ပြင်းထန်သော ဖိနှိပ်မှု
Vol. 25 Ch. 369
~“ဆေးဧကရာဇ် အသက် အသက် ချမ်းသာပေးပါ”
'ကော' မိသားစု၏ မိသားစု ခေါင်းဆောင်သည် ရုတ်တရက် ဒူးထောက်ချလိုက်ပြီး အသနားခံလိုက်သည်။
“ဆေးဧကရာဇ်ကို အသက်ချမ်းသာပေးဖို့ တောင်းပန်ပါတယ်”
'ဝမ်' မိသားစုကဲ့သို့သော အခြား မိသားစု ခေါင်းဆောင်များကလည်း တစ်ပြိုင်နက်တည်း ဒူးထောက်လိုက်ကြ၏။
သေဒဏ်ကတော့ လွတ်ငြိမ်းခွင့် ရနိုင်သော်ငြား ပြစ်ဒဏ်ကတော့ မလွတ်မြောက်နိုင်ပေ။ သို့သော်လည်း ထို ပြစ်ဒဏ်သည်ပင် သူတို့အတွက် လက်ခံရန် ခက်ခဲလှသောအရာ ဖြစ်နေသည်။
ဖုန်းဝူချန်ကတော့ စကားတစ်ခွန်းမှ မပြောပေ။ သူ၏ မျက်နှာထားမှာ ဘာမှ မကြားလိုက်သကဲ့သို့ အေးစက် တည်ငြိမ်နေလေသည်။
'လုအိုယန်' သည် ဖုန်းဝူချန်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး ဖုန်းဝူချန်က ဤမျှဖြင့် ပျော့ပျောင်းသွားမည် မဟုတ်ကြောင်း အတပ်သိလိုက်သည်။ သူ၏ ကြမ်းတမ်းသော အကြည့်များက 'ကောယွင်ဖုန်း' အပါအဝင် ခြောက်ယောက်ထံသို့ စူးစိုက်ကြည့်လိုက်ပြီး တုံ့ဆိုင်းမနေတော့ဘဲ လှုပ်ရှားရန် ပြင်လိုက်တော့သည်။
'လုအိုယန်' လှုပ်ရှားတော့မည်ကို မြင်သောအခါ 'ကောယွင်ဖုန်း' အဖွဲ့ဝင် ခြောက်ယောက်လုံး၏ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီသွားကြသည်။
နောင်တရနေသော်လည်း ဤအချိန်တွင် သူတို့၏ ကံကြမ္မာကို လက်ခံရန်မှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ပေ။
လက်တစ်ဖက် ဖြတ်တောက်ခံရခြင်းသည် အနည်းဆုံးတော့ အသက်ရှင်နိုင်သေးသည်။ သူတို့ ကျင့်ကြံ၍ ရသေးသည်။ အနာဂတ်တွင် သူတို့၏ ရုပ်ခန္ဓာကို ပြန်လည် တည်ဆောက်ပြီး ဖြတ်တောက်ခံလိုက်ရသော ခြေလက်အင်္ဂါကို ပြန်လည် ရရှိနိုင်မည့် အခွင့်အရေး ရှိကောင်း ရှိနိုင်သေး၏။
သို့သော် 'လုအိုယန်' လှုပ်ရှားရန် ပြင်လိုက်သည့် ထိုအခိုက်မှာပင် သြဇာအာဏာပါပြီး ဒေါသတကြီး အော်ဟစ်လိုက်သော အသံနက်ကြီးတစ်ခုသည် လေဟာနယ်ထဲမှ ရုတ်တရက် ဟိန်းထွက်လာသည်။
“ဘယ်ကောင်က ငါ့သားကို ထိရဲတာလဲ၊ သေရင်တောင် မြေမြှုပ်စရာ နေရာ မရှိအောင် ငါ လုပ်ပစ်မယ်”
ထို ခမ်းနားထည်ဝါသော ကြွေးကြော်သံကြီးသည် အထက်မှ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ထိုးဆင်း ကျရောက်လာ၏။
ကြီးမားလှသော အရှိန်အဝါတစ်ခုက အောက်သို့ ဖိနှိပ်လာပြီး ကြောက်မက်ဖွယ် စွမ်းအားများက လူတိုင်းကို တုန်လှုပ်
ခြောက်ခြားသွားစေသည်။
“ကောင်းကင်ဘုံ လူသားဘုံ”
'ပေတိုယန်' ၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွား၏။ ထို ကြမ်းတမ်းသော ဖိနှိပ်မှု စွမ်းအားကြောင့် သူကိုယ်တိုင်ပင် ဖိအားကို ခံစားလိုက်ရသည်။
“ဆရာ ..ဒါ 'ကောင်းကင်ဘုံ လူသား' ဘုံ ပထမအလွှာက ပညာရှင်ကြီးပဲ”
'တုံကျန့်ထျန်း' က တင်းမာသော မျက်နှာထားဖြင့် လေးနက်စွာ ပြောလိုက်သည်။
ဖုန်းဝူချန်နှင့် 'ကျန်းကျွင့်လန်' တို့၏ မျက်နှာများမှာတော့ မည်သို့မျှ ပြောင်းလဲမသွားခဲ့ပေ။ သူတို့သည် 'ထျန်းကျိ' ဘုံကိုပင် မကြောက် 'ကောင်းကင်ဘုံ လူသား' ဘုံကိုတော့ ပြောစရာပင် လိုမည် မဟုတ်ချေ။
“'ကုန်းစွန်း' မိသားစု ခေါင်းဆောင်”
မျိုးနွယ်စု ခေါင်းဆောင် အမျိုးမျိုး၏ မျက်နှာများ ကွက်ခနဲ ပျက်သွားကြ၏။ သူတို့၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ဖြတ်ပြေးသွားသည်မှာ 'ကုန်းစွန်း' မိသားစု ခေါင်းဆောင်အပေါ် အလွန်တရာ ရွံ့ကြောက်နေမှန်း ထင်ရှားလှသည်။
ကြောက်မက်ဖွယ်ရာ အရှိန်အဝါနှင့် ဖိအားများကြောင့် လူတိုင်း အသက်ရှူကြပ်သွားကြရသည်။
“အဖေ”
'ကုန်းစွန်း' သခင်လေးမှာ အလွန်အမင်း ပျော်ရွှင်သွားပြီး သူ၏ ထိတ်လန့်နေသော မျက်နှာပေါ်တွင် မျှော်လင့်ချက် အပြုံးတစ်ခု ပေါ်ထွက်လာတော့သည်။
ထိုအခိုက်အတန့်မှာ၊ လူရိပ်တစ်ခုသည် အမြင့်တစ်နေရာမှ လျင်မြန်စွာ ထိုးဆင်း ကျရောက်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် 'ကုန်းစွန်း' သခင်လေး၏ ရှေ့မှောက်သို့ ရောက်ရှိလာလေသည်။
ရောက်ရှိလာသူမှာ 'ကုန်းစွန်း' လက်နက်သန့်စင်ခြင်း မိသားစု၏ ခေါင်းဆောင် 'ကုန်းစွန်းယွင်' ပင် ဖြစ်သည်။ သူသည် အနက်ရောင် တန်ဖိုးကြီး ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး သူ၏ ခန္ဓာကိုယ်မှ ခက်ထန်ကြမ်းတမ်းသော ပုဂ္ဂိုလ်ကြီးတစ်ဦး၏ အငွေ့အသက်များ ထုတ်လွှတ်နေသည်။ ခမ်းနားပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ပိုင်ဆိုင်ထားသည်။
“အဖေ၊ ကယ်ပါဦး ..ကျွန်တော့်ကို ကယ်ပါဦး”
'ကုန်းစွန်း' သခင်လေးက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
“ဝှစ်.. ဝှစ်.. ဝှစ်..”
'ကုန်းစွန်း' မိသားစု ခေါင်းဆောင် ပေါ်လာသည်နှင့် တပြိုင်နက် နောက်ထပ် ဝှစ်ဝှစ်မြည်သံများ ထွက်ပေါ်လာပြီး 'ကုန်းစွန်း' လက်နက်သန့်စင်ခြင်း မိသားစုမှ အကြီးအကဲများနှင့် ပညာရှင်ကြီးများ တစ်ယောက်ပြီး တစ်ယောက် ပျံလွှား ရောက်ရှိလာကြ၏။
'ထျန်းယွမ်' ဘုံမှ အစွမ်းထက် ပုဂ္ဂိုလ်ကြီး တစ်ဒါဇင်ကျော် ပါဝင်လာရာ 'ကုန်းစွန်း' လက်နက်သန့်စင်ခြင်း မိသားစု၏ ကြီးမားသော အင်အားကို ပြသနေသကဲ့သို့ ရှိလေသည်။
'ကုန်းစွန်းယွင်' ၏ ကြမ်းတမ်းသော အကြည့်များက 'လုအိုယန်' ထံသို့ စူးစိုက်ကြည့်လိုက်ပြီး ပြတ်သားစွာ မေးလိုက်၏။
“လုအိုယန်၊ မင်းရဲ့ 'ခရမ်းရောင် တိမ်တိုက် စံအိမ်' ကို သုံးပြီး ငါ့ရဲ့ 'ကုန်းစွန်း' လက်နက်သန့်စင်ခြင်း မိသားစုကို လာဖိနှိပ်ဖို့ မကြိုးစားနဲ့။ မင်း ငါ့သားကို ထိရဲတယ်ပေါ့လေ၊ ဒီနေ့ ငါ မင်းအသက်ကို ယူရလိမ့်မယ်”
'ကုန်းစွန်း' မိသားစု၏ အင်အားဖြင့် သူတို့သည် 'ကောင်းကင်ဘုံ' နယ်မြေတွင် ဩဇာလွှမ်းမိုးသော အင်အားစုတစ်ခု ဖြစ်နေသည်မှာ အမှန်ပင်။
'ကောင်းကင်ဘုံ' နယ်မြေရှိ မိသားစုများစွာထဲတွင် 'ကုန်းစွန်း' မိသားစုသည် အသန်မာဆုံးဖြစ်ပြီး 'ကောင်းကင်ဘုံ' နယ်မြေ၏ ကြီးမြတ်သော အင်အားစု ခြောက်ခု၏ အောက်တွင်သာ ရှိလေသည်။
ထို့ကြောင့်ပင် 'ကုန်းစွန်း' လက်နက်သန့်စင်ခြင်း မိသားစုသည် 'ခရမ်းရောင် တိမ်တိုက် စံအိမ်' ကိုလည်း ကြောက်ရွံ့မနေခြင်း ဖြစ်သည်။
'ကုန်းစွန်း' သခင်လေးသည် ဖုန်းဝူချန်၏ လက်ချက်ဖြင့် လက်တစ်ဖက် ပြတ်မည့် အခြေအနေသို့ ရောက်သွားသည်နှင့် သူ၏ အိမ်သို့ အလျင်အမြန် သတင်းပြန်ပို့ခဲ့သည်။ သူ၏ သား အန္တရာယ်နှင့် ကြုံတွေ့နေရမှန်း သိလိုက်ရသောအခါ 'ကုန်းစွန်း' မိသားစု ခေါင်းဆောင်သည် မိသားစု၏ အစွမ်းထက် ပညာရှင်များကို ခေါ်ဆောင်ကာ ချက်ချင်း အပြေးအလွှား ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
“'ကုန်းစွန်း' မိသားစု ခေါင်းဆောင်၊ ခင်ဗျားမှာ သတ္တိရှိရင် စမ်းကြည့်လိုက်လေ”
'လုအိုယန်' က အေးစက်စွာ တုံ့ပြန်လိုက်ပြီး သူ၏ မျက်နှာတွင် ကြောက်ရွံ့မှု အရိပ်အယောင် မရှိပေ။
'ကျန်း' သခင်လေးနှင့် ဆေးဧကရာဇ်တို့ ရှိနေမှတော့ 'လုအိုယန်' မှာ ကြောက်ရွံ့နေရန် အကြောင်းမရှိ။ ဖုန်းဝူချန်နှင့် 'ကျန်းကျွင့်လန်' တို့ မရှိလျှင်ပင် 'လုအိုယန်' သည် 'ကုန်းစွန်း' လက်နက်သန့်စင်ခြင်း မိသားစုကို ဘယ်တုန်းကမှ မကြောက်ခဲ့ပေ။
“'ကုန်းစွန်း' မိသားစု ခေါင်းဆောင်၊ ခင်ဗျားရဲ့သားက ဆေးဧကရာဇ်နဲ့ သခင်လေး 'ကျန်း' ကို စော်ကားမိတာ အဲ့ဒီ့ရဲ့ အကျိုးဆက်က ဘာဖြစ်မလဲဆိုတာ ခင်ဗျား သိရော သိရဲ့လား”
'လုအိုယန်' က အေးစက်စွာ မေးလိုက်သည်။
“ဟွန့်၊ ငါ.. ဘယ်သူ့ကိုမှ စိတ်မဝင်စားဘူး။ ဒီနေ့ ငါ့သားကို လာထိတဲ့ ဘယ်သူမဆို သေရမယ်”
'ကုန်းစွန်း' မိသားစု ခေါင်းဆောင်က အလွန်အမင်း မောက်မာထောင်လွှားစွာ ပြောလိုက်ပြီး ကြောက်မက်ဖွယ် သတ်ဖြတ်လိုသည့် အငွေ့အသက်များက သူ၏ ပတ်ဝန်းကျင်တွင် လွှမ်းခြုံသွားတော့သည်။
'ကုန်းစွန်းယွင်' ၏ 'ကောင်းကင်ဘုံ လူသား' ဘုံ အဆင့်ဖြင့် ဤနေရာတွင် သူ့ကို ယှဉ်နိုင်မည့်သူ အမှန်တကယ်ပင် တစ်ယောက်မှ မရှိခဲ့ပေ။
ထို့အပြင် 'ကုန်းစွန်း' မိသားစုသည် 'ထျန်းယွမ်' ဘုံမှ အစွမ်းထက် ပညာရှင် တစ်ဒါဇင်ကျော်ကို ခေါ်ဆောင်လာခဲ့ရာ သူတို့၏ အင်အားများသည် ဤနေရာရှိ လူတိုင်းကို အကြွင်းမဲ့ ချေမှုန်းပစ်ရန် လုံလောက်နေသည်။
သို့သော် ဩဇာလွှမ်းမိုးနေသော 'ကုန်းစွန်း' မိသားစု ခေါင်းဆောင်သည် အခြားသူများ ရည်ညွှန်းနေသော "သခင်လေး 'ကျန်း'" က မည်သူဖြစ်သည်ကို သတိမထားမိသေးပုံ ရလေသည်။
အဓိက မိသားစုကြီးများစွာနှင့် ကြည့်ရှုနေသော 'ထျန်းယွမ်' ဘုံ ပညာရှင်များစွာမှာ တိတ်တဆိတ် ခေါင်းခါလိုက်ကြသည်။ 'ကုန်းစွန်း' မိသားစု ဝင်ပါလာသည်နှင့် မည်သူမျှ သူတို့ကို ကယ်တင်နိုင်တော့မည် မဟုတ်ကြောင်း သူတို့ သိလိုက်ကြသည်။
'ကုန်းစွန်း' မိသားစုက အင်အားကြီးမားနိုင်သော်လည်း ကြီးမြတ်သော အင်အားစု ခြောက်ခုလောက်တော့ အစွမ်းမထက်ပေ။ ထို ကြောက်မက်ဖွယ် အင်အားစု ခြောက်ခုပင်လျှင် 'ကျန်း' မိသားစုကို ကြောက်ရွံ့နေရမှတော့ 'ကုန်းစွန်း' မိသားစုလေးကတော့ ပြောစရာပင် ရှိတော့မည် မဟုတ်ပေ။
“'ကုန်းစွန်း' မိသားစု ခေါင်းဆောင်က တော်တော် အထင်ကြီးစရာ ကောင်းတာပဲ”
'ကျန်းကျွင့်လန်' က အေးစက်စက် ဝင်ပြောလိုက်သည်။ သူ၏ အသံထဲတွင် အေးစက်မှု အရိပ်အယောင်များ ပါဝင်နေ၏။
'ကျန်းကျွင့်လန်' စကားပြောလာသည်ကို မြင်မှ 'လုအိုယန်' လည်း နောက်သို့ ဆုတ်လိုက်သည်။
'ကုန်းစွန်းယွင်' ၏ အကြည့်များက 'ကျန်းကျွင့်လန်' ထံသို့ ရိပ်ခနဲ ရောက်သွားသည်။
သို့သော်…
ထိုတစ်ချက် ကြည့်လိုက်သည်နှင့် သူ၏ အစွမ်းထက်လှသော အရှိန်အဝါများမှာ ချက်ချင်းဆိုသလို ညှိုးကျသွားပြီး ကြောက်မက်ဖွယ် ဖိနှိပ်မှုများလည်း ပျောက်ကွယ်သွားကာ တုန်လှုပ်မှုနှင့် ကြောက်ရွံ့မှုများက သူ၏ မျက်နှာပေါ်သို့ တဖြည်းဖြည်း တွားတက်လာလေသည်။
“သ.. သခင်လေး 'ကျန်း'”
'ကုန်းစွန်း' မိသားစု ခေါင်းဆောင်၏ မျက်နှာသည် ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားပြီး သူ၏ ခန္ဓာကိုယ်မှာ ထိန်းချုပ်မရနိုင်ဘဲ တဆတ်ဆတ်တုန် နေတော့သည်။
'ကုန်းစွန်းယွင်' သည် အလွန်တရာ လေးစားစွာဖြင့် ချက်ချင်း ဦးညွှတ်လိုက်သည်။
“သခင်လေး 'ကျန်း' ကို ဂါရဝပြုပါတယ်”
“သခင်လေး 'ကျန်း' ကို ဂါရဝပြုပါတယ်”
'ကုန်းစွန်း' မိသားစုမှ အင်အားကြီးများကလည်း ကြောက်လန့်တကြားဖြင့် အလျင်အမြန် အရိုအသေ ပေးလိုက်ကြသည်။
ထိုအခိုက်အတန့်တွင် 'ကျန်းကျွင့်လန်' ကို မြင်လိုက်ရမှ 'ကုန်းစွန်း' မိသားစုမှ ခေါင်းဆောင်များသည် သူတို့၏ သခင်လေး စော်ကားမိခဲ့သော
‘သခင်လေး ကျန်း’က မည်သူဖြစ်သည်ကို နောက်ဆုံးတွင် နားလည်သွား
ကြတော့သည်။
'ဝူကျိ' နယ်မြေ၏ 'ကျန်း' လက်နက်သန့်စင်ခြင်း မိသားစု။ 'ဝူကျိ' နယ်မြေ၏ ဧရာမ အင်အားစုကြီးများထဲမှ တစ်ခု။
'ကောင်းကင်ဘုံ' နယ်မြေ၏ အစွမ်းထက် ပုဂ္ဂိုလ်ကြီးများ ဖြစ်သည့်အလျောက် သူတို့က ပြည်မကြီး၏ ထူးခြားသော အင်အားစုများအကြောင်းကို ဘယ်လိုလုပ် မသိဘဲ နေနိုင်မည်နည်း။
ပြည်မကြီးတစ်ခွင် ကျော်ကြားလှသော 'ကျန်းကျွင့်လန်' နံပါတ်တစ် လက်နက်သန့်စင်ခြင်း ပါရမီရှင် သူတို့ ဘယ်လိုလုပ် မမှတ်မိဘဲ နေနိုင်မည်နည်း။
'ကောင်းကင်ဘုံ' နယ်မြေသည် 'ဝူကျိ' နယ်မြေ၏ 'ကျန်း' မိသားစုအတွက် ဘာမှ မဟုတ် ပြောပလောက်သော အရာပင် မဟုတ်ခဲ့ပေ။
ဤ ကြီးမားလှသော လောကကြီးတွင် အရေးမပါလှသော 'ကုန်းစွန်း' မိသားစုက 'ဝူကျိ' နယ်မြေမှ ဧရာမ အဖွဲ့အစည်းကြီး၏ သခင်လေးတစ်ပါးကို ဆန့်ကျင်ရန် ကြိုးစားခြင်းသည် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံခြင်းနှင့် ဘာထူးမည်နည်း။
“ကုန်းစွန်းယွင်..ခင်ဗျားရဲ့သား ..ပြီးတော့ ဒီကောင်တွေ.. ဘာလုပ်ခဲ့လဲ ဆိုတာ ခင်ဗျား သိရဲ့လား”
'ကျန်းကျွင့်လန်' က အေးစက်စွာ မေးလိုက်သည်။
'ကုန်းစွန်းယွင်' နှင့် အခြားသူများမှာ စကားတစ်ခွန်းမှ မပြောရဲကြပေ။ သူတို့၏ နှလုံးသားများမှာ ထိတ်လန့်မှုများဖြင့် လုံးဝ ပြည့်နှက်နေပြီး 'ကုန်းစွန်း' သခင်လေးကို ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ပုဂ္ဂိုလ်ကြီးကို စော်ကားမိသည့်အတွက် စိတ်ထဲမှ အပြင်းအထန် ကျိန်ဆဲနေကြတော့သည်။
'ကုန်းစွန်းယွင်' မှာ ဘာတွေ ဖြစ်ပျက်ခဲ့မှန်း မသိခဲ့ပေ။ သူသည် 'ကုန်းစွန်း' သခင်လေးထံမှ အကူအညီတောင်းသည့် သတင်းစကားကို ရရှိသည်နှင့် ချက်ချင်း အပြေးအလွှား ရောက်လာခဲ့ခြင်းသာ ဖြစ်သည်။
'ကျန်းကျွင့်လန်' က အေးစက်စွာ ဆက်ပြောသည်။
“ကျုပ်တို့က စားသောက်ဆိုင်မှာ ဘာပြဿနာမှ မရှာဘဲ အေးအေးဆေးဆေး စားနေခဲ့တာ၊ 'ကောယွင်ဖုန်း' က ပွဲလုပ်တယ်ဆိုတဲ့ အကြောင်းပြချက် တစ်ခုတည်းနဲ့ သူတို့က ကျုပ်ဆရာနဲ့ သူငယ်ချင်းတွေကို ကန်ထုတ်ခဲ့တယ်။ ခင်ဗျားရဲ့ သားကောင်းလေးနဲ့ ဒီမိသားစု အညစ်အကြေးတွေက ကျုပ်ဆရာကို ဖြေရှင်းမယ်လို့ ခြိမ်းခြောက်ပြီး ငါတို့ထဲက တစ်ယောက်မှ အလွတ်မပေးဘူးလို့ ပြောခဲ့တယ်။ 'ကုန်းစွန်း' မိသားစု ခေါင်းဆောင်၊ ခင်ဗျား ကျုပ်ဆရာကို ရှင်းပြချက် တစ်ခု ပေးသင့်တယ်.. မဟုတ်လား…”
ဤစကားကို ကြားလိုက်ရသောအခါ 'ကုန်းစွန်းယွင်' မှာ ပို၍ပင် ထိတ်လန့်သွားတော့သည်။ 'ကုန်းစွန်း' သခင်လေးက ဤမျှ ကြီးမားသော ဘေးဒုက္ခကြီးကို ဆင့်ခေါ်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
သူတို့ကို ပို၍ ထိတ်လန့်သွားစေသည်မှာ သူတို့သည် 'ကျန်းကျွင့်လန်' ၏ "ဆရာ" ကို စော်ကားမိခဲ့ခြင်းပင်။
'ကျန်းကျွင့်လန်' တစ်ယောက်တည်းပင် ဤမျှ ကြောက်မက်ဖွယ် ကောင်းနေပြီ သူ၏ "ဆရာ" ဆိုလျှင် ပြောစရာပင် လိုတော့မည် မဟုတ်ပေ။
“ဟုတ် ဟုတ်ကဲ့ ဟုတ်ကဲ့ပါ”
'ကုန်းစွန်းယွင်' က ခေါင်းကို အဆက်မပြတ် ညိတ်ရင်း အနည်းငယ်မျှပင် ပြန်လည် ချေပရန် မဝံ့ရဲတော့ပေ။
“အခု ကျုပ်က ခင်ဗျားရဲ့သား လက်တစ်ဖက်ကို ဖြတ်ပစ်လိုက်မယ် ဆိုရင်… ခင်ဗျားမှာ ကန့်ကွက်စရာ ရှိမလား”
'ကျန်းကျွင့်လန်' က မေးလိုက်သည်။
'ကုန်းစွန်းယွင်' မှာ စကားရပ်တန့်သွားသည်။ ကန့်ကွက်စရာ မရှိဟု ပြောလျှင် လိမ်ညာရာ ကျပေလိမ့်မည်။ သို့သော် 'ကျန်းကျွင့်လန်' ကို ရင်ဆိုင်ရသောအခါ 'ကုန်းစွန်းယွင်' မှာ ကန့်ကွက်ရန် သတ္တိ မရှိခဲ့ပေ။
အဆင့်အတန်းမြင့်သော ပုဂ္ဂိုလ်ကြီး တစ်ဦးကို စော်ကားမိပြီးမှ အသက်ရှင်နေရခြင်းသည်ပင် ကံကောင်းလှပေပြီ။
“လုအိုယန်.. လုပ်လိုက်ပါ”
'ကျန်းကျွင့်လန်' က အေးစက်စွာ အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့”
'လုအိုယန်' က လေးစားစွာ တုံ့ပြန်လိုက်ပြီး တုံ့ဆိုင်းမနေဘဲ 'ကုန်းစွန်း' သခင်လေးအနားသို့ ပျံလွှား ရောက်ရှိသွားသည်။
ဤမြင်ကွင်းကို မြင်သောအခါ
'ကုန်းစွန်း' သခင်လေးမှာ ထိတ်လန့်တကြား ဖြစ်သွားပြီး “အဖေ ..ကယ်ပါဦး.. အမြန် ကယ်ပါဦး” ဟု အော်ဟစ်တော့သည်။
“မိသားစု ခေါင်းဆောင်”
အကြီးအကဲများအားလုံးက 'ကုန်းစွန်းယွင်' ကို စိုးရိမ်သောကများ ပြည့်နေသည့် မျက်နှာများဖြင့် ကြည့်လိုက်ကြသည်။
'ကုန်းစွန်းယွင်' မှာ တိတ်ဆိတ်နေဆဲပင်။ သူ ဝင်ရောက် တားဆီးချင်သော်လည်း ထိုသို့ ပြုလုပ်ရန် မဝံ့ရဲခဲ့ပေ။ ထိုသို့ ပြုလုပ်လိုက်ပါက ဘာကို ဆိုလိုမှန်း သူ ကောင်းကောင်း သိနေပြီး အကျိုးဆက်များမှာ သူ ထိန်းနိုင်သည်ထက် ပိုမို ကြီးမားသွားပေလိမ့်မည်။
'ကုန်းစွန်း' သခင်လေး မည်သို့ပင် ထိတ်လန့်တကြား အော်ဟစ်နေပါစေ ၊'ကုန်းစွန်းယွင်' မှာ မလှုပ်မယှက် ရပ်နေဆဲ ဖြစ်သည်။
“ဝူး..”
'လုအိုယန်' ၏ လှုပ်ရှားမှုမှာ အလွန်တရာ လျင်မြန်လှပြီး မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွားသည်။ သူ၏ လက်ဖဝါးထဲတွင် ကြောက်မက်ဖွယ် စွမ်းအားများ စုစည်းလိုက်ပြီး လေဓားသွားတစ်ခုကဲ့သို့ ဝင့်ခုတ်လိုက်ရာ သခင်လေး၏ လက်မောင်းတစ်ဖက်ကို တုံ့ဆိုင်းခြင်းမရှိ ဖြတ်တောက်ပစ်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်း လက်ပြတ်ကြီး တစ်ဖက် လေထဲ၌ သွေးသံရဲရဲ မျောလွင့်သွားလေ၏။
“အား…. ငါ့လက်”
သူ၏ လက်မောင်းတစ်ဖက် လွင့်ထွက်သွားပြီး နီရဲသော သွေးများ ရေတံခွန်လို ပန်းထွက်လာသည်ကို မြင်သောအခါ ပြင်းထန်လှသော နာကျင်မှုက သူ၏ တစ်ကိုယ်လုံးသို့ စိမ့်ဝင်သွားပြီး ကုန်းစွန်းသခင်လေးမှာ ဝေဒနာကို မအောင့်နိုင်တော့ဘဲ အော်ဟစ်လိုက်တော့သည်။
“သခင်လေး”
'ကုန်းစွန်း' မိသားစုမှ အထက်တန်းလွှာများမှာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားကြသည်။
“”
'ကုန်းစွန်းယွင်' သည် သူ၏ ဝမ်းနည်းပူဆွေးမှုကို မြိုသိပ်ထားရင်း တားဆီးချင်သော်လည်း တားဆီးရန် စွမ်းအား မရှိခဲ့ပေ။
“ဂလု”
ကြည့်ရှုနေကြသော ကျင့်ကြံသူများစွာမှာ ကြောက်လန့်တကြား တံတွေးများ မြိုချလိုက်ကြပြီး သူတို့၏ မျက်နှာများတွင် ထိတ်လန့်မှုများ ထင်ဟပ်နေကာ သတ္တိနည်းသူများမှာ တဆတ်ဆတ် တုန်နေကြလေ၏။
“ချီ ချီ”
“အား အား”
'လုအိုယန်' သည် လျှပ်စီးလက်သကဲ့သို့ အကြိမ်ကြိမ် ထပ်မံ လှုပ်ရှားလိုက်ပြန်သည်။ သွေးများ ပန်းထွက်လာပြီး 'ကောယွင်ဖုန်း' နှင့် အခြား လေးယောက်၏ လက်မောင်းများကိုပါ ဖြတ်တောက် ပစ်လိုက်လေသည်။ ပြင်းထန်သော နာကျင်မှုမှာ မခံမရပ်နိုင်လောက်အောင် ဖြစ်နေပြီး သူတို့ကို သနားစဖွယ် အော်ဟစ်စေတော့သည်။
“ငါ့ ..ငါ့လက် ပြတ်သွားပြီ”
'ကောယွင်ဖုန်း' မှာ အလွန်အမင်း ထိတ်လန့်နေ၏။ ယနေ့သည် သူ၏ 'ထျန်းယွမ်' ဘုံ ပဉ္စမအလွှာသို့ တိုးမြှင့်နိုင်ခြင်းကို ဂုဏ်ပြုရန် ဖြစ်သော်လည်း ဘယ်သူကမှ ဤသို့သော အဖြစ်အပျက်မျိုး ဖြစ်လာလိမ့်မည်ဟု ကြိုတင် မခန့်မှန်းနိုင်ခဲ့ကြပေ။
“အား”
သခင်လေးများစွာထံမှ ဝက်များသတ်သကဲ့သို့ စူးရှသော အော်ဟစ်သံများ ထွက်ပေါ်လာရာ ကြားရသူတိုင်း ကြောက်လန့်သွားစေသည်။
ဤအခိုက်အတန့်တွင် သူတို့သည် ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့ကို စတင် စော်ကားမိခဲ့သည့်အတွက် ရင်ထဲမှာ နောင်တများ တဖွားဖွား ရနေကြသည်။
သို့သော် ကံမကောင်းစွာပင် ပြန်လည် ပြင်ဆင်ရန် နည်းလမ်း မရှိတော့ပေ။
“ငါ့ ငါ့သား 'ဖုန်း' လေး”
'ကော' မိသားစု၏ ခေါင်းဆောင်မှာ အလွန်အမင်း ဝမ်းနည်း ကြေကွဲနေသော်လည်း သူလည်း ဘာမှ မတတ်နိုင်ခဲ့ပေ။
ဤအရာအားလုံးသည် 'ကောယွင်ဖုန်း' နှင့် အခြားသူများ ကိုယ်တိုင် ပြုလုပ်ခဲ့သော အရာများသာ ဖြစ်သည်။ သူတို့၏ မောက်မာထောင်လွှားမှု မိမိကိုယ်သာ ကိုးကွယ်မှု နှင့် အနိုင်ကျင့် ဗိုလ်ကျမှုများက ကြီးမားသော ပုဂ္ဂိုလ်ကြီးတစ်ဦးကို စော်ကားမိစေခဲ့သည်။
သို့မဟုတ်လျှင် ဤ ဝမ်းနည်းဖွယ်ရာ အဖြစ်ဆိုးများထဲမှ တစ်ခုမျှ ဖြစ်ပေါ်လာခဲ့မည် မဟုတ်ပေ။
သူတို့ လက်တစ်ဖက်စီ ဖြတ်တောက်ခံရရုံမျှဖြင့် ကျန်ရစ်ခဲ့ရခြင်း၏ တစ်ခုတည်းသော အကြောင်းရင်းမှာ 'လုအိုယန်' ၏ မျက်နှာကို ထောက်ထားခဲ့ခြင်းကြောင့်သာ ဖြစ်သည်။ သို့မဟုတ်လျှင် သူတို့၏ ကံကြမ္မာသည် အခြား သခင်လေးများကဲ့သို့ပင် သေခြင်းတရားသာ ဖြစ်ပေလိမ့်မည်။
သခင်လေးများ အဆက်မပြတ် အော်ဟစ်နေကြသည်ကို ကြည့်ရင်း ကြည့်ရှုနေသော ကျင့်ကြံသူများမှာ ပို၍ပင် ထိတ်လန့်သွားကြသည်။
“ဆေးဧကရာဇ်.. သူတို့အားလုံးရဲ့ လက်မောင်းတွေကို ဖြတ်တောက်ပြီးပါပြီ”ဟု 'လုအိုယန်' က လေးစားစွာ သတင်းပို့လိုက်သည်။
ထိုအခါ၊ ဖုန်းဝူချန်က 'ကောယွင်ဖုန်း' နှင့် အခြားသူများကို အေးစက်စက် တစ်ချက် ကြည့်လိုက်ပြီး ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။
“မင်းတို့ လက်စားပြန်ချေချင်တယ်ဆိုရင် ဘယ်အချိန်မဆို ငါ့ကို လာရှာလို့ ရတယ်။ ဒီတစ်ခါတော့ မင်းတို့ကို ငါ အသက်ချမ်းသာပေးလိုက်မယ်၊ ဒါပေမယ့် နောက်တစ်ခါ ဆိုတာ ရှိတော့မှာ မဟုတ်ဘူး”
လက်စားချေမည်… ဟုတ်လား။
ဒါ ..ကိုယ့်ကိုယ်ကိုယ်
သေကြောင်းကြံသည်နှင့်
ဘာမှ မခြားပေ။
ဖုန်းဝူချန်သည် 'ကျန်းကျွင့်လန်' ၏ "ဆရာ" ဖြစ်လေ၏။ သည်အဆင့်အတန်း တစ်ခုတည်းကပင် သူတို့ကို ကြောက်ရွံ့စေရန် လုံလောက်နေပြီ ဖြစ်ရာ မည်သူက လက်စားချေရန် စကားကို ပြောရဲဦးမည်နည်း။
“ကျွန်တော်တို့ အသက်ကို ချမ်းသာပေးတဲ့အတွက် လက်နက်သန့်စင်သူကို ကျေးဇူးတင်ပါတယ်”
မိသားစု အသီးသီးမှ ခေါင်းဆောင်များက ဦးညွှတ်ကာ ကျေးဇူးတင်စကား ဆိုလိုက်ကြသည်။
လက်တစ်ဖက် ဖြတ်တောက်ခံလိုက်ရသော်လည်း အသတ်မခံရသည့်အတွက် ကျေးဇူးတင်နေရခြင်းမှာ မည်မျှ အထင်ကြီးစရာ ကောင်းလိုက်သနည်း။
ဤသည်ကား အစွမ်းသတ္တိ၏ စွမ်းအားပင်တည်း။
'လုအိုယန်' ကို ကြည့်ရင်း ဖုန်းဝူချန်က ခပ်ပေါ့ပေါ့ ပြောလိုက်သည်။
“'ခရမ်းရောင် တိမ်တိုက် စံအိမ်' ကို လမ်းပြပါ..”
“ဟုတ်ကဲ့ပါ.. ဆေးဧကရာဇ်”
'လုအိုယန်' က စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်ပြီး တပည့်တစ်ယောက်ဘက်သို့ လှည့်ကာ
ခိုင်းစေလိုက်တော့၏။
“အမြန် ပြန်ပြီးတော့.. စံအိမ်သခင်ကို သတင်းပို့လိုက်..ဆေးဧကရာဇ်နဲ့ သခင်လေး 'ကျန်း' တို့.. 'ခရမ်းရောင် တိမ်တိုက် စံအိမ်' ကို လာလည်မယ်လို့”
“ဟုတ်ကဲ့”
တပည့် လေးယောက်လုံးမှာ အလွန်အမင်း စိတ်လှုပ်ရှားသွားကြပြီး အလျင်အမြန် ပျံသန်း ထွက်ခွာသွားကြ လေသည်။
အကယ်၍ သူတို့သည် ဖုန်းဝူချန်နှင့် 'ကျန်းကျွင့်လန်' နှစ်ဦးလုံးကို 'ခရမ်းရောင် တိမ်တိုက် စံအိမ်' တွင် ကြိုဆို လက်ခံနိုင်ခဲ့ပါက စံအိမ်သခင်နှင့် အကြီးအကဲများမှာ သေချာပေါက် ဝမ်းသာလွန်း၍ ခုန်ပေါက်ကြပေလိမ့်မည်။
ထိုအကြောင်းကို တွေးကြည့်ရုံမျှဖြင့်ပင် 'လုအိုယန်' မှာ မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားနေမိ၏။
'ဝူကျိ' နယ်မြေမှ 'ကျန်း' မိသားစု၏ သခင်လေးက 'ခရမ်းရောင် တိမ်တိုက် စံအိမ်' သို့ လာရောက် လည်ပတ်သည် ဟူသော သတင်းသည် 'ကောင်းကင်ဘုံ' နယ်မြေများမှ ကြီးမားသော၊ သေးငယ်သော အင်အားစုများစွာကို ဟန့်တားရန် လုံလောက်ပေသည်။
'ခရမ်းရောင် တိမ်တိုက် စံအိမ်' ၏ အဆင့်အတန်းမှာလည်း သေချာပေါက် သိသိသာသာ မြင့်တက်
သွားပေတော့မည်။ အခြားသော အဓိက အင်အားစုကြီးများကိုပင် ဗျာများသွားစေရန် လုံလောက်ပေသည်။
'ကောင်းကင်ဘုံ' နယ်မြေ၏ တောင်ပိုင်း နယ်နိမိတ်ရှိ တောင်ထိပ်တစ်ခုတွင် တည်ရှိသော 'ခရမ်းရောင် တိမ်တိုက် စံအိမ်' သည် ကြီးမားပြီး ခမ်းနားထည်ဝါသော နန်းတော်ကြီးတစ်ခု ဖြစ်လေသည်။
ကြီးမြတ်သော အင်အားစု ခြောက်ခုထဲမှ တစ်ခု ဖြစ်သည့်အလျောက် 'ခရမ်းရောင် တိမ်တိုက် စံအိမ်' သည် အမှန်တကယ်ပင် အစွမ်းထက်ပြီး ၎င်း၏ အဆင့်အတန်းများထဲတွင် တပည့်ပေါင်း သောင်းနှင့်ချီ၍ ရှိနေသည်။
ဖုန်းဝူချန်နှင့် 'ကျန်းကျွင့်လန်' တို့ လာရောက် လည်ပတ်သည်ဟူသော သတင်းစကားကြောင့် 'ခရမ်းရောင် တိမ်တိုက် စံအိမ်' တစ်ခုလုံး ပွက်လောရိုက်သွားပြီး စံအိမ်သခင်နှင့် အခြားသူများမှာ ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်သွားကြသည်။
စံအိမ်သခင်နှင့် အကြီးအကဲများသည် သူတို့ မည်မျှ အရေးကြီးသော ကိစ္စရပ်များကို ကိုင်တွယ်နေသည်ဖြစ်စေ ၊ ဘေးသို့ ချထားလိုက်ပြီး သူတို့၏ တံခါးပိတ် ကျင့်ကြံနေရာများမှ ထွက်ခွာလာခဲ့ကြသည်။
“ဝှစ် ဝှစ် ဝှစ်”
ထိုအခိုက်အတန့်၌၊ ဖုန်းဝူချန်၊ 'ကျန်းကျွင့်လန်' နှင့် တစ်ဒါဇင်ကျော်သော အစွမ်းထက် ပုဂ္ဂိုလ်ကြီးများ ဓားပျံစီးကာ ရောက်ရှိလာကြသည်။
သူတို့၏ အားကောင်းသော အရှိန်အဝါကို လျှော့တွက်၍ မရပေ။ မျက်စိ အနည်းငယ် မှိတ်ဖွင့်လိုက်သည့် အချိန်အတွင်း သူတို့သည် 'ခရမ်းရောင် တိမ်တိုက် စံအိမ်' ၏ ခမ်းနားသော နန်းတော်ကြီး အထက်တွင် ရပ်တန့်လိုက်ကြလေ၏။
“ဆေးဧကရာဇ်ကို.. ကြိုဆိုပါတယ်၊ သခင်လေး 'ကျန်း' ကို.. ကြိုဆိုပါတယ်”
'ခရမ်းရောင် တိမ်တိုက် စံအိမ်' ၏ အထက်အောက် တစ်ခုလုံးသည် အလွန်တရာ ကြီးမားသော ရိုသေ လေးစားမှုကို ပြသလိုက်ကြ၏။
သူတို့၏ မိုးခြိမ်းသံကဲ့သို့သော အသံများက ကောင်းကင်သို့ ဟိန်းထွက်သွားပြီး အနီးအနားရှိ တောင်တန်းများတွင် ပဲ့တင်ထပ်သွားလေတော့သည်။