နှစ်ပေါင်းသုံးထောင်ကံကြမ္မာ
Vol. 12 Ch. 136
ကျန်းယန်ပိုပြီးလေးနက်လာခဲ့သည်။ ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ထဲတွင် အခုလိုလျှို့ဝှက်ချက်ကြီးတစ်ခုရှိနေလိမ့်မည်ဟု သူမျှော်လင့်မထားခဲ့မိပေ။
မိစ္ဆာများသည် အမှန်တရားကိုပြောပြနေခြင်းပေလော။
ထိုသို့ဆိုလျှင် ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ကရော တကယ်ကြီး ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ရေကန်ပေလော။
ထိုနေရာတွင်တကယ်ပဲဖန်ဆင်းခြင်းစိတ်ဝိညာဉ်ခန်းမရှိနေပါသလော။
သို့မဟုတ် မိစ္ဆာများကသူတို့ကိုလှည့်စားဖို့ လိမ်ညာနေခြင်းပေလော။
တကယ်တော့ ကျန်းယန်မသိသည်မှာ မိစ္ဆာများကသူ့ကိုတမင်ကူညီနေခြင်းဆိုတာကိုပင်။
ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်က ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ရေကန်ဟု သိလိုက်ရသောအခါ သူတို့အတော်လေး အပျော်လွန်ကုန်ကြသည်။
ထိုနေရာမှ အကျိုးအမြတ်ကိုတောင် ရိတ်သိမ်းနိုင်လိုက်လျှင် ကျန်းယန်မည်မျှတောင်ပိုသန်မာသွားပါမည်နည်း။
ကျန်းယန်အမြန်သန်မာလာလျှင် သူတို့လည်း အမြန်လွတ်မြောက်နိုင်ပေလိမ့်မည်။
သွေးအရိပ်မိစ္ဆာခပ်ဟဟရယ်မောလိုက်ကာ
“ငါမင်းကိုတစ်ခုထပ်ပြောပြလိုက်မယ် ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ရေကန်ထဲမှာ အခြားအရာတွေထက်အရေးအကြီးဆုံးအရာတစ်ခုရှိတယ် အဲ့တာက ကံကြမ္မာပဲ
မရေတွက်နိုင်တဲ့နှစ်တွေမှာ ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ရေကန်ထဲ၀င်နိုင်တဲ့သက်ရှိတိုင်းက ကောင်းကင်နဲ့မြေပြင်ရဲ့ မဟာချီကို လက်ခံရရှိကြတယ်
မဟာချီကံကြမ္မာကိုရရှိထားတဲ့လူတိုင်းက ဘယ်လောက်ကြောက်စရာကောင်းသလဲ မင်းသိလား”
မိစ္ဆာသွေးအရိပ်ဆက်ပြောချင်သော်လည်း ရုတ်တရက် ကျန်းယန် သလင်းအလွှာရှေ့မှ ပျောက်ကွယ်သွားခဲ့လေသည်။
ချင်းယွင်ကျိက သူ့ကိုဆွဲထုတ်သွားခဲ့ခြင်းဖြစ်၏။ ထို့နောက် သူတို့နှစ်ယောက်၀င်္ကပါအပြင်တွင် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်မိကြသည်။
ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ဖြစ်သော ချင်းယွင်ကျိပင် ဤလျှို့ဝှက်ချက်ကြောင့် တုန်ရီလာသလို ခံစားနေခဲ့ရ၏။
ကျင့်ကြံသူများ နှစ်ထောင်ချီကြာသွားတဲ့အထိ ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်နှင့်ပတ်သက်လာတိုင်း ကူကယ်ရာမဲ့နေခဲ့ရသည်မှာ အံ့ဩစရာတော့ မဟုတ်တော့ပေ။ ထိုဥက္ကာခဲတွင် ထိုမျှဆန်းကြယ်ဟောဇစ်မြစ်ရှိနေခြင်း ဖြစ်သည်။
သို့သော် ခန်းမကိုဖွင့်ဖို့ မိစ္ဆာတစ်ကောင်ခေါ်သွားဖို့ကလည်း လုံး၀မဖြစ်နိုင်ပေ။
“ဆရာ အဲ့ဒီမိစ္ဆာတွေက သူတို့လွတ်ဖို့ လိမ်ပြောနေတာပဲဖြစ်ရမယ်” ကျန်းယန် ပြတ်ပြတ်သားသား ပြောလိုက်၏။
“ကျွန်တော်တို့ ဒီလှည့်ကွက်ထဲကျသွားလို့မဖြစ်ဘူး သူတို့ကိုလုံး၀လွှတ်ပေးလို့မရဘူး”
ချင်းယွင်ကျိ ခေါင်းညိတ်ပြလိုက်သည်။
“ငါသိပါတယ်”
သူတခဏတွေးတောလိုက်ပြီး ကျန်းယန်ကိုကြည့်လိုက်ကာ
“မင်းရဲ့ ကျားမိစ္ဆာကို သားရဲအဖြစ်သတ်မှတ်လို့ရတယ် ငါတို့မှာ သားရဲမျိုးနွယ်ကရှိထားပြီးပြီ ဒါပေမယ့် မိစ္ဆာတစ်ကောင်ဘယ်မှာသွားရှာရမလဲ”
သူ့မျက်ခုံးများတွန့်ကွေးနေကာ ထိုကိစ္စအတွက် သောကရောက်နေတာ ထင်ရှားလှသည်။
“ဆရာ သူတို့ကိုတကယ်ကြီးယုံနေတာလား” ကျန်းယန် အံ့ဩတုန်လှုပ်သွားခဲ့၏။
ချင်းယွင်ကျိလေးလေးနက်နက်ပြန်ပြောလိုက်သည်။
“အဲ့ဒီမိစ္ဆာတွေပေါ်လာပုံကဆန်းတယ်ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ရေကန်လို အစွမ်းထက်အရာတစ်ခုကြောင့်မဟုတ်ရင် အဲ့လိုစွမ်းအားကြီးတည်ရှိမှုတွေ ငါတို့ကမ္ဘာမှာ ပေါ်လာစရာအကြောင်းမရှိဘူး
နောက်ပြီး မင်းလည်းဘိုးဘေးတွေရဲ့ မှတ်တမ်းတွေကိုဖတ်ပြီးပြီပဲ ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ထဲမှာ တကယ်ကြီးခန်းမတစ်ခုရှိနေတယ် မရေတွက်နိုင်တဲ့လူတွေ ကြိုးစားခဲ့ကြပေမယ့် ဘယ်သူမှ အဲ့ဒီခန်းမကိုမဖွင့်နိုင်ခဲ့ကြဘူး”
သူ့အမူအရာထူးဆန်းသွားကာ ကျန်းယန်ကိုစိုက်ကြည့်လိုက်ပြီး အသံကိုနှိမ့်၍ ပြောလိုက်၏။
“ကောင်စုတ်လေး…ခန်းမထဲမှာ နှစ်သုံးထောင်လုံးလုံးစုဆောင်းထားတဲ့ ကံကြမ္မာကြီးရှိနေတယ် တကယ်လို့ မင်းသာအဲ့တာကိုရိတ်သိမ်းနိုင်ခဲ့ရင် ဘယ်လောက်တောင်အကျိုးရှိသွားမလဲ တွေးကြည့်စမ်း”
နှစ်သုံးထောင်ကံကြမ္မာ ကျန်းယန်ဆီကျရောက်လာသည်ကို တွေးကြည့်မိရုံနှင့်ပင် ချင်းယွင်ကျိနှလုံးသားစိတ်လှုပ်ရှားမှုကြောင့် တုန်ရီလာခဲ့သည်။
မိစ္ဆာများ အမှန်ကိုပြောနေတာ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ သူကျန်းယန်အတွက်တစ်ခါလောက်တော့ ကြိုးစားကြည့်ပေးရပေမည်။
အကယ်၍ ကျန်းယန်သာ ထိုကံကြမ္မာကိုရိတ်သိမ်းနိုင်ခဲ့လျှင် အနာဂတ်တွင် အဇူရာတိမ်ဂိုဏ်းကဘာကိုကြောက်နေရပါတော့မည်နည်း။
ကျန်းယန်ခါးသက်သက်ပြုံးလိုက်ကာ
“ဆရာအဲ့တာကအမှန်ဆိုရင်တောင် အသုံးမ၀င်ဘူး ကျွန်တော်တို့မိစ္ဆာတစ်ကောင်ဘယ်ကသွားရှာရမှာလဲ”
သူကံတရားနှင့်ကံကြမ္မာဟူသောစကားလုံး၏အဓိပ္ပာယ်ကို အပြည့်အ၀နားမလည်ပါသော်လည်း နှစ်သုံးထောင်ပိတ်ထားသောခန်းမကြီးထဲတွင် ကောင်းကင်ရတနာများနှင့်ပြည့်နေမှာ သေချာပေသည်။ ဒါေပါ့ သူထိုအရာများကိုတော့ လိုချင်၏။
အကယ်၍ သူသာ ထိုကောင်းကင်ရတနာများအားလုံးကိုစားသုံးလိုက်လျှင် သူ့ရွှေအမြုတေက အခြေတည်ဝိညာဉ်အဖြစ်ပြောင်းလဲသွားနိုင်ပါမည်လော။
“ဆရာ ဒီလိုဆိုရင်ရော ကျွန်တော်တို့ မိစ္ဆာတွေကို မိစ္ဆာသေန္ဓသားတစ်ကောင်ထုတ်ပေးဖို့ ပြောလိုက်မယ်လေ ဒါမှမဟုတ် သူတို့မိစ္ဆာသွေးကိုသုံးလို့ရရင်လည်း ရမှာပေါ့ ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ခန်းမက သွေးမျိုးဆက်ကိုတုန့်ပြန်တာဆိုတော့ သွေးတစ်၀က်တည်းနဲ့ လုံလောက်ရင်လည်း လုံလောက်နေမှာပဲ” ကျန်းယန်မျက်မှောင်ကြုံ့ကာ အဖြေရှာနေခဲ့သည်။
“မရဘူး” ချင်းယွင်ကျိ ခေါင်းခါပြလိုက်၏။
“အဇူရာမဟာတိမ်၀င်္ကပါရဲ့ဖိနှိပ်မှုအောက်မှာ သူတို့မိစ္ဆာချီအပြင်ထုတ်ဖို့တောင် အတော်ကြာကြာအချိန်ယူရတယ် အဲ့တာကလည်း သူတို့စွမ်းအားက ကောင်းကင်မြေပြင်နိယာမတွေနဲ့ဆက်စပ်နေတာကြောင့်သာ ထုတ်နိုင်တာ အသွေးအသားကိုတော့ လုံး၀ထုတ်နိုင်မှာမဟုတ်ဘူး”
“ဒါဆို မိစ္ဆာသန္ဓေသားတစ်ခုနဲ့ စမ်းကြည့်ရအောင်” ကျန်းယန် အကြံပေးလိုက်ပြန်သည်။
“သူတို့မိစ္ဆာတာအိုစွမ်းအားကိုသယ်ဆောင်ထားသ၍ ခန်းမကိုဖွင့်နိုင်လောက်တယ်”
ချင်းယွင်ကျိ ခေါင်းယမ်းပြလိုက်ပြန်ကာ
“အဲ့တာက မိစ္ဆာတာအိုစွမ်းအားလို့ ငါမထင်ဘူး …စဉ်းစားကြည့် မိစ္ဆာမျိုးနွယ်က လူငယ်တွေဘယ်လောက် မွန်းစတားဆန်ဆန် အသက်လေး ဆယ်ဂဏန်းလောက်နဲ့ မိစ္ဆာတာအိုစွမ်းအားကိုတော့ ကျင့်ကြံနိုင်ဦးမှာမဟုတ်ဘူးမလား အဲ့တော့ လိုအပ်တာက အသွေးနဲ့အသားပဲဖြစ်ရမယ်လို့ ငါယုံတယ် ဒါပေမယ့်လည်း ငါတို့ဘယ်မှာသွားရှာရမှာလဲ ငါတို့ဘိုးဘေးတွေသတ်ခဲ့တဲ့ မိစ္ဆာတွေကလည်း ပြာအဖြစ်ပြောင်းလဲသွားပြီ တစ်ကောင်မှမကျန်တော့ဘူး”
ကျန်းယန်လည်း စိတ်ဒုက္ခရောက်သွားခဲ့သည်။
ရတနာရှိနေမှန်းသိသော်လည်း ရတနာတိုက်တံခါးကိုမဖွင့်နိုင်ခြင်းက အတော်လေး နာကျင်စရာကောင်းလှ၏။
သူတို့တွင် အမတနှင့်သားရဲကရှိနေပြီးသားဖြစ်ပြီး သူတို့လိုအပ်နေသည်က သူတို့ဖိနှိပ်ထားသော မိစ္ဆာများသာ ဖြစ်နေခဲ့သည်။
ချင်းယွင်ကျိအတန်ကြာတိတ်ဆိတ်နေပြီးနောက် နောက်ဆုံးတွင် ပြောလိုက်၏။
“မင်းက စကားပြောကောင်းတယ်ဆိုတော့ မိစ္ဆာတွေကို မိစ္ဆာသန္ဓေသားတစ်ကောင်ထုတ်ပေးနိုင်မလားလို့ သွားမေးလိုက် ဒါပေမယ့် အဲ့ဒီသန္ဓေသားရဲ့စွမ်းအားက ရွှေအမြုတေအဆင့်ကိုကျော်လို့မရဘူး ပြီးတော့ မိစ္ဆာဝိညာဉ်စွမ်းအားလည်း အများကြီးထည့်ထားလို့မရဘူး အရမ်းများနေရင်တော့ ငါကဖျက်ဆီးပစ်မှာ မင်းရဲ့ဝိညာဉ်အရင်ကထက်သန်မာလာပြီဆိုပေမယ့် မင်းမိစ္ဆာဝိညာဉ်စွမ်းအားအများကြီးကိုတော့ တောင့်ခံနိုင်ဦးမှာ မဟုတ်ဘူး”
နှစ်သုံးထောင်ကံကြမ္မာအတွက် သူမိစ္ဆာသန္ဓေသားတစ်ကောင်ကို အပြင်ထုတ်ဖို့ စီစဉ်နေခဲ့ချေပြီ။ ထိုအရာက သူ့အောက်ဆုံးစည်း ဖြစ်ပေသည်။
ကျန်းယန် သလင်းကျောက်အလွှာနံရံရှေ့ပြန်ရောက်လာခဲ့ပြီး မိစ္ဆာများက မည်သည့် မိစ္ဆာချီကိုမှထုတ်လွှင့်မထားသည်ကိုတွေ့သောအခါ သူစိတ်ကျေနပ်သွားခဲ့၏။
“ဆိုတော့ မင်းတို့ဆုံးဖြတ်ပြီးပြီလား” သွေးအရိပ်မိစ္ဆာ ဆိုးယုတ်စွာရယ်မောလိုက်ကာ
“ငါတို့ထဲက ဘယ်သူ့ကိုလွှတ်ပေးဖို့ စီစဉ်ထားလဲ”
ကျန်းယန်ပြုံးကာခေါင်းယမ်းလိုက်ပြီး
“စီနီယာတို့ထဲက ဘယ်သူ့ကိုမှလွှတ်ပေးဖို့ မဖြစ်နိုင်ပါဘူး ဒါပေမယ့် ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ရေကန်အကြောင်းကြားရတဲ့အခါ ကျွန်တော်တို့အတော်လေးစိတ်၀င်စားမိပါတယ် အဲ့တာကြောင့်စီနီယာတို့နဲ့တစ်ခုခုဆွေးနွေးချင်ပါတယ် စီနီယာတို့ထဲကတစ်ယောက်ယောက် မိစ္ဆာသန္ဓေသားတစ်ကောင် ထုတ်ပေးလိုက်ရင်ရော ကျွန်တော်တို့ အဲ့တာနဲ့ ခန်းမဖွင့်နုိင်မလားလို့ စမ်းပြီးသံုးကြည့်နိုင်တယ်လေ
ဒါပေါ့ မိစ္ဆာသန္ဓေသားက ကျွန်တော့်ထက်တော့လုံး၀သန်မာလို့မရဘူး မဟုတ်ရင် ကျွန်တော့်အသက်အန္တရာယ်အတွက် စိုးရိမ်ရတယ်လေ
ပြီးတော့ မိစ္ဆာဝိညာဉ်စွမ်းအားလည်း အရမ်းများနေလို့မရဘူး ကျွန်တော့်ကို၀င်ပူးသွားမှာလည်း ကြောက်ရသေးတယ်!”
မိစ္ဆာများ အံ့အားသင့်ကုန်ကြ၏။ အဇူရာတိမ်ဂိုဏ်းကိုဖိအားပေးလိုက်သော်လည်း ထိုကောင်များ သူတို့ကိုလုံး၀လွှတ်မပေးနိုင်ဘူးဆိုတာ သူတို့အသေအချာသိပေသည်။
သူတို့ထဲက ဘယ်သူမှ ချင်းယွင်ကျိကတကယ်ကြီး မိစ္ဆာသန္ဓေသားတစ်ကောင်လွှတ်ပေးလိုက်လိမ့်မည်ဟု ထင်မထားခဲ့မိပေ။
“စီနီယာတို့ အချင်းချင်းဆွေးနွေးလိုက်ကြပါဦး” ကျန်းယန် ဆက်ပြောလိုက်၏။
“ပြီးရင်တော့ ဘယ်စီနီယာက မိစ္ဆာသန္ဓေသားလွှတ်မလဲဆိုတာ ဆုံးဖြတ်ကြ ဘာပဲဖြစ်ဖြစ် ဒါက စီနီယာတို့ခြေဆန့်လက်ဆန့်လုပ်လို့ရမယ့် အခွင့်အရေးတစ်ခုပဲလေ အခွင့်အရေးကို လွတ်မသွားစေနဲ့”
ပြောပြီးသည့်နောက် သူတိတ်ဆိတ်သွားခဲ့သည်။
သလင်းနံရံထဲတွင်တော့ ဆူညံပွက်လောရိုက်ကုန်ကြ၏။
ထိုမိစ္ဆာများသည် နှစ်တစ်ထောင်ကျော်ပိတ်လှောင်ခံထားရပြီးဖြစ်လေရာ သူတို့ထဲတွင် မည်သူကအပြင်မထွက်ချင်ဘဲနေပါမည်နည်း။
ထို့အပြင် ထိုအရာက ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ရေကန်ထဲ၀င်ခွင့်ရမည့် အခွင့်အရေးလည်း ဖြစ်နေသေးသည်။ ထိုနေရာသို့ မည်သူက မ၀င်ချင်ဘဲနေပါမည်နည်း။
“အားလုံးပဲ အိပ်မက်မက်မနေကြနဲ့တော့” သွေးအရိပ်မိစ္ဆာအေးစက်စက်ပြောလိုက်၏။
“မင်းတို့အားလုံးမေ့သွားကြပြီလား ငါတို့အားလုံးက ခွင့်ပြုထားတဲ့အသက်ကိုကျော်လွန်သွားတာ ဘယ်လောက်တောင်ကြာနေပြီလဲ ငါတို့မိစ္ဆာသန္ဓေသားဆိုရင်တောင် ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ရေကန်ထဲ၀င်သွားတာနဲ့ သေသွားရမှာပဲ
အဲ့တာကြောင့် ငါတို့လက်ရှိတာ၀န်က ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ရေကန်ထဲ မိစ္ဆာသန္ဓေသားပို့ဖို့မဟုတ်ဘူး သူ့ကိုအမှန်တရား ပြောပြပေးဖို့ပဲ ပြီးတော့ ဒီကိစ္စလုံး၀ပေါက်ကြားသွားလို့လည်းမရဘူး သူ့ကိုပြောပြီးတာနဲ့ မိစ္ဆာသန္ဓေသားက သူ့ကိုယ်သူဖျက်ဆီးပစ်ရမယ် သဲလွန်စလုံး၀ချန်ထားပေးခဲ့လို့ မဖြစ်ဘူး”
ထိုစကားကိုကြားသောအခါ မိစ္ဆာများအားလုံး ရုတ်တရက်နားလည်သွားခဲ့ကြသည်။
သူတို့အသက်တွေသည် မည်မျှရှိနေပါပြီနည်း။ ဒါတောင် သူတို့က ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ရေကန်ထဲ၀င်နိုင်မည်ဟု စိတ်ကူးမိခြင်းမှာ ရယ်စရာတစ်ခုသာဖြစ်၏။
သူတို့အားလုံးတစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီးနောက်တွင် မိစ္ဆာတစ်ကောင်ရှေ့ထွက်လာခဲ့ပြီး ပြောလိုက်လေသည်။
“ဒါဆို ငါသွားမယ် ငါ့မိစ္ဆာဝိညာဉ်စွမ်းအားကလည်း အရမ်းမသန်မာဘူး သူတို့လိုအပ်ချက်တွေနဲ့ ကိုက်ညီအောင်လုပ်ပေးလို့ရတယ်”
“ကောင်းပြီ ဒါဆိုမင်းသွား” မိစ္ဆာများအားလုံး သဘောတူလိုက်ကြ၏။
ထို့နောက်တွင်တော့ နက်မှောင်နေသောပုံရိပ်တစ်ခု သလင်းအလွှာနံရံနားချဉ်းကပ်လာခဲ့ပြီး ကျန်းယန်ကိုပြောလိုက်လေသည်။
“ငါမင်းရဲ့အခြေအနေတွေကိုလက်ခံတယ် မိစ္ဆာသန္ဓေသားကို အခုထုတ်ပေးရမလား”
စာစဉ်ပြီး၏