သတ်...
Vol. 25 Ch. 365
“ရွှီ...”
ဆွန်ယင်ယန်၏အသံ ထွက်ပေါ်လာချိန်နှင့် တစ်ပြိုင်နက်ဆိုသလိုပင် တောက်ပသော ဓားရောင်သည် ဆွန်ချွမ်ဝူ၏ မျက်လုံးရှေ့သို့ တိုက်ရိုက် ရောက်ရှိလာခဲ့လေပြီ။
လော့ချန် ထုတ်သုံးသည်မှာ ကောင်းကင်ယံဓားစွမ်းရည် တတိယပုံစံဖြစ်သော လျှပ်စီးဖြတ်သန်းခြင်း ဖြစ်၏။ ဤဓားသိုင်းပုံစံသည် စတုတ္ထပုံစံ မိုးကြိုးသံထက် အရှိန်အဝါ အနည်းငယ် နိမ့်သော်လည်း ကောင်းကင်ယံဓားစွမ်းရည် ပုံစံလေးမျိုးထဲတွင် အမြန်ဆုံး ဖြစ်သည်။
ဆွန်ချွမ်ဝူ သတိပြန်ဝင်လာသည်နှင့် ချက်ချင်းပင် မျက်နှာပျက်ကာ အစွမ်းကုန် ရှောင်တိမ်းလိုက်သည်။
သို့ရာတွင်...
“ဖူး...”
လေထဲတွင် တောက်ပြောင်သော သွေးစများ ပန်းထွက်လာခဲ့၏။ ဆွန်ချွမ်ဝူ ဓားကိုင်ထားသော ညာဘက်လက်သည် ဓားနှင့်အတူ လေထဲသို့ ပျံထွက်သွားခဲ့သည်။
ဤမြင်ကွင်းကို မြင်သောအခါ ပရိသတ်တို့သည် အံ့အားသင့်ကာ ဤအရာအားလုံးကို မယုံကြည်နိုင်စွာ ကြည့်နေခဲ့ကြသည်။
လက်မထုတ်ခဲ့စဉ်ကလည်း မထုတ်ခဲ့ပေ၊ ထုတ်ပြန်တော့လည်း တစ်ချက် လက်ထုတ်လိုက်သည်နှင့် တစ်ချက်ဆို ဆိုသလောက် မိုးကြိုးပမာ အရှိန်အဟုန်ဖြင့် ဆွန်ချွမ်ဝူကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည်။
ဤသည်ကား ရွှမ်ယွမ်ဂိုဏ်း အပြင်စည်း ပထမအဆင့် တပည့်ကြီး၏ တကယ့်စွမ်းအားလော။
ဆွန်ချွမ်ဝူအပေါ်တွင် တစ်ဖက်သတ် အနိုင်ယူ ချေမှုန်းလိုက်ခြင်းပင် ဖြစ်သည်။
လူအများစု၏ စိတ်ထဲတွင် အတွေးတစ်ခု တစ်ပြိုင်နက်တည်း ပေါ်လာခဲ့၏။ ဤသူသည် တကယ်ပင် အသုံးမကျသော သိုင်းဝိညာဉ် နိုးထသူ ဟုတ်ပါရဲ့လား...။
“အား.... ငါ့လက်... ငါ့လက်...”
တိုက်ပွဲစင်မြင့်ပေါ်တွင် ဆွန်ချွမ်ဝူသည် သူ၏ ညာလက်မောင်းတစ်ဖက် လေထဲသို့ ပျံထွက်သွားသည်ကို မျက်စိဖြင့် မြင်လိုက်ရသည့်အခါ ကြေကွဲဖွယ် အော်ဟစ်လိုက်ရာ မျက်နှာ အစိတ်အပိုင်းများပင် ရှုံ့မဲ့သွားခဲ့သည်။ ခေါင်းပြန်မော့လိုက်ချိန်တွင် မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့၏။
လော့ချန်က တစ်ဖန် အနားသို့ တိုးကပ်လာခဲ့ပြီ။
ပြေး...
ဆွန်ချွမ်ဝူသည် စိတ်ထဲတွင် ထိတ်လန့်တုန်လှုပ်လျက် နေရာမှလှည့်ကာ တိုက်ပွဲစင်မြင့်အပြင်ဘက်သို့ အလျင်အမြန် ပြေးထွက်သွား၏။
လော့ချန်က တစ်ဖက်လူ၏ ဆန္ဒအတိုင်း ခွင့်ပြုမည်လော...။
မြူခိုးရိပ်ခြေလှမ်းကို ထုတ်သုံးလိုက်ရာ ပုံရိပ်သည် ချက်ချင်း ပေါက်ကွဲထွက်ကာ လျှပ်တစ်ပြက်ပင် ဆွန်ချွမ်ဝူ၏ ရှေ့သို့ ရောက်လာသည်။
“မင်း ဘယ်ပြေးမလို့လဲ...”
လော့ချန်သည် မျက်ခုံးကို ပင့်ကာ အကြည့်များက အေးစက်နေသည်။ ပြင်းထန်သော သတ်ဖြတ်လိုစိတ်သည် ဆွန်ချွမ်ဝူ၏ ကိုယ်ပေါ်သို့ အားပြင်းစွာ ရိုက်ခတ်စေကာ ခြေတစ်ချက် ဘေးတိုက် ပစ်ကန်လိုက်သည်။
“ဘုန်း...”
“ဖူး...”
ဆွန်ချွမ်ဝူ၏ ကိုယ်သည် လေထဲတွင် အကြိမ်များစွာ လည်ပတ်နေပြီး ပိုးအိတ်ဟောင်းတစ်ခုပမာ တိုက်ပွဲစင်မြင့် အလယ်ဗဟိုသို့ ပြင်းထန်စွာ ပြုတ်ကျကာ သွေးများစွာ အန်ထွက်လာတော့သည်။
“မိစ္ဆာကောင်... ငါ မင်းကို သတ်မယ်......”
ဆွန်ယင်ယန် ဒေါသတကြီး အော်ဟစ်လိုက်သည်။ တစ်ကိုယ်လုံးမှ ချီစွမ်းအင်များ ရုတ်တရက် ပေါက်ကွဲထွက်လာကာ လေထဲသို့ ပျံတက်သွားပြီး လော့ချန်ကို လက်သည်းဖြင့် လေထဲမှ ဆွဲခြစ်သည်။
“ဝူး... ဝူး... ဝူး... ဝူး...”
အပြာရောင် လက်သည်းစွမ်းအင်သည် အိမ်တစ်လုံးခန့် ကြီးမားကာ လေထုကို လှုပ်ခတ်စေပြီး တစ္ဆေအော်သံများကဲ့သို့ ထွက်ပေါ်လာသည်။
“ဘုန်း...”
ထိုစဉ်မှာပင် ရုတ်တရက် နောက်ထပ် အားကောင်းသော အရှိန်အဝါတစ်ခု ထပ်မံ ပေါ်ထွက်လာသည်။ နဝမအကြီးအကဲ၏ ကိုယ်ပေါ်မှ အာဏာလွှမ်းမိုးလှသော အရှိန်အဝါသည် တိုက်ပွဲစင်မြင့်အထက်သို့ ရောက်ရှိလာပြီး လှံတစ်ချက်ဖြင့် ထို လက်သည်းစွမ်းအင်ကို ချေမှုန်းကာ ဆွန်ယင်ယန်၏ ရှေ့တွင်ရပ်ကာ တားလျက် အေးစက်စွာ ရယ်မောလိုက်သည်။
“ဆွန်ယင်ယန်... အခု ပြိုင်ပွဲက မပြီးပြတ်သေးဘူးလေ... မင်း ဝင်ရောက်စွက်ဖက်ဖို့ အလှည့်မရောက်သေးဘူး...”
“ဒါနဲ့... ခုနက ဘယ်သူပြောခဲ့တာလဲ... လျှပ်ယွမ်ဂိုဏ်း တပည့် အသတ်ခံရရင် ဘာမှ မပြောဘူးလို့...”
အချိန်ကြာမြင့်စွာ မကျေနပ်ချက်များကို ခံစားခဲ့ရပြီး ယခု အခွင့်အရေးရသော် နဝမအကြီးအကဲက လက်လွတ်ခံမည် မဟုတ်ချေ။ စကားလုံးတိုင်းတွင် ပြောင်လှောင်သံများ ပါဝင်နေပြီး ဆွန်ယင်ယန်၏ ယခုတင်က စကားများကို တိုက်ရိုက် ထုတ်ပြောလိုက်သည်။
ဆွန်ယင်ယန်သည် ဒေါသတကြီးဖြင့် မျက်လုံးများ ပြူးကျယ်နေပြီး အံကိုကြိတ်လျက် ပြောသည်။
“ဖယ်စမ်း... ဒီပွဲက အနိုင်အရှုံး ပြတ်ပြီးပြီ... အခု ရပ်လိုက်ရင်တောင် အချိန်မီသေးတယ်... မဟုတ်ရင်တော့ နောက်ဆက်တွဲ ပြဿနာကို ကိုယ့်ဘာသာ ခံစားရလိမ့်မယ်......”
နဝမအကြီးအကဲက ပြင်းထန်စွာ ရယ်မောလိုက်သည်။
“ဟား... ဟား... ဟား... ရယ်စရာပဲ... မင်းတို့က ငါတို့ ရွှမ်ယွမ်ဂိုဏ်း တပည့်ကို သတ်လို့ရပြီး... ငါတို့ကျတော့ မင်းတို့လူကို မသတ်ရဘူးတဲ့လား... ငါ မင်းကို လူခေါ်သွားခွင့်ပေးလိုက်ရင် ငါတို့ ရွှမ်ယွမ်ဂိုဏ်း ဘယ်လို မျက်နှာနဲ့ ရပ်တည်ရတော့မှာလဲ...”
“ပါးစပ်ပိတ်ထား...”
ဆွန်ယင်ယန် ဒေါသတကြီး ပြောသည်။
“မင်းတို့ ရွှမ်ယွမ်ဂိုဏ်းက အသုံးမကျတဲ့ကောင်တွေနဲ့ ငါ့သားကို ဘယ်လိုလုပ် နှိုင်းယှဉ်လို့ ရမှာလဲ... ဘယ်သူက သူ့ကို ထပ်ပြီး ထိရဲလဲ... သေသည်အထိပဲ... ဖယ်စမ်း...”
ဆွန်ယင်ယန်သည် လော့ချန်က ဆွန်ချွမ်ဝူဆီသို့ ထပ်မံ ချဉ်းကပ်သွားသည်ကို မြင်သောအခါ နောက်ထပ် မခံနိုင်တော့ဘဲ တစ်ကိုယ်လုံးမှ အရှိန်အဝါများ တိုးတက်လာကာ လက်ဖဝါးတစ်ချက်ဖြင့် နဝမအကြီးအကဲကို ရိုက်ချလိုက်သည်။
“ဘုန်း...”
ကြီးမားသော ချီစွမ်းအင်သည် ဧရာမလက်ဖဝါးအဖြစ်သို့ ပြောင်းလဲသွားပြီး လမ်းတစ်လျှောက်လုံး နင်းချေလာသည်။ ဖြတ်သန်းသွားသည့်နေရာတိုင်းတွင် လေဟာနယ်များ အလွှာလိုက် ပေါက်ကွဲထွက်သွားတော့သည်။
“မင်း လုပ်ရဲတယ်လား...”
နဝမအကြီးအကဲ ဒေါသတကြီး ဖြစ်ကာ ပြန်လည် တုန့်ပြန်ရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် အသံတစ်ချက် ထွက်ပေါ်လာသည်။
“ရွှီ...”
ရွှေရောင် တောက်ပသော လက်ညှိုးစွမ်းအင်တစ်ခုသည် ဖောက်ထွက်လာပြီး ဧရာမချီစွမ်းအင်လက်ဖဝါးကို ချက်ချင်း ချေမှုန်းလိုက်သည်။
ဦးဆောင်နေရာတွင် ထိုင်နေသော ဝူးရှန်အကြီးအကဲသည် မည်သည့်အချိန်က မျက်လုံးဖွင့်လိုက်သည်မသိဘဲ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“ငါ ပြောပြီးပြီ... ဘယ်သူမှ ပြိုင်ပွဲကို နှောင့်ယှက်ခြင်း မပြုရဘူး...”
ဆွန်ယင်ယန်သည် လော့ချန်ကို လက်ညှိုးထိုးကာ စိတ်မထိန်းနိုင်ဘဲ သွေးပျက်စွာ အော်ဟစ်လိုက်သည်။
“ဝူးရှန်အကြီးအကဲ... အဲဒီ လော့ချန်ဆိုတဲ့ မိစ္ဆာကောင်က လှည့်စားတာပါ... သူက ထုံရွှမ်နယ်ပယ် တတိယအဆင့် အထွတ်အထိပ် အဆင့် ရှိတယ်... ဒါကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားတာ... သူ့စိတ်ထားက ရက်စက်လွန်းတယ်... ဒီအပြင် ဒီပွဲက အနိုင်အရှုံး ပြတ်ပြီးပြီ...”
“ဟွန်း...”
ဝူးရှန်အကြီးအကဲက အေးစက်စွာ နှာမှုတ်လိုက်သည်။ မျက်လုံးများက စူးရှနေသည်။
“ဘာလဲ... မင်း ငါ့ကို သင်ပေးနေတာလား...”
“ဖူး...”
ဆွန်ယင်ယန်သည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ သွေးတစ်လုတ် အန်ထွက်ကာ နောက်သို့ ဆက်တိုက် ဆုတ်သွားရသည်။
ပတ်ဝန်းကျင်မှ ကြည့်ရှုသူများ အံ့အားသင့်သွားကြသည်။
မာန်ထောင်လွှားခဲ့သော လျှပ်ယွမ်ဂိုဏ်း အကြီးအကဲ ဆွန်ယင်ယန်ပင်လျှင် အကြည့်တစ်ချက် ဖိအားဖြင့် သွေးအန်သည်အထိ ဖြစ်သွားရသည်။
ဤသည်မှာ မည်မျှ အင်အားကြီးမားသော စွမ်းအားနည်း။
သေချာသည်မှာ သွေးကြောနိုးကြားမှုနယ်ပယ်ကို ကျော်လွန်၍ တိုင်းတာ၍မရနိုင်သော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဆွန်ယင်ယန်သည် ယခု ဘာပြောပြော အသုံးမဝင်တော့ကြောင်း သိလိုက်ရ၏။ စွမ်းအားသည် အမှန်တရားဖြစ်ပြီး အရာအားလုံး ဖြစ်သည်။ တစ်ဖက်လူက သူ့ကို သတ်ချင်လျှင် လက်ညှိုးတစ်ချက် လှုပ်ရုံသာ လိုသည်။
ထို့အပြင် ဂိုဏ်းနှစ်ခု တိုက်ခိုက်ခြင်းကို သူကိုယ်တိုင် ပါးစပ်မှ ကတိပေးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် လော့ချန်ဘက်သို့ အကြည့်လှည့်ကာ ရက်စက်စွာ စိုက်ကြည့်လျက် အော်ဟစ်လိုက်သည်။
“မိစ္ဆာကောင်... မင်း ဒီနေရာမှာ ရပ်ဖို့ ငါ ပြောနေတယ်... မီးမလောင်ခင် သတိထားစမ်း... ဒီအကျိုးဆက်ကို မင်း မခံနိုင်ဘူး... ကိုယ့်ကိုယ်ကိုယ် သေလမ်းကို မရွေးနဲ့...”
ဆွန်ချွမ်ဝူ၏ မျက်နှာသည် ဖြူဖျော့လျက် မြေပေါ်တွင် လဲလျောင်းနေသည်။ တစ်ကိုယ်လုံး သွေးများဖြင့် စိုရွှဲနေပြီး အသက်ပင် မနည်း ရှူနေရသည်။
လော့ချန်သည် တစ်လှမ်းချင်း လျှောက်သွားကာ ဆွန်ချွမ်ဝူ၏ ကိုယ်ပေါ်သို့ ခြေတစ်ဖက် နင်းချလိုက်ပြီး ဆွန်ယင်ယန်ကို မော့ကြည့်သည်။
“မင်းတို့က အရင်ဆုံး ငါ့ကိုသတ်ဖို့ ဆုငွေတောင် ထုတ်ခဲ့ကြတယ်... အခုမှ ငါ့ကို မီးမလောင်အောင် သတိထားပါလို့ အကြံပေးနေတာလား...”
ဆွန်ယင်ယန်သည် လော့ချန်က ဤအကြောင်း သိနေလိမ့်မည်ဟု မထင်ထားခဲ့သည့်အတွက် ချက်ချင်း ကွက်ခနဲ မျက်နှာပျက်ကာ အေးစက်စွာ ပြောသည်။
“မင်းက လူတော်တစ်ယောက်ပါ... ရပ်သင့်တဲ့နေရာမှာ ရပ်ဖို့ အတိုင်းအတာကို သိသင့်တယ်... မင်း သူ့ကို တစ်ချက်ထပ်ထိရင် ငါ ကျိန်ဆိုတယ်... မင်း သေရမယ်... မင်းရဲ့ အသုံးမကျတဲ့ ဖခင်နဲ့ မိသားစုပါ အကုန် သေရလိမ့်မယ်... အဲဒီအချိန်ကျမှ မင်း နောင်တရနေလို့ ဘာမှ မထူးတော့ဘူး...”
“မြန်မြန် လွှတ်လိုက်စမ်း...”
ဆွန်ချွမ်ဝူသည် အားကုန် ရုန်းကန်ကာ အံကိုကြိတ်လျက် လော့ချန်ကို ပြောသည်။
“မင်း မင်းတို့ မိသားစုတစ်စုလုံးကို မင်းနဲ့အတူတူ သေစေချင်တာလား...”
ဆွန်ချွမ်ဝူသည် လော့ချန်က သူ့ကို တကယ် သတ်ရဲလိမ့်မည်ဟု မယုံကြည်ခဲ့ချေ။ ဂိုဏ်းသုံးဂိုဏ်း ပြိုင်ပွဲ ပြီးသွားလျှင် လော့ချန်ကို အဆပေါင်း ရာထောင်ချီအောင် ပြန်ပေးဆပ်စေမည်ဟု စိတ်ထဲတွင် ဆုံးဖြတ်ထားသည်။ ဤကား သူ့ကို ထိပါးသူ၏ အကျိုးဆက်ပင်။
“ဟုတ်လား...”
လော့ချန်သည် ဆွန်ယင်ယန်ကို စိုက်ကြည့်ကာ အကြည့်များက အေးစက်စူးရှနေသည်။
ဆွန်ယင်ယန်က ဖခင်အကြောင်း မပြောခဲ့လျှင် တော်သေးသည်။ ယခုမူ ဖခင်အကြောင်း ထည့်သွင်းပြောဆိုလိုက်ရာ သူ၏ နှလုံးသားထဲက ဒေါသသည် မီးတောင်ပေါက်ကွဲသကဲ့သို့ ဖြစ်သွားပြီး သွေးပူများ ဆူပွက်ခဲ့၏။
“ဖြတ်...”
“ဖူး...”
အနီရောင်မီးလျှံဓားကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ ဆွန်ချွမ်ဝူ၏ ဘယ်ဘက်လက်မောင်းတစ်ခုလုံး ချက်ချင်း ပိုင်းဖြတ်ခံလိုက်ရသည်။
“အား... မင်းက ရူးနေတာပဲ... အရူး... ဖေဖေ... ကယ်ပါဦး... မြန်မြန် ကယ်ပါဦး...”
ဆွန်ချွမ်ဝူသည် ဆက်တိုက် အော်ဟစ်နေသည်။ ယခင်က ရဲစွမ်းသတ္တိများ ပျောက်ကွယ်သွားပြီး ခန္ဓာကိုယ်ကို တွန့်လိမ်လှုပ်ရှားကာ ဆွန်ယင်ယန်ကို ငိုယိုအော်ဟစ် အကူအညီတောင်းနေသည်။
ကြည့်ရှုသူအားလုံး တုန်လှုပ်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
မည်သူမျှ မထင်ထားခဲ့ချေ... လော့ချန်သည် ဤမျှ ရဲရင့်ကာ ရက်စက်သော နည်းလမ်းများကို သုံးရဲလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ကြချေ။ အထူးသဖြင့် ဆွန်ယင်ယန်၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရချိန်တွင်ပင် လက်စွမ်းပြရဲသေးသည်။ ဤသည်မှာ ပြောင်ပြောင်တင်းတင်း စိန်ခေါ်မှုပင်။
ချန်လင်းယူတို့လည်း ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။ မယုံနိုင်လောက်အောင်ပင်... ဤမျှသေးငယ်သော ခန္ဓာကိုယ်ထဲတွင် ဤမျှ ကြီးမားသော သတ္တိမျိုး ရှိရသည်တဲ့လား။
ဆွန်ယင်ယန်၏ မျက်နှာသည် ပြင်းထန်စွာ တုန်ယင်သွားသည်။ မျက်လုံးကျဉ်းလေးတစ်စုံသည် လော့ချန်ကို စူးစူးစိုက်စိုက် စိုက်ကြည့်ကာ အတွင်းမှ စူးရှမှုသည် သံချွန်များကဲ့သို့ ဖြစ်ပြီး ဒေါသပေါက်ကွဲစွာ ပြောသည်။
“မိစ္ဆာကောင်... ငါ ခုနက ပြောခဲ့တဲ့ စကားကို မင်း မကြားဘူးလား...”
“အိုး... ကြားတာပေါ့... သိပ်ကြားတာပေါ့... သနားစရာက... မင်း ဘယ်လိုပဲ တောင်းပန်နေရင်တောင်... ဒီနေ့တော့ သူ အသက်ရှင်ဖို့ လမ်းမရှိတော့ဘူး...”
လော့ချန် ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲကို လာခဲ့ခြင်းသည်ကပင် ဤအခိုက်အတန့်အတွက် မဟုတ်ပါလား။ သူက ဆွန်ချွမ်ဝူကို အဘယ့်ကြောင့် လွှတ်ပေးနိုင်မည်နည်း။
အေးစက်စွာ ရယ်လိုက်ကာ လော့ချန်၏ ကိုယ်တွင်းရှိ ချီစွမ်းအင်နန်းတော် ကိုးခုသည် ပြင်းထန်စွာ လည်ပတ်သွားသည်။ တစ်ကိုယ်လုံး စွမ်းအားကို စုစည်းကာ ခြေထောက်ဖြင့် အားကုန် နင်းချလိုက်သည်။
“ဒုန်း... ဗျစ်... ဗျစ်... ဗျစ်...”
ပေါင်ချိန် နှစ်သန်းကျော်ရှိသော အင်အားသည် ဆွန်ချွမ်ဝူ၏ ကိုယ်ပေါ်သို့ ပြင်းထန်စွာ ပိကျလာရာ သူ့တစ်ကိုယ်လုံးရှိ အရိုးများနှင့် အတွင်းကလီစာများ အားလုံး စိစိညက်ညက် ကြေမွသွားတော့သည်။
“ဖူး...”
ဆွန်ချွမ်ဝူသည် မိုးပေါ်သို့ သွေးတစ်လုတ် အန်ထွက်သွားလေသည်။ ထို့နောက် တစ်ဆက်တည်းမှာပင် သူ၏ မျက်လုံး၊ နား၊ နှာခေါင်း၊ ပါးစပ် ဒွါရခုနစ်ပေါက်မှ သွေးများ ယိုစီးလာ၏။ မျက်လုံးများသည် လော့ချန်ကို စူးစူးစိုက်စိုက် စိုက်ကြည့်ကာ နှုတ်ခမ်းများ တုန်ယင်နေသည်။ တစ်ခုခု ပြောရန် အားထုတ်နေသည်ပင်။
လော့ချန်က သူ့ကို တကယ် သတ်ရဲလိမ့်မည်ဟု သူ မယုံကြည်နိုင်ခဲ့ချေ။
မည်သည့်အတွက် သူ့ကို သတ်ရဲရ သနည်း။
သေဆုံးမည့် တစ်ခဏတွင် ဆွန်ချွမ်ဝူသည် ခြောက်လအကြာက လော့ချန်ကို ပထမဆုံး မြင်တွေ့ခဲ့သည့် အခိုက်အတန့်သို့ မှတ်မှတ်ရရ ပြန်လည် အမှတ်ရလိုက်သည်။
ထိုအချိန်က သူသည် မီးငှက်ကြီး၏ ကျောပေါ်တွင် ရပ်နေခဲ့ပြီး အလွန် အထက်စီးဆန်နေခဲ့သည်။ လော့ချန်သည် သူ၏ မျက်စိထဲတွင် ဖုန်မှုန့်သာသာ... ပုရွက်ဆိတ်မျှသာ ဖြစ်သည်။
တစ်ချက်ပင် ပိုကြည့်စရာ မလိုခဲ့ချေ...။
အခန်း ၃၆၅ ပြီးပါပြီ။