← Chapters

ကြေးမုံမှတုန့်ပြန်ခြင်း

Vol. 1 Ch. 6

ကြေးမုံမှတုန့်ပြန်ခြင်း

Vol. 1 Ch. 6

အစ်မရှုကား မှီခိုရာဂိုဏ်းတွင် နာမည်ကျော်ကြား၏။ မှီခိုရာဂိုဏ်းတွင် အတွင်းစည်းဂိုဏ်းတပည့် ၂ ဦးသာ ရှိရာ သူမအား လူတိုင်းသိချေသည်။

အစ်မရှုအပြင် နောက်ထပ် အတွင်းစည်းဂိုဏ်းတပည့်တစ်ဦးမှာ ရှန့်ကွမ်းရှိုး၏ဘေး၌ လက်ရှိရပ်နေသောသူဖြစ်ပေသည်။

အစ်မရှုက မန်ဟိုကို သူမ၏ကျင့်ကြံခြင်းဂူအား ငှားပေးခဲ့ရာ တခြားလူများအားလုံးကို အကြောက်တရားများဖြစ်ပေါ်စေပြီး ၎င်းကပင် မန်ဟိုအား ထိုနေရာမှ ဘေးကင်းစွာ ထွက်ခွာခွင့်ရရှိစေခဲ့၏။

မန်ဟိုသည် ထိုနေရာမှ ထွက်ခွာလာရင်း သူ့နောက်မှ ဓားသွားများကဲ့သို့ စူးရှသော အကြည့်များအား ခံစားမိကာ ကျောတပြင်လုံး ချွေးများစို့လာခဲ့၏။

မန်ဟိုကား လုံးဝ ရပ်တန့်ခြင်းမရှိဘဲ ခပ်သုတ်သုတ် ထွက်ခွာလာခဲ့၏။ သူသည် အပြင်စည်းဂိုဏ်းတွင်ရှိသော သူ့အိမ်သို့ မပြန်ဘဲ အစ်မရှုပေးသော ကျောက်စိမ်းပြား၏လမ်းညွှန်မှုနှင့်အတူ သူမ၏ကျင့်ကြံခြင်းဂူရှိရာသို့ ဦးတည်လာခဲ့သည်။ တောင်ခြေတစ်နေရာတွင် သူက ကျင့်ကြံခြင်းဂူအား တွေ့၏။

ဂူအပြင်ဘက်တွင် ကြီးမားသော ကျောက်တုံးကြီးနှစ်ခုသည် တောင်ကိုမှီလျှက် ရှိနေ၏။ အားလုံးကို အစိမ်းရောင်နွယ်ပင်များဖြင့် ဖုံးအုပ်ထားကာ မန်ဟို၏ယခင် နေရာဟောင်းများနှင့် ခြားနားစွာ ထူးခြားဆန်းကြယ်ပေသည်။

ပတ်ဝန်းကျင်သည် တိတ်ဆိတ်ကာ အေးချမ်း၏။ မနီးမဝေး၌ တသွင်သွင်စီးဆင်းနေသော စမ်းချောင်းတစ်ခုရှိသည်။ ထိုနေရာ၌ တိုက်ခတ်နေသော လေများသည် လတ်ဆတ်ကာ နွေးထွေးမှုကို ပေးသည်။

မန်ဟိုကား ကျင့်ကြံခြင်းဂူ၏အဝတွင် အလွန်စိတ်ကျေနပ်ဟန်ဖြင့် ရပ်နေသည်။ ဤသို့သော ဂူက မည်မျှ တန်ဖိုးကြီးမားသည်ကို သူသိနားလည်လိုက်၏။ အစ်မရှုက သူ့အား ငှားယမ်းပေးသောအခါ အပြင်စည်းဂိုဏ်းသားများအားလုံး သူ့အား မနာလိုဖြစ်ကြသည်မှာ မထူးဆန်းတော့။

“ဒါက အင်မော်တယ်တွေနေတဲ့နေရာပဲ” မန်ဟိုက ရေရွက်သည်။ သူက လက်ဝှေ့ယမ်းလျှင် ကျောက်စိမ်းပြားသည် ဂူတံခါးအဝသို့ ပျံဝဲသွားပြီး ဂူနံရံနှင့်ထိကာ ဖတ်ခနဲ မြည်သံနှင့်အတူ တံခါးက ဖြေးညင်းစွာ ပွင့်လာ၏။

ကျင့်ကြံခြင်းဂူကား သိပ်ကြီးမားခြင်းမရှိဘဲ အခန်းနှစ်ခန်းသာ ရှိသည်။ တစ်ခန်းကား ကျင့်ကြံခြင်းအတွက်ဖြစ်ကာ နောက်တစ်ခန်းကား ကျောက်တုံးတံခါးဖြင့် ပိတ်ထား၏။ မန်ဟိုက အတွင်းသို့ ဝင်လိုက်လျှင် အစိမ်းရောင်ဂူတံခါးသည် ဖြေးညှင်းစွာ ပိတ်သွား၏။

တံခါးပိတ်သွားသောအခါ ကျောက်စိမ်းပြားလေးသည် မန်ဟို၏လက်ထဲသို့ ပျံဝဲရောက်ရှိလာခဲ့သည်။ ထို့နောက်တွင် ဂူတံခါးထံမှ အစိမ်းရောင်အလင်းငွေ့ငွေ့လေးများ ယှက်သန်းလာခဲ့သည်။

သူက ကြည့်လေလေ စိတ်ကြေနပ်လေဖြစ်လာသည်။ နောက်ဆုံးတွင် သူ၏အကြည့်က ကျောက်တုံးတံခါးထံသို့ ရောက်လာ၏။ သူက ကျောက်စိမ်းပြားလေးအား တံခါးပေါ်တွင် တင်လိုက်သည်နှင့် တံခါးက နှေးကွေးစွာ ပွင့်လာ၏။ ထိုအခိုက်တွင် အလွန်ထူထဲသော စိတ်ဝိညာဉ်စွမ်းအင်များသည် ရုတ်တရက် ရိုတ်ခတ်လာခဲ့၏။ မန်ဟိုက ကျောက်တုံးအခန်းလေးအား ကြည့်ကာ အံ့အားသင့်မှုကြောင့် မျက်လုံးများပင် ပြူးကျယ်သွားသည်။

“အစ်မရှုရဲ့လက်ဆောင် … ဒါက အရမ်းတန်ဖိုးကြီးတာပဲ”

သူ့အနေဖြင့် စိတ်ငြိမ်အောင် အချိန်အတော်ယူလိုက်ရ၏။ သူက ကျောက်တုံးခန်းလေးကို ငေးကြည့်၏။ အတွင်း၌ကား အရောင်စုံများယှက်သန်းနေသော စိတ်ဝိညာဉ်စွမ်းအင်များသည် လေထဲ လှည့်ပတ်နေကြ၏။ ကျောက်တုံးခန်းလေးထဲတွင် အချိန်မည်မျှကြာအောင် ၎င်းစွမ်းအင်များ စုစည်းနေသည်ကို မသိသော်လည်း အခန်းတံခါး ဖွင့်လိုက်သောအခါ ၎င်းမှ လာသော ရနံ့များသည် သူ့ပါးစပ်နှင့်နှာခေါင်းတို့အား မွှေးပျံ့စွာ ရိုက်ခတ်လာခဲ့သည်။ လှိုင်းလေးတစ်ခုကပင် သူ့တစ်ကိုယ်လုံးအား အားအင်များ ပြည့်ဖြိုးစေခဲ့၏။

“ဒါဆို ဒါက စိတ်ဝိညာဉ်စွမ်းအင်စိမ့်စမ်းရေအိုင်ပဲကိုး” မန်ဟိုက ရေရွက်သည်။ သည်ရေအိုင်မျိုးအား သူတစ်ခါမှ မမြင်ဖူးသော်လည်း စဦးချီဖွဲ့စည်းခြင်းကျမ်းတွင် သူဖတ်ဖူးပေသည်။ ကျမ်းမှ ဖွင့်ဆိုထားသည်မှာ လောကရှိ အချို့သော စိမ့်စမ်းများမှာ ရေများဖြင့်မဟုတ်ဘဲ စိတ်ဝိညာဉ်စွမ်းအင်များ ဖွဲ့စည်းဖြစ်ပေါ်နေတတ်၏။ ထိုသို့သော နေရာများမှာ သိပ်မရှိဘဲ များသောအားဖြင့် ကျင့်ကြံသူများ အပိုင်စီးထားတတ်ပေသည်။

စိမ့်စမ်းအိုင်လေးကား အလွန်သေးငယ်ပေသည်။ စိတ်ဝိညာဉ်စွမ်းအင်များသည် ပတ်ဝန်းကျင်အား ရိုက်ခတ်နေသော်လည်း အခန်းအပြင်ဘက်ထက် အနည်းငယ်သာ ထူထပ်ပေသည်။ စဦးချီဖွဲ့စည်းခြင်းအဆင့်၃ အထက်မှ လူများအတွက် ထိုမျှ ပမာဏသည် များစွာ အကူအညီမဖြစ်ပေ။ စဦးချီဖွဲ့စည်းခြင်းအဆင့် ၃ အထက်သို့ ရောက်လျှင် ထိုသူသည် အဆင့်တက်ရန် ချီပမာဏများစွာ လိုအပ်ပေသည်။

သို့တိုင်အောင် မန်ဟို၏အမြင်တွင် သည်လက်ဆောင်ကား သွေ့ခြောက်ဆေးလုံးထက် များစွာ တန်ဖိုးကြီးမားပေသည်။

များစွာ တွေးတောခြင်းမပြုဘဲ သူက အခန်းထဲတွင်ထိုင်ကာ မျက်လုံးကို မှိတ်လျှက် အသက်ရှုလေ့ကျင့်ခန်းများကို စတင်ပြုလုပ်၏။ နာရီအနည်းငယ် ကြာသောအခါ အခန်းထဲတွင် စုဆောင်းထားသော စိတ်ဝိညာဉ်စွမ်းအင်များအားလုံး ကုန်ဆုံးသွားတော့သည်။ မန်ဟိုက မျက်လုံးကို ဖွင့်လိုက်လျှင် သူ့မျက်လုံးများက တဖျတ်ဖျတ်လက်သွားသည်ဟု ထင်ရ၏။

“ဒီမှာ နာရီအနည်းငယ် ကျင့်ကြံတာက အပြင်မှာ ကျင့်ကြံခြင်းရဲ့တစ်လအချိန်နဲ့ တူညီတာပဲ။ ဒီအခန်းထဲမှာ စိတ်ဝိညာဉ်စွမ်းအင်တွေ စုစည်းဖို့ အချိန်တစ်ခုကြာဦးမှာပဲ။ ဒါပေမဲ့လည်း ဒီအခန်းထဲမှာ ကျင့်ကြံတာက အပြင်မှာ ကျင့်ကြံတာထက်တော့ အများကြီး မြန်နေဦးမှာပဲ”

သူက သက်ပြင်းချကာ အခန်းကို လေ့လာကြည့်လျှင် အခန်းနံရံ၌ ထူးဆန်းသော အမှတ်အသားများ ရေးခြစ်ထားသည်ကို မြင်ရသည်။

“စိမ့်စမ်းကလေးက စိတ်ဝိညာဉ်စွမ်းအင်တွေ အများကြီး စုဆောင်းနိုင်တာက ဒီအမှတ်အသားတွေကြောင့်ပဲ။ အစ်မရှုက ဒီနည်းလမ်းနဲ့ စွမ်းအင်တွေကို စုစည်းပြီး တစ်ခါတည်း စုပ်ယူတာပဲ”

မန်ဟိုက တွေးတောကာ တဖန် ထိုင်လိုက်ပြီး အသက်ရှုလေ့ကျင့်ခန်းအား စတင်သည်။

ညသည် မြန်ဆန်စွာ ကုန်ဆုံးသွား၏။ နောက်တစ်နေ့ နံနက်တွင် မန်ဟိုက မျက်လုံးအား ဖွင့်လိုက်သည်။ အခန်းထဲမှ စိတ်ဝိညာဉ်စွမ်းအင်ကား အလွန်ပါးလျှနေပြီဖြစ်သော်လည်း စိမ့်စမ်းကား ရှိနေသေးသည်။ အချိန်အနည်းငယ်ကြာလျှင် စိတ်ဝိညာဉ်စွမ်းအင်များမှာ သေချာပေါက် ပြည်လည်ထူထဲလာပေလိမ့်မည်။

မန်ဟိုက သူ၏ကျင့်ကြံခြင်းအဆင့်အား လေ့လာဆန်းစစ်သည်။ ကြည့်ရသည်မှာ သူသည် နှစ်လတာမျှ ကျင့်ကြံနှုန်းအား တစ်ရက်တည်းဖြင့် အောင်မြင်ခဲ့၏။

“ငါသာ ဒီလို အကြိမ်နည်းနည်း ထပ်ပြီး ကျင့်နိုင်ရင် စဦးချီဖွဲ့စည်းခြင်းအဆင့် ၂ ကို မကြာခင် ရောက်လိမ့်မယ်”

သူက စိတ်လှုပ်ရှားစွာဖြင့် အသက်ပြင်းပြင်းရှုလိုက်သည်။ သူကား အဆင့်၂အတွင်းသို့ မြန်မြန်ရောက်လိုမိသည်။ သည်နည်းဖြင့်သာ စဦးချီဖွဲ့စည်းခြင်းကျမ်းတွင်ပါသော အင်မော်တယ်သိုင်းအား လေ့ကျင့်နိုင်ပေမည်။

အင်မော်တယ်သိုင်းပညာများအား တွေးရင်းဖြင့် မန်ဟိုသည် ကျောက်တုံးခန်းလေးထဲမှ ထွက်လာခဲ့ပြီး တံခါးအား ပိတ်လိုက်သည်။ သူက အစ်မရှု၏နည်းလမ်းကို အသုံးပြုရန် ဆုံးဖြတ်ထား၏။ သူသည် စိမ့်စမ်းဘေးတွင် အမြဲတမ်း စောင့်မနေနိုင်ပေ။ အချိန်တစ်ခုကြာ စိတ်ဝိညာဉ်စွမ်းအင်များ စုစည်းလာပြီးမှသာ ထိုစွမ်းအားများကို လာရောက်စုပ်ယူပေတော့မည်။

ကျင့်ကြံခြင်းဂူထဲတွင် ထိုင်ကာ မန်ဟိုက သူ၏ဗိုက်ကို ပွတ်သည်။ သည်ရက်ပိုင်းအတွင်း သူသည် မည်သည့်တောကောင်ကိုမှ ဖမ်းဆီးစားသောက်ခြင်း မပြုရသေးပေ။

အပြင်စည်းဂိုဏ်းတပည့်ဖြစ်လာပြီးနောက်ပိုင်း သူကား အစေခံဘဝကကဲ့သို့ ကောင်းကောင်းစားသောက်ရခြင်း မရှိတော့။ သူ့တွင် လုံလောက်သော ဝိညာဉ်ကျောက်တုံးရှိပါက ဂိုဏ်း၏ဆေးဝါးဆောင်တွင် သွားရောက်ကာ ဆာလောင်ခြင်းကင်းဆေးလုံးနှင့် လဲလှယ်နိုင်သည်။ ထိုဆေးတစ်လုံးက ရက်များစွာ ဆာလောင်ခြင်းကင်းမဲ့စေသည်ဟု ဆို၏။ ထိုနည်းဖြင့် လူအများသည် အစားအသောက်ရှာဖွေရန် မလိုတော့ဘဲ စိတ်အေးလက်အေး ကျင့်ကြံနိုင်၏။

အတန်ကြာ စဉ်းစားပြီးနောက် မန်ဟိုက အပြင်သို့ ထွက်ရန် ပြင်လိုက်သည်။ တောထဲမှ လတ်ဆတ်သော လေပြင်းတစ်ချက် ရိုက်ခတ်လာ၏။ သူက လမ်းလျှောက်လာရင်း သူ့အလေ့အထအတိုင်း သိုလှောင်အိတ်ထဲမှ ကြေးမုံကို ထုတ်လိုက်သည်။

ယခု ရတနာစံအိမ်သည် သူ့အား လိမ်ညာလှည့်စားခဲ့ကြောင်း မန်ဟို ကောင်းကောင်း သိထားပြီဖြစ်သည်။ ကြေးမုံကား မည်သည့်ထူးခြားမှုမှ မရှိပေ။

“ငါက ဒီကြေးမုံကို သွားလဲရင် သေချာပေါက် ငါ့ဝိညာဉ်ကျောက်တုံးကို အဖိုးအခအဖြစ် သုံးရမှာပဲ” မန်ဟိုက သက်ပြင်းချသည်။

ထိုအခိုက်တွင် တောတွင်းတစ်နေရာမှ အရောင်တစ်ခု ဖြတ်ပြေးသွားသည်ကို သူ သတိထားမိလိုက်သည်။ ၎င်းသည် များစွာ မြန်ဆန်ခြင်းမရှိပေ။ မန်ဟို၏မျက်လုံးက အရောင်တောက်လာ၏။ သူ၏အမဲလိုက်အတွေ့အကြုံများအရ ၎င်းမှာ ကြက်တစ်ကောင်ဖြစ်ကြောင်း သိလိုက်၏။

ကြေးမုံနှင့် ဝိညာဉ်ကျောက်တုံးအား သိုလှောင်အိတ်ထဲသို့ အင်္ကျီအိတ်ထဲသို့ ထိုးထည့်ကာ သူက ရှေ့ကို တဟုန်ထိုး ပြေးသွားသည်။ ချီစွမ်းအင်များကို ပိုင်ဆိုင်ပြီးနောက်တွင် မန်ဟိုသည် ယခင်ထက် များစွာ မြန်ဆန်သွက်လက်လာ၏။

များမကြာခင် သူသည် တောကြက်အား ဖမ်းနိုင်ခဲ့သည်။ သူက တောကြက်အား အတောင်ပံနှစ်ဘက်မှ စုကိုင်ကာ ဖမ်းထားသည်။

“ဖက်တီးလေး ခုတလော ဘာတွေ လုပ်နေလဲ မသိဘူး” သူက ကြက်ကို မြှောက်ကိုင်ကာ ဖက်တီးလေးအား သတိရမိသည်။ သူက ဖက်တီးလေးထံသို့ သွားကာ ကြက်ကို အတူတူစားသောက်ရမည်လားဟုလည်း တွေးနေသည်။ ထိုစဉ်မှာပင် ရုတ်တရက် သူ့အင်္ကျီအတွင်းမှ ပူလာသည်ဟု ခံစားရသည်။

အတန်ကြာလျှင် သူ့လက်ထဲတွင် ငြိမ်သက်နေခဲ့သော ကြက်သည် ရုတ်တရက် ပြင်းထန်စွာ ရုန်းကန်ပြီး နာကျင်စွာ အော်ဟစ်၏။

ကြက်က ပိုမိုပြင်းထန်စွာ ရုန်းကန်လာခဲ့ပြီး စူးရှသော တွန်သံများ အဆက်မပြတ်ပေးသည်။ ထို့နောက် ဘန်းခနဲမြည်သံနှင့်အတူ ကြက်ဖင်သည် ရုတ်တရက် ပေါက်ကွဲကာ သွေးများ နေရာအနှံ့သို့ ပြန့်သွား၏။

အရာအားလုံးက မြန်ဆန်စွာဖြစ်ပျက်သွားခဲ့သည်။ မန်ဟိုက မှက်တက်နေပြီးမှ လက်ထဲမှ ကြက်ကို ကြည့်သည်။ ကြက်ဖင်ကား ပွင့်ထွက်နေကာ သေဆုံးနေပြီးဖြစ်သည်။ သူက ပတ်ဝန်းကျင်ကို ကြည့်သော်လည်း အရာအားလုံးက တိတ်ဆိတ်နေ၏။

“ဘာဖြစ်ခဲ့တာလဲ” မန်ဟိုက တုန်လှုပ်နေ၏။ တောကြက်၏သေဆုံးခြင်းကား အလွန်ကြောက်စရာ ကောင်း၏။

“တစ်ခုခုတော့ မှားနေပြီ” မန်ဟိုက ရေရွက်သည်။ သူက ကြက်သေကို အဝေးသို့ လွှင့်ပြစ်ကာ အင်္ကျီအိတ်ထဲမှ ကြေးမုံနှင့် ဝိညာဉ်ကျောက်တုံးအား ထုတ်သည်။ ကြက်မသေမှီအချိန်၌ သူ၏အင်္ကျီက ပူနွေးလာသည်ကို သူခံစားမိခဲ့၏။

“ဝိညာဉ်ကျောက်တုံးကများ …”

ထို့နောက် သူ့မျက်လုံးက ကြေးမုံပေါ်သို့ ရောက်လာသည်။ သူ့နှလုံးခုန်သံက ပိုမြန်လာခဲ့ကာ မျက်လုံးက ပိုမိုစူးရှလာခဲ့၏။

“ဒါက …”

သူက ကြေးမုံကို တုန်ယင်စွာ ဆုပ်ကိုင်ရင်း တောထဲသို့ မြန်ဆန်စွာ ပြေးလွှားသည်။ သူက နောက်ထပ် တောကောင်များအား ရှာရန် လိုပေသည်။ ကြေးမုံက တောကြက်အား သတ်ဖြတ်ခဲ့သလား သူသိလိုသည်။

သူ သိပ်မပြေးလိုက်ရပါဘဲ သူ့ရှေ့ကို သမင်ရိုင်းတစ်ကောင် ပေါ်လာခဲ့သည်။ သမင်ကား ထိုနေရာတွင်ပင် မန်ဟိုကို ဒေါသတကြီး ကြည့်၏။ မန်ဟိုက ချက်ချင်းပင် ကြေးမုံအလင်းရောင်ပြန်ဖြင့် သမင်ကို ထိုးသည်။

သမင်၏အမူအရာက ချက်ချင်း ပြောင်းလဲသွား၏။ ၎င်းက နာကျင်စွာ အော်ဟစ်ကာ ကဆုန်ပေါက်လျှက် ထွက်ပြေးရန် ကြိုးစားသည်။ သတင်၏အော်သံမှာ စူးရှလွန်းရကား သူမည်မျှ နာကျင်နေမည်ကို ခန့်မှန်းနိုင်၏။ သို့သော်လည်း လမ်းခုလတ်တွင်ပင် သမင်၏ဖင်သည် ရုတ်တရက် ပေါက်ကွဲကာ ခန္ဓာကိုယ်သည် တွန့်လိမ်လျှက် မြေပြင်ပေါ်သို့ လဲကျသည်။

သမင်သေကို ကြည့်ကာ၊ ကြေးမုံကို ကြည့်ကာ မန်ဟို၏မျက်နှာ၌ စိတ်လှုပ်ရှားသော အငွေ့အသက်များဖြစ်လာသည်။

“ရတနာပဲ … တကယ့်ရတနာပဲ”

“ဒါက အရမ်းထူးဆန်းတယ် … တောရိုင်းသတ္တဝါတွေရဲ့ဖင်ကိုပွင့်အောင်လုပ်တဲ့ ရတနာပဲ …”

သူက ကြေးမုံနှင့်ပတ်သက်၍ သိပ်နားမလည်သော်လည်း အလွန်ပျော်ရွှင်လာခဲ့သည်။ ကြေးမုံက မည်သို့သော ရတနာဖြစ်ပါစေ၊ ၎င်းအား တခြားသော တောကောင်များဖြင့် စမ်းသပ်လိုသော စိတ်များက တားမရဆီးမရ ဖြစ်ပေါ်လာတော့သည်။

All Chapters