← Chapters

အသံတိတ်ပစ်ချက်

Vol. 12 Ch. 133

အသံတိတ်ပစ်ချက်

Vol. 12 Ch. 133

စန်းစုန့် ကျန်းယန်ကိုကြည့်ကာ အကူအညီမဲ့စွာ ခေါင်းယမ်းလိုက်ပြီး

“မင်းပုံစံအရတော့ မင်းကရွှေအမြုတေအဆင့်မှာပဲရှိသေးတယ်မလား တကယ်လို့မင်းသာအားနည်းနည်းစိုက်လိုက်ရင် ဝိညာဉ်အခြေတည်အဆင့်ကိုချိုးဖြတ်ဖို့က မခက်သင့်ဘူး လက်ရှိမှာ ဝိညာဉ်အခြေတည်အဆင့်ကိုချိုးဖြတ်ဖို့က မင်းရဲ့အရေးကြီးဆုံးပန်းတိုင်ဖြစ်နေသင့်တယ်မဟုတ်လား”

ကျန်းယန်ပြောစရာစကားမဲ့သွားခဲ့၏။

မည်သူက ဝိညာဉ်အခြေတည်အဆင့်ကိုမရောက်ချင်ဘဲ နေပါမည်နည်း။

သူအရင်းအမြစ်ဘယ်လောက်တောင် ဝါးမြိုပြီးပြီလားဆိုတာကို သူကိုယ်တိုင်သာ သိပေသည်။ သို့သော်လည်း သူ့ရွှေအမြုတေက တာအိုမျိုးစေ့ပေါ်ပေါက်လာမည့်အ‌ရိပ်အယောင်ပင် ပြမလာသေးပေ။ ထိုအခြေအနေတွင် သူမည်သို့ အခြေတည်ဝိညာဉ်ကိုဖွဲ့တည်ရပါမည်နည်း။

အဖြူထည်ရွှေအမြုတေက အဆင့်ချိုးဖြတ်ဖို့ဘယ်လောက်ခက်မှန်း သူကြားဖူးသော်လည်း ယခုလောက်ကြီးခက်နေမယ်လို့တော့ သူတစ်ခါမှ ထင်မထားခဲ့မိဖူးပေ။

စိတ်ဝိညာဉ်ကျောက်တုံး သန်းချီ များစွာသောဆေးများနှင့် သက်တန့်ငါးလေးကောင်ကိုစားပြီးသောအခါမှာတောင် သူ့ရွှေအမြုတေက တုပ်တုပ်မှလှုပ်မလာခဲ့ပေ။

“တာအိုမိတ်ဆွေအိုကြီး ဘာဖြစ်နေတာလဲ” ကျန်းယန်သူ့ကိုထူးဆန်းစွာတစ်ချက်ကြည့်လိုက်ကာ

“ကျွန်တော်ဝိညာဉ်အခြေတည်အဆင့်ကိုမရောက်ရင် ကောင်းကင်တိုက်ပွဲကွင်းပြင်မှာ အသက်မရှင်နိုင်မှာကို စိတ်ပူနေတာလား ခင်ဗျားက အဇူရာတိမ်ဂိုဏ်းသားဖြစ်လာဖို့ ဆုံဖြတ်ထားပြီးပြီလို့တော့ မပြောနဲ့နော်”

“မဟုတ်ဘူး လုံး၀မဟုတ်ဘူး” စန်းစုန့် ချက်ချင်းငြင်းလိုက်၏။

“ငါက ရှို့ယိဘုရားကျောင်းကဆရာသခင်တစ်ယောက် လေ ဘယ်လိုလုပ် အဇူရာတိမ်ဂိုဏ်းသားဖြစ်ချင်မှာလဲ ငါပြောတယ်ဆိုတာက….ငါပြောတယ်ဆိုတာက ငါတို့သိလာတာလည်းကြာပြီလေ နောက်ပြီး မင်းကသက်တန့်ငါးနဲ့ပတ်သက်ပြီး ငါ့ဆီကအမြင်ကောင်းရထားတာဆိုတော့ ငါမင်းကိုနည်းနည်းပါးပါးဂရုစိုက်ရုံပါ မဟုတ်ရင် ငါအတော်လေးနှလုံးသားမဲ့ရာကျသွားမှာပေါ့”

ကျန်းယန် လေးပင်စွာခေါင်းညိတ်ပြလိုက်ကာ

“တာအိုမိတ်ဆွေအိုကြီး ခင်ဗျားမှာစိတ်ကောင်းရှိတာပဲ ကျွန်တော်လေးလေးနက်နက်ခံစားလိုက်ရပါတယ်”

စန်းစုန့်ပြောစရာစကားမဲ့သွားခဲ့သည်။

“ကျွန်‌ေတာ်ခင်ဗျားနဲ့စကားပြောမရတော့ဘူး လေ့ကျင့်ရေးအတွက် ဆရာဦးလေး၆နဲ့သွားတွေ့ရဦးမယ်” ကျန်းယန်ပြောလိုက်ကာ ပန်းပဲတောင်ထွတ်ဆီလှည့်ထွက်လာခဲ့၏။

သူလှည့်ထွက်သွားပြီး ခြေသုံးလေးလှမ်းလှမ်းပြီးချိန်တွင် နောက်ပြန်လှည့်လိုက်ကာ

“တာအိုမိတ်ဆွေအိုကြီး…ကျေးဇူးတင်ပါတယ်”

ပြောပြီးသည်နှင့် သူပန်းပဲတောင်ထွတ်ဆီပျံသန်းထွက်ခွာသွားခဲ့လေသည်။

“ဒီကောင်စုတ်လေးကတော့…”စန်းစုန့်မပြုံးဘဲမနေနိုင်တော့ဘဲ သူ့အမူအရာကအတိတ်ကိုလွမ်းဆွတ်သွားသော အမူအရာမျိုး ဖြစ်သွားခဲ့၏။

ကျန်းယန် တောင်ထွတ်သို့ရောက်ရှိလာခဲ့သည်။

“ဆရာဦးလေး ၆ ကျွန်တော့်ကို လက်နက်တစ်ခုမြန်နိုင်သမျှမြန်အောင်ဘယ်လိုထုလုပ်ရမလဲဆိုတာ သင်ပေးပါဦး အဆင့်ကအရေးမကြီးဘူး အစွမ်းကလည်းအရေးမကြီးဘူး ကျွန်တော်က အမြန်နှုန်းကိုပဲလိုချင်တာ

သာမန်ပစ္စည်းတွေနဲ့ပဲထုလုပ်လို့ရပြီး အမြန်ဆုံးထုလုပ်လို့ရတာဆို ပိုကောင်းတယ်”

ဟွာလင်းကျိ သူ့ကိုအံ့အားသင့်သွားဟန်ဖြင့် ကြည့်လိုက်ကာ

“မင်းကငါ့ပန်းပဲပညာအခြေခံကိုလာစမ်းသပ်နေတာလား”

သူသည် နတ်ဝိညာဉ်အဆင့်တစ်ယောက်ဖြစ်ပြီး ထိုကဲ့သို့သောလူတစ်ယောက်ကို ကျန်းယန်က အဆင့်နိမ့်လက်နက်များထုလုပ်နည်းသင်ပေးဖို့ လာပြောနေခဲ့သည်။

“ကျွန်တော်ဒါကိုသန့်စင်ချင်တာ” ကျန်းယန် လက်ဆန့်တန်းလိုက်ကာ သူ့အရင်ဘ၀ကသိခဲ့ဖူးသော လက်နက်တစ်ခု၏ပုံကို ထုတ်ပြလိုက်၏။

“ကြည့် ဒါက ပြောင်း၀ ဒါကမောင်းခလုတ်…ကျွန်တော်က စိတ်ဝိညာဉ်စွမ်းအင်ကို တွန်းအားအဖြစ်သုံးချင်တာ နောက်ကနေစိတ်ဝိညာဉ်စွမ်းအင်သုံးပြီးတွန်းအားပေးလိုက်ရင် ပြောင်း၀ကနေ မြှားခေါင်း ဒါမှမဟုတ် ကျည်ဆန်ကထွက်လာလိမ့်မယ် ကဗ္ဗည်းတွေထည့်မယ့်အပိုင်းကိုတော့ ဆရာဦးလေး ၅ ကဖြေရှင်းပေးပြီးသွားပြီ အခုက ကိုယ်ထည်တည်ဆောက်ဖို့ပဲလိုတော့တာ ကျွန်တော့်ကိုအဲ့တာဘယ်လိုလုပ်ရမလဲ သင်ပေးပါဦး”

“မင်းကဒါကိုဘာအတွက်လိုတာလဲ” ဟော်လင်းကျိ လုံး၀ဆွံ့အသွားခဲ့၏။

ထိုလက်နက်က မည်မျှသန်မာနိုင်ပါမည်နည်း။

ထိုအရာက သေမျိုးများအတွက်ဆိုလျှင်တော့ လုံလောက်နိုင်သော်လည်း သူတို့သည် ကျင့်ကြံသူများဖြစ်ကြပေသည်။ အဆင့် ၉ မှော်ပစ္စည်းကတောင် ထိုအရာထက် အများကြီးပိုပြီး အစွမ်းထွက်နေပေဦးမည်။

ကျန်းယန် လေးလေးနက်နက်ပြောလိုက်၏။

“ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်က ဘယ်လိုပုံစံလဲဆိုတာ ကျွန်တော်မသိဘူး ဒါပေမယ့် ဒီလက်နက်ကအဲ့ဒီနေရာရဲ့ ထူးဆန်းတဲ့ပတ်၀န်းကျင်မှာ အသုံး၀င်ကောင်း၀င်လာနိုင်လိမ့်မယ် အခုသင်ထားရင် ကျွန်တော်တိုက်ပွဲကွင်းပြင်ထဲရောက်သွားတဲ့အခါ ဒီလိုလက်နက်အချို့ ချက်ချင်း လုပ်နိုင်လောက်တယ်”

ကျန်းယန်က ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်အတွက်ဟု ပြောလိုက်သောအခါ ဟော်လင်းကျိအမူအရာချက်ချင်း လေးနက်သွားခဲ့သည်။

ကျန်းယန် တိုက်ပွဲကွင်းပြင်ထဲ၀င်သည့်ကိစ္စက သူတို့တစ်ဂိုဏ်းလုံးအတွက်အရေးအကြီးဆုံးကိစ္စသာ ဖြစ်၏။

အတန်ကြာတွေးတောပြီးသောအခါ ဟော်လင်းကျိ သံရိုင်းနှင့်ကြေးနီရိုင်းများကိုသုံးကာ လက်နက်တစ်ခု စတင်သန့်စင်လေတော့သည်။

မည်မျှမာသော သစ်သားဆိုလျှင် ဤသတ္တုများနေရာ၌အစားထိုးနိုင်ကြောင်းပင် သူသေချာတွက်ချက်ပြခဲ့၏။

ရက်အတန်ကြာအောင် ကြိုးစားပြီးသောအခါတွင်တော့ ကျန်းယန် ပန်းပဲတောင်ထွတ်မှ ရွှေရောင်ဘားရတ်ရိုင်ဖယ်ကြီးတစ်လက်ကိုကိုင်၍ စိတ်ကျေနပ်စွာ ထွက်လာခဲ့လေသည်။

ရွှေရောင်ဘားရတ်ရိုင်ဖယ်!

ထိုအရာတွင် မည်သည့်စိတ်ဝိညာဉ်စွမ်းအင်မှ မပါရှိသလို ကိုယ်ထည်တစ်ခုလုံးကိုလည်း သာမန်သတ္တုများဖြင့်သာ ပြုလုပ်ထားခဲ့ခြင်းဖြစ်၏။

ဤအရာကို သူ့ဆရာဦးလေး၆ကိုယ်တိုင်ပြုလုပ်ပေးထားခဲ့ခြင်းဖြစ်သည်။ သူထိုအရာကို ကောင်းကင်တိုက်ပွဲကွင်းပြင်သို့ စမ်းယူသွားဖို့ တွေးထားခဲ့၏။ ယူခွင့်ပြုလျှင်လည်း ကောင်းသောအရာဖြစ်ပြီး ယူခွင့်မရလျှင်လည်း သာမန်လက်နက်လေးတစ်ခုကိုဆုံးရှုံးရရုံသာဖြစ်သည်။ ကြိုးစားကြည့်ခြင်းကတော့ မမှားပေ။

ကျန်းယန် ရွှေရောင်ဘားရတ်ရိုင်ဖယ်ကိုထမ်း၍ လျှောက်လာသည်ကိုမြင်သောအခါ စန်းစုန့်ငေးကြောင်သွားခဲ့၏။

ကောင်းကောင်းမကျင့်ကြံရုံသာမက ထိုကလေးက ဘာတွေလုပ်နေပါသနည်း။

“တာအိုမိတ်ဆွေအိုကြီး ဒီအရာရဲ့စွမ်းပကားကို ကူစမ်းပေးဦး” ကျန်းယန် စန်းစုန့်ကိုပြောလိုက်သည်။

“အို့”

“အသင့်ပြင်ထားနော် ဒါကအတော်လေးစွမ်းအားကြီးတယ် တစ်ချက်တည်းနဲ့အသတ်မခံရစေနဲ့” ကျန်းယန် လေးလေးနက်နက်သတိပေးလိုက်၏။

“ငါကစွမ်းအားကြီးတဲ့တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက်ပါ ဒီလိုစိတ်ဝိညာဉ်စွမ်းအားအတက်အကျတောင်မရှိတဲ့ပစ္စည်းတစ်ခုလောက်နဲ့ အသတ်ခံရစရာလား” စန်းစုန့် လှောင်ပြောင်လိုက်သည်။

စန်းစုန့်ကထိုသို့ပြောသောအခါ ကျန်းယန်အားနာမနေတော့ပေ။ သူ့လက်ကိုမြှောက်ကာ စန်းစုန့်ကိုချိန်၍ ပစ်ချလိုက်၏။

သေနတ်မောင်းခလုတ်ကိုဆွဲလိုက်သော်လည်း သေနတ်မှအသံတစ်သံမှ ထွက်ပေါ်မလာခဲ့ပေ။

ထိုအရာက တကယ့်အသံတိတ်လက်နက်တစ်ခုပင်ဖြစ်သည်။

စန်းစုန့်အမူအရာရုတ်ချည်းပြောင်းလဲသွားကာ သူ့ဆီပြေး၀င်လာသော ကျည်ဆန်ကိုလက်ဖြင့် ဖမ်းထားလိုက်၏။ ထို့နောက် သူကျန်းယန်လက်ထဲက မီးတုတ်ချောင်းကို ကြည့်ရှုနေခဲ့သည်။

သူကြောက်ရွံ့သွားခြင်းမဟုတ်သော်လည်း ထိုအရာ၏စွမ်းအားက သူထင်ထားတာထက်တော့ ကျော်လွန်နေခဲ့၏။

“အကဲဖြတ်ပေးရရင်…ဒီအရာရဲ့စွမ်းအားက ရွှေအမြုတေအထွတ်အထိပ်အဆင့်လောက်တော့ရှိတယ်” စန်းစုန့်ပြောလိုက်သည်။

“အသံမထွက်ဘူး သာမန်လက်နက်တွေထက်လည်းပိုမြန်တယ် သူ့စွမ်းအားကလည်းမသေးလှဘူး ဒါပေမယ့် အသုံးမ၀င်ပါဘူး ရွှေအမြုတေအဆင့်ကသာ ကောင်းကောင်းပြင်ဆင်ထားရင် မင်းသူ့ကိုတောင် ထိခိုက်အောင်လုပ်နိုင်မှာမဟုတ်ဘူး ဝိညာဉ်အခြေတည်အဆင့်ကိုထိခိုက်အောင်လုပ်ဖို့ကတော့ စဉ်းတောင်မစဉ်းစားလိုက်နဲ့ သူတို့က နတ်အာရုံတစ်ချက်လှုပ်လိုက်တာနဲ့ မှော်သိုင်းတစ်ကွက်ချက်ချင်း ဖွဲ့တည်နိုင်တဲ့လူတွေ”

ကျန်းယန် သူ့ကိုထူးဆန်းစွာကြည့်ရှုနေခဲ့၏။

ဒီလူကရူးနေတာလား ငါကသူတို့ကိုဘာလို့ပြင်ဆင်ချိန်ပေးမှာလဲဟ!

ရွှေအမြုတေအဆင့်အထွတ်အထိပ်ဟူသောစွမ်းအားက သူမျှော်လင့်ထားတာထက်ပင်ပိုပြီးကျော်လွန်နေခဲ့သည်။

ထိုစွမ်းအားအားလုံးကိုသာ ပစ်မှတ်တစ်ခုတည်း၏ သေစေနိုင်သောနေရာသို့ ချိန်ပစ်နိုင်ခဲ့လျှင်….

ကျန်းယန်တခဏကြက်သေသေသွားပြီးနောက်တွင်တော့ ပန်းပဲတောင်ထွတ်ဆီအော်ဟစ်၍ ပြန်ပြေးလေတော့၏။

“ဆရာဦးလေး အချိန်ရရင် ကျွန်တော့်ကိုဒါမျိုးအလက်ထောင်ဂဏန်းလောက် လုပ်ပေးပါဦး မဟုတ်သေးဘူး အလက်တစ်သောင်းလောက်လုပ်ပေးပါဦး”

ထိုအရာကို ဘာစိတ်ဝိညာဉ်စွမ်းအင် ပါတယ်ဆိုရုံမျှလေး ထည့်ပြီး အသုံးပြုတာတောင် ဒီလောက်စွမ်းအားကြီးနေလျှင် ထိုလက်နက်ကိုသာ အခြေခံတည်ဆောက်ခြင်းအဆင့် ရွှေအမြုတေအဆင့်များက နောက်မှစိတ်ဝိညာဉ်စွမ်းအင်ထပ်ထည့်၍ အသုံးပြုလိုက်ပါလျှင်…

“ဒါက…”

“အချိန်မရှိသေးဘူး” ဟော်လင်းကျိ ချက်ချင်းငြင်းလိုက်၏။

သူ့တွင်အခုလို မှော်လက်နက်ဟုပင်သတ်မှတ်၍မရသော လက်နက်မျိုးကိုသန့်စင်ဖို့ အချိန်မရှိပေ။ နတ်ဝိညာဉ်အဆင့်တစ်ယောက်ဖြစ်သောသူက ပိုသန်မာသော စိတ်ဝိညာဉ်အဆင့်လက်နက်များ အမတအဆင့်လက်နက်များကိုသာ သန့်စင်လိုပေသည်။

“ဒါဆိုလည်း ကျွန်တော်ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ကပြန်လာမှ လုပ်ကြတာပေါ့” ကျန်းယန် ရိုင်ဖယ်ပေါ်က ကဗ္ဗည်းများကို သေချာဂရုစိုက်၍ဖျက်ထားလိုက်ပြီး ရိုင်ဖယ်ကိုပြန်သိမ်းထားလိုက်၏။

ထိုကဗ္ဗည်းများမှ စိတ်ဝိညာဉ်စွမ်းအင်အတက်အကျများပေါ်လာ၍ တိုက်ပွဲကွင်းပြင်ထဲ ယူခွင့်မရခဲ့လျှင် သူ့အတွက်ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်သွားရပေလိမ့်မည်။

သေနတ်ကိုသိမ်းပြီးနောက် ကျန်းယန် ချင်းယွင်ကျိရှိရာ အဇူရာတိမ်တောင်ထွတ်ဆီ ရောက်သွားခဲ့ပြီး

“ဆရာ ကျွန်တော်ဝင်္ကပါထဲ၀င်ဖို့အသင့်ဖြစ်နေပြီ…မိစ္ဆာတွေနဲ့သွားဆွေးနွေးရအောင်”

“နေဦး”

ချင်းယွင်ကျိ ကျောက်စိမ်းပြားတစ်ထပ် သားရဲသားရေများ သစ်သားပြားများနှင့်ကျောက်ပြားများကိုထုတ်ကာ ကျန်းယန်ကို ပေးလိုက်၏။

“ဒါတွေအားလုံးက အဇူရာတိမ်ဂိုဏ်းရဲ့စီနီယာအစဉ်အဆက် ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ကနေ စုစည်းလာတဲ့ သတင်းအချက်အလက်တွေပဲ

မင်းက၀င်ရတော့မှာဆိုတော့ မ၀င်ခင်ဒါတွေကိုလေ့လာပြီး အထဲကအခြေအနေကိုအရင်သုံးသပ်ထားရမယ်”

“ဟုတ်ကဲ့ပါဆရာ” ကျန်းယန် ဂရုမစိုက်ဘဲမနေရဲခဲ့သောကြောင့် အသံတိတ်စတင်ဖတ်ရှုလေတော့သည်။

သူကျောက်စိမ်းပြားတိုင်း သားရေပြားတိုင်း သစ်သားပြားတိုင်း ကျောက်ပြားတိုင်းကို တစ်လုံးမှမလွတ်အောင် အထပ်ထပ်အခါခါဖတ်ရှုခဲ့၏။

သို့သော်လည်း ထိုအချက်အလက်များက မတူညီသောကာလက မတူညီသောလူများရေးထားသည့် အချက်အလက်များဖြစ်သောကြောင့် သူတို့တစ်ယောက်ချင်းစီ၏ ကောင်းကင်တိုက်ပွဲကွင်းပြင်အပေါ် မြင်ပုံများက ကွဲပြားနေခဲ့သည်။ အချို့အချက်အလက်များဆိုလျှင် ဒွိဟဖြစ်စရာပင် ကောင်းနေခဲ့၏။

ချင်းယွင်ကျိ ဖြည်းဖြည်းချင်းပြောလိုက်သည်။

“ဒီအချက်အလက်တွေက မပြည့်စုံတာကို ငါသိပါတယ် အချို့အချက်တွေဆိုရင် တစ်ခုနဲ့တစ်ခုဆန့်ကျင်ဘက်တောင်ဖြစ်နေသေးတယ် ဒါပေမယ့် ဒါကငါတို့မှာရှ်ိတဲ့ သဲလွန်စအကုန်ပဲ မင်းသိထားရမှာက ဒီသဲလွန်စတွေကိုသုံးပြီးအထဲကအခြေအနေကို မင်းနားလည်မှုနဲ့မင်းသုံးသပ်ထားရမယ်ဆိုတာပဲ

ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ထဲမှာ ငါမင်းကိုမကူညီနိုင်ဘူး အားလုံးက မင်းအပေါ်မှာပဲမူတည်နေတယ်

မင်း၀င်မယ့်အချိန်နဲ့ပြန်ထွက်မယ့်အချိန်ကိုတော့ စိတ်ပူစရာမလိုပါဘူး အဲ့တာတွေကို ငါကိုင်တွယ်လိုက်မယ်”

All Chapters