← Chapters

လက်စားချေခြင်း... ၁၂ ကြိမ်မြောက် ပွဲစဉ်..

Vol. 25 Ch. 366

လက်စားချေခြင်း... ၁၂ ကြိမ်မြောက် ပွဲစဉ်..

Vol. 25 Ch. 366

ဆွန်ချွမ်ဝူ ရက်ရက်စက်စက် အသတ်ခံလိုက်ရချိန်တွင် ကျင်းယူတောင်ထိပ်တစ်ခုလုံးသည် ထူးဆန်းသော တိတ်ဆိတ်မှုထဲသို့ ကျရောက်သွားပြီး တိုက်ခတ်နေသော လေတိုးသံများကိုသာ ကြားနိုင်တော့သည်။

လူအများစုသည် တိုက်ပွဲစင်မြင့်ပေါ်မှ လော့ချန်ကို ကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။

ဆွန်ချွမ်ဝူသည် ဓားနှစ်ချက်ဖြင့် လင်းကျီတုန်းကို ချက်ချင်း သတ်ပစ်နိုင်ခဲ့ရာ သူ၏ အစွမ်းသည် အားလုံးမြင်တွေ့သည့်အတိုင်း အလွန်အားကောင်းလှသည်။

ဤတိုက်ပွဲမတိုင်မီက မည်သူမျှ လော့ချန်သည် ဆွန်ချွမ်ဝူကို ဤမျှလွယ်ကူစွာ အနိုင်ယူနိုင်မည်ဟု မထင်ခဲ့ကြပေ။

ပို၍ပင် မထင်မှတ်သည်မှာ လျှပ်ယွမ်ဂိုဏ်းအကြီးအကဲ ဆွန်ယင်ယန်၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရချိန်၌ပင် လော့ချန်သည် လုံးဝ တုံ့ဆိုင်းမှုမရှိဘဲ ဆွန်ယင်ယန်၏ မျက်နှာရှေ့တွင်ပင် သူ၏သားကို ပြတ်ပြတ်သားသား တိုက်ခိုက်အနိုင်ယူပြီးနောက်မှာပင် ရက်ရက်စက်စက် သတ်ဖြတ်လိုက်ခြင်း ဖြစ်သည်။

ဤသည်ကား မည်သို့သော စွမ်းရည်မျိုးနည်း...။

မည်သို့သော သတ္တိမျိုးနည်း...။

“ချွမ်ဝူ...”

ယူကျုံးမရနိုင်စွာ ဝမ်းနည်းမှုနှင့်အတူ ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည့် နှလုံးကြေကွဲဖွယ်ရာ အသံတစ်ခုက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

ဆွန်ယင်ယန်သည် တိုက်ပွဲစင်မြင့်ပေါ်ရှိ ဆွန်ချွမ်ဝူ၏ ကိုယ်ခန္ဓာ အကြွင်းအကျန်များကို ကြည့်ကာ သွေးပူများ ပျို့တတ်လာသည်။ သွေးများပြည့်နေသော မျက်လုံးများက ရုတ်တရက် လော့ချန်ကို စူးစိုက်ကြည့်လိုက်ကာ သတ်ဖြတ်လိုစိတ်များ ထိုးထွက်လာခဲ့၏။

“မိစ္ဆာကောင်... မင်း ဘယ်လောက်တောင် ရဲရင့်လိုက်သလဲ... ငါ မင်းကို အပိုင်းပိုင်းဖြတ်ပြီး သတ်ပစ်မယ်...”

“ဘုန်း...”

ဆွန်ယင်ယန်၏ တစ်ကိုယ်လုံးရှိ ချီစွမ်းအင်များ ပေါက်ကွဲထွက်လာသည်။ သွေးကြောနိုးကြားမှုနယ်ပယ် ဆဋ္ဌမအဆင့် သန်မာသူ၏ အရှိန်အဝါသည် ထက်မြက် ကြီးမားလှပြီး တစ်နေရာလုံးရှိ လေထုကို တုန်ခါစေကာ လော့ချန်ဆီသို့ ကြမ်းတမ်းစွာ တိုက်ခတ်လာသည်။

“ဝှစ်...”

လှံရိပ်တစ်ခုသည် လေထဲတွင် ဖြတ်သန်းလာပြီး ထိုကြီးမားသော အရှိန်အဝါကို ချေမှုန်းပစ်လိုက်သည်။

“ဟွန်း... ဆွန်ယင်ယန်... ဒီနေရာက မင်း စိတ်တိုင်းကျ ရမ်းကားလို့ရတဲ့နေရာ မဟုတ်ဘူး...”

နဝမအကြီးအကဲသည် လော့ချန်ကို သူ၏နောက်တွင် ကာကွယ်ပေးထားပြီး လှံရှည်ကို ကိုင်ဆောင်လျက် တစ်ကိုယ်လုံးရှိ ချီစွမ်းအင်သည် မီးတောက်များကဲ့သို့ တဟုန်းဟုန်း တောက်လောင်နေသည်။ အားကောင်းသော စွမ်းအားနယ်ပယ်တစ်ခုဖြင့် ဆွန်ယင်ယန်ကို တိုက်ရိုက် ရင်ဆိုင်လိုက်သည်။

လော့ချန် မော့ကြည့်ကာ ဆွန်ယင်ယန်၏ မျက်လုံးများကို တည့်တည့်စိုက်ကြည့်လိုက်သည်။ မျက်ဝန်းထဲမှ ထိတ်လန့်ဖွယ် စူးရှသော အလင်းတန်းများ ထွက်ပေါ်လာပြီး အေးစက်စွာ ပြောလိုက်သည်။

“အဖိုးကြီး... စိတ်မပူနဲ့... မကြာခင်မှာ မင်းတို့သားအဖကို အတူတူ ပေါင်းဆုံစေရမယ်...”

“မင်း သေချင်နေတာပဲ...”

ဆွန်ယင်ယန်၏ မျက်နှာသည် ရူးသွပ်ဟန် ဖြစ်လာပြီး လက်ထုတ်ရန် ပြင်ဆင်လိုက်စဉ် လူတစ်ဦးက တားဆီးလိုက်သည်။

ထိုသူမှာ လျှပ်ယွမ်ဂိုဏ်း၏ အကြီးအကဲ ရန်ခွေ ဖြစ်သည်။

“အကြီးအကဲဆွန်... စိတ်လိုက်မာန်ပါ မလုပ်မိပါစေနဲ့...”

ရန်ခွေသည် ဝူးရှန်အကြီးအကဲကို တစ်ချက်ကြည့်လိုက်သည်။

သူသည် လော့ချန်ကို သတ်ချင်သော်လည်း ဝူးရှန်အကြီးအကဲက သတိပေးထားပြီး ဖြစ်သည်။ အကယ်၍ ပြိုင်ပွဲကို ထပ်မံနှောင့်ယှက်ပါက တစ်ဖက်လူ၏ ဂုဏ်သိက္ခာကို စော်ကားရာ ရောက်မည်။

ဝူးရှန်အကြီးအကဲသည် သူတို့ လက်လှမ်းမမီသည့် အထွတ်အထိပ်နယ်ပယ်သို့ ရောက်ရှိနေသူဖြစ်ရုံသာမက သူ၏နောက်တွင် မဟာချူမင်းဆက်၏ အထွတ်အထိပ်လမ်းစဉ်ဂိုဏ်းလည်း ရှိနေသည်။

အကယ်၍ ထိုသူကို အမှန်တကယ် ဒေါသထွက်စေပါက လက်ဖဝါးတစ်ချက်ဖြင့်ပင် သူတို့အားလုံး ရိုက်သတ်ခံရနိုင်ပေလိမ့်မည်။

ရန်ခွေသည် လော့ချန်ကို စူးစိုက်စွာ ကြည့်လိုက်ပြီးနောက် ဆွဲဆောင်ပြောဆိုသည်။

“အကြီးအကဲဆွန်... လော့ချန်က ငါတို့ လျှပ်ယွမ်ဂိုဏ်းကို ဒီလို မထီမဲ့မြင်လုပ်ရဲတဲ့ အပြစ်ကြီးကို ကျူးလွန်ထားတာမို့ သေသင့်တာ မှန်တယ်... ဒါပေမဲ့ ခင်ဗျားကိုယ်တိုင် လက်ချစရာ မလိုပါဘူး... ဟွာကျင်းယန်နဲ့ ဖေ့ကျွယ်တို့က ဆွန်ချွမ်ဝူအတွက် လက်စားချေပေးပါလိမ့်မယ်...”

ဖေ့ကျွယ်က ထောက်ခံလိုက်သည်။

“မှန်ပါတယ်... ဒီကောင်ကို ကျွန်တော့်တာဝန်ထားပါ... သူ့သွေးနဲ့ ညီလေးဆွန်အတွက် ယဇ်ပူဇော်ပေးပါ့မယ်...”

ဆွန်ယင်ယန် ရင်ဘတ်ထဲတွင် ဒေါသများ ပြည့်နှက်နေပြီး ထွက်ပေါက်မရှိဘဲ ရင်ဘတ်သည် ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။

သူသည် ဆွန်ချွမ်ဝူအပေါ် မျှော်လင့်ချက် ကြီးမားစွာ ထားခဲ့သော်လည်း ယနေ့တွင် ဤနေရာ၌ အရာအားလုံးကို လက်လွှတ်ဆုံးရှုံးခဲ့ရသည်။

ပိုဆိုးသည်မှာ သူ၏ မျက်စိထဲက ဆူးတစ်ချောင်းအဖြစ် ရှုမြင်ခဲ့သော လော့ဟုန်၏သားက သတ်လိုက်ခြင်းပင်။

သူသည် လော့ချန်ကို ယခုပင် အပိုင်းပိုင်း ခုတ်ပိုင်းပစ်လိုစိတ်များ ပြင်းပြနေသည်။

သို့သော်လည်း အခြေအနေက မည်သို့မျှ မဖြစ်နိုင်ပေ။

“ရှူး... ရှူး...”

ပြင်းထန်စွာ အသက်ရှူသွင်းပြီးနောက် ဆွန်ယင်ယန်သည် စိတ်ထဲမှ ဒေါသများကို ဖိနှိပ်လိုက်ကာ အံကိုကြိတ်လျက် အေးစက်စွာ ပြောသည်။

“မှတ်ထား... သူ့ကို သိပ်လွယ်လွယ် မသေစေနဲ့...”

“ဟဲဟဲ... အကြီးအကဲဆွန် စိတ်ချပါ... ကျွန်တော့်ရဲ့ လျင်မြန်တဲ့ ဓားက သူ့ခန္ဓာကိုယ် အပိုင်းပိုင်းအတစ်တစ် ပြုတ်ထွက်နေတာကို အသိစိတ်ရှိရှိနဲ့ ကြည့်နေစေမှာပါ... အဲဒီအချိန်ကျရင် သေဆုံးခြင်းဆိုတာ သူ့အတွက် လွတ်မြောက်ရာတစ်ခုပဲ ဖြစ်လိမ့်မယ်...”

ဖေ့ကျွယ်သည် လော့ချန်ကို ကြည့်လိုက်ကာ မျက်ခွံများ ဖွင့်လိုက်ပိတ်လိုက်တိုင်း ဓားသွားများကဲ့သို့ ထက်မြက်သော အလင်းများ ပျံ့နှံ့နေသည်။

လူအများ၏ အာရုံစိုက်မှုအောက်မှာပင် လော့ချန်သည် တိုက်ပွဲစင်မြင့်အောက်သို့ တည်ငြိမ်စွာ ဆင်းလာသည်။

လော့ရှာဂိုဏ်းဘက်မှ နဝမမင်းသမီး ကျင်းယွီရှီသည် လော့ချန်ကို ကြည့်ကာ နှလုံးသားထဲမှ ကြောက်ရွံ့မှုများဖြင့် နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ပြီး အံ့ဩစွာ ပြောသည်။

“သူက ဒါ့ကြောင့်လည်း ငါ့ရဲ့ အဋ္ဌမအစ်ကိုကိုတောင် ရဲရဲဝံ့ဝံ့ စော်ကားရဲတာကိုး... ဒီကောင်ရဲ့ သတ္တိကတော့ တော်တော်ကြီးတာပဲ... ကောင်းကင်ကိုတောင် ခြိမ်းခြောက်နိုင်လောက်တယ်...”

ဤမျှဝေးကွာသော နေရာမှပင် ဆွန်ယင်ယန်၏ ပေါက်ကွဲထွက်လာသည့် အရှိန်အဝါကို ရင်ဆိုင်ရချိန်တွင် သူမသည် ရင်ထဲ ထိတ်လန့်တုန်လှုပ်နေပြီး အသက်ပင် ကောင်းကောင်းမရှူရဲခဲ့ပေ။ သို့သော် လော့ချန်ကမူ တိုက်ရိုက် ထိပ်တိုက်ရင်ဆိုင်ရဲခဲ့သည်။

စွမ်းရည်ကို အပထား... ဤမျှ ကြီးမားသော သတ္တိနှင့် စိတ်ဓာတ်မျိုးသည် သူမနှင့် ယှဉ်လျှင် အလွန် ကွာခြားနေသည်။

ကျင်းယွီရှီသည် လော့ချန်ကို သူ၏ ပထမအစ်ကို ကျင်းထျန်တူနှင့် မိတ်ဆက်ပေးရန် အလွန် စိတ်အားထက်သန်နေပြီဖြစ်သည်။

ယန်ချင်းရှုံး စကားမပြောဘဲ လော့ချန်ကို ကြည့်နေခဲ့သည်။ မျက်ဝန်းများတွင် မရေမရာသော အံ့ဩမှု အရိပ်အယောင်တစ်ခု ရှိနေ၏။

လော့ချန် ယခုတင်က ထုတ်သုံးလိုက်သော ဓားချက်၏ အရှိန်အဝါသည် သူမအား ထူးခြားသော ခံစားမှုတစ်ခု ပေးခဲ့သည်။

ထိုအရာသည် လူနှင့်ဓား ပေါင်းစည်းခြင်း အလယ်အဆင့်မျှသာ မဟုတ်နိုင်တော့ချေ...။

“သူ စောစောက နားလည်သွားတယ်လို့ ပြောတယ်... တကယ်ပဲလား... ရိုးရှင်းတဲ့ စကားလုံးအနည်းငယ်လေးနဲ့ ဒါ ဖြစ်နိုင်ပါ့မလား...”

ယန်ချင်းရှုံး ခေါင်းခါလိုက်ပြီး စိတ်ထဲမှ မရေမရာ အတွေးများကို ပယ်ထုတ်လိုက်သည်။

လော့ချန်သည် ရွှမ်ယွမ်ဂိုဏ်းရှိရာ ပွဲကြည့်စင်သို့ ပြန်ရောက်လာရာ နဝမအကြီးအကဲက မစောင့်နိုင်တော့ဘဲ ကြိုဆိုလိုက်သည်။

“လော့ချန်... တော်တယ်... တကယ့်ကို တော်တယ်...”

နဝမအကြီးအကဲသည် မျက်နှာတွင် အပြုံးပန်းများ ဆင်မြန်းကာ စိတ်အားထက်သန်နေသည်။

ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲ စတင်ချိန်မှစ၍ သူသည် ဤမျှ စိတ်ကျေနပ်မှုမျိုး တစ်ခါမှ မခံစားရသေးပေ။

ဤတိုက်ပွဲသည် လော့ချန်က သူ၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးခဲ့ရုံသာမက ရွှမ်ယွမ်ဂိုဏ်း တစ်ခုလုံး၏ ဂုဏ်သိက္ခာကိုပါ မြှင့်တင်ပေးခဲ့သည်။

အခြားသူများလည်း လော့ချန်ကို လေးစားသော မျက်လုံးများဖြင့် ကြည့်နေကြသည်။

သူတို့သည် လော့ချန်၏ စွမ်းရည်သည် အလွန်အားကောင်းကြောင်း သိသော်လည်း ဆွန်ချွမ်ဝူသည်လည်း အားမနည်းခဲ့ပေ။ ဓားနှစ်ချက်ဖြင့် လင်ချီတုန်းကို ချက်ချင်း သတ်နိုင်ခဲ့ရာ သူ၏ အစွမ်းသည် သွေးကြောနိုးကြားမှုနယ်ပယ် တစ်ဝက်အဆင့်သို့ ရောက်နေသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ သို့သော် လော့ချန်ရှေ့တွင်မူ အပြတ်အသတ် အနိုင်ယူခံရပြီး ခုခံနိုင်စွမ်းပင် လုံးဝမရှိနိုင်ခဲ့ပေ။

“လော့ချန်... မင်း ဆွန်ယင်ယန်ရဲ့ရှေ့မှာ သူ့သားကို သတ်လိုက်တာ... ဆွန်ယင်ယန်က လွယ်လွယ်နဲ့ အလျှော့ပေးမှာ မဟုတ်ဘူး...”

“ဝူးရှန်အကြီးအကဲ ရှိနေလို့ သူ လက်မထုတ်ရဲဘူး... ဒါပေမဲ့ သူက ဟွာကျင်းယန်နဲ့ ဖေ့ကျွယ်တို့ကို သတ်ဖို့ သေချာပေါက် စေခိုင်းလိမ့်မယ်...”

“နောက်လာမယ့် ပွဲစဉ်တွေမှာ မင်း ဒီနှစ်ယောက်နဲ့ တွေ့ရင် သတိထား... ယုံကြည်မှုမရှိရင်တော့ အလျှော့ပေးလိုက်ပါ...”

အကြီးအကဲချန်ရွှမ်က လေးနက်စွက် ပြောသည်။

နဝမအကြီးအကဲကလည်း ထောက်ခံသည်။

“မှန်တယ်... မင်း ဆွန်ချွမ်ဝူကို သတ်လိုက်တာနဲ့တင် သူတို့ရဲ့ ဂုဏ်သိက္ခာကို အကြီးအကျယ် ချိုးနှိမ်လိုက်ပြီးပြီပဲ... အဲဒါကြောင့် နောက်ပိုင်းမှာ အလျှော့ပေးလိုက်ရင်တောင် ဘာမှမဖြစ်ဘူး... မင်းနဲ့ ချင်တို့ယွမ်ရဲ့ လောင်းကြေးကိစ္စကိုလည်း ဂိုဏ်းကို ပြန်ရောက်ရင် ငါကိုယ်တိုင် တာဝန်ယူဖြေရှင်းပေးမယ်...”

လော့ချန်သည် တည်ငြိမ်စွာ ထိုင်ချလိုက်ပြီး အေးဆေးစွာ ဆို၏။

“သူတို့က ကျွန်တော့်ကို သတ်ချင်ရင်လည်း... သူတို့ စွမ်းနိုင်အုံးမှပါ...”

နဝမအကြီးအကဲသည် အံ့အားသင့်သွားကာ ပြန်မေးလိုက်၏။

“မင်း သူတို့နဲ့ ယှဉ်ပြိုင်ဖို့ ယုံကြည်မှုရှိတယ်လား...”

“နည်းနည်းတော့ ရှိပါတယ်...”

လော့ချန် ခေါင်းညိတ်လိုက်သည်။

စကားဆုံးသည်နှင့် သူ၏ မျက်ဝန်းထဲတွင် ကမ္ဘာကြီးကို တုန်လှုပ်စေမည့် ထက်မြက်သော အလင်းတန်းတစ်ခု ပေါ်လာပြီး ထိုနေရာရှိ လူတိုင်း၏ မျက်လုံးများကို စူးရှစေခဲ့သည်။

“ဒါက...”

နဝမအကြီးအကဲသည် ထိုနေရာ၌ တောင့်တင်းနေပြီး လေအေးကို ရှူသွင်းလိုက်သည်။ ထို့နောက် အံ့အားသင့်မှု၊ စိတ်အားထက်သန်မှုနှင့် ရင်ခုန်မှုများဖြင့် မျက်လုံးထဲတွင် အလင်းတန်းများ ပေါ်လာခဲ့သည်။

ဘေးနားတွင် ထိုင်နေသော ရှဲ့ယွမ်အကြီးအကဲနှင့် ဖုန်းချန်အကြီးအကဲတို့သည် အချင်းချင်း မျက်လုံးချင်း ဆုံလိုက်ကြပြီး အကြည့်များတွင် အံ့ဩမှုများ ပြည့်နေသည်။

ဖုန်းချန်အကြီးအကဲ၏ မျက်လုံးထဲတွင် နောင်တရသည့် အရိပ်အယောင်တစ်ခု ရှိနေသည်။

ရှဲ့ယွမ်အကြီးအကဲကမူ စိတ်လှုပ်ရှားစွာ ရယ်မောနေသည်။

သူမသည် လော့ချန်က နောက်လာမည့် ပွဲစဉ်များတွင် အလျှော့ပေးမည်ကို စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။

ထိုသို့ဖြစ်လျှင် သူမသည် ကျင်းမင် ပေးအပ်ထားသော တာဝန်ကို အပြီးသတ်နိုင်မည်မဟုတ်ပေ။

လော့ချန် ဆက်လက်တိုက်ခိုက်မှသာ ချင်းယွမ်ဆေး၏ ဆေးစွမ်းသည် အစွမ်းကုန် ပေါက်ကွဲလာနိုင်မည်ဖြစ်သည်။

ဤအတွေးများဖြင့် ရှဲ့ယွမ်သည် တောက်ပစွာ ပြုံးလိုက်ပြီး လော့ချန်ကို သတိပေးသလိုနှင့် မြှောက်ပေးလိုက်သည်။

“လော့ချန်... မင်း သူတို့နဲ့ တိုက်ရင် သတိထား... ငါတို့ ရွှမ်ယွမ်ဂိုဏ်းက မင်းလို ဓားသိုင်းပညာပါရမီရှင်ကို မဆုံးရှုံးချင်ဘူး...”

လော့ချန် မျက်လုံးတစ်ချက် ဝေ့ကြည့်လိုက်ပြီး ပြုံး၍ ပြောသည်။

“စိတ်ချပါ... အစ်ကြီးအကဲကို စိတ်ပျက်အောင် ကျွန်တော် လုပ်မှာ မဟုတ်ဘူး...”

၁၁ ကြိမ်မြောက် ပွဲစဉ်တွင် နောက်ထပ် တိုက်ပွဲအချို့ ကျန်ရှိသေးသော်လည်း မည်သူမျှ ဂရုမစိုက်တော့ပေ။

လော့ချန်နှင့် ဆွန်ချွမ်ဝူတို့ တိုက်ပွဲအပြီးတွင် လူအများ၏ စိတ်ဝင်စားမှုများသည် အထွတ်အထိပ်သို့ ရောက်ရှိနေပြီး ဂိုဏ်းကြီးသုံးခု၏ အပြင်စည်းတပည့်ကြီးများ၏ နောက်ဆုံးအဆင့် တိုက်ပွဲကိုသာ မျှော်လင့်နေကြသည်။

တိုက်ပွဲစင်မြင့်ပေါ်မှ ပြိုင်ပွဲဝင်များပင်လျှင် ထိုအခြေအနေကို ခံစားမိကြကာ ပွဲများကို အလျင်စလို အဆုံးသတ်လိုက်ကြသည်။

၁၂ ကြိမ်မြောက် ပွဲစဉ်...

ပြိုင်ပွဲဝင်စာရင်း မထွက်သေးသော်လည်း လူအများ၏ အကြည့်များသည် လော့ချန်၊ ယန်ချင်းရှုံးနှင့် ဟွာကျင်းယန်တို့ဆီသို့ စုပြုံရောက်ရှိနေပြီ ဖြစ်သည်။

ဤတစ်ကြိမ်တွင် လော့ချန်ကို စိတ်ဝင်စားသူများ သိသိသာသာ များလာသည်။

ယခင် တိုက်ပွဲသည် လော့ချန်၏ လူကြိုက်များမှုကို ယန်ချင်းရှုံးနှင့် ဟွာကျင်းယန်တို့၏ အဆင့်သို့ တိုက်ရိုက် မြှင့်တင်ပေးခဲ့သည်။

လူအများစုက သူ၏ အပြည့်အဝစွမ်းရည်သည် မည်သည့်အဆင့်အထိ ရောက်ရှိကြောင်းနှင့် သူသည် ကောလာဟလများအတိုင်း အသုံးမကျသော သိုင်းဝိညာဉ်ကို နိုးထသူ ဟုတ်၊ မဟုတ်ကို မြင်တွေ့လိုကြသည်။

အခန်း ၃၆၆ ပြီးပါပြီ။

All Chapters