← Chapters

ငါးပုပ်၊ ပုစွန်ပုပ်... နဝမပွဲစဉ်

Vol. 25 Ch. 361

ငါးပုပ်၊ ပုစွန်ပုပ်... နဝမပွဲစဉ်

Vol. 25 Ch. 361

ရွှမ်ယွမ်ဂိုဏ်းတပည့်များနှင့် လျှပ်ယွမ်ဂိုဏ်းတပည့်များ၏ တိုက်ပွဲများတွင် အများစုက တိုက်ရိုက် အရှုံးပေးကြသည့်အတွက် နောက်ပိုင်း ပွဲစဉ်များသည် အလွန်လျင်မြန်စွာ ပြီးဆုံးသွားခဲ့သည်။

မကြာမီပင် တတိယအဆင့်ပွဲစဉ်များ ပြီးဆုံးသွားလေသည်။

ထို့နောက် စတုတ္ထအဆင့်၊ ပဉ္စမအဆင့်နှင့် ဆဋ္ဌမအဆင့်ပွဲစဉ်များ ဆက်တိုက် ကျင်းပခဲ့၏။ ဆက်တိုက် ပွဲစဉ်သုံးခုလုံးတွင် ပြင်းထန်သော တိုက်ပွဲများ မရှိခဲ့ချေ။

လျှပ်ယွမ်ဂိုဏ်းတပည့်များနှင့် ရွှမ်ယွမ်ဂိုဏ်းတပည့်များ ထိပ်တိုက်တွေ့ဆုံကြရာတွင် အခြေခံအားဖြင့် ရွှမ်ယွမ်ဂိုဏ်းတပည့်များက အများဆုံး အရှုံးပေးကြသည်။ အဘယ်ကြောင့်ဆိုသော် ရွှမ်ယွမ်ဂိုဏ်းတပည့်တို့၏ စွမ်းအားသည် လျှပ်ယွမ်ဂိုဏ်းတပည့်တို့ထက် အဆင့်တစ်ဆင့် လျော့ကျနေခဲ့သောကြောင့်ပင်။

ဤအချက်က လျှပ်ယွမ်ဂိုဏ်းသားများကို ပိုမို ရဲတင်းလာစေခဲ့ပြီး ရွှမ်ယွမ်ဂိုဏ်းကို အတင်းအကြပ် နှိမ်ချကြလေသည်။

ချန်လင်းယူနှင့် အခြားသူတို့သည် အားလုံးကိုယ်စီ ဒေါသထွက်လာကြသော်လည်း မတတ်နိုင်သည့် အခြေအနေတွင် ရှိနေကြ၏။

သတ္တမအဆင့်ပွဲစဉ်...

ရွှမ်ယွမ်ဂိုဏ်းတပည့်တစ်ဦးသည် လျှပ်ယွမ်ဂိုဏ်းတပည့်နှင့် ထပ်မံ ထိပ်တိုက်တွေ့ဆုံခဲ့ပြန်၏။

ထိုသူမှာ အဆင့်ခုနစ်နေရာရှိ လုချန် ဖြစ်ပြီး ပြိုင်ဘက်မှာ လျှပ်ယွမ်ဂိုဏ်း အပြင်စည်း ထိပ်တန်းတပည့်ဆယ်ဦးထဲမှ အဆင့်ကိုးနေရာရှိ ကျောက်ချမ် ဖြစ်သည်။

“ရှူး...”

လော့ရှာဂိုဏ်းအကြီးအကဲ၏ စကားသံဆုံးသည်နှင့် ကျောက်ချမ်သည် ကိုယ်ရိပ် လျှပ်တစ်ပြက် လှုပ်ရှားကာ တိုက်ပွဲစင်မြင့်ပေါ်သို့ တက်ရောက်လာသည်။

ရွှမ်ယွမ်ဂိုဏ်းဘက်သို့ တစ်ချက် လှည့်ကြည့်ကာ ကိုယ်လုံးကိုယ်ထည် ကြီးမားသော ကျောက်ချမ်သည် လက်နှစ်ဖက်ကို ရင်ဘတ်တွင် ပိုက်ထားရင်း မာန်တက်စွာ ရယ်မောလိုက်သည်။

“တစ်ယောက်ပြီးတစ်ယောက် တက်မတိုက်ရဲကြဘူး... မင်းတို့ ရွှမ်ယွမ်ဂိုဏ်းက ခေါင်းဖွက်ထားတဲ့ လိပ်ကြီးတွေပဲလား... ငါ ကြည့်ရတာ မင်းတို့ ရွှမ်ယွမ်ဂိုဏ်း နာမည်ပြောင်းသင့်ပြီ... လိပ်ဂိုဏ်းလို့ ပြောင်းလိုက်ပါလား...”

ဤစကား ထွက်လာသည်နှင့် တစ်ပြိုင်နက် ရယ်သံများ ကွင်းပြည့်ခမန်း ထွက်ပေါ်လာသည်။

“မင်း...”

လုချန်သည် စိတ်လှုပ်ရှားစွာ ထရပ်လိုက်သည်။

လော့ချန်သည် ကျောက်ချမ်ကို တစ်ချက် အကဲခတ်ကြည့်ကာ ပြောလိုက်သည်။

“ဒီလူရဲ့ ကိုယ်ခန္ဓာက အရမ်း သန်မာတယ်... ချီစွမ်းအင်လည်း ထူထဲတယ်... တိုက်ဖို့ ခက်လိမ့်မယ် ထင်တယ်...”

“ဟွန်း... ငါ့ရဲ့ မုန်တိုင်းလက်ဖဝါးက ကြီးကျယ်သောအောင်မြင်မှုအဆင့်ကို ရောက်နေပြီ... သူ ဘယ်နှစ်ချက် ခံနိုင်မလဲ ငါ ကြည့်ရသေးတာပေါ့...”

လုချန်သည် လော့ချန်၏ စကားကို တစ်စက်မျှ ဂရုမစိုက်ဘဲ အေးစက်စွာ နှာမှုတ်ကာ ခပ်ပြင်းပြင်း အော်ဟစ်လိုက်သည်။

“မာန်တက်မနေနဲ့... ငါ တက်တိုက်မယ်...”

လော့ချန်သည် မျက်မှောင်ကြုတ်သွားပြီး ထပ်မံ စကားမပြောတော့ချေ။

လုချန်သည် မင်းသားတန်းမှ တပည့်ဖြစ်ပြီး သူသည် သတိပေးခဲ့ခြင်းသည်ပင် စေတနာ ပြည့်ဝပြီး ဖြစ်သည်။ လုချန် မနာခံလျှင် သူ့ကို အပြစ်တင်စရာ မရှိတော့ပေ။

“ဘုန်း...”

လုချန် တိုက်ပွဲစင်မြင့်ပေါ်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် နှစ်ဦးသား အချည်းနှီး စကားမပြောတော့ဘဲ ချက်ချင်း ပြင်းထန်စွာ စတင်တိုက်ခိုက်ကြသည်။

လုချန်၏ မုန်တိုင်းလက်ဖဝါးသည် တကယ်ပင် ထူးခြား၏။ လက်ဖဝါးအရှိန်သည် လေနှင့် ပေါင်းစည်းသွားကာ ပြောင်းလဲမှုများစွာ ရှိပြီး အမျိုးမျိုးသော ထူးဆန်းသည့် လမ်းကြောင်းများမှ ကျောက်ချမ်ကို တိုက်ခိုက်သည်။

တစ်ဘက်တွင် ကျောက်ချမ်ကမူ ကိုယ်လုံးကိုယ်ထည် ကြီးမားသလောက် ခန္ဓာကိုယ်ကြံ့ခိုင်ကာ နေရာ၌သာ ရပ်ပြီး သန့်စင်သော ရွှေရောင် ချီကာကွယ်ရေး အလွှာတစ်ခုကို ဖွင့်လျက် အားကုန် ကာကွယ်နေသည်။

“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...”

လက်ဖဝါးစွမ်းအင်များ ထွက်ပေါ်လာသည်။ ကျောက်ချမ်၏ ကိုယ်ပေါ်ရှိ ရွှေရောင် ဖျော့ဖျော့ ကာကွယ်ရေးချီစွမ်းအင်သည် ရေလှိုင်းများကဲ့သို့ ပြင်းထန်စွာ လှုပ်ရှားနေသည်။

“ကောင်းတယ်...”

လုချန်က ကျောက်ချမ်ကို ဖိအားပေး တိုက်ခိုက်နေသည်ကို မြင်သောအခါ ချန်လင်းယူတို့သည် စိတ်လှုပ်ရှားစွာ ဝမ်းမြောက်နေကြသည်။

လော့ချန်သည် ဖြည်းညင်းစွာ ခေါင်းခါလိုက်သည်။

“လုချန် ရှုံးတော့မယ်...”

ဤစကားကို ကြားသောအခါ ချန်လင်းယူသည် လော့ချန်ဘက် လှည့်ကြည့်ကာ သံသယဖြင့် မေးလိုက်သည်။

“ဘာလို့လဲ... လုချန်က ခုချိန်မှာ အသာစီး မရနေဘူးလား...”

လော့ချန်က ဆိုသည်။

“လုချန်ရဲ့ မုန်တိုင်းလက်ဖဝါးက လှုပ်ရှားလွန်းပြီး ပေါ့ပါးသလောက် အင်အားက အရမ်း ပျံ့လွင့်နေတယ်... ခဏတာအတွင်းမှာ ကျောက်ချမ်ရဲ့ ကာကွယ်မှုကို ဖြိုခွဲနိုင်မှာ မဟုတ်ဘူး... တိုက်ပွဲရဲ့ စည်းချက်ကို ကျောက်ချမ်က ဖြည်းဖြည်းချင်း ထိန်းချုပ်နေပြီ...”

“ငါ ခန့်မှန်းတာ မမှားရင် ကျောက်ချမ်က လုချန်ရဲ့ တိုက်ခိုက်မှု အားနည်းချက်ကို ရှာနေတာပဲ... လုချန်ရဲ့ တိုက်ခိုက်မှု ရပ်တန့်သွားတာနဲ့ သူ လျှပ်စီးပမာ ပြင်းထန်တဲ့ တိုက်ခိုက်မှုကို ထုတ်သုံးလိမ့်မယ်...”

လော့ချန်၏ စကားသံ ဆုံးသည်နှင့် တစ်ပြိုင်နက် စင်မြင့်ပေါ်တွင် အခြေအနေ ရုတ်တရက် ပြောင်းလဲသွားသည်။

“ဟားဟား... မင်း ရိုက်ပြီးပြီလား... လာ ငါ့လက်သီးကို ခံကြည့်စမ်း...”

အစဉ်အမြဲ ကာကွယ်နေသော ကျောက်ချမ်သည် ကျယ်လောင်စွာ အော်ဟစ်ကာ ပတ်ဝန်းကျင်ရှိ လက်ဖဝါးစွမ်းအင်များကို ဂရုမစိုက်တော့ဘဲ လုချန်၏ ကိုယ်ပေါ်သို့ ရည်ရွယ်ပြီး စုစည်းထားသော လက်သီးတစ်ချက်ကို တည့်တည့် ထိုးထုတ်လိုက်သည်။

“ဘုန်း...”

လေထုပင် ပေါက်ကွဲသွားသည်။ များပြားလှသော လက်ဖဝါးစွမ်းအင်များ ပျက်စီးသွား၏။ လုချန် မထင်မှတ်ထားဘဲ လန့်ဖြန့်ကာ ဆက်တိုက် နောက်ဆုတ်သွားခဲ့ရသည်။

“ဘယ်ပြေးမလဲ...”

ကျောက်ချမ်သည် ခြေလှမ်းတစ်ချက် ထိုးကာ လုချန်ကို လိုက်လာသည်။ ရွှေရောင် ဖျော့ဖျော့ အလင်းတန်းများ ပါဝင်သော လက်သီးက မိုးကြိုးမုန်တိုင်းပမာ လုချန်ကို အပြင်းအထန် တိုက်ခိုက်သည်။ လေထုကို ဆုတ်ဖြဲကာ ရွှေရောင် လက်သီးရိပ်များ ဖြစ်ပေါ်လာတော့သည်။

လုချန်သည် ရှောင်တိမ်းရန် မဖြစ်နိုင်တော့ဘဲ မုန်တိုင်းလက်ဖဝါးဖြင့် အသည်းအသန် ပြန်လည်ရင်ဆိုင်ခဲ့သည်။

“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...”

လေထု ဆက်တိုက် ပေါက်ကွဲသွားသည်။ မျက်တောင်တစ်ခတ်အတွင်း နှစ်ဦးသား ဆယ်ချက်မက အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။

ဤအခိုက်အတန့်တွင် လုချန်၏ ယခင်အင်အားများ အားလုံးကုန်ဆုံးပြီး အင်အားအသစ် မပေါ်ထွက်နိုင်သေးသော အားနည်းချိန်ဖြစ်သည်။ ထို့ကြောင့်ပင် ကျောက်ချမ်၏ အရှိန်အဟုန်ကို သူ လုံးဝ တားဆီးနိုင်ခြင်း မရှိတော့ချေ။

တစ်ခဏအတွင်း လုချန်၏ လက်နှစ်ဖက်မှ အသားများ ကွဲထွက်ပြီး သွေးများ စီးကျလာသည်။ သူသည် ကြောက်လန့်စွာဖြင့် အော်ဟစ်လိုက်သည်။

“ငါ... ငါ အရှုံးပေးတယ်...”

“နောက်ကျသွားပြီ...”

ကျောက်ချမ်သည် နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာပြီး လက်သီးတစ်ချက်ကို ပြင်းထန်စွာ ထိုးချလိုက်သည်။

“ဘုန်း...”

“အား...”

ထိတ်လန့်ဖွယ် အော်ဟစ်သံတစ်ခုနှင့်အတူ ကျောက်ချမ်သည် လက်သီးတစ်ချက်ဖြင့် လုချန်၏ ဦးခေါင်းကို ရိုက်ချေလိုက်ရာ အနီရောင်၊ အဖြူရောင် အဖတ်များ မြေပြင်ပေါ်သို့ ပျံ့ကျဲသွားတော့သည်။

ဤရလဒ်အတွက် လူအများသည် အကြီးအကျယ် အံ့အားသင့်ကုန်ကြ၏။ ယခုတင်က အသာစီးရနေသော လုချန်က အနိုင်ရရှိမည်ဟု လူအများက ယူဆခဲ့ကြသည်။ မမျှော်လင့်ခဲ့သည်မှာ မျက်တောင်တစ်ခတ်အတွင်း ကျောက်ချမ်က ဦးခေါင်းကို ရိုက်ချေလိုက်ခြင်းပင်။

“ဟားဟား... တကယ်ပဲ ငါးပုပ်၊ ပုစွန်ပုပ်တွေပဲ...”

ကျောက်ချမ်သည် လုချန်၏ အလောင်းကို မပြီး ဆွဲယူကာ ရွှမ်ယွမ်ဂိုဏ်းရှိရာသို့ တည့်တည့် ပစ်ချလိုက်ပြီး ကျယ်လောင်စွာ ရယ်မောကာ ထွက်ခွာသွားသည်။

“သေမဲ့ကောင်...”

ချန်လင်းယူတို့ တစ်ဦးချင်းစီသည် မျက်လုံးများထဲတွင် ဒေါသမီးများ တဟုန်းဟုန်း တောက်လောင်လာကြသည်။

ဆွန်ယင်ယန်၏ အေးစက်သော အကြည့်သည် ချန်ရွှမ်တို့ဘက်သို့ ရောက်ရှိလာပြီး ရက်စက်စွာ ရယ်မောလိုက်သည်။

“နောက်တစ်ယောက် သေသွားပြန်ပြီ... ဒီအတိုင်း ဆက်သွားရင် ဂိုဏ်းသုံးဂိုဏ်းပေါင်းစုံ သိုင်းပညာပြိုင်ပွဲ ပြီးတဲ့အခါ မင်းတို့ ရွှမ်ယွမ်ဂိုဏ်း အပြင်စည်း ထိပ်တန်းတပည့်ဆယ်ဦးထဲက ပြန်သွားနိုင်မယ့်သူ ကျန်ပါအုံးမလားဟေ...”

အကြီးအကဲချန်ရွှမ်၏ မျက်နှာသည် သံမဏိပမာ မဲမှောင်သွားပြီး လေးနက်စွာ အမိန့်ပေးလိုက်သည်။

“ဒီအချိန်ကစပြီး အပြီးသတ် ယုံကြည်မှုမရှိရင် ဘယ်သူမှ တိုက်ပွဲ မဝင်ရဘူး...”

ယခုအခါ မျက်နှာပျက်စရာကိစ္စ မဟုတ်တော့ပေ။ ဤတပည့်များသည် ရွှမ်ယွမ်ဂိုဏ်း လူငယ်မျိုးဆက်၏ ထူးချွန်သူများ ဖြစ်သည်။ ဂိုဏ်း၏ အနာဂတ် မျှော်လင့်ချက်များပင်။

ဤအတိုင်း ဆက်လက် သေဆုံးနေပါက ဤတစ်ခါ ဂိုဏ်းသုံးဂိုဏ်းပေါင်းစုံ သိုင်းပညာပြိုင်ပွဲ၏ ခေါင်းဆောင်အဖြစ် ပြန်ရောက်လျှင် ဂိုဏ်းကို ပြန်လည်ရှင်းပြရန် မဖြစ်နိုင်ချေ။

အဋ္ဌမအဆင့် ပွဲစဉ်...

ဤပွဲစဉ်တွင် ရွှမ်ယွမ်ဂိုဏ်းတပည့်များ ရင်ဆိုင်ရသော လျှပ်ယွမ်ဂိုဏ်းတပည့်များသည် အဆင့်အတန်းအားဖြင့် သူတို့ထက် သိသိသာသာ မြင့်မားနေသည်။ မကျေနပ်သော်လည်း ရွှမ်ယွမ်ဂိုဏ်းတပည့်တို့သည် အရှုံးပေးလိုက်ကြရလေ၏။

ဤအချက်က ပရိသတ်များကို ခေါင်းခါစေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၁၁ ကြိမ်မြောက်ပွဲစဉ်ရောက်မှ ပါဝင်ရမည့် လော့ချန်ကို ချန်လှပ်လိုက်လျှင် ရွှမ်ယွမ်ဂိုဏ်းတွင် တကယ်တော်သော ကျွမ်းကျင်သူများ မရှိတော့ချေ။ ရွှမ်ယွမ်ဂိုဏ်းလူငယ်မျိုးဆက်နှင့် လျှပ်ယွမ်ဂိုဏ်း လူငယ်မျိုးဆက်တို့၏ ကွာဟချက်သည် ကောလာဟလထက်ပင် ပိုမိုကြီးမားနေသည်။

ဤတစ်ကြိမ် ဂိုဏ်းသုံးဂိုဏ်းစုံညီ သိုင်းပညာပြိုင်ပွဲသည် ရွှမ်ယွမ်ဂိုဏ်းအတွက် လူရယ်စရာတစ်ခု ဖြစ်သွားလိမ့်မည်ဟု ထင်ရသည်။

ကျိတော့ဂိုဏ်း အကြီးအကဲ ဝူးရှန်သည် မျက်လုံးများကို မှိတ်ကာ စွမ်းအင်များကို စုစည်းနေသည်။ ယခုအချိန်အထိ သူ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်သော တိုက်ပွဲတစ်ပွဲမျှ မပေါ်ထွက်သေးချေ။ ဤလူများ၏ အဆင့်အတန်းသည် ကျိတော့ဂိုဏ်းတွင် အနည်းငယ် သန်မာသော သာမန် အပြင်စည်းတပည့်များလောက်သာ ဖြစ်သည်။

လူအများ စိတ်ပျက်ငြီးငွေ့နေချိန်တွင် အဋ္ဌမအဆင့် ပွဲစဉ်လည်း ပြီးဆုံးသွားခဲ့သည်။

နဝမအဆင့် ပွဲစဉ်...

“တတိယစင်မြင့် ရွှမ်ယွမ်ဂိုဏ်း လင်ရှောင်ယွမ်နှင့် လျှပ်ယွမ်ဂိုဏ်း ဟော့ရှင်းကုန်း...”

လော့ရှာဂိုဏ်းအကြီးအကဲ၏ စကားသံဆုံးသည်နှင့် လင်ရှောင်ယွမ်သည် မျက်နှာအမူအရာ မပြောင်းလဲဘဲ ထရပ်လိုက်သည်။

“ရှောင်ယွမ်... မင်း ယုံကြည်မှု ရှိလား...”

အကြီးအကဲချန်ရွှမ်သည် မျက်နှာတင်းမာစွာဖြင့် လင်ရှောင်ယွမ်ကို ကြည့်လိုက်သည်။ သူသည် နောက်ထပ် သေဆုံးမှုများ မဖြစ်လိုတော့ပေ။

လင်ရှောင်ယွမ် ခေါင်းညိတ်လိုက်သည်။

လော့ချန်က သတိပေးသည်။

“သတိထားပါ...”

“အင်း...”

လင်ရှောင်ယွမ် ခေါင်းညိတ်ကာ ခြေလှမ်းတစ်ချက် ထိုးပြီး တတိယစင်မြင့်ပေါ်သို့ ပြတ်သားစွာ ပျံတက်သွားသည်။

“ဟင်...”

ဤမြင်ကွင်းကို တွေ့မြင်ရသော လူအများသည် အံ့အားသင့်ကုန်ကြသည်။ လင်ရှောင်ယွမ် ရင်ဆိုင်ရဲလိမ့်မည်ဟု မထင်မှတ်ထားကြချေ။

လင်ရှောင်ယွမ်သည် ရွှမ်ယွမ်ဂိုဏ်း အပြင်စည်း ထိပ်တန်းတပည့်ဆယ်ဦးတွင် အဆင့်လေးနေရာ၌ ရှိသည်။ ဟော့ရှင်းကုန်းသည်လည်း လျှပ်ယွမ်ဂိုဏ်း အပြင်စည်း ထိပ်တန်းတပည့်ဆယ်ဦးတွင် အဆင့်လေးနေရာ၌ ရှိသည်။

သို့ရာတွင် ယခုတင်က အချိန်အထိ ရွှမ်ယွမ်ဂိုဏ်းတပည့်များသည် အဆင့်တူ လျှပ်ယွမ်ဂိုဏ်းတပည့်များနှင့် တွေ့ဆုံတိုင်း မလွဲမသွေ ဆိုးရွားစွာ ရှုံးနိမ့်ခဲ့ရသည်။

အဆင့်ခုနစ်နေရာရှိ လုချန်သည်ပင် လျှပ်ယွမ်ဂိုဏ်း အဆင့်ကိုး ကျောက်ချမ်၏ လက်ချက်ဖြင့် အပြတ်အသတ် သေဆုံးခဲ့ရသည်။

လင်ရှောင်ယွမ်သည် ဤမျှ ရဲတင်းကာ စင်ပေါ် တက်တိုက်ရဲသည်မှာ... သေလမ်းကို ရှာနေခြင်းလော။

“ဟားဟား... စီနီယာဟော့... နောက်ထပ် လူတစ်ယောက် သေဖို့ ရောက်လာပြန်ပြီ... မင်း သွားပြီး ကောင်းကောင်း ဧည့်ခံလိုက်ပါ...”

ဆွန်ချွမ်ဝူသည် တိုက်ပွဲစင်မြင့်ပေါ်ရှိ လင်ရှောင်ယွမ်ကို ကြည့်ကာ ဘေးရှိ မျက်ခုံးမွေးထူသော လူငယ်ကို ပြက်ရယ်ပြုကာ ရယ်လိုက်သည်။

မျက်ခုံးမွေးထူသော လူငယ်သည် ဟော့ရှင်းကုန်း ဖြစ်သည်။ သူသည် ထရပ်ကာ လင်ရှောင်ယွမ်ကို တစ်ချက် လှည့်ကြည့်ပြီး အေးစက်စွာ ရယ်မောလိုက်သည်။

“လက်တစ်ဖက် မရှိတဲ့ မသန်စွမ်းတစ်ယောက်ပဲ... စီနီယာဆွန် စိတ်ချပါ... ဆယ်ကွက်အတွင်း ငါ သူ့ကို ကျိန်းသေပေါက် သတ်ပစ်မယ်...”

အခန်း ၃၆၁ ပြီးပါပြီ။

All Chapters