ပါးရိုက်ခြင်း၊ ထိပ်တန်းရင်ဆိုင်တိုက်ခိုက်မှု
Vol. 25 Ch. 371
တောင်ထိပ်တစ်ခုလုံး အသက်ရှူချိန် သုံးလေးကြိမ်ခန့်အထိ တိတ်ဆိတ်သွား၏။
ထို့နောက် ဆူညံသံများ ကောင်းကင်သို့ ထိုးတက်လာသည်။
“တကယ်ပဲ ဓားသုံးချက်တည်းနဲ့ ဖေ့ကျွယ်ကို သတ်လိုက်တာ... ဒါ အရမ်းကြောက်စရာကောင်းတာပဲ...”
“မဟုတ်ဘူး... ပထမအကွက်က စမ်းသပ်ရုံပဲ။ တိတိကျကျဆိုရင် ဓားနှစ်ချက်တည်းပဲ... ဓားနှစ်ချက်နဲ့ ဖေ့ကျွယ်ကို ချက်ချင်းအနိုင်ယူလိုက်တာ...”
“အရမ်းကို ထူးဆန်းလွန်းတယ်... လုံးဝ မယုံနိုင်စရာပဲ...”
“သူ တကယ်ပဲ အသုံးမကျတဲ့သိုင်းဝိညာဉ် နိုးကြားထားတာလား... မဖြစ်နိုင်ဘူး...”
လူအများက လော့ချန်ကို ကြည့်ကာ မျက်လုံးများ ပြူးကျယ်လျက် မယုံကြည်နိုင်စွာ ဖြစ်နေကြသည်။
ဖေ့ကျွယ်၏ စွမ်းအားကို လူတိုင်း မြင်တွေ့ထားကြပြီး ဖြစ်သည်။ လူနှင့်ဓားတစ်သားတည်း အလယ်အဆင့်ကို နားလည်သဘောပေါက်ပြီး နတ်တံတားကို တည်ဆောက်ခဲ့သူဖြစ်သည်။ သူသည် သာမန် အင်အားကြီးသူတစ်ယောက် မဟုတ်ချေ။
လူအများတို့က ဖေ့ကျွယ်သည် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့်တစ် သန်မာသူများနှင့် ယှဉ်ပြိုင်နိုင်သည့် စွမ်းအားရှိသည်ဟု ယူဆခဲ့ကြသည်။
ဤတိုက်ပွဲမတိုင်မီက လော့ချန်သည် ဖေ့ကျွယ်၏ ပြိုင်ဘက် ဖြစ်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ပေ။ ဤသုံးဂိုဏ်းပြိုင်ပွဲတွင် တတိယနေရာသည် ဖေ့ကျွယ်၏ လက်ထဲ ရောက်နှင့်ပြီးဖြစ်သည်ဟု ယူဆထားကြသည်။
ရလဒ်အနေဖြင့် ဓားနှစ်ချက်တည်းနှင့် ဖေ့ကျွယ် အသတ်ခံလိုက်ရသည်။ အတိအကျ ဆိုရလျှင် အဆုံးစွန်သတ်ဖြတ်ကွက်ကို ထုတ်သုံးပြီးသည့်နောက်မှာပင် ဓားတစ်ချက်တည်းနှင့် ချက်ချင်းအနိုင်ယူခံလိုက်ရခြင်း ဖြစ်သည်။
ဤသို့သော ကမ္ဘာမြေပြောင်းပြန်လှန်သည့် အံ့အားသင့်ဖွယ် ပြောင်းလဲမှုသည် လူအများအား ထိတ်လန့်တုန်လှုပ်စေခဲ့သည်။
ယန်ချင်းရှုံးလည်း အနည်းငယ် တောင့်တင်းသွားပြီး လော့ချန်ကို စူးစိုက်ကြည့်ကာ မျက်လုံးများက တောက်ပလျက်ရှိသည်။ သူမသည် ဖြစ်နိုင်ခြေများစွာ တွေးတောခဲ့သော်လည်း လော့ချန်က ဖေ့ကျွယ်၏ မလွဲမရှောင်သာ သေစေနိုင်သည့် ဓားတစ်ချက်ကို ရင်ဆိုင်ကာ မထင်မှတ်ဘဲ ပြောင်းပြန်အနိုင်ယူနိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
စင်မြင့်ထက်ရှိ ကျိတော့ဂိုဏ်းမှ အကြီးအကဲဝူးရှန်၏ မျက်လုံးများတွင် ချီးကျူးမှု အရိပ်အယောင်များ ပေါ်ထွက်လာသည်။
“စစ်မှန်တဲ့ ဓားပညာဆိုတာ ဓားတစ်ချက်တည်းနဲ့ ချက်ချင်းသတ်ဖြတ်ခြင်းပဲ။ အသက်အရွယ်ငယ်ငယ်နဲ့ ဒီလို အမြင်ရှိသူဟာ ဓားသိုင်းပညာထူးချွန်သူ ဖြစ်တယ်...”
သူသည် ထိပ်တန်းဓားပညာရှင်များစွာကို မြင်တွေ့ဖူးသူ ဖြစ်သည်။ ထိုလူများ၏ တိုက်ခိုက်မှုများသည် လျင်မြန်ခြင်း၊ တိကျခြင်း၊ ရက်စက်ခြင်းတို့ကို ဦးတည်ပြီး ဓားတစ်ချက်ဖြင့် ချက်ချင်းသတ်ဖြတ်ရန် ကြိုးစားကြသည်။ ဤသည်ကား ဓားသမားများ၏ အမှန်တကယ် ကြောက်မက်ဖွယ်ရာ အမှတ်အသား ဖြစ်သည်။ ဤလူများကို ရင်ဆိုင်ရာတွင် အနည်းငယ်မျှ သတိလွတ်သွားပါက ချက်ချင်း ခန္ဓာကိုယ်နှင့် ဦးခေါင်း ခွဲထွက်သွားမည်ဖြစ်သည်။
ဖေ့ကျွယ်၏ နောက်ဆုံးအခြေအနေကဲ့သို့ပင် ဖြစ်သည်။ ဖေ့ကျွယ်ကဲ့သို့သော လှပမှုနှင့် တန်ဆာဆင်အပ်သည့် ဓားသိုင်းကွက်ကို အလွန်အမင်းလိုက်စားသူသည် လမ်းမှားသို့ ရောက်ရှိနေသည်မှာ ထင်ရှား၏။
“ဓားနှစ်ချက်နဲ့ ဖေ့ကျွယ်ကို ချက်ချင်းအနိုင်ယူလိုက်တယ်... လော့ချန်က ဘယ်အချိန်ကစပြီး ဒီလောက်သန်မာလာတာလဲ...”
ချန်လင်းယူနှင့် လင်ရှောင်ယွမ်တို့သည် နက်ရှိုင်းစွာ အသက်ရှူသွင်းလျက် တစ်ဦးနှင့်တစ်ဦး ကြည့်လိုက်ကြသည်။ မူလက သူတို့သည် လော့ချန်ကို ကောင်းကောင်းနားလည်သည်ဟု ထင်မှတ်ခဲ့ကြသည်။ ယခုမှသာ လော့ချန်၏ စွမ်းအားကို လုံးဝမသိရှိခဲ့ကြောင်း တွေ့ရှိလိုက်ရသည်။
အကြီးအကဲချန်ရွှမ်နှင့် အခြားသူများသည်လည်း အလွန်အမင်း အံ့အားသင့်လျက်ရှိကြသည်။
နဝမအကြီးအကဲသည် သတိပြန်ဝင်လာပြီး ရင်ထဲမှ အားရပါးရ ရယ်မောလိုက်သည်။ မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ ပြည့်နှက်နေပြီး ဆွန်ယင်ယန်ကို လှည့်ကြည့်လိုက်သည်။
“ဆွန်ယင်ယန်... မင်းတို့ လျှပ်ယွမ်ဂိုဏ်းတပည့်တွေက သိပ်ညံ့ပါလား... အခုဆို သုံးယောက်တောင် သေသွားပြီ...”
ဆွန်ယင်ယန်၏ မျက်နှာသည် တင်းမာသွားပြီး မျက်လုံးထောင့်များသည် ပြင်းပြင်းထန်ထန် တွန့်သွားကာ သူ၏ ခန္ဓာကိုယ်မှ အရှိန်အဝါများ ပွက်ပွက်ဆူလာသည်။ အကယ်၍ ဖြစ်နိုင်ပါက သူသည် ယခုချက်ချင်း စင်မြင့်ပေါ်သို့ တက်ကာ လော့ချန်ကို အရှင်လတ်လတ် ဆွဲဆုတ်ပြီး ဆွန်ချွမ်ဝူအတွက် လက်စားချေလိုသည်။
ဆွန်ယင်ယန်၏ စိတ်ပျက်လက်ပျက်အမူအရာကို တွေ့လိုက်ရသောအခါ နဝမအကြီးအကဲသည် စိတ်ထဲတွင် ကျေနပ်လာပြီး မျက်နှာပေါ်တွင် ပြုံးရွှင်မှုဖြင့် ဆက်ပြောသည်။
“ဟုတ်သားပဲ... ပြိုင်ပွဲမတိုင်ခင်က ငါတို့ ရွှမ်ယွမ်ဂိုဏ်း အဆင့်ငါးနေရာတောင် မဝင်နိုင်ဘူးလို့ ပြောခဲ့တဲ့သူက ဘယ်သူလဲ... အခုတော့ ဘယ်လိုလဲ...”
ဆွန်ယင်ယန်၏ မျက်နှာသည် ပို၍ ပင် မည်းမှောင်လာသည်။ သူသည် ရွှမ်ယွမ်ဂိုဏ်းကို အပြင်စည်းပြိုင်ပွဲတွင် အဆင့်ငါးနေရာတောင် မဝင်နိုင်အောင် လုပ်မည်ဟု ကြွေးကြော်ခဲ့ဖူးသည်။ ယခုမူ လော့ချန်က ဖေ့ကျွယ်ကို အနိုင်ယူခဲ့ပြီး အဆင့်သုံးနေရာတွင် ဝင်ရောက်ရန် ကျိန်းသေပေါက်ဖြစ်နေသည်။
ဤစကားများသည် လူအများရှေ့တွင် သူ့ကို ပါးရိုက်လိုက်ခြင်းနှင့် မခြားပေ။ ဝန်ခံရန်လည်း စကားမရှိဘဲ အောင့်သက်သက် ခံနေရသည်။ ဤဘဝတွင် ဆွန်ယင်ယန်သည် ဤမျှ ရှက်စရာကောင်းသည့် အဖြစ်မျိုးကို တစ်ခါမျှ မကြုံဖူးခဲ့ချေ။
နက်ရှိုင်းစွာ အသက်ရှူသွင်းပြီး ဆွန်ယင်ယန်သည် ရင်ထဲမှ ပေါက်ကွဲလုနီးပါးဖြစ်နေသော ဒေါသကို ဖိနှိပ်လိုက်သည်။ ထို့နောက် ဟွာကျင်းယန်ကို လှည့်ကာ နိမ့်သောအသံဖြင့် အော်ဟစ်လိုက်သည်။
“ဟွာကျင်းယန်... မင်း မဖြစ်မနေ လော့ချန်ကို သတ်ရမယ်... ဘယ်လိုပဲဖြစ်ဖြစ် သူ့ကို မဖြစ်မနေ သတ်ကို သတ်ရမယ်...”
ဟွာကျင်းယန်သည် စင်မြင့်ပေါ်ရှိ လော့ချန်ကို ကြည့်ကာ ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။
“အကြီးအကဲ စိတ်ချပါ... ကျွန်တော်နဲ့တွေ့ရင် သူ သေချာပေါက် အသက်မရှင်စေရဘူး...”
ဟွာကျင်းယန်၏ လေသံသည် ပေါ့ပါးသော်လည်း မငြင်းနိုင်သော ယုံကြည်ချက်ကို ထုတ်ဖော်ပြသသည်။ လော့ချန်ကို သတ်ဖြတ်ခြင်းသည် သူ့အတွက် ခန္ဓာကိုယ်ပေါ်မှ ဖုန်မှုန့်တစ်စကို ဖယ်ရှားလိုက်ခြင်းကဲ့သို့ အလေးထားစရာ မဟုတ်ချေ။
ရှူးခနဲ ပုံရိပ်တစ်ခု လှုပ်ရှားသွားပြီး လော့ချန်သည် မူလနေရာသို့ ပြန်ရောက်လာသည်။
နဝမအကြီးအကဲသည် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“ဟား... ဟား... လော့ချန်... မင်း ငါတို့ကို ကြီးကြီးမားမား အံ့အားသင့်စေခဲ့တာပဲ... ဖေ့ကျွယ်ကို သတ်ဖြတ်လိုက်ပြီဆိုတော့ ငါတို့ ရွှမ်ယွမ်ဂိုဏ်းက အဆင့်သုံးနေရာကို ကျိန်းသေ ဝင်ရောက်နိုင်ပြီ... ငါ ပြောခဲ့ဖူးတယ်... မင်း အဆင့်သုံးနေရာ ဝင်နိုင်ရင် ငါ မင်းကို ဆုချမယ်ဆိုတာလေ... မင်း လိုချင်တာကို ပြော...”
လော့ချန်က ပေါ့ပေါ့ပါးပါး ရယ်မောလျက် ဆိုသည်။
“နဝမအကြီးအကဲ... ဒီကိစ္စအတွက် အလျင်စလို မလုပ်ပါနဲ့... နောက်ဆုံးနေရာကို ယူပြီးမှ ပြောကြတာပေါ့...”
“ဘာ... ဘယ်လို...”
နဝမအကြီးအကဲ အနည်းငယ် တောင့်တင်းသွားပြီး လော့ချန်၏ ဆိုလိုရင်းကို နားမလည်ခဲ့ချေ။
အကြီးအကဲချန်ရွှမ် မျက်လုံးများ တောက်ပလာကာ လော့ချန်ကို ကြည့်လိုက်သည်။
“မင်း ပထမ ဒါမှမဟုတ် ဒုတိယနေရာကို ယူဖို့ ယုံကြည်ချက် ရှိနေတာလား...”
ဤစကားကို ကြားလိုက်ရသည်နှင့် လူအများ အံ့ဩသွားကြပြီး အကြည့်များက လော့ချန်ဆီသို့ စုစည်းရောက်ရှိလာသည်။
လော့ချန်က တည်တည်ငြိမ်ငြိမ်ပင် ဆိုလိုက်သည်။
“ကျွန်တော့်ရဲ့ ပန်းတိုင်က အစကတည်းက ပထမနေရာပါ...”
“ပထမနေရာ...”
နဝမအကြီးအကဲသည် လေကို အေးစက်စွာ ရှူသွင်းလိုက်သည်။ ရိုးသားစွာ ပြောရလျှင် လော့ချန်က ဖေ့ကျွယ်ကို သတ်ဖြတ်ခဲ့သည့်တိုင် သူသည် ဤသို့သော အတွေးကို မရှိခဲ့ချေ။ ပို၍တိကျစွာဆိုရလျှင် တွေးရဲခဲ့ခြင်း မရှိချေ။
ယခုတိုက်ပွဲများအရ ကြည့်လျှင် ဟွာကျင်းယန်ဖြစ်စေ၊ ယန်ချင်းရှုံးဖြစ်စေ ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းရည်မှာ ထူးချွန်အဆင့်သို့ ရောက်နေသည်။ သူတို့သည် အစွမ်းကုန် မထုတ်ရသေးသော်လည်း တိုက်ခိုက်ရေးစွမ်းရည်မှာ ထုံရွှမ်နယ်ပယ်ကို ခပ်ဝေးဝေးကျော်လွန်ကာ သွေးကြောနိုးကြားမှုနယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
အကြီးအကဲချန်ရွှမ် မျက်မှောင်ကြုတ်လိုက်ပြီး လော့ချန်ကို လေးနက်စွာ ကြည့်လိုက်သည်။
“လော့ချန်... ငါ မင်းကို သံသယဖြစ်နေတာ မဟုတ်ပါဘူး... ဒါပေမဲ့ ဒီကိစ္စက အသက်နဲ့ဆိုင်တယ်... မင်း လုံးဝ လျှော့မတွက်သင့်ဘူး...”
“မင်း ယန်ချင်းရှုံးနဲ့ တွေ့ရင် ကိစ္စမရှိပေမဲ့... တကယ်လို့ ဟွာကျင်းယန်နဲ့ တွေ့ရင် သူ မင်းကို လုံးဝ သက်ညှာမှာ မဟုတ်ဘူး...”
လော့ချန်သည် ယုံကြည်မှုရှိစွာ ရယ်လိုက်သည်။
“ဆရာ... စိတ်ချပါ... ကျွန်တော် မတတ်နိုင်တာကို မလုပ်ပါဘူး...”
လော့ချန်၏ တည်ကြည်စွာ ပြောဆိုမှုကို မြင်သောအခါ အကြီးအကဲချန်ရွှမ် အနည်းငယ် ထိတ်လန့်သွားပြီး စိတ်ထဲတွင် အတွေးတစ်ခု ဖြတ်သွားသည်။
‘ဖြစ်နိုင်မလား... ဒါပေမဲ့... ဒါက လုံးဝ မဖြစ်နိုင်သေးဘူးမလား...’
လော့ချန်နှင့် ဖေ့ကျွယ်တို့၏ တိုက်ပွဲပြီးနောက် ပရိသတ်တို့၏ မျက်နှာအမူအရာများ ပို၍ စိတ်လှုပ်ရှားလာကြသည်။ ဤအဆင့်သို့ ရောက်ရှိလာချိန်တွင် ရှေ့ဆုံးသုံးဦးကို ရွေးချယ်ပြီး ဖြစ်သည်။
ဟွာကျင်းယန်၊ ယန်ချင်းရှုံးနှင့် လော့ချန်တို့ပင်။
ကျန်ရှိသော တိုက်ပွဲနှစ်ခုသည် ဤသုံးဦးကြားက အဆင့်အတန်းခွဲခြားမည့် အထွတ်အထိပ် ရင်ဆိုင်မှု ဖြစ်သည်။
လူအများတို့ စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေချိန်တွင် ၁၃ ကြိမ်မြောက်ပွဲစဉ်များလည်း ပြီးဆုံးသွားသည်။
၁၄ ကြိမ်မြောက် ပွဲစဉ် စတင်သည်...
ပထမဆုံးပွဲမှာ လော့ချန်ပင်။
သူ၏ ပြိုင်ဘက်မှာ လော့ရှာဂိုဏ်းမှ ဒုတိယတပည့် ရှာဝမ်ချင်း ဖြစ်သည်။ ရှာဝမ်ချင်းသည် လော့ချန်ကို တစ်ချက်ကြည့်ပြီးနောက် တိုက်ရိုက် အရှုံးပေးလိုက်သည်။
လော့ချန်နှင့် ဖေ့ကျွယ်တို့ မတိုက်ခိုက်မီက ရှာဝမ်ချင်းသည် လော့ချန်ကို အနိုင်ယူရန် ယုံကြည်ချက်အပြည့်ရှိခဲ့သည်။ လော့ချန်က ဖေ့ကျွယ်ကို ဓားတစ်ချက်ဖြင့် သတ်ဖြတ်လိုက်ခြင်းက သူမ၏ မျှော်လင့်ချက်အားလုံးကို ဖြိုဖျက်ပစ်လိုက်သည်။
နောက်ပွဲစဉ်...။
လော့ရှာဂိုဏ်းမှ အကြီးအကဲပိကျိုးရွှေ ကိုယ်တိုင် ထရပ်ကာ အမည်များကို ကြေညာသည်။
“လော့ရှာဂိုဏ်းမှ ယန်ချင်းရှုံးနှင့် လျှပ်ယွမ်ဂိုဏ်းမှ ဟွာကျင်းယန်...”
ဘုန်းခနဲ အသံထွက်ပေါ်လာပြီး လေထုလှိုင်းများ ကောင်းကင်သို့ ထိုးတက်သည်။ ကျင်းယူတောင်ထိပ်တစ်ဝိုက်ရှိ တိမ်တောင်များပင် တုန်ခါသွားပြီး လေဟာနယ်တွင် ပါးလွှာသော လှိုင်းများ ဖြစ်ပေါ်လာသည်။
လူအများ၏ အမြင်တွင် ဤသုံးဂိုဏ်းပြိုင်ပွဲ၏ တတိယနေရာသည် လော့ချန်ပင် ဖြစ်မည်ဟု အများစုက ခန့်မှန်းပြီး ဖြစ်သည်။ ဓားတစ်ချက်ဖြင့် ဖေ့ကျွယ်ကို အနိုင်ယူခဲ့သူပင်။
ပထမနှင့် ဒုတိယနေရာကိုမူ ဟွာကျင်းယန်နှင့် ယန်ချင်းရှုံးတို့နှစ်ဦးအနက် မည်သူက ပိုမို အစွမ်းထက်သည်ကို ကြည့်ရမည် ဖြစ်သည်။ ဆိုလိုသည်မှာ ဤတိုက်ပွဲသည် ဤသုံးဂိုဏ်းပြိုင်ပွဲ၏ အကြီးကျယ်ဆုံးသော အထွတ်အထိပ် တိုက်ပွဲ ဖြစ်ပေလိမ့်မည်။
လူအများသည် အကြည့်များ စုစည်းလာကြပြီး အသက်ရှူပင် ရပ်တန့်ထားကြသည်။
ရှူးခနဲ ပုံရိပ်တစ်ခု လှုပ်ရှားသွားပြီး ယန်ချင်းရှုံးသည် စင်မြင့်ပေါ်သို့ ဦးစွာ တက်လာသည်။ အဖြူရောင် ဝတ်ရုံဝတ်ဆင်ထားပြီး မျက်ခုံးများသည် နူးညံ့သိမ်မွေ့ကာ ဆံနွယ်ရှည်များက နောက်သို့ စည်းနှောင်ထားသည်။ ကျောပေါ်ရှိ အပြာရောင်ဓားရှည်နှင့်အတူ သူ၏ အေးဆေးတည်ငြိမ်သော မျက်လုံးများတွင် ထူးခြားသော ထက်မြမှု ပါရှိနေသည်။
ဟွာကျင်းယန်သည် ယန်ချင်းရှုံး၏ မျက်နှာချင်းဆိုင်တွင် ရပ်တည်လိုက်သည်။ လက်နှစ်ဖက်ကို နောက်သို့ ထည့်ထားပြီး ကမ္ဘာမြေကို မထီမဲ့မြင်ပြုသည့် အရှိန်အဝါ ထုတ်လွှတ်နေသည်။ ထို့နောက် ယန်ချင်းရှုံးကို နူးညံ့စွာ ပြုံးလျက် ကြည့်လိုက်သည်။
“ချင်းရှုံး... မင်း လူနှင့်ဓားတစ်သားတည်း ပြည့်စုံမှုအဆင့်ကို နားလည်ခဲ့တာ မဆိုးပါဘူး... ဒါပေမဲ့ ငါ့ရဲ့ ပြိုင်ဘက်တော့ မဟုတ်သေးဘူး”
ယန်ချင်းရှုံး၏ မျက်လုံးများက အေးဆေးတည်ငြိမ်သည်။
“ဟုတ်လား...”
ဟွာကျင်းယန်က ယန်ချင်းရှုံး၏ ဒေါသကို သတိမပြုမိဘဲ ခေါင်းညိတ်သည်။
“ကောင်းပြီ... မင်းကို အရှုံးပေးဖို့ အတင်းအကျပ် ခိုင်းတာတော့ မဟုတ်ဘူး... ငါ မင်းနဲ့အတူ ပညာဖလှယ်ရင်း မင်းကိုယ်တိုင် ဆန္ဒအလျှောက် ဆုတ်ခွာသွားစေဖို့ပဲ လုပ်မယ်...”
အခန်း ၃၇၁ ပြီးပါပြီ။