တိုက်ကွက် တစ်ကွက်ပင် မခံနိုင်
Vol. 25 Ch. 367
~ကုန်းစွန်းသခင်လေး၏ စွမ်းအားမှာ အလွန်အမင်း ထိတ်လန့်ဖွယ် ကောင်းလှသော်လည်း ပေတိုယန် ဝင်ရောက်ဟန့်တားလိုက်သည့် အခါတွင်မူ ထိုစွမ်းအားများအားလုံး အစအနမကျန် ပျောက်ကွယ်သွားရပြီး လျိုချင်းယန်မှာ ခြစ်ရာအစွန်းအထင်း တစ်ချက်မျှပင် မရှိဘဲ ကျန်ရစ်ခဲ့လေသည်။
"အားနည်းသူကို အနိုင်ကျင့်တာက ဘာများ ဂုဏ်ယူစရာ ရှိလို့လဲ"
ပေတိုယန်က လေသံအေးစက်စက်ဖြင့် မေးလိုက်၏။ မာန်မာနနှင့် ပတ်သက်လာလျှင် ပေတိုယန်သည် ကုန်းစွန်းသခင်လေးထက်ပင် သာလွန်စွာ ထောင်လွှားသူ ဖြစ်လေသည်။
ပေတိုယန်သည် တဖက်ရှိ သခင်လေး တစ်ဒါဇင်ခန့်ကို အေးစက်စွာ လှမ်းကြည့်လိုက်ပြီးနောက် ပြောလိုက်လေသည်။
"မင်းတို့ကောင်တွေ အားလုံး တစ်ပြိုင်တည်း ဝင်လာခဲ့ကြ"
"ပေတိုယန်... သိပ်မလွန်နဲ့ဦး၊ သူတို့ကို အသက်တော့ ချမ်းသာပေးလိုက်ပါ"
ဖုန်းဝူချန်က ဘာမှမဟုတ်သည့် ကိစ္စတစ်ခုအလား ပေါ့ပါးစွာဖြင့် ပြောလိုက်လေသည်။
ဒါကိုများ မလွန်ဘူးလို့ ခေါ်သတဲ့လား။
တုံကျန့်ထျန်းမှာ မနေနိုင်စွာပင် တုန်လှုပ်သွားရပြီး ကျန်းကျွင့်လန် ပြောခဲ့သည့် စကားများကို စတင်ယုံကြည်လာမိတော့သည်။
ဖုန်းဝူချန်၏ စကားကို ကြားလိုက်ရသည့်အခါ ကုန်းစွန်းသခင်လေး၏ မျက်မှောင်များ အနည်းငယ် တွန့်ချိုးသွားရ၏။ သူ၏ အကြည့်တို့က ဖုန်းဝူချန်ထံသို့ ဝေ့ဝဲရောက်ရှိသွားပြီး ဤလူစုတွင် ဖုန်းဝူချန်သာလျှင် ခေါင်းဆောင်ဖြစ်ကြောင်း ရိပ်စားမိလိုက်လေသည်။
ကျန်ရှိနေသော သခင်လေး တစ်ဒါဇင်ခန့်မှာလည်း ဖုန်းဝူချန်သည် ဤလူစု၏ ခေါင်းဆောင်ဖြစ်မှန်း ရိပ်မိလိုက်ကြသဖြင့် စိတ်ထဲတွင် စိုးရိမ်ထိတ်လန့် သွားကြလေတော့သည်။
ဖုန်းဝူချန်၏ ကျင့်ကြံခြင်းအဆင့်ကို သူတို့ အကဲမခတ်နိုင်သည်ကိုထားဦး၊
ကျင့်ကြံဆင့် ထျန်းယွမ်နယ်ပယ် အဌမအလွှာ ရှိသော ပေတိုယန် တစ်ယောက်တည်းနှင့်ပင် သူတို့ကို တုန်လှုပ်ခြောက်ခြားသွားစေရန် လုံလောက်နေပေသည်။
"လွန်လွန်းနေပြီ... ငါတို့ကိုတောင် အထင်သေးရဲတယ်ပေါ့၊ အစ်ကိုကုန်းစွန်း...ငါတို့အားလုံး ဝိုင်းတိုက်ကြစို့"
သခင်လေးဝမ်က ဒေါသတကြီး အော်ဟစ်လိုက်လေသည်။ သူ၏ မျက်ဝန်းများထဲတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ တောက်လောင်နေ၏။
"ဝိုင်းတိုက်ကြမယ်... သူတို့ကို မနိုင်ဘူးဆိုတာ ငါမယုံဘူးကွ"
အခြား သခင်လေးတစ်ဦးကလည်း ဒေါသဖြင့် အော်ဟစ်
ကြိမ်းဝါးလိုက်လေသည်။
"ယွဲ့ယွင်မြို့ကို ပိတ်ဆို့ဖို့ လူလွှတ်လိုက်ကြ၊ ဒီကောင်တွေကို လွတ်မြောက်ခွင့် မပေးရဘူး"
သခင်လေးကောက အံကြိတ်ကာ အမိန့်ပေးလိုက်လေ၏။ ကိုယ့်နယ်မြေ ကိုယ့်ဒေသတွင် သူများလာပြီး ဗိုလ်ကျစိုးမိုးသည်ကို သူက မည်သို့ ခွင့်လွှတ်နိုင်မည်နည်း။
အချို့သော သခင်လေးများကမူ မိသားစုထံသို့ လူလွှတ်၍ စစ်ကူများပင် တောင်းခံလိုက်ကြလေသည်။
ဤသခင်လေးများကား အလွယ်တကူ ထိပါး၍ရသူများ မဟုတ်ပေ။ သူတို့ကို ရန်စမိပြီဆိုသည်နှင့် မိသားစုမှ ပညာရှင်များကို ခေါ်ဆောင်လာခြင်း၊ လူအုပ်စုဖွဲ့၍ ဝိုင်းဝန်းတိုက်ခိုက်ခြင်းများ ပြုလုပ်တတ်ကြရာ တစ်ဖက်လူမှာ အေးအေးချမ်းချမ်း နေရတော့မည် မဟုတ်ချေ။
"အပြစ်မဲ့တဲ့သူတွေ မထိခိုက်ရအောင် အပေါ်မှာ တက်ချကြမယ်"
ပေတိုယန်က အေးစက်စွာ ပြောဆိုရင်း ကောင်းကင်ယံထက်သို့ လက်ညှိုးထိုးပြလိုက်လေသည်။
"မလိုဘူး... ဒီနေရာမှာပဲ ရှင်းမယ်၊ ချကြကွာ"
သခင်လေးတစ်ဦးက အေးစက်စွာ အော်ဟစ်လိုက်ပြီးနောက် တုံ့ဆိုင်းနေခြင်း မရှိဘဲ သူ၏ စွမ်းအားအကုန် ထုတ်ဖော်လိုက်လေ၏။
"ဝီ... ဝီ..."
အားကောင်းလှသော စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာရာ စားသောက်ဆိုင်ကြီးမှာ ပြင်းထန်စွာ တုန်ခါသွားရပြီး အောက်ဘက်ရှိ လမ်းမကြီးမှာလည်း အက်ကွဲကြောင်းကြီးများ ဖြစ်ပေါ်သွားရလေသည်။ အပြင်ဘက်ရှိ လူများမှာမူ ကြောက်လန့်တကြား ထွက်ပြေးကြရတော့၏။
"ညီအစ်ကိုဝမ်... ငါနဲ့လက်တွဲပြီး ဒီကောင့်ကို ရှင်းပစ်မယ်"
ကုန်းစွန်းသခင်လေးက အံကြိတ်ကာ ပြောလိုက်လေသည်။ သူ၏ အကြည့်တို့က သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေပြီး ပေတိုယန်အား စူးရဲစွာ စိုက်ကြည့်နေလေ၏။
"ကောင်းပြီဗျာ"
သခင်လေးဝမ်က အော်ဟစ် တုံ့ပြန်လိုက်လေသည်။
"ဝီ... ဝီ..."
ပေတိုယန်၏ ခန္ဓာကိုယ်ထက်မှ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြီး တစ်ရပ် ပေါက်ကွဲထွက်ပေါ်လာလေ၏။
စားသောက်ဆိုင်ကြီးမှာ ချက်ချင်းပင် ပြိုကျသွားရပြီး၊ ပေတိုယန်ထံမှ တိုက်ခတ်လာသော ကြောက်မက်ဖွယ် ချီစွမ်းအားလှိုင်းများကြောင့် ပြိုကျလာသော အဆောက်အဦး အစအနများသည် အမှုန့်အမွှားများအဖြစ်သို့ ပြောင်းလဲသွားရလေသည်။
"သတိထား... ဒီနေရာကနေ မြန်မြန် ထွက်သွားကြ"
ကုန်းစွန်းသခင်လေးက ထိတ်လန့်တကြား အော်ဟစ်သတိပေးလိုက်သည်။
အခြေအနေ မဟန်တော့သည်ကို ရိပ်စားမိလိုက်သော သခင်လေး တစ်ဒါဇင်ခန့်မှာလည်း ကြောက်လန့်တကြားဖြင့် ကောင်းကင်ယံထက်သို့ အလျင်အမြန် ပျံတက်သွားကြလေ၏။
အပြင်ဘက်ရှိ လူအုပ်ကြီးမှာမူ စောစီးစွာကပင် ကြောက်လန့်တကြား ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြပြီ ဖြစ်သည်။
ပေတိုယန် ထုတ်ဖော်လိုက်သည့် ကြောက်မက်ဖွယ် စွမ်းအားများ၏ ရှေ့မှောက်တွင် သူတို့မှာ ခုခံကာကွယ်နိုင်စွမ်း လုံးဝမရှိကြပေ။
မျက်စိတစ်မှိတ် အတွင်းမှာပင် စားသောက်ဆိုင်ကြီးမှာ ပြာမှုန့်အဖြစ်သို့ ပြောင်းလဲသွားရပြီး၊ ဘေးပတ်ဝန်းကျင်ရှိ အဆောက်အဦးများမှာလည်း ဆက်တိုက်ဆိုသလို ပျက်စီးသွားရလေရာ မြင်တွေ့ရသူအပေါင်း ထိတ်လန့်အံ့သြဖွယ်ရာ ကောင်းလှပေသည်။
စားသောက်ဆိုင်ကို ဗဟိုပြု၍ ခြေလှမ်း ဆယ်ဂဏန်း ပတ်လည်အတွင်းရှိ အဆောက်အဦးများနှင့် လမ်းမများအားလုံး မြေပြင်ညှိသကဲ့သို့ ပြိုပျက်သွားရလေ၏။
ဖုန်မှုန့်များနှင့် သစ်သားစများမှာ လေထဲသို့ လွင့်ပျံတက်သွားပြီး ပေတိုယန်၏ ခြေထောက်အောက်တွင်မူ ကြီးမားသော တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။
ဤမျှ ပြင်းထန်သော စွမ်းအားပေါက်ကွဲမှုကြီးက ယွဲ့ယွင်မြို့အတွင်းရှိ အင်အားကြီး မိသားစု ဂိုဏ်းများကိုပါ အထိတ်တလန့် ဖြစ်သွားစေခဲ့လေ၏။
"ကြောက်စရာကောင်းလိုက်တဲ့ စွမ်းအား... ဒီလူရဲ့ အင်အားက ထျန်းယွမ်နယ်ပယ် နဝမအလွှာနဲ့တောင် ယှဉ်လို့ရနေပြီပဲ"
တုံကျန့်ထျန်းမှာ ပေတိုယန်ကို ကြည့်ရင်း ထိတ်လန့်တုန်လှုပ်နေမိလေသည်။
ပေတိုယန်သည် ဤမျှအထိ စွမ်းအားကြီးမားလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိပေ။
ကုန်းစွန်းသခင်လေးနှင့် အခြားသူများမှာလည်း ကြောက်ရွံ့မှုကြောင့် မျက်နှာများပင် ဖြူဖျော့နေကြပြီ ဖြစ်သည်။
"ထျန်းယွမ်နယ်ပယ် အဌမ အလွှာ ပါလား... ဘာတွေ ဖြစ်ကုန်တာလဲ"
မိသားစု ခေါင်းဆောင်တစ်ဦးက နားမလည်နိုင်စွာ မေးမြန်းလိုက်လေ၏။
"မြို့ထဲမှာ တိုက်ပွဲဖြစ်နေတာလား"
အခြား မိသားစုဝင်တစ်ဦးကလည်း စွမ်းအားများ ထွက်ပေါ်လာရာ အရပ်မျက်နှာသို့ လှမ်းမျှော်ကြည့်ရင်း မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်လေသည်။
စွမ်းအားရှင်များစွာသည် အခြေအနေကို စုံစမ်းရန် ကောင်းကင်ယံထက်သို့ အလျင်အမြန် ပျံတက်လာကြလေ၏။
"ဒုတိယစီနီယာအစ်ကို... ဟိုဘက်အရပ်ဆီက ထျန်းယွမ်နယ်ပယ် အဌမအလွှာ အရှိန်အဝါတွေ ထွက်ပေါ်နေပါတယ်"
တပည့်တစ်ဦးက ထိတ်လန့်တကြား အော်ဟစ်လိုက်လေသည်။
"ဒါကို ငါ့လာပြောနေဖို့ လိုသေးလား... အမြန်သွားကြည့်ကြစို့"
လုအိုယန်သည် ရှေ့ဆုံးမှ ဦးဆောင်၍ ပျံသန်းသွားရာ နောက်ပါတပည့်များကလည်း ထပ်ချပ်မကွာ လိုက်ပါသွားကြလေ၏။
စားသောက်ဆိုင်နေရာ၌ ပေတိုယန်သည် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည့်အခါ၊ လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး ဖုန်မှုန့်များနှင့် သစ်သားစများအားလုံး လွင့်စင်ပျောက်ကွယ်သွားလေသည်။
"ဘုန်း"
ပေတိုယန်သည် ရုတ်တရက် မြေပြင်ကို ခြေဖြင့် ဆောင့်နင်းလိုက်ရာ ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ကြီးမားသော တွင်းနက်ကြီးမှာ တစ်ဖန်ပြန်လည် ပွင့်အာသွားပြန်၏။
ပေတိုယန်သည် အလင်းတန်းတစ်မျှင်အသွင် ပြောင်းလဲကာ ကောင်းကင်ယံထက်သို့ ဒုံးပျံတစ်ခုအလား ထိုးတက်သွားလေသည်။ သူ၏ အမြန်နှုန်းမှာ ကြောက်ခမန်းလိလိ မြန်ဆန်လှပေသည်။
"မြန်လိုက်တာ"
ကုန်းစွန်းသခင်လေး၏ မျက်နှာထားမှာ ရုတ်ချည်း ပြောင်းလဲသွားပြီး မျက်ဝန်းအိမ်ထဲတွင် ကြောက်ရွံ့မှုများ ပိုမိုပြင်းထန်လာလေ၏။
"ရွှမ်း"
"ဘုန်း"
"ဖူး"
မျက်စိတစ်မှိတ် အတွင်းမှာပင် ပေတိုယန် ရောက်ရှိလာပြီး လက်သီးဖြင့် ပြင်းထန်စွာ ထိုးနှက်လိုက်လေသည်။
ကုန်းစွန်းသခင်လေးမှာ ပါးစပ်မှ သွေးများ ပန်းထွက်လာပြီး မျက်လုံးများ ပြူးကျယ်ထွက်မတတ် ဖြစ်သွားရကာ မည်းနက်သော အလင်းတန်းတစ်ခုအလား လွင့်စင်ထွက်သွားရလေတော့သည်။
"အားပြင်းလိုက်တဲ့ စွမ်းအား..."
ကုန်းစွန်းသခင်လေးမှာ ထိတ်လန့်တကြား တွေးလိုက်မိလေသည်။ သူ၏ ကျင့်ကြံခြင်းအဆင့်သည် ထိုကြောက်မက်ဖွယ် စွမ်းအားကို မခံနိုင်ပေ။
ကုန်းစွန်းမိသားစု၏ သခင်လေးသည် တိုက်ကွက် တစ်ကွက်တည်းဖြင့် အရေးနိမ့်သွားခဲ့ရချေပြီ။
"အစ်ကိုကုန်းစွန်း"
သခင်လေးဝမ်က ထိတ်လန့်တကြား အော်ဟစ်လိုက်လေသည်။
"ရွှမ်း... ရွှမ်း... ရွှမ်း"
"ဘုန်း... ဘုန်း... ဘုန်း"
"ဖူး... ဖူး... ဖူး"
ပေတိုယန်သည် ကိုယ်ဖော့ပညာကိုပင် ထုတ်သုံးရန် မလိုခဲ့ပေ။ သူ၏ ပုံရိပ်သည် လျင်မြန်စွာ လှုပ်ရှားသွားပြီး သူဖြတ်ကျော်သွားရာ နေရာတိုင်း၌ သခင်လေး တစ်ဒါဇင်ခန့်မှာ ဆက်တိုက်ဆိုသလို လွင့်စင်ထွက်သွားကြရလေသည်။
အားလုံးမှာ တိုက်ချက် တစ်ချက်တည်းဖြင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြပြီ ဖြစ်၏။
ကောင်းကင်ယံထက်တွင် သခင်လေး
တစ်ဒါဇင်ခန့်မှာ အရပ်မျက်နှာ အသီးသီးသို့ တစ်ပြိုင်နက်တည်း လွင့်စင်ထွက်သွားကြသည့် မြင်ကွင်းမှာ အံ့မခန်းဖွယ်ရာ ဖြစ်ပေါ်နေလေတော့သည်။
ပေတိုယန်၏ စွမ်းအားမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှပါပေ၏။
"ပေတိုယန်... လုပ်လိုက်စမ်း"
လျိုချင်းယန်မှာ စိတ်သက်သာရာ ရသွားပြီး မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုတို့ အထင်းသား ပေါ်လွင်နေလေသည်။
တိုက်ပွဲကို စောင့်ကြည့်နေကြသော စွမ်းအားရှင်များစွာမှာ ပေတိုယန်၏ ကြောက်မက်ဖွယ် စွမ်းအားကြောင့် ဖြုံသွားကြလေတော့သည်။
"ရွှမ်း... ရွှမ်း... ရွှမ်း"
ထိုခဏ၌ပင် ယွဲ့ယွင်မြို့၏ အရပ်မျက်နှာ အသီးသီးမှနေ၍ ထျန်ယွမ်နယ်ပယ် ပညာရှင်အများအပြား ပျံသန်းရောက်ရှိလာကြလေသည်။
ထိုအထဲတွင် ယွဲ့ယွင်မြို့ရှိ အဓိကမိသားစုကြီးများ၏ အကြီးအကဲများနှင့် ခရမ်းရောင်တိမ်တိုက်စံအိမ်မှ တပည့်အချို့လည်း ပါဝင်လေ၏။
"ဖုန်းအာ... လွန်လွန်းပါလား၊ ငါ့သားကိုတောင် လက်ပါရဲတယ်ပေါ့"
မိသားစုခေါင်းဆောင်တစ်ဦးက ရုတ်တရက် ဒေါသတကြီး ဟိန်းဟောက်လိုက်လေသည်။ သူ၏ သတ်ဖြတ်လိုစိတ်များက ကောင်းကင်ယံသို့ ထိုးတက်သွားပြီး ထျန်ယွမ်နယ်ပယ် နဝမ အလွှာ၏ ကြောက်မက်ဖွယ် စွမ်းအားလှိုင်းများ ရိုက်ခတ်မှုကြောင့် ဟင်းလင်းပြင်ကြီးပင် တုန်ခါသွားရလေ၏။
"မင်းက ဘယ်ကောင်မို့လို့ ယွဲ့ယွင်မြို့မှာ လာပြီး ရမ်းကားနေရတာလဲ"
အခြား မိသားစုခေါင်းဆောင် တစ်ဦးကလည်း ဒေါသဖြင့် အော်ဟစ်လိုက်ပြီး သူ၏ စူးရှသော အကြည့်များကို ပေတိုယန်ထံသို့ ပစ်လွှတ်ထားလိုက်လေသည်။
ထိုစကားများကို ကြားလိုက်ရသော်လည်း ပေတိုယန်၏ မျက်နှာထားမှာ အမှုမဲ့အမှတ်မဲ့ပင် ရှိနေဆဲ ဖြစ်သည်။ သူသည် ထိုမိသားစုခေါင်းဆောင်များကို အေးစက်စွာ တစ်ချက်
ဝေ့ကြည့်လိုက်ပြီးနောက် ခပ်ပြတ်ပြတ်ပင် ပြန်လည်တုံ့ပြန်လိုက်လေသည်။
"ခင်ဗျားတို့ သားတွေကိုသာ မေးကြည့်လိုက်ပါ"
"အဖေ... သူ့ကို အမြန်သတ်ပစ်ပါ"
ထိုသခင်လေးက မနည်းအားယူကာ အော်ဟစ်လိုက်လေ၏။ သူ၏ ဖြူဖျော့နေသော မျက်နှာမှာ နာကျင်မှုကြောင့် အလွန်အမင်း ရှုံ့မဲ့နေလေသည်။
သခင်လေး တစ်ဒါဇင်ကျော်မှာ ဒဏ်ရာပြင်းထန်စွာ ရရှိထားကြသော်လည်း ပေတိုယန်သည် ဖုန်းဝူချန်၏ ဆန္ဒအတိုင်း လိုက်နာခဲ့သဖြင့် ထိုသခင်လေးများ၏ အသက်ကို ချမ်းသာပေးထားခဲ့ခြင်း ဖြစ်ပေသည်။
"သူပါလား"
လုအိုယန်သည် ပေတိုယန်ကို လှမ်းကြည့်လိုက်ရင်း အံ့သြတကြီး ရေရွတ်လိုက်မိလေသည်။ သူ၏ စိတ်ထဲတွင် ဝေခွဲမရ ဖြစ်သွားရပြီး
"ဘာတွေဖြစ်ကုန်တာလဲ... ကောယွင်ဖုန်းတို့နဲ့ ဘယ်လိုဖြစ်ပြီး ရန်ဖြစ်ကြတာပါလိမ့်"
"ဒုတိယ စီနီယာအစ်ကို... သူ့ကို သိလို့လား"
တပည့်တစ်ဦးက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်လေသည်။
လုအိုယန်က ခေါင်းခါလိုက်ပြီး ပြောလိုက်လေ၏။
"ငါမသိဘူး... လွန်ခဲ့တဲ့ နှစ်အနည်းငယ်က တစ်ခါမြင်ဖူးတာ၊ ပိုင်မိနဲ့ တိုက်ခိုက်ခဲ့တဲ့ လူကို မင်းတို့ မှတ်မိကြသေးလား... သူက ကျိုကျိုးဒေသ ပေတိုမိသားစုက ပေတိုယန်ပဲ"
"ဟုတ်သားပဲ... အခုမှ သတိရတော့တယ်၊ သူအစစ်ပဲဟေ့... နှစ်နည်းနည်းလေးပဲ ရှိသေးတယ်၊ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က ထျန်းယွမ်နယ်ပယ် အဌမအလွှာ တောင် ရောက်နေပြီပဲ၊ အထီးကျန် နယ်မြေမှာတုန်းက သူ့ကို မတွေ့မိပါလား... ဒီလောက် အင်အားကြီးနေတာကို"
အခြား တပည့် တစ်ဦးကလည်း အံ့သြတကြီး ဝင်ရောက်
ပြောဆိုလိုက်လေသည်။
‘ကောင်းကင်ဘုံ နယ်မြေကို ဘယ်လိုရောက်လာတာလဲ... ပိုင်မိကို ပြန်ပြီး စိန်ခေါ်ချင်လို့များလား’
နောက်ထပ် တပည့်တစ်ဦးကလည်း သံသယဖြင့် တွေးတောလိုက်လေ၏။
"အစ်ကိုကြီးလုအိုယန်... ရောက်လာတာ အတော်ပဲ၊ ကျွန်တော့်ကို ကူပြီး ဒီကောင့်ကို သတ်ပေးပါဦး"
လုအိုယန် ရောက်ရှိလာသည်ကို မြင်လိုက်ရသောအခါ ကောယွင်ဖုန်းမှာ ဝမ်းသာအားရ ဖြစ်သွားပြီး အလျင်အမြန်ပင် အော်ဟစ်
အကူအညီတောင်းလိုက်လေသည်။
ထိုစကားကို ကြားလိုက်ရသည့်အခါ လုအိုယန်၏ မျက်မှောင်များ အနည်းငယ် တွန့်ချိုးသွားပြီး ကောယွင်ဖုန်းကို ပြန်လည် ဖြေကြားခြင်း မပြုခဲ့ပေ။
လုအိုယန်သည် ကိုယ့်အင်အားကိုယ် ကောင်းစွာသိရှိပြီး ပေတိုယန်ကို အနိုင်ယူနိုင်ပါ့မလားဟု မသေချာ ဖြစ်နေမိလေတော့သည်။
"ပေတိုယန်... ငါ့မျက်နှာကို ထောက်ပြီး လက်လျှော့လိုက်လို့ မရဘူးလား"
လုအိုယန်က ပေတိုယန်ကို ကြည့်ကာ ညှိနှိုင်းသည့် လေသံဖြင့် မေးလိုက်လေသည်။
"မင်းက ငါ့ကိုသိတာလား"
ပေတိုယန်က လုအိုယန်ကို အံ့သြစွာ ပြန်ကြည့်ရင်း မေးလိုက်၏။
လုအိုယန်သည်လည်း ထျန်းယွမ်နယ်ပယ် အဌမအလွှာ သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သူ သတိထားမိလိုက်သည်။
"ပိုင်မိနဲ့ တိုက်ခိုက်တုန်းက ငါမင်းကို တွေ့ဖူးတယ်"
လုအိုယန်က ပြန်ဖြေလေသည်။
"ဪ... ဒါပေမဲ့ အခုက သူတို့ဘက်က ငါ့ကို သတ်ချင်နေကြတာကွ"
ပေတိုယန်က ပခုံးတွန့်ကာ ပြောလိုက်လေသည်။
"အစ်ကိုဖုန်း... ဟိုကောင်က ခရမ်းရောင်တိမ်တိုက်စံအိမ်က လုအိုယန်ပဲ"
လျိုချင်းယန်က ကောင်းကင်ယံထက်ရှိ လုအိုယန်ကို မေးငေါ့ပြရင်း ပြောလိုက်၏။
ကျန်းကျွင့်လန်ကလည်း အံ့သြတကြီးဖြင့် ရေရွတ်လိုက်လေသည်။
"သူက ကောသခင်လေးကို သိနေတာလား"
"ဖိတ်ထားတဲ့အထဲ သူလည်း ပါပုံရတယ်"
ဖုန်းဝူချန်က အပြုံးပါးပါးလေးဖြင့် ပြောလိုက်လေ၏။
အကယ်၍ လုအိုယန်သာ အောက်ဘက်ရှိ ဖုန်းဝူချန်နှင့် အခြားသူများကို မြင်တွေ့သွားခဲ့မည် ဆိုပါက သူ၏ မျက်နှာမှာ ကြောက်ရွံ့မှုကြောင့် အစိမ်းရောင်ပင် သန်းသွားပေလိမ့်မည်။
"ဝီ... ဝီ..."
ထိုစဉ် ကောယွင်ဖုန်း၏ ဖခင်သည် ကြောက်မက်ဖွယ် စွမ်းအားများကို ထုတ်ဖော်လျက် ပေတိုယန်ထံသို့ တုံ့ဆိုင်းခြင်းမရှိဘဲ ပြေးဝင်တိုက်ခိုက်လေတော့သည်။
ယွဲ့ယွင်မြို့တွင် သူ၏ သားဖြစ်သူကို အနိုင်ကျင့်သည်အား သူ မည်သို့ သည်းခံနေနိုင်မည်နည်း။
ပေတိုယန်မှာမူ ကြောက်ရွံ့ခြင်း အလျဉ်းမရှိဘဲ လျှပ်စီးတန်း တစ်ခုအလား တရှိန်ထိုး ပြေးထွက်သွားလေသည်။
"အဖေ... ဟိုအောက်ကကောင်တွေလည်း ပါတယ်၊ တစ်ယောက်ကိုမှ အလွတ်မပေးပါနဲ့"
ဝမ် သခင်လေးကလည်း အောက်ဘက်ရှိ ဖုန်းဝူချန်တို့ လူစုကို လက်ညှိုးထိုးပြရင်း ဒေါသတကြီး အော်ဟစ်လိုက်လေ၏။
"ဟွန့်... သတ်စမ်း"
ဝမ်မိသားစုခေါင်းဆောင်ကလည်း မျက်နှာထားတင်းတင်းဖြင့် အမိန့်ပေးလိုက်ပြီး ဖုန်းဝူချန်တို့ လူစုကို စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။
ဝမ်မိသားစုမှ စွမ်းအားရှင်များမှာ ချက်ချင်းပင် လှုပ်ရှားလာကြပြီး ကြောက်မက်ဖွယ် စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာရာ ယွဲ့ယွင်မြို့တစ်မြို့လုံး တုန်ခါသွားရလေတော့သည်။
"ကျ... ကျ... ကျန်းကျွင့်လန်... ဒုတိယအစ်ကိုကြီး... အဲ့ဒါ ကျန်းကျွင့်လန်ပဲ"
တပည့်တစ်ဦးက အောက်ဘက်သို့ တိုက်ဆိုင်စွာ ငုံ့ကြည့်မိရာမှ ကျန်းကျွင့်လန်၏ ပုံရိပ်ကို မြင်တွေ့သွားပြီး မျက်နှာတစ်ခုလုံး ကြောက်လန့်တကြား ဖြစ်သွားရလေသည်။
ထိုအချိန်တွင် လုအိုယန်သည်လည်း ကျန်းကျွင့်လန်ကို အထင်းသား မြင်တွေ့လိုက်ရပြီ ဖြစ်ရာ သူ၏ မျက်နှာထက်တွင် ထိတ်လန့်မှုများ အထင်အရှား ပေါ်လွင်လာလေသည်။
ထို့ထက်ပို၍ သူတို့ကို ကြောက်ဒူးတုန်သွားစေသည်မှာ နောက်ထပ် လူတစ်ယောက်ကိုပါ မြင်တွေ့လိုက်ရခြင်းပင် ဖြစ်သည်။ ထိုသူကား ဖုန်းဝူချန် ပင်တည်း။
"ဆေး... ဆေးဧကရာဇ်... ဆေးဧကရာဇ်က ကောင်းကင်ဘုံ နယ်မြေကို ရောက်လာတာလား"
လုအိုယန်မှာ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ရီသွားပြီး အသံများပင် တုန်ခါသွားရရှာသည်။
"ဆေးဧကရာဇ်..."
ခရမ်းရောင်တိမ်တိုက်စံအိမ်မှ တပည့်များမှာလည်း ကြောက်လန့်လွန်းသဖြင့် ဒူးများပင် ပျော့ခွေမတတ် ဖြစ်ကုန်ကြလေသည်။
အခြေအနေ တစ်ခုခုကို သတိပြုမိလိုက်သော လုအိုယန်၏ မျက်နှာမှာ ရုတ်ချည်း ပြောင်းလဲသွားပြီး ရှေ့သို့ အလျင်အမြန် ပြေးထွက်သွားကာ အော်ဟစ်လိုက်လေတော့သည်။
"ရပ်လိုက်ကြစမ်း..."
နားကွဲမတတ် ကျယ်လောင်လှသော အော်ဟစ်သံကြီးက ယွဲ့ယွင်မြို့အနှံ့ ဟိန်းထွက်သွားလေ၏။
"ဝှစ်.."
လုအိုယန်သည် ဝမ်မိသားစုမှ စွမ်းအားရှင်များ၏ ရှေ့သို့ ရောက်ရှိသွားပြီး ဝင်ရောက်ဟန့်တားလိုက်လေသည်။ သူ၏ မျက်နှာထားမှာ အလွန်အမင်း မည်းမှောင်နေလေ၏။
"လုအိုယန်... မင်းဘာလုပ်တာလဲ၊ ဖယ်စမ်း"
ဝမ်မိသားစုမှ စွမ်းအားရှင်တစ်ဦးက ဒေါသတကြီး အော်ဟစ်လိုက်လေသည်။
"အစ်ကိုကြီးလုအိုယန်... ကျွန်တော့်ကို ဒဏ်ရာရအောင် လုပ်ခဲ့တာ အဲ့ဒီကောင်တွေဗျ... ခင်ဗျား ဘာလုပ်နေတာလဲ"
ကောယွင်ဖုန်းက နားမလည်နိုင်စွာ မေးမြန်းလိုက်လေသည်။
ထျန်ယွမ်နယ်ပယ် ပညာရှင်များနှင့် အခြားသော မိသားစု အကြီးအကဲများ အားလုံးသည် လုအိုယန်ကို နားမလည်နိုင်သော မျက်လုံးများဖြင့် ဝိုင်းဝန်းကြည့်ရှုလိုက်ကြလေသည်။
လုအိုယန်သည် ခရမ်းရောင်တိမ်တိုက်စံအိမ်၏ ဒုတိယမြောက် တပည့်ကျော် ဖြစ်သည့်အတွက် ယွဲ့ယွင်မြို့ရှိ လူတိုင်းက သူ့ကို သိရှိကြပြီး မည်သူမျှ သူ့ကို မထိပါးရဲကြချေ။
လုအိုယန်သည် ကောယွင်ဖုန်းနှင့် အခြားသူများကို လုံးဝ ဂရုမစိုက်တော့ဘဲ အောက်ဘက်မှ ဖြည်းညှင်းစွာ ပျံတက်လာနေသော ဖုန်းဝူချန်နှင့် လူစုကိုသာ ကြောက်ရွံ့သော မျက်လုံးများဖြင့် ကြည့်လိုက်လေသည်။
ထို့နောက် လေးစားသမှုဖြင့် ဦးညွှတ်အရိုအသေပေးကာ နှုတ်ဆက်လိုက်လေတော့သည်
"ဆေးဧကရာဇ်ကို ဂါရဝပြုပါတယ်... ကျန်းသခင်လေးကို ဂါရဝပြုပါတယ်"
‘ဆေးဧကရာဇ် ဟုတ်လား။
ကျန်းကျွင့်လန် ဟုတ်လား။’
အဓိက မိသားစုကြီးများ၏ အကြီးအကဲများနှင့် ကုန်းစွန်းသခင်လေး၊ ဝမ်သခင်လေးတို့ကဲ့သို့ လူများအားလုံး၏ မျက်နှာများမှာ တစ်ပြိုင်နက်တည်း ပြောင်းလဲသွားကြပြီး ကြောင်အမ်းသွားကြလေသည်။
ခရမ်းရောင်တိမ်တိုက်စံအိမ်၏ ဒုတိယ တပည့်ကျော် ဖြစ်သော လုအိုယန်က ဖုန်းဝူချန်နှင့် ကျန်းကျွင့်လန်ကို ဤမျှအထိ လေးစားသမှု ပြသနေသည် ဆိုပါက ထိုသူတို့၏ နောက်ခံအင်အားမှာ မည်မျှအထိ ကြောက်မက်ဖွယ် ကောင်းလိမ့်မည်နည်း။
မြင်ကွင်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး အားလုံး၏ အကြည့်များသည် ထိုလူစုကို ဦးဆောင်လာသော လူငယ်လေး ဖုန်းဝူချန်ထံသို့ စုပြုံရောက်ရှိသွားကြလေသည်။
ထိုလူငယ်၏ ကျင့်ကြံခြင်းအဆင့်မှာ အကဲခတ်၍ မရနိုင်လောက်အောင် နက်ရှိုင်းလှပေသည်။ သူသည် ယခုချိန်ထိ လက်တစ်ဖျားမျှ လှုပ်ရှားခြင်း မရှိသေးသကဲ့သို့ မည်သူကမျှလည်း သူ၏ အစစ်အမှန် ကိုယ်ပိုင်အမှတ်အသားကို မသိရှိကြသေးပေ။
"ဆေးဧကရာဇ်ကို ဂါရဝပြုပါတယ်... ကျန်းသခင်လေးကို ဂါရဝပြုပါတယ်"
ခရမ်းရောင်တိမ်တိုက်စံအိမ်မှ အခြားသော တပည့်များသည်လည်း တစ်ယောက်ပြီးတစ်ယောက် ပျံသန်းရောက်ရှိလာကြ၏။
"ဆေးဧကရာဇ်ကို ဂါရဝပြုပါတယ်၊ သခင်လေး ကျန်းကျွင့်လန်ကို ဂါရဝပြုပါတယ်…"
ခရမ်းရောင်တိမ်တိုက် စံအိမ်မှ ကျန်ရှိနေသော တပည့်များသည်လည်း တစ်ယောက်ပြီး တစ်ယောက် ပျံသန်းရောက်ရှိလာကြကာ ရိုသေလေးစားစွာဖြင့် ဦးညွှတ်အရိုအသေ ပေးကြလေ၏။
သူတို့၏ အမူအရာတွင် မလေးမခန့်ပြုမူရဲသည့် အရိပ်အယောင်မျှပင် မတွေ့ရပေ။
"လုအိုယန်... ခင်ဗျား သူတို့ကို သိပုံရတယ်နော်"
ဖုန်းဝူချန်သည် နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးရေးရေးလေး ချိတ်ဆွဲထားလျက် မေးလိုက်လေသည်။ သူ၏ စူးရှသော အကြည့်တို့ကမူ လုအိုယန်ထံသို့ ရောက်ရှိသွားလေ၏။
"ကောယွင်ဖုန်းနဲ့က နှစ်ကြိမ်သုံးကြိမ်လောက် ဆုံဖူးရုံပါ၊ သိပ်ပြီး ရင်းရင်းနှီးနှီး မရှိလှပါဘူး"
လုအိုယန်သည် တစ်ကိုယ်လုံး တုန်ရီနေပြီး ဖြေကြားလိုက်လေသည်။
သူ၏ မျက်နှာထားမှာ သွေးဆုတ်ဖြူရော်နေပြီး ကျောပြင်တစ်လျှောက်တွင်လည်း ကြောက်ရွံ့မှုကြောင့် ချွေးစေးများပင် ပျံနှံ့လာရလေ၏။
အင်အားကြီး မိသားစုများမှ အထက်ပိုင်း ခေါင်းဆောင်များနှင့် ဒဏ်ရာပြင်းထန်စွာ ရရှိထားကြသော သခင်လေးများသည် ဖုန်းဝူချန်၏ ရှေ့မှောက်တွင် လုအိုယန်တစ်ယောက် ကြောက်ရွံ့တုန်လှုပ်နေသော ပုံစံကို မြင်လိုက်ရသောအခါ ထပ်မံ၍ တုန်လှုပ်သွားကြပြန်လေ၏။
ခရမ်းရောင်တိမ်တိုက် စံအိမ်ဆိုသည်မှာ ကောင်းကင်ဘုံ နယ်မြေ၏ အင်အားကြီး ဂိုဏ်းခြောက်ခုတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ခွန်အားအရာတွင် ကြီးစိုးလှသည် မဟုတ်ပါလော။
သို့ပါလျက်နှင့် လုအိုယန်က အဘယ်ကြောင့် ဤမျှလောက်အထိ ကြောက်ရွံ့နေရလေသနည်း။