← Chapters

သူတို့ကို ပြန်ပေးဆပ်မယ်...

Vol. 25 Ch. 362

သူတို့ကို ပြန်ပေးဆပ်မယ်...

Vol. 25 Ch. 362

“ဒုန်း... ဒုန်း... ဒုန်း...”

လူအများ အာရုံစိုက်နေကြချိန်တွင် ဟော့ရှင်းကုန်းသည် လက်ထဲတွင် လှံရှည်ကို ကိုင်ကာ တစ်လှမ်းချင်း တိုက်ပွဲစင်မြင့်ပေါ်သို့ တက်ရောက်လာသည်။ လင်ရှောင်ယွမ်နှင့် အလှမ်းသုံးဆယ်အကွာတွင် ရပ်လိုက်သည်။

လင်ရှောင်ယွမ်က ကြောက်လန့်ခြင်းမရှိ ပကတိ တည်ကြည်သောပုံစံဖြင့် ရပ်တည်နေသည်ကို မြင်သောအခါ ဟော့ရှင်းကုန်းသည် အေးစက်စွာ ရယ်မောလိုက်၏။

“ဟဲဟဲ... မထင်ထားဘူး... မင်း သတ္တိကတော့ မဆိုးဘူး... တိုက်ရိုက်အရှုံးမပေးဘဲ တိုက်ရဲသေးတယ်ပေါ့...”

လင်ရှောင်ယွမ်က တိတ်ဆိတ်နေပြီး မျက်လုံးထဲတွင် တိုက်ခိုက်လိုစိတ်သည် ပိုမို ပြင်းထန်လာခဲ့သည်။

ဟော့ရှင်းကုန်း မျက်နှာပေါ်တွင် ပြက်ရယ်ပြုဟန် ပေါ်လာသည်။

“ဘာလဲ... မင်း ငါ့ကို အနိုင်ယူနိုင်မယ်လို့ မျှော်လင့်နေတာလား...”

“မျှော်လင့်ချက်ရှိမရှိတော့ စမ်းကြည့်မှ သိမယ်လေ...”

“ဝူး...”

လင်ရှောင်ယွမ်၏ နောက်ကွယ်တွင် ခရမ်းရောင် ကျောက်စာတိုင် ပုံရိပ်တစ်ခု အားပြင်းစွာ ထွက်ပေါ်လာသည်။ ကျောက်စာတိုင်ပေါ်တွင် ကြယ်ကိုးပွင့်သည် လူးလွန့်လျက်ရှိသည်။ ဟော့ရှင်းကုန်းဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားကာ အရှိန်အဟုန်က တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်လာခဲ့သည်။

ဟော့ရှင်းကုန်းသည် လင်ရှောင်ယွမ်၏ ပေါ့ပေါ့ပါးပါး အမူအရာကြောင့် ဒေါသထွက်လာသည်။ လှံရှည်ကို တစ်ချက်လှုပ်ရှားလိုက်ပြီး လှံထိပ်က လင်ရှောင်ယွမ်ကို တည့်တည့် ချိန်ရွယ်ကာ အေးစက်စွာ ရယ်မောလိုက်လေသည်။

“လက်တစ်ဖက်မပါတဲ့ကောင်ကများ ငါ့ရှေ့မှာ ဟန်လုပ်ရဲသေးတယ်... ဆယ်ကွက်အတွင်း ငါ မင်းကို သတ်ပစ်မယ်...”

“လက်တစ်ဖက်မပါတဲ့ကောင်” ဟူသော စကားကို ကြားသောအခါ လင်ရှောင်ယွမ်၏ မျက်နှာသည် အနည်းငယ် မည်းမှောင်သွားခဲ့သည်။ မျက်လုံးထဲတွင် ပြင်းထန်သော အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာခဲ့၏။

“ဆယ်ကွက်အတွင်း ငါ့ကို သတ်မယ်တဲ့လား... မင်း ဘယ်လို သတ်မလဲ ငါ ကြည့်ရသေးတာပေါ့...”

စကားသံဆုံးသည်နှင့် လင်ရှောင်ယွမ်၏ ကိုယ်ပေါ်ရှိ အရှိန်အဟုန်သည် ကောင်းကင်သို့ ထိုးတက်သွားသည်။ ညာလက်ဖဝါးပေါ်တွင် ခရမ်းရောင်အလင်းတန်းများ ဆူပွက်ထွက်ပေါ်လာပြီး ချီစွမ်းအင် လှုပ်ရှားမှုက ရေကဲ့သို့ ထူထဲကာ အာဏာပြင်းထန်လှ၏။

သူသည် အော်ဟစ်လိုက်ကာ ကိုယ်ရိပ် လျှပ်တစ်ပြက် လှုပ်ရှား၍ ဟော့ရှင်းကုန်း၏ အထက်သို့ ရောက်ရှိသွားပြီး လက်ဖဝါးတစ်ချက် တည့်တည့် ထိုးချလိုက်သည်။

“ခရမ်းပြာရောင် ချီစွမ်းအင်...”

“ဘုန်း...”

လေထုသည် အလွှာလိုက် ပေါက်ကွဲထွက်သွားသည်။ လင်ရှောင်ယွမ်၏ ညာလက်တစ်ခုလုံးသည် ခရမ်းရောင် လျှပ်စီးအဖြစ် ပြောင်းလဲသွားသည့်နှယ် ဖြစ်သည်။ ပြင်းထန်သော အရှိန်အဝါကြောင့် အဆင့်နိမ့်သော ပရိသတ်အချို့ပင် နှလုံးခုန်သံများ မြန်ဆန်လာပြီး မျက်နှာများ ဖြူဖျော့သွားခဲ့ရသည်။

“ရွှမ်ယွမ်ဂိုဏ်းရဲ့ ချင်းရွှမ်ကျင့်စဉ်... လူနဲ့သိုင်းပညာ တစ်သားတည်း စတင်အဆင့်... စီနီယာဟော့ သတိထားပါ...”

ဟွာကျင်းယန်သည် အခြေအနေမကောင်းသည်ကို သတိပြုမိကာ အော်ဟစ်သတိပေးလိုက်သည်။

ဟော့ရှင်းကုန်းသည် ဟွာကျင်းယန် သတိမပေးခင်ကပင် အခြေအနေမကောင်းသည်ကို သိလိုက်ပြီဖြစ်သည်။ ချက်ချင်း ကြယ်ကိုးပွင့် နတ်ဆိုးဝံပုလွေ သိုင်းဝိညာဉ်ကို ထုတ်လွှတ်လိုက်သည်။ ကိုယ်ပေါ်ရှိ အရှိန်အဟုန်သည် ထူထပ်လာကာ လှံတစ်ချက်ကို ကန့်လန့်ဖြတ်ကာ ချိန်ရွယ်လိုက်သည်။

“ဘုန်း...”

ခန္ဓာကိုယ်၏ တင်းမာသော လှုပ်ရှားမှုတစ်ခု ထွက်ပေါ်လာသည်။ ဟော့ရှင်းကုန်း အင်အားကို မထိန်းနိုင်ဘဲ ဆက်တိုက် နောက်ဆုတ်သွားခဲ့ရသည်။ ခြေလှမ်းတစ်လှမ်း မြေပေါ် ချလိုက်တိုင်း မြေပြင်ပေါ်တွင် နက်ရှိုင်းသော ခြေရာများ ကျန်ရစ်ခဲ့၏။

“မင်း သေလမ်းကို ရှာနေတာပဲ...”

ဟော့ရှင်းကုန်း ဒေါသတကြီး အော်ဟစ်ကာ ခေါင်းမော့ကြည့်လိုက်၏။ မျက်လုံးများက ရုတ်တရက် ကျဉ်းမြောင်းသွားခဲ့သည်။

လင်ရှောင်ယွမ်၏ ပုံရိပ်သည် ပြန်တက်လာသော စွမ်းအားကို အသုံးပြုကာ ကောင်းကင်သို့ ထိုးတက်သွားသည်။ ကိုယ်ခန္ဓာ လေထဲတွင် ရှိနေစဉ် ညာခြေထောက်ကို အမြင့်သို့ မြှောက်ကာ ရိုးရှင်းသော အကွက်တစ်ခုသာ ဖြစ်သော်လည်း သိုင်းဝိညာဉ်၏ အရှိန်အဟုန်ကြောင့် ခံစားချက်က သာမန်မဟုတ်ပေ။ မီးတောင် ပေါက်ကွဲသလို၊ မိုးကြိုး ပစ်ချသလို အင်အားကြီးမားလှသည်။

ထိုအင်အားက အပေါ်စီးမှ ဖိနှိပ်လာသည်။ ကျယ်ပြန့်သော အရှိန်အဝါကြောင့် ဟော့ရှင်းကုန်း နှလုံးသားထဲတွင်ပင် ကြောက်လန့်မှုများ ပေါ်ပေါက်လာတော့၏။ ဤခြေတစ်ချက်ကို ရင်ဆိုင်ရန် ခက်ခဲလှသည်ဟု ဗီဇအလိုအရ သိလိုက်ရသည်။

“လှိုင်းထပ်ခြေဖဝါး...”

လင်ရှောင်ယွမ်သည် ဟော့ရှင်းကုန်းကို တည့်တည့် ချိန်ရွယ်ကာ အရှိန်အဟုန် အမြင့်ဆုံးသို့ ရောက်ရှိသွားပြီး ခြေတစ်ချက်ကို ပြင်းပြင်းထန်ထန် ကန်ချလိုက်သည်။

“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...”

ခြေတစ်ချက်သာ ဖြစ်သော်လည်း ပေါက်ကွဲထွက်လာသော အရှိန်အဟုန်က ဆက်တိုက် ပြင်းထန်လှသည်။ ပင်လယ်လှိုင်းလုံးကြီးများကဲ့သို့ ထပ်ကာ ထပ်ကာ လှိမ့်တက်လာပြီး ဟော့ရှင်းကုန်းဆီသို့ ရိုက်ခတ်လာသည်။ ပြင်းထန်သော အင်အားက လေထုကို ရေပမာ ပြင်းထန်စွာ လှုပ်ရှားစေကာ လှိုင်းတက်လာစေ၏။

“ငါ မင်းနဲ့ အသက်ရင်းပြီး တိုက်မယ်... ကြယ်မီးလှိုဏ်ခေါင်း...”

ဟော့ရှင်းကုန်း ကျယ်လောင်စွာ ဟစ်အော်ကာ ချီစွမ်းအင်ကို အစွမ်းကုန် လှည့်ပတ်လိုက်သည်။ နောက်ကွယ်ရှိ နတ်ဆိုးဝံပုလွေသိုင်းဝိညာဉ်သည် ကောင်းကင်သို့ မာန်ဖီစွာ ဟစ်အော်လိုက်သည်။

လှံရှည်မှ မျက်စိကျိန်းစပ်လောက်အောင် မီးလျှံအလင်းများ ထွက်ပေါ်လာသည်။ မီးလျှံကြယ်တစ်ခုအလား လေကိုဆန့်ကျင်ကာ တက်လာပြီး အပေါ်စီးမှ ဖိနှိပ်လာသော ခြေဖဝါးအရှိန်အဟုန်ကို ရင်ဆိုင်လိုက်လေသည်။

နောက်တစ်ခဏတွင်...

“ဘုန်း...”

မျက်စိကျိန်းစပ်စေသော မီးလျှံအလင်းတန်းများ ပေါက်ကွဲထွက်လာကာ လူအများ သာမန်မျက်လုံးဖြင့် မကြည့်နိုင်ကြတော့ချေ။

ထို့နောက် မိုးကြိုးပစ်ချသလို ကြီးမားသော မြည်ဟီးသံကြီးတစ်ချက် ထပ်မံ ထွက်ပေါ်လာကာ ရူးသွပ်သော အရှိန်အဟုန်သည် တိုက်ပွဲစင်မြင့်တစ်ခုလုံးကို လုံးဝ လွှမ်းခြုံလိုက်သည်။

“ဘယ်လို ဖြစ်သွားပြီလဲ...”

လူအများသည် မျက်လုံးများ ပြူးကျယ်လျက် တိုက်ပွဲ၏ ဗဟိုကို တင်းတင်းစိုက်ကြည့်နေကြသည်။

ချန်လင်းယူတို့ ရွှမ်ယွမ်ဂိုဏ်းတပည့်များသည် မျက်တောင်ပင် မခတ်ရဲကြချေ။

လော့ချန်ကမူ မျက်နှာအမူအရာ တည်ငြိမ်နေသည်။ လင်ရှောင်ယွမ်သည် အရှိန်အဟုန် စုစည်းကာ ပထမဆုံး လက်စွမ်းပြပြီး အသာစီးယူလိုက်သည့်အချိန်မှစ၍ ဤတိုက်ပွဲ၏ အဆုံးသတ်သည် ဆုံးဖြတ်ပြီး ဖြစ်လေသည်။

လင်ရှောင်ယွမ်၏ လှိုင်းထပ်ခြေသိုင်း အရှိန်က အာဏာကြီးမားလှသည်။ အသာစီးယူပြီးသည်နှင့် ပေါက်ကွဲထွက်လာသော စွမ်းအားက ပို၍ပို၍ ပြင်းထန်လာတော့မည်ပင်။

သူ၏ စွမ်းအားထက် အဝေးကြီး ကျော်လွန်သော ကျင့်ကြံသူ မဟုတ်ပါက၊ ပြန်လှန်တိုက်ခိုက်ရန် စဉ်းစား၍ပင် မရနိုင်ချေ။ ချီဂူးယွမ်ပင် ထိုအကွက်အောက်တွင် ကြီးမားစွာ ရှုံးနိမ့်ခဲ့ရသည်။

ဟော့ရှင်းကုန်းမှာ အားပြင်းသော်လည်း နတ်တံတားကို တည်ဆောက်ပြီးသော ချီဂူးယွမ်ထက် အဆင့်နိမ့်ကျနေသေးသည်။

ထိုအခိုက်တွင်...

“ဖန်း...”

အရှိန်အဟုန်များ ရှုပ်ထွေးနေသော စင်မြင့်ပေါ်မှ လူတစ်ရိပ်သည် နောက်ပြန် လွင့်ထွက်သွားကာ လေထဲတွင် သွေးတစ်ပွက် အန်ထွက်လိုက်သည်။

ထိုသူမှာ ဟော့ရှင်းကုန်း ဖြစ်သည်။

“ရွှမ်ယွမ်ဂိုဏ်းက လင်ရှောင်ယွမ် အသာစီး ရသွားပြီ...”

လူအများ အံ့အားသင့်သွားကြပြီး ဆူညံသံများ ထွက်ပေါ်လာသည်။ လူအများက ဤတိုက်ပွဲတွင် လျှပ်ယွမ်ဂိုဏ်းက တစ်ဖက်သတ် အသာစီး ရလိမ့်မည်ဟု ယူဆခဲ့ကြသည်။ အဖြစ်မှန်မှာမူ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေလေသည်။

“မပြီးသေးဘူး... လှိုင်းထပ်ကောင်းကင်တည်နေရာ...”

လင်ရှောင်ယွမ်သည် မျက်လုံးများ အေးစက်စွာဖြင့် ရှေ့သို့ တစ်လှမ်းတိုးကာ ဟော့ရှင်းကုန်းကို ထပ်မံ လိုက်မီသွားသည်။ မျက်လုံးထဲတွင် အလင်းတန်းများ ပေါက်ကွဲထွက်လာသည်။ မိုးမြေကို ဖိနှိပ်နိုင်သော အင်အားဖြင့် ခြေတစ်ချက်ကို ဟော့ရှင်းကုန်းဆီသို့ ပြင်းထန်စွာ ကန်ချလိုက်သည်။

ထို့နောက် ဒုတိယမြောက်ခြေတစ်ချက်၊ တတိယမြောက်ခြေတစ်ချက်၊ စတုတ္ထမြောက်ခြေတစ်ချက်...

“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...”

လေထုသည် အလွှာလိုက် ထိမှန်ခံရပြီး ဟော့ရှင်းကုန်းသည် ကိုယ်ကို အနိုင်နိုင် ထိန်းလိုက်တိုင်း ခြေတစ်ချက်ဖြင့် လွင့်ထွက်သွားခဲ့ရသည်။

သူသည် ကိုယ်ကာကွယ်ရေး ချီစွမ်းအင်ကို အစွမ်းကုန် လှုံ့ဆော်ကာ ပိုးအိတ်ဟောင်းတစ်ခုပမာ လင်ရှောင်ယွမ်ကန်ရာ လိုက်ပါသွားတော့သည်။

“ကလစ်...”

ခြေတစ်ဆယ့်တစ်ချက်ကို ခံယူပြီးသော ဟော့ရှင်းကုန်း၏ ကိုယ်ပေါ်ရှိ ကာကွယ်ရေးချီစွမ်းအင်များသည် အက်ကွဲကြောင်းများ ပေါ်ပေါက်လာခဲ့သည်။ ပါးစပ်နှင့် နှာခေါင်းတို့မှ သွေးများ စီးကျလာ၏။

“ရပ်စမ်း...”

လျှပ်ယွမ်ဂိုဏ်း အပြင်စည်းအကြီးအကဲ ဆွန်ယင်ယန် ဒေါသတကြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

သူ၏ မျက်လုံးများက လင်ရှောင်ယွမ် ထုတ်သုံးနေသည်မှာ ရွှမ်ယွမ်ဂိုဏ်း၏ ကြယ်ခြောက်ပွင့် ခြေသိုင်းပညာ လှိုင်းထပ်ခြေဖဝါး ဖြစ်ကြောင်း ချက်ချင်း မြင်လိုက်ရသည်။

ဤခြေသိုင်းပညာသည် အဆင့်တစ်ခုပြီးတစ်ခု အင်အားကို ထပ်ဆင့်နိုင်ပြီး ပြည့်စုံမှုအဆင့်သို့ ကျင့်ကြံနိုင်ခဲ့လျှင် ခြေရိပ်တစ်ဆယ့်ရှစ်ချက်ထိ ထုတ်လွှတ်နိုင်ကာ အင်အား အလွန်အမင်း ကြီးမားလှသည်။

ဤအတိုင်း ဆက်တိုက်ခံနေရလျှင် ဟော့ရှင်းကုန်း သေဆုံးမည်မှာ မြေကြီးလက်ခတ် မလွဲပေ။

လင်ရှောင်ယွမ်သည် လုံးဝ ဂရုမစိုက်ချေ။ နောက်ထပ် ခြေတစ်ချက်ဖြင့် ဟော့ရှင်းကုန်းကို ဆက်တိုက် ကန်ကျောက်လိုက်သည်။

တစ်ဆယ့်နှစ်ချက်မြောက်ခြေ...

“ဘုန်း...”

ဟော့ရှင်းကုန်း ကိုယ်ပေါ်ရှိ ကာကွယ်ရေးချီစွမ်းအင် ပြိုကွဲသွားသည်။ ခန္ဓာကိုယ်သည် ကြယ်ကြွေတစ်ခုပမာ နောက်ပြန် လွင့်ထွက်သွားကာ ပျက်စီးသွားသည့် အတွင်းကလီစာများ ပါဝင်သော သွေးတစ်ပွက်သည် သူ၏ ပါးစပ်မှ ပန်းထွက်သွားလေ၏။

“ရှူး...”

ထပ်မံ၍ လင်ရှောင်ယွမ်သည် ဟော့ရှင်းကုန်း၏ အထက်သို့ ရောက်ရှိသွားကာ ခြေတစ်ချက်ကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်ပြန်သည်။

တစ်ဆယ့်သုံးချက်မြောက် ခြေကန်ချက်...

“အား...”

“ဘုန်း...”

ကြောက်မက်ဖွယ် အော်ဟစ်သံ ရပ်တန့်သွားသည်။ ဟော့ရှင်းကုန်း၏ အထက်ပိုင်း ခန္ဓာကိုယ်တစ်ခုလုံးသည် ထုခွဲခံလိုက်ရသည့် ဖရဲသီးတစ်လုံးပမာ ပေါက်ကွဲထွက်ကာ သွေးသားများ တိုက်ပွဲစင်မြင့်ပေါ်တွင် ပျံ့ကျဲသွားလေသည်။

ရဲရဲနီနေသည့် ထိုမြင်ကွင်းက မြင်ရသူတိုင်းအဖို့ အော်ကလီဆန်ကာ သွေးပျက် ထိတ်လန့်ဖွယ်ရာပင်။

ကျင်းယူတောင်ထိပ်တစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။

“သိပ်ကို အာဏာကြီးမားလွန်းတယ်...”

“တစ်ခါတည်း တစ်ဆယ့်သုံးချက် ကန်ကျောက်နိုင်တယ်... ဒီလူရဲ့ လှိုင်းထပ်ခြေဖဝါးသိုင်းက ကြီးကျယ်သောအောင်မြင်မှုအဆင့်ကို ရောက်လုနီးပါး ရှိနေပြီ...”

“ကြည့်ရတာ ရွှမ်ယွမ်ဂိုဏ်းမှာလည်း တကယ်တော်တဲ့ လူတစ်ဦးနှစ်ဦး ရှိသေးပါလား...”

လူတော်တော်များများ တုန်လှုပ်နေကြဆဲပင်။ အားလုံး၏ အကြည့်များက လင်ရှောင်ယွမ်ဆီသို့ စုစည်းသွားကြသည်။

“ရော့... မင်းတို့ရဲ့ အကြွေး...”

“ဘုန်း...”

လင်ရှောင်ယွမ်သည် ဟော့ရှင်းကုန်း၏ တစ်ဝက်သာ ကျန်ရှိသော အလောင်းကို လျှပ်ယွမ်ဂိုဏ်းဘက်သို့ ခြေတစ်ချက်ဖြင့် ကန်ထုတ်လိုက်သည်။

“ဆရာတူအစ်ကို လင်... သိပ်တော်တာပဲ...”

ချန်လင်းယူက ရှေးဦးစွာ ချီးကျူးလိုက်သည်။

“ဟေး...”

ထို့နောက် ရွှမ်ယွမ်ဂိုဏ်းတပည့်များအားလုံး မျက်လုံးများ မီးတောက်သကဲ့သို့ စိတ်လှုပ်ရှားစွာ အော်ဟစ်ကြသည်။

လျှပ်ယွမ်ဂိုဏ်းသားများ၏ မျက်နှာများ မည်းမှောင်သွားကြသည်။ ကိုယ်ခန္ဓာ ကြီးမားသော အကြီးအကဲ ရမ်ကွေ့သည် မျက်နှာအရေပြား တုန်ယင်သွားပြီး လက်သီးကို တင်းတင်းဆုပ်ထားခဲ့သည်။ ဟော့ရှင်းကုန်း သေဆုံးသွားခြင်းက သူ့ကို အလွန် နာကျင်စေသည်။

သို့သော် ရမ်ကွေ့သည် ဒေါသကို မနည်း ထိန်းချုပ်လိုက်ရသည်။ ဤတစ်ခါ သုံးဂိုဏ်းပေါင်းစုံ သိုင်းပညာပြိုင်ပွဲတွင် ဂိုဏ်းနှစ်ခုတို့သည် မျက်နှာချင်းဆိုင် ရန်ဖြစ်နေကြပြီး သူတို့ လျှပ်ယွမ်ဂိုဏ်းက ရွှမ်ယွမ်ဂိုဏ်းသား နှစ်ဦးကို သတ်ဖြတ်ခဲ့ပြီးပြီဖြစ်သည်။ ယခု ဟော့ရှင်းကုန်း သေဆုံးသွားခြင်းအတွက် ပြောစရာ စကားမရှိတော့ပေ။

နက်ရှိုင်းစွာ အသက်ရှူသွင်းလိုက်ကာ ရမ်ကွေ့သည် ခေါင်းကို ဟွာကျင်းယန်၊ ဖေ့ကျွယ် နှင့် ဆွန်ချွမ်ဝူတို့ဘက်သို့ လှည့်ကာ လေးနက်စွာ အမိန့်ပေးလိုက်သည်။

“ဒီနောက်ပိုင်း မင်းတို့ထဲက ဘယ်သူပဲဖြစ်ဖြစ် လင်ရှောင်ယွမ်နဲ့ တွေ့ရင် သတ်ပစ်လိုက်... တိုက်ပွဲစင်မြင့်ပေါ် တက်ရဲတဲ့ ရွှမ်ယွမ်ဂိုဏ်းတပည့် တစ်ယောက်မှ ချန်မထားနဲ့...”

အခန်း ၃၆၂ ပြီးပါပြီ။

All Chapters