← Chapters

အ‌ဆိပ်ခတ်သောဖြစ်ရပ်

Vol. 12 Ch. 131

အ‌ဆိပ်ခတ်သောဖြစ်ရပ်

Vol. 12 Ch. 131

ကျန်းယန်ဘေးတွင်ရပ်ကာ ချက်ပြုတ်နေသောစန်းစုန့်ကိုတိတ်တဆိတ်ကြည့်ရှုနေခဲ့သည်။

ထိုအဖိုးကြီးသည် အတော်လေးကျွမ်းကျင်တာကို သူသတိထားမိခဲ့၏။ စန်းစုန့်သည် ချက်ပြုတ်ရန်အိုးများခွက်များဇွန်းများကို သူနှင့်အတူတစ်ပါတည်းယူလာခဲ့ပြီး ပါ၀င်ပစ္စည်းများမှလည်း စိတ်ဝိညာဉ်စွမ်းအင်အရှိန်အဝါများထွက်ပေါ်နေပြီး ထိုအရာများက သာမန်ပါ၀င်ပစ္စည်းများဟုတ်မနေတာ ထင်ရှားလှသည်။

“တာအိုမိတ်ဆွေအိုကြီး …ခင်ဗျားဒီထဲမှာအဆိပ်တော့ခတ်မထားဘူးမလား” ကျန်းယန် သံသယရှိနေဟန်ဖြင့် မေးလိုက်၏။

စန်းစုန့်ချက်ပြုတ်ရာတွင်သာ အာရုံစိုက်ထားခဲ့ပြီး သူ့ကိုတစ်ချက်တောင် လှည့်မကြည့်ခဲ့ပေ။

“ဘယ်အချိန်မဆို မင်းငါ့ကိုသံသယ၀င်နိုင်ပါတယ် ဒါပေမယ့် အခုအချိန်ကတော့ မင်းလုံး၀သံသယ၀င်စရာမလိုဘူး”

“ခင်ဗျားက တာအိုပေါင်းစည်းခြင်းအဆင့်ပညာရှင်တစ်ယောက်လေ ဘယ်လိုဖြစ်လို့ ဒီငါးကိုချက်ရတာကိုအဲ့လောက်စွဲလန်းနေရတာလဲ ခင်ဗျားအတိတ်ဘ၀တုန်းကသက်တန့်ငါးနဲ့ရန်ငြှိုးတွေဘာတွေများ ရှိခဲ့လို့လား”

“ဟုတ်ရင်လည်း ဟုတ်မှာပေါ့”

စန်းစုန့်အိုးကိုသာအာရုံစိုက်၍ကြည့်ရှုနေပြီး တစ်ခါတရံ တာအိုပညာရပ်များကိုသုံးကာ အိုးထဲကပါ၀င်ပစ္စည်းများ ဟန်ချက်ညီနေအောင် လုပ်တတ်သေးသည်။

မကြာခင်တွင် မွှေးပျံ့လွန်းသောရနံ့တစ်ခု ထိုဧရိယာတစ်ဝိုက်လုံးတွင် ပျံ့လွင့်လာခဲ့၏။

“အရမ်းမွှေးတာပဲ! ကျန်းယန်မင်းဒီမှာဘာလုပ်နေတာလဲ” တန်ချန်ကျိအလွန်မြန်သောအမြန်နှုန်းဖြင့် ပြေးထွက်လာခဲ့လေသည်။

ကျန်းယန်အံ့အားသင့်သွားခဲ့၏။

“ဆရာဦးလေး ၃ လား ဆရာဦးလေး၃တံခါးပိတ်ကျင့်ကြံနေတာမဟုတ်ဘူးလား”

“ငါတံခါးပိတ်ကျင့်ကြံနေတုန်း ရုတ်တရက်မင်းအိမ်ဘက်ကနေ အရမ်းမွှေးတဲ့အနံ့တစ်ခုထွက်လာလို့လေ ကြည့်ရတာအရမ်းရှားပါးတဲ့ ဆေးလုံးတစ်ခုခုရဲ့အနံ့နဲ့တူတယ် အဲ့တာကြောင့် ငါစစ်ဆေးကြည့်ဖို့ အမြန်ပြေးလာခဲ့တာ” တန်ချန်ကျိ စန်းစုန့်အိုးကိုစိုက်ကြည့်ပြီးနောက် မေးလိုက်လေသည်။

“စီနီယာ….ခင်ဗျား ဝိညာဉ်သန့်စင်ကြာပန်းထဲက ကြာစေ့ကို ဒီအိုးထဲထည့်ချက်ထားတာလား”

စန်းစုန့် ပြန်လှည့်ကြည့်လိုက်ကာ

“မင်းကအမြင်စူးရှသားပဲ ဒီကောင်စုတ်လေးလိုမဟုတ်ဘူး ဘာမှမသိတဲ့အပြင် ငါ့ကိုတောင်အဆိပ်ခတ်မှာသံသယရှိနေသေးတယ်”

သူကျန်းယန်ကိုမျက်စောင်းတစ်ချက်ထိုးလိုက်ပြီးနောက် ဟင်းအိုးကိုပြန်အာရုံစိုက်လိုက်၏။

ကျန်းယန်ကတော့ ပဟေဠိဖြစ်သွားခဲ့သည်။ သူမရသောအနံ့ကို ထိုသူများကအဘယ်ကြောင့် ရနေရပါသနည်း။

ထိုအရာက တာအိုနားလည်နိုင်စွမ်းကြောင့်ပေလော။

တန်ချန်ကျိသည် ဆေးလုံးတာအိုလမ်းစဉ်ကိုလျှောက်လှမ်းသူဖြစ်ပြီး ထိုအတွက်ကြောင့်လည်း ဤအနံ့ကို ခံနိုင်ခဲ့ပုံပေါ်သည်။

ကျန်းယန်ဘေးတွင်တိတ်တဆိတ်စောင့်ဆိုင်းနေပြီး ထိုနှစ်ယောက်ဆွေးနွေးနေသော ပါ၀င်ပစ္စည်းဆေးများအကြောင်းနှင့်နည်းစနစ်များကို နားထောင်နေခဲ့၏။

ထိုစဉ် စန်းစုန့်ကတော့ လောဘများဖြင့်ပြည့်နေသောမျက်နှာထားဖြစ်လာခဲ့ပြီး သူ့နှုတ်ခမ်းထောင့်မှ သွားရည်များ ကျလာခဲ့ပြန်သည်။

သူသည် ချက်ပြုတ်ခြင်းတွင် လုံး၀နစ်မြုပ်သွားခဲ့ပြန်ချေပြီ။

သုံးရက်လုံးလုံးကြာပြီးမှ ငါးနှစ်ကောင်ကိုချက်ပြုတ်ခြင်း ပြီးဆုံးသွားခဲ့၏။

“နောက်ဆုံး‌အနေနဲ့…ကောင်းကင်ရနံ့သစ်ပင်က အမှုန့်နည်းနည်းဖြူးလိုက်မယ် အခု ဟင်းပွဲကပြည့်စုံသွားပြီ”

စန်းစုန့် အဆင့်ကြီးတစ်ဆင့်ကိုချိုးဖြတ်လိုက်ရသလိုပင် အလွန်စိတ်ကျေနပ်နေခဲ့သည်။

ငါးစွပ်ပြုတ်ကျက်သွားသောအခါ ကျန်းယန် ပန်းကန်လုံးတစ်လုံးယူလိုက်ပြီး ထိုထဲသို့ ငါးစွပ်ပြုတ်ထည့်လိုက်၏။

“တာအိုမိတ်ဆွေအိုကြီး ခင်ဗျားကအများကြီးကြိုးစားထားရတာဆို‌ေတာ့ ကျွန်‌ေတာ်ခင််ဗျားကို တစ်ပန်းကန်ထည့်ပေးပါရစေ”

“ခွေးကောင်လေးနောက်ဆုံးတော့ မင်းသိတတ်ပြီပေါ့ ကြည့်ရတာ ငါဘယ်လောက်အရည်အချင်းရှိသလဲ သိသွားပြီထင်တယ်” စန်းစုန့် ပန်းကန်လုံးကို ဂုဏ်ယူစွာ လက်ခံလိုက်လေသည်။

ထိုအခိုက်တွင် ချင်းယွင်ကျိရုတ်တရက်ပေါ်လာပြီး ကျန်းယန်ကိုကြည့်လိုက်ကာ

“ငါ့ကိုလည်း တစ်ပန်းကန်ထည့်ပေး”

“ဆရာ စောင့်ပါဦး” ကျန်းယန် စန်းစုန့်ကိုကြည့်လိုက်၏။

“ဒီစီနီယာက ဒီဟင်းပွဲကိုသုံးရက်လုံးလုံးကြာအောင်ချက်ထားရတာ အခုကသူတောင်မစားရသေးဘူး ကျွန်တော်တို့သူ့ကိုလေးစားမှုပေးမှဖြစ်မယ် သူအရင်စားပါစေ”

“ယဉ်ကျေးနေဖို့ မလိုပါဘူး ယဉ်ကျေးနေဖို့…”

စန်းစုန့်ပြောနေရင်း ရုတ်တရက်တောင့်တင်းသွားကာ ကျန်းယန်ကို မယုံကြည်နိုင်ဟန်ဖြင့် စိုက်ကြည့်နေခဲ့မိသည်။

“မင်း…မင်းက ငါအဆိပ်ခတ်ထားတယ်လို့ သံသယရှိနေသေးတာလား”

ကျန်းယန်က သူ့အပေါ်ရိုသေလေးစားနေသည်ဟု သူထင်ခဲ့မိပါသော်လည်း တကယ်တော့ ထိုခွေးကောင်က သူအဆိပ်ခတ်ထားမှာကို သတိထားနေခဲ့ခြင်းဖြစ်၏။

ချင်းယွင်ကျိ ခေါင်းယမ်းလိုက်ပြီး ကျန်းယန်လက်ထဲက ဇွန်းခွက်ကြီးကိုယူကာ သူ့အတွက်ငါးစွပ်ပြုတ်တစ်ပန်းကန် ထည့်လိုက်လေသည်။

“ဆရာ ဘေးကင်းတာသေချာလို့လား” ကျန်းယန် ကြောက်လန့်နေဟန်ဖြင့် မေးလိုက်၏။

ချင်းယွင်ကျိ သက်ပြင်းချလိုက်သည်။

“ကျန်းယန်….မင်းသူချက်နေတာကိုသုံးရက်လုံးလုံးကြည့်နေတာပဲလေ ဒါကမင်းသတိထားမိတာအကုန်ပဲလား

ဒီအရာအပေါ် သူဘယ်လောက်တောင် နှစ်မြုပ်ထားသလဲဆိုတာ မင်းမမြင်ဘူးလား

သူကငါတို့ရန်သူဆိုပေမယ့် သူ့သုံးရက်လုံးလုံးအားထုတ်မှုကတော့ လေးစားမှုနဲ့ထိုက်တန်ပါတယ်

နောက်ပြီး ငါတာအိုစွမ်းအင်တွေဘယ်လိုအလုပ်လုပ်သလဲဆိုတာ ကောင်းကောင်းနားလည်တယ် ဒီစွပ်ပြုတ်ကတကယ်ပဲ စိတ်ဝိညာဉ်အတွက်အကျိုးရှိစေလိမ့်မယ် သူတို့လည်း လာစားလို့ရအောင် မင်းဦးလေးတွေကို သွားသတင်းပေးလိုက်”

စန်းစုန့် နှာခေါင်းရှုံ့လိုက်သည်။

“လူတိုင်းစားလို့ရတယ် ဒါပေမယ့် ဒီကောင်စုတ်လေးတော့ စားမရဘူး မတော်လို့သူအဆိပ်မိသွားရင်ဘယ်လိုလုပ်မလဲ”

ကျန်းယန် စပ်ဖြဲဖြဲပြုံးပြလိုက်ကာ ထွက်သွားခဲ့၏။

ထို့နောက် သူ့ဆရာဦးလေးများကို သူကိုယ်တိုင်သွားဖိတ်ခဲ့လေသည်။

နောက်ဆုံးတွင် သူသည်တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက်မဟုတ်သောကြောင့် ထိုအဆင့်များ မည်သည့်လှည့်ကွက်များသုံးနိုင်သည်ကို မသိရှိပေ။ ထို့ကြောင့်လည်း အလွန်အမင်းသတိထားနေခဲ့ခြင်းဖြစ်၏။

အကယ်၍ အဇူရာတိမ်ဂိုဏ်းကသာ ငါးစွပ်ပြုတ်တစ်အိုးကြောင့်ပြိုကွဲသွားခဲ့ရလျှင် ထိုအရာက ကျင့်ကြံ‌ခြင်းလောကတစ်ခုလုံးတွင် အကြီးဆုံးဟာသကြီးတစ်ခု ဖြစ်သွားရပေလိမ့်မည်။

ထို့ကြောင့် သူအလွန်အမင်းဂရုစိုက်နေခြင်းက မှားတော့မမှားပေ။

လင်းယွင်ကျိနှင့်အခြားသူများသည်တံခါးပိတ်ကျင့်ကြံမနေကြသောကြောင့် ကျန်းယန်ဖိတ်ကြားသောအခါ အားလုံး သူ့ဗီလာလို့ရောက်ရှိလာခဲ့ကြသည်။

ထို့နောက် သူတံခါးပိတ်ကျင့်ကြံနေသော စစ်ထူမင်ယွဲ့နှင့်ချွန်းရှောင်တို့ကိုသွားခေါ်ခဲ့ပြီး အဇူရာတိမ်ဈေးသို့သွားပြီး ကျန်းကျစ်ချိုးကိုပါ သွားခေါ်ခဲ့သေး၏။

ငါးစွပ်ပြုတ်က အန္တရာယ်မရှ်ိကြောင်း သူ့ဆရာကိုယ်တိုင်အတည်ပြုပေးပြီး ဖြစ်သောကြောင့် ထိုအရာကိုလူတိုင်းအရသာခံသင့်ပေသည်။

အကယ်၍ ပမာဏကသာအရမ်းနည်းမနေလျှင် သူဂိုဏ်းတစ်ဂိုဏ်းလုံးကိုပင် ခေါ်၍ ကျွေးချင်သေး၏။

ကျန်းကျစ်ချိုး ကျန်းယန်ကိုလှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိသွားခဲ့သည်။ သူ့အစ်ကိုကြီးက သူ့အပေါ်ထိုမျှကောင်းလိမ့်မည်ဟု သူထင်မထားခဲ့မိပေ။

အထူးသဖြင့် ငါးစွပ်ပြုတ်ပန်းကန်၀က်ထဲစားပြီးရုံနှင့် သူ့စိတ်ဝိညာဉ်စွမ်းအားများထိုးတက်လာကာ ဝိညာဉ်ပါတုန်ရီလာသောအခါ သူကျန်းယန်ကိုဖေဖေဟုပါ ခေါ်ချင်သွားခဲ့သည်။

ဤငါးစွပ်ပြုတ်ကိုသောက်ပြီးလျှင် သူဝိညာဉ်အခြေတည်အဆင့်သို့ ချိုးဖြတ်သွားတော့မည်ဟု သူသေချာခံစားနေခဲ့ရ၏။

ထိုအဆင့်က သူနှစ်ပေါင်းများစွာအိပ်မက်မက်ခဲ့ရသောအဆင့်ပင် မဟုတ်ပါလော။

ငါးစွပ်ပြုတ်က အမှန်တကယ်ပင် အကျိုးသက်ရောက်မှုကောင်းလွန်းလှသည်။ စစ်ထူမင်ယွဲ့နှင့်ချွန်းရှောင်တို့သာမကဘဲ လင်းယွင်ကျိတို့ပင် ငါးစွပ်ပြုတ်သောက်ပြီးသည်နှင့် ချက်ချင်းတံခါးပိတ်ကျင့်ကြံခြင်း ၀င်သွားခဲ့ကြ၏။

လူတိုင်းကျေနပ်သွားသည်ကိုမြင်သောအခါမှ ကျန်းယန် သူ့ငါးစွပ်ပြုတ်ကို စတင်သောက်သုံးဖို့ ပြင်လိုက်သည်။

သူက အရင်ကတည်းက ငါးစွပ်ပြုတ်များစွာသောက်ဖူးပြီးသားဖြစ်သောကြောင့် အခြားသူများကိုဦးစားပေး၍ အရင်တိုက်လိုက်ခြင်းဖြစ်၏။

ကျန်းယန် ငါးစွပ်ပြုတ်ခပ်ထည့်နေသည်ကိုမြင်သောအခါ စန်းစုန့်နှာခေါင်းရှုံ့၍ မေးလိုက်သည်။

“ငါမင်းကိုသေအောင်အဆိပ်ခတ်လိုက်မှာ မကြောက်ဘူးလား”

“တာအိုမိတ်ဆွေအိုကြီး အဲ့လောက်သဘောထားမသေးသိမ်ပါနဲ့” ကျန်းယန် ရယ်မောလိုက်၏။

“ကျွန်တော့်နေရာမှာ ခင်ဗျားဆိုရင်ရော ဒီလောက်ဂရုမစိုက်ဘဲနေမှာတဲ့လား ခင်ဗျားကအဇူရာတိမ်ဂိုဏ်းကမဟုတ်ဘူးလေ နောက်ပြီး ကျွန်ဝောာ်တို့ကိုလည်း အမြဲဆန့်ကျင်နေတဲ့လူ ကျွန်တော်ကိုယ့်ကိုကိုယ်ကာကွယ်ထားတယ်ဆိုတာက ခင်ဗျားရဲ့ အရည်အချင်းကိုအသိအမှတ်ပြုတဲ့သဘောပဲ”

“အဲ့တော့ ငါကမင်းကိုကျေးဇူးတင်ရမှာလား” စန်းစုန့်ဆွံ့အသွားခဲ့သည်။

“လာစမ်းပါ ကျွန်တော်တို့က မိသားစုတွေပဲကို” ကျန်းယန် စန်းစုန့်ကိုပိုနီးကပ်အောင်သူ့အနားဆွဲယူလိုက်ပြီး

“ကျွန်တော် ခင်ဗျားကိုသံသယဖြစ်မိတာမှားတယ်ဆိုတာ ၀န်ခံပါတယ် ကျွန်တော်တောင်းပန်ပါတယ် ခင်ဗျားအနာဂတ်မှာ ကျွန်ဝောာ်တို့ဂိုဏ်းသားဖြစ်လာရင်တော့ အခုလိုမဆက်ဆံတော့ပါဘူး

နောက်ပြီး ခင်ဗျားကျွန်တော့်ကိုငါးဖမ်းခိုင်းတုန်းကရော ကျွန်တော်မဖမ်းဘဲနေခဲ့လို့လား”

“ဟမ့်” စန်းစုန့်နှာခေါင်းရှုံ့လိုက်ပြီး ကျန်းယန်နှင့်စကားမပြောချင်သောကြောင့် ဟိုဘက်လှည့်သွားခဲ့၏။

ကျန်းယန် သူ့ကိုလျစ်လျူရှုထားလိုက်ပြီး ငါးစွပ်ပြုတ်ပန်းကန်ကိုသာတစ်ကျိုက်တည်းဖြင့် အကုန်မော့သောက်လိုက်လေသည်။

ချက်ချင်းဆိုသလို သူ့ကိုယ်ထဲတွင် စိတ်ဝိညာဉ်စွမ်းအားများ လျက်တပြက် ဖြတ်သန်းစီးဆင်းသွားခဲ့၏။ ဆန်းကြယ်သောစွမ်းအားတစ်မျိုးက သူ့ခံစားချက်များအားလုံးကို သက်သာရာရသွားစေကာ သူ့စိတ်ထဲတွင်လည်း တည်ငြိမ်အေးချမ်းကာ ရှင်းလင်းပြတ်သားနေသောခံစားချက်တစ်ခုကို ခံစားသွားရသည်။ ထိုအခိုက်တွင် သူသည် တာအိုနှင့်တထပ်တည်းကျနေပြီး သူ့နားထဲတွင်တာအိုတရားသံများ ဟိန်းထွက်နေကာ ကမ္ဘာကြီး၏ဆန်းကြယ်မှုများကို မြင်တွေ့ခံစားနေခဲ့ရ၏။

“အဆိပ်ခတ်ထားတယ်ထင်သေးလား” စန်းစုန့်မျက်စောင်းတစ်ချက်ထိုးကာ ပြောလိုက်သည်။

ကျန်းယန် ဘာမှပြန်မပြောခဲ့ပေ။ ထိုခံစားချက်တွင်သာ သူဆက်လက်နစ်မြုပ်နေခဲ့၏။

“မင်းဝိညာဉ်ပိုသန်မာလာသလိုခံစားရတယ်မဟုတ်လား” စန်းစုန့်သူ့ကိုတစ်ချက်ကြည့်ကာ ပြောလိုက်သည်။

“ဒါမျိုးကမင်းအဆင့်နဲ့ခံစားနိုင်တဲ့အရာမျိုးမဟုတ်ဘူး ကောင်လေး မင်းကံကောင်းတယ်

ငါဒီစွပ်ပြုတ်တစ်အိုးကိုဖန်တီးဖို့ ရာစုနှစ်‌ေတွနဲ့ချီပြီး ပါ၀င်ပစ္စည်းအတွက် စိတ်ဝိညာဉ်ပင်တွေကို သုတေသနလုပ်ခဲ့ရတာ ဒါတောင်မင်းကအဆိပ်ခတ်ထားတယ် ထင်ရဲသေးတယ်…နွားလိုမြည်းလိုကောင်ကို စိတ်ကောင်းစေတနာထားမိတာပဲ”

အတန်ကြာသောအခါမှ ကျန်းယန် ထိုအခြေအနေမှပြန်လည်နိုးထလာခဲ့သည်။

ကမ္ဘာကြီးတစ်ခုလုံးက အရင်ထက်ပိုရှင်းလင်းပြတ်သားလာသလို သူခံစားလိုက်ရ၏။

“တာအိုမိတ်ဆွေအိုကြီး မ‌ဆိုးဘူး”

ကျန်းယန်စန်းစုန့်ကိုလက်မထောင်ပြလိုက်သည်။

“ဒီငါးစွပ်ပြုတ်အိုးက တကယ်ကြီးကောင်းလွန်းတယ်ဆိုတာ ကျွန်တော်၀န်ခံတယ်”

“သေချာတာပေါ့” စန်းစုန့် ဂုဏ်ယူနေဟန်ဖြင့် ပြောလိုက်၏။

“မင်းဆရာဦးလေးတွေတောင် သောက်ပြီးတာနဲ့ တံခါးပိတ်ကျင့်ကြံခြင်း၀င်သွားကြတာ မင်းကမသွားဘူးလား မင်းအခုချိန်ကျင့်ကြံရင် မင်းကျင့်ကြံခြင်းကို ချိုးဖြတ်ကောင်း ချိုးဖြတ်နိုင်လိမ့်မယ်”

“ဘာကိုချိုးဖြတ်ရမှာလဲ” ကျန်းယန် ခေါင်းယမ်းလိုက်လေသည်။

သူ့တွင် တာအိုမျိုးစေ့တောင်မရှ်ိလေရာ သူကတံခါးပိတ်ကျင့်ကြံပြီး ဘာလုပ်ရပါမည်နည်း။ လက်ရှိသူလုပ်ဖို့လိုတာက သူ့လမ်းစဉ်ကိုဘယ်လိုဖောက်ရမလဲဆိုတာ အဖြေရှာဖို့ဖြစ်ပြီး ထိုအရာကသာ သူ့အတွက်အရေးအကြီးဆုံး ဖြစ်၏။

“တာအိုမိတ်ဆွေအိုကြီး ခင်ဗျားဒီလက်ကျန်ငါးစွပ်ပြုတ်နဲ့ အသားတွေကိုသုံးဦးမှာလား မသုံးတော့ရင် ကျွန်တော်ဒါတွေကိုထုတ်ပြီး ၀မ်ချိုက်ကိုသွားကျွေးချင်လို့ ငါးအရိုးတွေရောပဲ” ကျန်းယန် ပြောလိုက်သည်။

“၀မ်ချိုက်ကဘယ်သူလဲ” စန်းစုန့်စိတ်၀င်တစားမေးလိုက်သည်။

ကျန်းယန် ပြုံးလိုက်၏။

“လျှို့ဝှက်နယ်မြေထဲက ကျားမိစ္ဆာတစ်ကောင်လေ ကျွန်တော်တို့တိုက်ခိုက်ပြီးတော့ သူငယ်ချင်းဖြစ်လာကြတာ ဆရာ ဂိတ်တံခါးဖွင့်ပေးပါဦး”

“မင်းဟာမင်းဖွင့်လိုက် လျှို့ဝှက်နယ်မြေသော့က မင်းဆီမှာရှိနေတာပဲ ၀င်ဖို့တောင်အနောက်ဖက်ကိုသာ သွားလိုက်” ချင်းယွင်ကျိ သူ့ကိုတည်နေရာကိုသာတိုက်ရိုက်ပြောပြလိုက်လေသည်။

သူသည်ဂိုဏ်းသခင်တစ်ယောက်ဖြစ်ပြီး တံခါးစောင့်တစ်ယောက်မဟုတ်ပေ။

All Chapters