာ ပို၍ပင် တုန်လှုပ်သွားကြသည်။ ကောင်းကင်ကြီး ပြိုကျတော့မည်ဟုပင် ခံစားနေရသည်။
"ကြည့်ရတာ ပြည်မကြီးရဲ့ လက်နက်သန့်စင်ခြင်း ပညာရပ်က တော်တော်လေး ဆုတ်ယုတ်သွားပုံပဲ" ဖုန်းဝူချန်က ခေါင်းခါလိုက်သည်။
လက်နက်သန့်စင်ခြင်း ပညာရပ်သည် တင်းကျပ်မှု အပြည့် လိုအပ်ပြီး အမွေအနှစ်များမှာလည်း ရှားပါးလှသည်။ ဘုံ အဆင့်များကို ချိုးဖြတ် တက်ရောက်ရန်မှာ ကောင်းကင်ဘုံသို့ တက်လှမ်းရသည်နှင့် အတူတူပင် ခက်ခဲလှပြီး မှော်ရတနာများ သွင်းလုပ်ရန်မှာ ပို၍ပင် ခက်ခဲလေသည်။ အချိန်ကြာလာသည်နှင့်အမျှ လက်နက်သန့်စင်ခြင်း ပညာရပ်မှာ ဆုတ်ယုတ်လာခဲ့သည်။
မျိုးတုံးလုနီးပါး ဆုတ်ယုတ် ပျောက်ကွယ်သွားသော ပန်းပဲဆရာကြီးများနှင့် အင်းကွက် ဆရာကြီးများ ကဲ့သို့ပင် ဖြစ်သည်။
နှိုင်းယှဉ် ကြည့်မည်ဆိုလျှင် ဆေးပညာရှင် တစ်ဦး ဖြစ်ရခြင်းက များစွာ ပို၍ ကောင်းမွန်သေးသည်။
ဆေးပညာရှင်များသည် တစ်ဦး ဖြစ်လာရန် အလွန် မြင့်မားသော အခြေအနေများ လိုအပ်သော်လည်း မျိုးဆက် အမွေအနှစ်များစွာ ရှိပြီး လက်နက်သန့်စင်သူများလောက် ပြင်းထန်ခြင်း မရှိပေ။ ထို့ကြောင့် ဆေးပညာရှင် အတတ်ပညာမှာ အခြား အတတ်ပညာများနှင့် နှိုင်းယှဉ်လျှင် ပို၍ ကောင်းမွန်သော အခြေအနေတွင် ရှိနေသည်။
ရှားပါးလေ တန်ဖိုးရှိလေပင်။ ဆေးပညာရှင် အမွေအနှစ်များစွာ ရှိသော်လည်း ၎င်းတို့မှာ လက်နက်သန့်စင်သူများနှင့် ပန်းပဲဆရာကြီးများလောက် လူကြိုက် မများခဲ့ပေ။
"လက်နက်သန့်စင်ဖို့ ကုန်ကြမ်းတွေ ပြင်ဆင််လိုက်ပါ" ဖုန်းဝူချန်က သူ၏ အစွမ်းအစကို ပြသရန် အသင့် ဖြစ်နေဟန်ဖြင့် အေးစက်စွာ ဆိုလိုက်သည်။
ထိုအခါမှာတော့..'ချီယွမ်' ၏ နှလုံးသားမှာ ပျော်ရွှင်မှုဖြင့် ခုန်ပေါက်သွားသည်။ ဆရာ တစ်ဆူ လှုပ်ရှားလိုက်သည်နှင့် ထူးကဲမှုများ ဖြစ်ပေါ်လာမည်မှာ မလွဲဧကန်ပင်။
'ချီယွမ်' က သူ၏ လက်ကို အသာ ဝှေ့ယမ်းလိုက်ရာ 'အင်မော်တယ် ဝိညာဉ် ကျောက်တုံး' 'ဥက္ကာခဲ သံ' 'နှစ်တစ်ထောင် နွေးထွေးသော ကျောက်စိမ်း' နှင့် အခြားသော ရှားပါး လက်နက်သန့်စင်ခြင်း ကုန်ကြမ်းပေါင်းများစွာ သိုလှောင် လက်စွပ်ထဲမှ ပျံထွက်လာသည်။
"ဆေးပညာနဲ့ လက်နက်သန့်စင်ခြင်းက သိပ်မကွာခြားပါဘူး။ နှစ်ခုလုံးက ဆေးပင်တွေ၊ ကုန်ကြမ်းတွေနဲ့ ရင်းနှီးကျွမ်းဝင်ဖို့ လိုတယ်။ နှစ်ခုလုံးက 'ဝိညာဉ် စွမ်းအား' လိုအပ်တယ်။ ပြီးတော့ နှစ်ခုလုံးက မရေမတွက်နိုင်တဲ့ သန့်စင်မှုတွေ လိုအပ်တယ်"
ဖုန်းဝူချန်က ပြောရင်း လက်ဟန်ပြလိုက်ရာ ကုန်ကြမ်းများ သူ့ထံသို့ မျောလွင့်လာပြီး သူ၏ လက်ဖဝါး အထက်တွင် ပျံဝဲနေသည်။
"ဝူး.."
စိတ်အာရုံ တစ်ချက်ဖြင့် စိမ်းပြာရောင် မီးတောက်တစ်ခု ထတောက်လာပြီး သူ၏ လက်ဖဝါးပေါ်တွင် နတ်သမီးလေး တစ်ပါးကဲ့သို့ ကခုန်နေသည်။
ထို စိမ်းပြာရောင် မီးတောက်မှ အလွန် ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါတစ်ခု ထုတ်လွှတ်လိုက်ရာ 'အင်မော်တယ် လက်နက် စံအိမ်' နေရာ၏ အပူချိန်မှာ လျင်မြန်စွာ မြင့်တက်လာသည်။
ဤအခိုက်အတန့်တွင် ရှိနေသူ အားလုံး၏ မျက်လုံးများ ချက်ချင်းပင် ဖုန်းဝူချန်ထံသို့ စုပြုံ ကျရောက်သွားသည်။
ဤ ပေါက်တတ်ကရ ပြောနေသော လူငယ်သည် 'အင်မော်တယ် လက်နက်' တစ်ခုကို အမှန်တကယ် သွင်းလုပ်နိုင်ပါ့မလား။ သူက 'ချီယွမ်' ထက် တကယ် သန်မာနိုင်ပါ့မလား။
"'နှစ်တစ်ထောင် ရေခဲ' တစ်တုံး ထပ်ယူခဲ့" ဖုန်းဝူချန်က ပေါ့ပေါ့ပါးပါး အမိန့်ပေးလိုက်သည်။
'ချီယွမ်' က ခေါင်းညိတ်လိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ 'နှစ်တစ်ထောင် ရေခဲ' တစ်တုံး ဖုန်းဝူချန်ထံသို့ ပျံသန်းသွား၏။
'အင်မော်တယ် လက်နက် စံအိမ်' သည် ပြည်မကြီး၏ အသန်မာဆုံး လက်နက်သန့်စင်ခြင်း ဂိုဏ်း ဖြစ်သည်နှင့်အညီ မရေမတွက်နိုင်သော ရှားပါး ကုန်ကြမ်းများကို ပိုင်ဆိုင်ထားသည်။
'ရှေးဟောင်း သန့်စင်ခြင်း ပညာရပ်' လည်ပတ်သွားပြီး 'ဝိညာဉ် စွမ်းအား' ကို အသက်သွင်းလိုက်သည်။ လက်ဖဝါးထဲမှ စိမ်းပြာရောင် မီးတောက်သည် ချက်ချင်းပင် အဆများစွာ ချဲ့ကားသွားပြီး ဝဲဂယက် ပုံသဏ္ဌာန် ဖြည်းညှင်းစွာ လည်ပတ်နေသည်။
"သန့်စင်ဖို့ လက်နက်သန့်စင်ခြင်း မီးဖို မလိုအပ်ဘူးလား" 'ကျန်းဝူဟွမ်' က ဖုန်းဝူချန်အား ကြည့်ရင်း အံ့အားသင့်စွာ မေးလိုက်သည်။
"အဘိုး.. ဆရာက လက်နက်တွေ သန့်စင်တဲ့အခါ ဘယ်တော့မှ သန့်စင်ခြင်း မီးဖို မသုံးဘူးဗျ။ ဆေးလုံးတွေ ဖော်စပ်တဲ့အခါလည်း ဆေးမီးဖို မလိုအပ်ဘူး" 'ကျန်းကျွင့်လန်' က ဖုန်းဝူချန်၏ 'အင်မော်တယ် လက်နက်' ဖန်တီးမှုကို မျှော်လင့်တကြီးဖြင့် စိတ်လှုပ်ရှားစွာ ထုတ်ပြောလိုက်သည်။
ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် ကောင်းမှု အတိုင်းအတာသည် 'ကျန်းကျွင့်လန်' ၏ စိတ်ကူးထက်ပင် ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။
'ချီယွမ်' သည် ကာကွယ်စောင့်ရှောက်သူများ၊ အကြီးအကဲများနှင့် ပြိုင်တူ.. အကြည့်ချင်း ဖလှယ်လိုက်ရာ တစ်ယောက် မျက်လုံးထဲတွင် တစ်ယောက်၏ တုန်လှုပ်မှုနှင့် မယုံကြည်နိုင်မှုများကို တွေ့မြင်လိုက်ရသည်။
ဖုန်းဝူချန်သည် သန့်စင်ခြင်း မီးဖို မလိုအပ်ဘဲ လက်နက်များကို အမှန်တကယ် သန့်စင်နေလေ၏။
ရှိနေသူ အားလုံးမှာ ဖုန်းဝူချန်အား ထူးဆန်းသော အမူအရာဖြင့် ကြည့်နေကြသည်။
'ဒါကို ဘယ်လိုလုပ် လက်နက်သန့်စင်ခြင်းလို့ ခေါ်နိုင်မှာလဲ။ သူက ရှားပါး ကုန်ကြမ်းတွေကို ဖြုန်းတီးနေတာပဲ။ သန့်စင်ခြင်း မီးဖို မရှိဘဲနဲ့ သူ ဘယ်လိုလုပ် တစ်ခုခုကို သန့်စင်နိုင်မှာလဲ'
ဖုန်းဝူချန်၏ ညာဘက် လက်ဖဝါး ရုတ်တရက် လက်သည်းကုတ်သဏ္ဌာန် ကွေးလိုက်ပြီး "ဝူး" ခနဲ အသံနှင့်အတူ စိမ်းပြာရောင် မီးတောက်က
ပြင်းထန်လာသည်။
'အင်မော်တယ် ဝိညာဉ် ကျောက်တုံး' 'ဥက္ကာခဲ သံ'၊'နွေးထွေး ကျောက်စိမ်း'နှင့် 'နှစ်တစ်ထောင် ရေခဲ' ကဲ့သို့သော ကုန်ကြမ်းများမှာ တစ်ခုနှင့် တစ်ခု ထိခိုက်မှု မရှိဘဲ ဆန်းကြယ်သော လမ်းကြောင်းအတိုင်း လည်ပတ်နေကြ၏။
"'အင်မော်တယ် ဝိညာဉ် ကျောက်တုံး' ရဲ့ ဝိညာဉ် စွမ်းအင်က လုံးဝ တံဆိပ်ခတ်ထားခံရတယ်။ တစ်စက်ကလေးတောင် မလွတ်ထွက်ဘူး။ 'နဝမ အဆင့်' သန့်စင်ခြင်း ဆရာကြီး တစ်ယောက်တောင် ဒီလို လုံးဝ မလုပ်နိုင်ဘူး" 'ချီယွမ်' က တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။
'နဝမ အဆင့်' သန့်စင်ခြင်း ဆရာကြီးများ မလုပ်နိုင်သော အရာကို ဖုန်းဝူချန် လုပ်နိုင်ခဲ့သည်။
"အိုး..ဘယ်လောက် အစွမ်းထက်တဲ့ သန့်စင်ခြင်း ပညာရပ်လဲ။ သူ့လက်ဖဝါးနဲ့ သန့်စင်နိုင်တယ်။ 'အင်မော်တယ် ဝိညာဉ် ကျောက်တုံး' ရဲ့ ဝိညာဉ် စွမ်းအင်ကို ထိန်းချုပ်နိုင်နေတယ်" ကာကွယ်စောင့်ရှောက်သူများက တစ်ယောက်ပြီးတစ်ယောက် အော်ဟစ်လိုက်ကြပြီး တုန်လှုပ်မှုများက သူတို့၏ မျက်နှာများပေါ်တွင် စွဲထင်နေတော့သည်။
"ဒီကမ္ဘာပေါ်မှာ ဒီလို ဆရာ တစ်ဆူ ရှိနေသေးတယ် ဆိုတာ ယုံဖို့ ခက်လိုက်တာ။ 'နဝမ အဆင့်' သန့်စင်ခြင်း ဆရာကြီးထက်တောင် သန်မာသေးတယ်" အကြီးအကဲ သုံးဦးမှာ သစ်သားရုပ်များကဲ့သို့ အေးခဲ တောင့်တင်းသွားကြပြီး ဖုန်းဝူချန် လက်နက်သန့်စင်နေသည်ကို တုန်ရီစွာ ကြည့်နေကြသည်။
"'ဆေးဧကရာဇ်' က 'အင်မော်တယ် ဝိညာဉ် ကျောက်တုံး' ရဲ့ ဝိညာဉ် စွမ်းအင်ကို တကယ် ထိန်းသိမ်းထားနိုင်တယ်" 'ကျန်းဝူဟွမ်' နှင့် 'ကျန်းဝူဖုန်း' နှစ်ဦးစလုံးမှာ 'သတ္တမ အဆင့်' သန့်စင်ခြင်း ဆရာကြီးများ ဖြစ်ကြရာ တညီတညွတ်တည်း အော်ဟစ်လိုက်ကြသည်။
'ချီယွမ်' နှင့် အကြီးအကဲများ၏ အော်ဟစ်သံများကို ကြားရသောအခါ 'အင်မော်တယ် လက်နက် စံအိမ်' မှ တပည့်များနှင့် 'ကျန်း' မိသားစုမှ အဖွဲ့ဝင်များ နောက်ဆုံးတွင် သဘောပေါက်သွားကြတော့သည်။ သူတို့ များစွာ နားမလည်ကြသော်လည်း အနည်းဆုံးတော့ ဖုန်းဝူချန်၏ လက်နက်သန့်စင်ခြင်း နယ်ပယ်သည် 'နဝမ အဆင့်' သန့်စင်ခြင်း ဆရာကြီးများ၏ တည်ရှိမှုကိုပင် ကျော်လွန်နေပြီ ဖြစ်ကြောင်း ယခု သိရှိသွားကြသည်။
"'ကျန်းကျွင့်လန်' ရဲ့ ဆရာက 'နဝမ အဆင့်' သန့်စင်ခြင်း ဆရာကြီးထက်တောင် ပို အစွမ်းထက်တယ်" 'ချီခုံ' မှာ လုံးဝ ဆွံ့အသွားပြီး နောက်သို့ လန်ကျသွားသည်။
"သူ သူ အသက် နှစ်ဆယ်တောင် မပြည့်သေးဘူး ဟုတ်တယ်မလား။ သူ့ရဲ့ လက်နက်သန့်စင်ခြင်း ပညာရပ်က ဒီလောက် ကြောက်စရာကောင်းတဲ့ အဆင့်ကို ဘယ်လိုလုပ် ရောက်နိုင်မှာလဲ"
"'နဝမ အဆင့်' လက်နက်သန့်စင်သူထက် ပို အစွမ်းထက်တယ်"
'အင်မော်တယ် လက်နက် စံအိမ်' မှ တပည့်များ အားလုံး ကြောက်လန့်တကြား တောင့်တင်းနေကြပြီး သူတို့၏ မျက်နှာများမှာ ဖြူဖျော့လျက် မျက်လုံးများထဲတွင် အလွန် ကြောက်ရွံ့မှုများ ရှိနေသည်။
'ကျန်းကျွင့်လန်' အကြောင်းကတော့ ပြောရန်ပင် မလိုအပ်ပါတော့ပေ။ သူ၏ ဆရာသည် ဤမျှ အတိုင်းအတာအထိ ကြောက်မက်ဖွယ် ကောင်းလိမ့်မည်ဟု သူ တစ်ခါမျှ စိတ်ကူး မယဉ်ဖူးခဲ့ပေ။ 'ချီယွမ်' ကို အလေးမထားဘဲ လုံးဝ အလုပ်သင် တစ်ဦးကဲ့သို့ သဘောထားခြင်းမှာ အံ့ဩစရာ မရှိတော့ပေ။
လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့မှာ ထိုနေရာတွင် ကျောက်ရုပ်များအဖြစ်သို့ ကြာမြင့်စွာကပင် ပြောင်းလဲနေခဲ့ကြပြီး ဖြစ်သည်။ ဖုန်းဝူချန်၏ လက်နက်သန့်စင်ခြင်း ပညာရပ် ဤမျှ ကြောက်မက်ဖွယ် ကောင်းသည်ကို သူတို့လည်း တစ်ခါမျှ မသိခဲ့ကြပေ။
လင်ရှောင်ရှောင် ပင်လျှင် တစ်ခါမျှ မသိခဲ့ပါ။
ရှားပါးသော ဆေးပင်များမှာ ဖုန်းဝူချန်၏ လက်ဖဝါးများ အထက်တွင် ဝေ့ဝဲနေပြီး ခဏ အကြာတွင် ကုန်ကြမ်း အမျိုးမျိုးမှာ အရည်များအဖြစ်သို့ အရည်ပျော်သွားသည်။ ၎င်းမှာ တစ်ခဏမျှသာ ကြာမြင့်ခဲ့သည်။ ဤအရှိန်မှာ မည်မျှ ကြောက်မက်ဖွယ် ကောင်းလိုက်သနည်း။
'ချီယွမ်' သည် ကုန်ကြမ်းများကို အရည်ကျိုရန် တစ်နာရီ အချိန် ယူခဲ့ရသော်လည်း ဖုန်းဝူချန်မှာ မျက်စိတစ်မှိတ်အတွင်း ပြီးဆုံးသွားခဲ့သည်။
တုန်လှုပ်ဖွယ် ကောင်းလှသည်။ လူတိုင်း၏ နှလုံးသားကို ထိမှန်သွားသော အလွန်တရာ တုန်လှုပ်မှုကြီးပင်။
စိမ်းပြာရောင် မီးတောက်များ အတွင်း ဝိညာဉ် စွမ်းအင် အမျိုးမျိုးမှာ အထူး နည်းလမ်း တစ်ခုဖြင့် သံရည်ထဲသို့ ပေါင်းစပ် ဝင်ရောက်သွားသည်။
ဖုန်းဝူချန်၏ စိတ်အာရုံ တစ်ချက်ဖြင့် အရည်ပျော်နေသော 'ဥက္ကာခဲ သံ' မှာ နူးညံ့သော ဓားရှည် တစ်လက်၏ ပုံသဏ္ဌာန်သို့ ပြောင်းလဲသွားပြီး ထို သန္ဓေသား ပုံစံမှ အလွန် ကြောက်မက်ဖွယ် ကောင်းသော ရေခဲ ဂုဏ်သတ္တိ အအေးငွေ့များ ထုတ်လွှတ်နေသည်။
ဖုန်းဝူချန်သည် ရေခဲ ဂုဏ်သတ္တိ ဓားရှည် တစ်လက်ကို သွင်းလုပ်နေခြင်း ဖြစ်သည်။
"'အင်မော်တယ် လက်နက်' ရဲ့ အရှိန်အဝါ"
"ဘုရား ဘုရား။ စံအိမ်သခင်ကြီး သွင်းလုပ်လိုက်တဲ့ 'အင်မော်တယ် လက်နက်' တွေထက်တောင် သန်မာတယ်"
"အဆင့်မြင့် အဆင့်မြင့် 'အင်မော်တယ် လက်နက်'"
'ကျန်းဝူဟွမ်' နှင့် 'အင်မော်တယ် လက်နက် စံအိမ်' မှ ကာကွယ်စောင့်ရှောက်သူများမှာ ကြောက်လန့်တကြား ဝိညာဉ်လွင့်မတတ် ဖြစ်သွားကြပြီး သူတို့၏ ခန္ဓာကိုယ်များမှာ ပြင်းထန်စွာ တုန်ရီနေသည်။
"ငါ့ ငါ့ဆရာက 'အဆင့်မြင့် အင်မော်တယ် လက်နက်' တစ်ခုကို တကယ် သွင်းလုပ်လိုက်တာ" 'ကျန်းကျွင့်လန်' ၏ အသံမှာ တုန်ရီနေပြီး သူ၏ ပါးစပ်မှာ ဘဲဥတစ်လုံး ဝင်သွားနိုင်လောက်အောင် ကျယ်ဝန်းစွာ ပွင့်ဟနေသည်။
"'အဆင့်မြင့် အင်မော်တယ် လက်နက်'။ အစ်ကိုဖုန်းက 'အဆင့်မြင့် အင်မော်တယ် လက်နက်' တစ်ခု သွင်းလုပ်လိုက်တာ" လျိုချင်းယန်က အော်ဟစ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှာ စက်ရုပ်တစ်ရုပ်ကဲ့သို့ တောင့်တင်းနေ၏။
ဓားရှည်၏ သန္ဓေသား ပုံစံမျှသာ ရှိသေးသော်လည်း 'အဆင့်မြင့် အင်မော်တယ် လက်နက်' တစ်ခု၏ အရှိန်အဝါကို ထုတ်လွှတ်နေခဲ့လေ၏။
'အင်မော်တယ် လက်နက် စံအိမ်' မှ တပည့်များမှာ လုံးဝ တိတ်ဆိတ်သွားကြပြီး တုန်လှုပ်မှုကြောင့် လဲကျသွားကြသည်။
ဤအခါမှသာ လက်နက်သန့်စင်ခြင်း နယ်ပယ်တွင် ဖုန်းဝူချန်သည် 'ချီယွမ်' ထက် များစွာ သာလွန်ကြောင်း သူတို့ အမှန်တကယ် သဘောပေါက်သွားကြသည်။ ဖုန်းဝူချန်သည် 'ချီယွမ်' အား စော်ကားနေခဲ့ခြင်း မဟုတ်ဘဲ နည်းစနစ်များကို ထောက်ပြနေခဲ့ခြင်း ဖြစ်သည်။ ဤသို့ ထူးကဲသော ပုဂ္ဂိုလ်ကြီး တစ်ဦးထံမှ လမ်းညွှန်မှု ရရှိခြင်းမှာ 'ချီယွမ်' ၏ ဂုဏ်ယူစရာ ဖြစ်သည်။
"'အတွေးဖြင့် ပုံဖော်ခြင်း'။ ပြီးတော့ 'အဆင့်မြင့် အင်မော်တယ် လက်နက်' တဲ့" 'ကျန်းထျန်းယွင်' မှာ နှစ်မိနစ် အပြည့် တုန်လှုပ်နေပြီးမှ အံ့အားတကြီး အော်ဟစ်နိုင်တော့သည်။
"'အတွေးဖြင့် ပုံဖော်ခြင်း'။ ဟုတ်တယ်။ 'အတွေးဖြင့် ပုံဖော်ခြင်း' ပဲ" 'ကျန်း' မိသားစုမှ လူများက စိတ်လှုပ်ရှားစွာ အော်ဟစ်ကြပြီး သူတို့၏ တုန်လှုပ်နေသော မျက်နှာအမူအရာများ ချက်ချင်း ပျော်ရွှင်မှုများဖြင့် အစားထိုးသွားသည်။
"'အတွေးဖြင့် ပုံဖော်ခြင်း'" 'ချီယွမ်' ၏ ခန္ဓာကိုယ်မှာလည်း တုန်ယင်မှုကို မထိန်းနိုင်တော့ပေ။
ဖုန်းဝူချန်၏ လက်နက်သန့်စင်ခြင်း နယ်ပယ်၏ ကြောက်မက်ဖွယ် ကောင်းမှုမှာ 'ချီယွမ်' စိတ်ကူး၍ပင် မရနိုင်သော အရာ ဖြစ်သည်။
ထို့အပြင် ဖုန်းဝူချန်မှာ လူငယ်လေး တစ်ဦးသာ ရှိသေးသည်။
ပြည်မကြီး၏ နံပါတ်တစ် လက်နက်သန့်စင်သူမှာ အသက် နှစ်ဆယ်အောက် လူငယ် တစ်ယောက်နှင့်ပင် မနှိုင်းယှဉ်နိုင် ဖြစ်နေသည်။
'အင်မော်တယ် ဝိညာဉ် ကျောက်တုံး' 'နှစ်တစ်ထောင် နွေးထွေး ကျောက်စိမ်း' နှင့် 'နှစ်တစ်ထောင် ရေခဲ' တို့၏ ဝိညာဉ် စွမ်းအင်များ အားလုံး ဓားရှည်၏ သန္ဓေသား ပုံစံထဲသို့ ပေါင်းစပ် ဝင်ရောက်သွားသောအခါ မျက်စိကျိန်းဖွယ် အဖြူရောင် အလင်းတန်း တစ်ခု ကောင်းကင်ယံသို့ ပစ်လွှတ်သွားလေ၏။ ၎င်းက တိမ်များကို ထိုးဖောက်သွားသည်။ ၎င်း၏ ကြောက်မက်ဖွယ် အရှိန်အဝါက ကောင်းကင်တစ်ခုလုံးကို တုန်ခါသွားစေပြီး ကြီးမားသော ဝဲဂယက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ကောင်းကင်ကြီးမှာ ရုတ်ချည်း မည်းမှောင်လာပြီး လေရူးများ ရိုင်းစိုင်းစွာ တိုက်ခတ်လာသည်။
'အဆင့်မြင့် အင်မော်တယ် လက်နက်' တစ်ခု ပေါ်ထွက်လာသည်နှင့် ကောင်းကင်နှင့် မြေကြီးပါ အရောင် ပြောင်းလဲသွားသည်။
ကောင်းကင်ယံသို့ တက်သွားသော မျက်စိကျိန်းဖွယ် အဖြူရောင် အလင်းတန်း စီးဆင်းနေသော ကြောက်မက်ဖွယ် အရှိန်အဝါ မည်းမှောင်နေသော ကောင်းကင်ကို လင်းထိန်သွားစေသည်။
'အဆင့်မြင့် အင်မော်တယ် လက်နက်' တစ်ခု ပေါ်ထွက်လာခြင်းက 'ဝူကျိ' နယ်မြေရှိ အင်အားစု ကြီး၊ ငယ် အားလုံးကို တုန်လှုပ်
ခြောက်ခြားသွားစေပြီး အခြား ကျယ်ပြန့်သော ဒေသများမှ အင်အားကြီး ပုဂ္ဂိုလ်များပင်လျှင် ဤ ကြောက်မက်ဖွယ် 'အင်မော်တယ် လက်နက်' ၏ အရှိန်အဝါကို အာရုံခံမိနိုင်သည်။
'အဆင့်မြင့် အင်မော်တယ် လက်နက်' တစ်ခု ပေါ်ထွက်လာခြင်းက 'ဝူကျိ' နယ်မြေ အတွင်းမှ မရေမတွက်နိုင်သော အင်အားစုများကို ကြောက်လန့်တကြား ဖြစ်သွားစေသည်။
"'အဆင့်မြင့် အင်မော်တယ် လက်နက်' တစ်ခု ပေါ်ထွက်လာတာ ကမ္ဘာမြေကို တုန်လှုပ်စေတာပဲ။ 'အင်မော်တယ် လက်နက် စံအိမ်' က သူတို့ စံချိန်သူတို့ ကျော်လွန်သွားပြန်ပြီ" အချို့ ဒေသမှ ထိပ်တန်း အင်အားကြီး ပုဂ္ဂိုလ် တစ်ဦးက အော်ဟစ်လိုက်သည်။
"'ချီယွမ်' ရဲ့ လက်နက်သန့်စင်ခြင်း ပညာရပ်က နောက်တစ်ကြိမ် ချိုးဖြတ် တက်ရောက်သွားတာလား။ ပြည်မကြီးရဲ့ နံပါတ်တစ် လက်နက် သန့်စင်သူ ဖြစ်ဖို့ တကယ် ထိုက်တန်ပါတယ်" အခြား ထိပ်တန်း အင်အားကြီး ပုဂ္ဂိုလ်တစ်ဦးက ညည်းတွားလိုက်သည်။
"'အင်မော်တယ် လက်နက် စံအိမ်' က ပိုပြီး သန်မာသထက် သန်မာလာပြီ။ ကြည့်ရတာ ပြည်မကြီးပေါ်မှာ သူတို့နဲ့ ရန်သူ ဖြစ်ဝံ့တဲ့ အင်အားစု မရှိတော့ဘူး ထင်တယ်" တိမ်များကို ထိုးဖောက်နေသော ခပ်မြင့်မြင့် တောင်ထိပ် တစ်ခုပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော အကြီးအကဲ တစ်ဦးကလည်း အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။
သို့သော် သူတို့ မသိခဲ့ကြသည်မှာ 'အဆင့်မြင့် အင်မော်တယ် လက်နက်' ပေါ်ထွက်လာခြင်းသည် 'အင်မော်တယ် လက်နက် စံအိမ်' နှင့် တစ်စုံတစ်ရာ ပတ်သက်မှု မရှိခဲ့ခြင်းပင်။
'အဆင့်မြင့် အင်မော်တယ် လက်နက်' ပေါ်ထွက်လာခြင်းမှာ လူငယ်လေး တစ်ယောက်၏ လက်ရာ ဖြစ်သည်။
'အင်မော်တယ် လက်နက် စံအိမ်' အတွင်းတွင် လူတိုင်း လုံးဝ လွှမ်းမိုးခံလိုက်ရပြီ ဖြစ်သည်။
မျက်စိကျိန်းဖွယ် နတ်ဘုရား အလင်းရောင်များ တဖြည်းဖြည်း မှိန်ဖျော့သွားသောအခါ ဖြူဖျော့သော အလင်းရောင်များ ထုတ်လွှတ်နေသည့် လက်ရာမြောက် ဓားရှည် တစ်လက် ဖုန်းဝူချန်၏ လက်ဖဝါး အထက်တွင် ပျံဝဲနေသည်။ တုန်လှုပ်နေသော လူအုပ်ကြီး၏ မျက်လုံးများမှာ ဓားပေါ်တွင် ကပ်နေပြီး မျက်တောင် တစ်ချက်ပင် မခတ်ကြပေ။
'အတွေးဖြင့် ပုံဖော်ခြင်း' နတ်ဘုရား ပညာရပ် နောက်တစ်ကြိမ် ထပ်မံ ပြသလိုက်ပြီး ပြည်မကြီး၏ နံပါတ်တစ် လက်နက်သန့်စင်ခြင်း ဂိုဏ်းမှာ အသံတိတ် ရှုံးနိမ့်သွားခဲ့၏။
ဖုန်းဝူချန် သွင်းလုပ်ခဲ့သည်မှာ 'အဆင့်မြင့် အင်မော်တယ် လက်နက်' ဖြစ်သည်ကို ထည့်မပြောလျှင်ပင် သူ၏ 'အတွေးဖြင့် ပုံဖော်ခြင်း' ပညာရပ် တစ်ခုတည်းကပင် 'အင်မော်တယ် လက်နက် စံအိမ်' ကို ချေမှုန်းပစ်ရန် လုံလောက်နေသည်။
ဖုန်းဝူချန်အား တိတ်ဆိတ်နေရာမှ ယခု မိုးခြိမ်းသံကဲ့သို့ ရိုက်ခတ် လွှမ်းမိုးသွားသူဟု ဖော်ပြနိုင်သည်။
စံအိမ်သခင်ကြီး 'ချီယွမ်' မှာ ကြောက်လန့်တကြားဖြင့် ဓားရှည်ကို ကြည့်လိုက်ပြီး ထို့နောက် ဒူးထောက်လိုက်၏။
"ဒီ တပည့်က စွမ်းအားရှင်ကြီးရဲ့ နတ်ဘုရား ပညာရပ်ကို မျက်စိ မရှိခဲ့ပါဘူး။ စွမ်းအားရှင်ကြီးကို ဒီ တပည့်ကို အလုပ်သင် အဖြစ် လက်ခံပေးဖို့ စိတ်ရင်းမှန်နဲ့ တောင်းပန်ပါတယ်။ စွမ်းအားရှင်ကြီးရဲ့ ဘေးမှာ နေပြီး စွမ်းအားရှင်ကြီးရဲ့ နောက်ကို လိုက်ကာ လက်နက်သန့်စင်ခြင်း ပညာရပ်ကို သင်ယူခွင့် ပြုပါ" 'ချီယွမ်' က အလွန် ရိုသေလေးစားမှု၊ စိတ်ရင်းမှန်တို့ဖြင့် ဦးညွှတ် တောင်းပန်နေတော့၏။
ဖုန်းဝူချန် ပြသလိုက်သော လက်နက်သန့်စင်ခြင်း ပညာရပ်မှာ 'ချီယွမ်' ၏ ကိုယ်ပိုင် ပညာရပ်များနှင့် နှိုင်းယှဉ်၍ပင် မရနိုင်ပေ။
ပြည်မကြီး၏ နံပါတ်တစ် လက်နက်သန့်စင်သူက ဖုန်းဝူချန်အား ဒူးထောက်ကာ သူ၏ တပည့် ဖြစ်လိုကြောင်း တောင်းပန်နေသည်။
'အင်မော်တယ် လက်နက် စံအိမ်' မှ တပည့်များမှာ ဆွံ့အသွားကြပြီး 'ကျန်း' မိသားစုဝင်များမှာ လုံးဝ တိတ်ဆိတ်သွားကြတော့၏။
"စွမ်းအားရှင်ကြီးကို တပည့် အဖြစ် လက်ခံပေးဖို့ စိတ်ရင်းမှန်နဲ့ တောင်းပန်ပါတယ်"
'အင်မော်တယ် လက်နက် စံအိမ်' မှ ကာကွယ်စောင့်ရှောက်သူများနှင့် အကြီးအကဲများ တစ်ယောက်ပြီး တစ်ယောက် ဒူးထောက်လိုက်ကြပြီး 'အတွေးဖြင့် ပုံဖော်ခြင်း' နတ်ဘုရား ပညာရပ်၏ ရှေ့မှောက်တွင် လက်အောက်ခံရန် ဆန္ဒ ရှိနေကြသည်။
'ချီယွမ်' နှင့် အခြားသူများအတွက် ဖုန်းဝူချန်သည် နတ်ဘုရား တစ်ပါးကဲ့သို့ ဖြစ်နေလေ၏။