စိန်ခေါ်မှု
Vol. 25 Ch. 371
~'လေ့ထျန်းကျွယ်' က ဖုန်းဝူချန်ကို စိန်ခေါ်လိုက်ခြင်းသည် 'ခရမ်းရောင် တိမ်တိုက် စံအိမ်' တစ်ခုလုံးကို သိမ့်သိမ့်ခါသွားအောင် လှုပ်ယမ်းလိုက်သကဲ့သို့ ဖြစ်သွားသည်။
“ငါ..နားကြားမှားတာလား။ အကြီးဆုံး စီနီယာအစ်ကို က ဆေးဧကရာဇ်ကို စိန်ခေါ်ချင်တယ် ဟုတ်လား”
“ငါတို့ ဆေးဧကရာဇ်နဲ့ သခင်လေး ‘ကျန်း’ ကို စော်ကားမိရင် ငါတို့ ‘ခရမ်းရောင် တိမ်တိုက် စံအိမ်’ ပြီးပြီ ၊ ပွဲသိမ်းပြီ”
“အကြီးဆုံး စီနီယာအစ်ကို ရူးသွားပြီ၊ သေချာပေါက် ရူးသွားတာပဲ ဖြစ်ရမယ်”
'ခရမ်းရောင် တိမ်တိုက် စံအိမ်' မှ တပည့်များအားလုံးမှာ မင်သက်မိသွားကြ၏။ သူတို့၏ မျက်နှာများမှာ တုန်လှုပ်ခြင်း၊ ထိတ်လန့်ခြင်း၊ နှင့် မယုံကြည်နိုင်ခြင်းတို့ဖြင့်
ကျောက်ရုပ်တစ်ရုပ်ပမာ တောင့်ခဲသွားကြသည်။
ဖုန်းဝူချန်က 'လေ့ထျန်းကျွယ်' ၏ စိန်ခေါ်မှုကို လက်ခံလိုက်သည်ကို ကြားလိုက်ရသောအခါ 'ကျောက်ချန်ရှန်' ၏ မျက်နှာအိုကြီးမှာ အုံ့မှိုင်း သွားလေသည်။
“ဆေးဧကရာဇ် .. လုံးဝ မဖြစ်ပါဘူး”
“လေ့ထျန်းကျွယ်..မင်း ရူးသွားပြီလား”
'လီချင်းရှန်' က ထိတ်လန့်တကြား ဟိန်းဟောက်လိုက်ပြီး သူ၏ မျက်နှာမှာ သွေးကြောများ ထောင်ထလာသည်အထိ ပုံပျက်သွားကာ သူ့အား ရိုက်ရန် ပြင်လိုက်တော့သည်။
'လေ့ထျန်းကျွယ်' သည် 'ထျန်းယွမ်' ဘုံ နဝမအလွှာ ကျင့်ကြံသူဖြစ်ပြီး 'ခရမ်းရောင် တိမ်တိုက် စံအိမ်' ၏ ပထမ ပါရမီရှင် ဖြစ်သည် သူ၏ အစွမ်းမှာ အလွန်အမင်း ပြင်းထန်လှပြီး 'ကောင်းကင်ဘုံ လူသား' ဘုံသို့ ခြေတစ်လှမ်း လှမ်းထားပြီးသူ ဖြစ်လေ၏။
'ကျောက်ချန်ရှန်' နှင့် အခြားသူများမှာ 'လုအိုယန်' ၏ ပါးစပ်မှတစ်ဆင့် သိထားခဲ့ကြသည်။ လွန်ခဲ့သော ခြောက်လက ဖုန်းဝူချန်သည် 'ထျန်းယွမ်' ဘုံ တတိယအလွှာတွင်သာ ရှိသေး၏။ သူ၏ ခွန်အား မည်မျှပင် ပြင်းထန်နေစေကာမူ ခြောက်လတည်းသော အချိန်အတွင်း 'လေ့ထျန်းကျွယ်' ကို အနိုင်ယူရန်မှာ လုံးဝ မဖြစ်နိုင်ပေ။
တိုက်ပွဲ စတင်သည်နှင့် အကယ်၍သာ ဖုန်းဝူချန် ဒဏ်ရာရသွားခဲ့လျှင် 'ကျန်း' မိသားစုက 'ခရမ်းရောင် တိမ်တိုက် စံအိမ်' ကို အလွတ်ပေးလိမ့်မည် မဟုတ်ချေ။
စိန်ခေါ်မှုကို ဖုန်းဝူချန် ကိုယ်တိုင် လက်ခံခဲ့သည် ဆိုဦးတော့ သူသာ ဒဏ်ရာရပြီး ရှုံးနိမ့်သွားခဲ့လျှင် 'ကျန်း' မိသားစုက 'ခရမ်းရောင် တိမ်တိုက် စံအိမ်' အပေါ် အရေးယူလာမည်၊ မယူလာမည်ကို မည်သူက သိနိုင်မည်နည်း။
“ဝှစ်”
သို့သော် 'လီချင်းရှန်' ၏ လက်ဝါးက 'လေ့ထျန်းကျွယ်' ၏ မျက်နှာပေါ်သို့ ကျရောက်ရန် ပြင်လိုက်စဉ်မှာပင် လူရိပ်တစ်ခုသည် ထူးဆန်းအံ့ဖွယ်ကောင်းသော ပုံစံဖြင့် 'လီချင်းရှန်' ၏ ရှေ့မှောက်သို့ ပျံလွှားရောက်ရှိ လာပြီး သူ၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်လေသည်။
ထိုအခိုက်အတန့်တွင် 'လီချင်းရှန်' ၏ မျက်နှာအရောင်မှာ သိသိသာသာ ပြောင်းလဲသွား၏။
“ဒါ ဒါက”
'ကျောက်ချန်ရှန်' ၏ မျက်နှာအိုကြီးမှာ ချက်ချင်း တောင့်ခဲသွားပြီး ဖော်မပြနိုင်သော ခံစားချက်တစ်ခု မယုံကြည်နိုင်လောက်သော တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားသည်။
ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အမြန်နှုန်း 'ကျောက်ချန်ရှန်' ၏ 'ကောင်းကင်ဘုံ လူသား' ဘုံ စတုတ္ထအလွှာ ကျင့်ကြံမှုအဆင့်ဖြင့်ပင် အာရုံခံရန် ခက်ခဲလှပေသည်။
“မြန် မြန်လိုက်တာ”
'လေ့ထျန်းကျွယ်' ၏ ရင်ထဲ၌ တစ်ချက်လှုပ်ခါသွား ပြီး ရောက်ရှိလာသူကို အလွန်အမင်း တုန်လှုပ်စွာ စိုက်ကြည့်နေမိသည်။
'လုအိုယန်' မှာ ပါးစပ်အဟောင်းသားဖြင့် နေရာမှာပင် အေးစက် တောင့်တင်းပြီး ကျောက်ရုပ်တစ်ရုပ်ပမာ ရပ်နေမိတော့သည်။
'ခရမ်းရောင် တိမ်တိုက် စံအိမ်' မှ တပည့်များအားလုံးမှာ မယုံကြည်နိုင်သည့်အလား ပါးစပ်များ ဟလျက် မှင်သက်နေကြ၏။
ဤအချိန်တွင် 'ခရမ်းရောင် တိမ်တိုက် စံအိမ်' တစ်ခုလုံးသည် အချိန်များ ရပ်တန့်သွားသကဲ့သို့ ပန်းချီကားတစ်ချပ်ပမာ တိတ်ဆိတ်ငြိမ်သက်သွား လေသည်။
မျက်စိတစ်မှိတ်အတွင်း ပေါ်လာသူမှာ ဖုန်းဝူချန်ပင် ဖြစ်ပေသည်။
“စံအိမ်သခင် ‘ကျောက်’ စိတ်ပူစရာ မလိုပါဘူး၊ ကျွန်တော်တို့ ထိရုံလေးပဲ ယှဉ်ပြိုင်ကြမှာပါ”
ဖုန်းဝူချန်က 'လေ့ထျန်းကျွယ်' ထံ စူးစိုက်ကြည့် လျက် ခပ်ပေါ့ပေါ့ ပြုံးကာ ပြောလိုက်သည်။
ထိုသို့ ပြောပြီးနောက် ဖုန်းဝူချန်သည် သူ၏ လက်ကို လွှတ်ပေးလိုက်သည်။
'လီချင်းရှန်' က ဖုန်းဝူချန်ကို ထိတ်လန့်မှု အပြည့်ဖြင့် ကြည့်လိုက်မိ၏။ သူ၏ ခန္ဓာကိုယ်မှာ ထိန်းချုပ်မရနိုင်အောင် တုန်ရီနေပြီး စိတ်ကူးပင် မယဉ်နိုင်လောက်သော ကြောက်မက်ဖွယ် အမြန်နှုန်းကြောင့် တုန်လှုပ် နေမိသည်။
'ဒါ ဒါ ဘယ်လို ကြောက်စရာကောင်းတဲ့ ကိုယ်ဖော့ပညာကြီးလဲ'
'ဆေးဧကရာဇ်က တကယ်ကြီး ဒီလောက် ကြောက်စရာကောင်းတဲ့ ကိုယ်ဖော့ပညာကို ပိုင်ဆိုင်ထားတာလား' 'ကျောက်ချန်ရှန်' ၏ နှလုံးသားမှာ အကြီးအကျယ် တုန်ခါသွားရသည်။
'တုံကျန့်ထျန်း' မှာ ကြောင်ငေး နေမိ၏။ သူ ဖုန်းဝူချန်ကို ကြည့်ရင်း သူ၏ 'ထျန်းယွမ်' ဘုံ နဝမအလွှာ ကျင့်ကြံမှုအဆင့်ဖြင့်ပင် ဖုန်းဝူချန်၏ လှုပ်ရှားမှုကို မမြင်နိုင်လောက်အောင် အစွမ်းထက်လိမ့်မည်ဟု သူ မယုံကြည်နိုင်သည့်အလား ဖြစ်နေသည်။
'ဆရာ့ဆရာရဲ့ အစွမ်းက တကယ်တမ်း ဘယ်လောက်တောင် ရှိနေတာလဲ' 'တုံကျန့်ထျန်း' မှာ တွေဝေ သွားသည်။
တိတ်ဆိတ်နေသော 'ခရမ်းရောင် တိမ်တိုက် စံအိမ်' တွင် ခဏအကြာတွင် တပည့်များထံမှ ဆူညံသွား သော အသံများ ပေါက်ကွဲ ထွက်ပေါ်လာပြီး တအံ့တဩ အော်ဟစ်သံများ လှိုင်းထန်သွားတော့သည်။
ဤနေရာတွင် ရှိနေသော မည်သူတစ်ဦးတစ်ယောက်မျှ ဖုန်းဝူချန် ဘယ်အချိန် လှုပ်ရှားလိုက်သည်ကို 'လီချင်းရှန်' ၏ ရှေ့မှောက်သို့ ဘယ်အချိန် ရောက်ရှိသွားသည်ကို မသိလိုက်ကြပေ။
တုန်လှုပ်စရာ ကောင်းလှပါ၏။
လုံးဝ ..လုံးဝကို တုန်လှုပ်စရာ ကောင်းလှပေသည်။
“လေ့ထျန်းကျွယ်..ခင်ဗျား..ကျွန်တော့်ကို စိတ်မပျက်စေရဘူးလို့ မျှော်လင့်တယ်”
ဖုန်းဝူချန်က ခပ်ပေါ့ပေါ့ ပြုံးရင်း ပြောလိုက်၏။
'လေ့ထျန်းကျွယ်' သည် သူ၏ တုန်လှုပ်မှုများမှ သတိပြန်ဝင်လာသောအခါ ပြင်းထန်သော တိုက်ခိုက်လိုစိတ်များ ပေါက်ကွဲ ထွက်ပေါ်လာသည်။ သူ၏ မျက်လုံးများတွင် ကြောက်ရွံ့မှု မပြဘဲ ထက်သန်မှုနှင့် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွား၏။
“ဆေးဧကရာဇ်..ကျွန်တော် ခင်ဗျားကို စိတ်ပျက်စေရမှာ မဟုတ်ဘူး”
'လေ့ထျန်းကျွယ်' က ပြတ်သားစွာ ကြေညာလိုက်ပြီး တိုးမြင့်လာသော အရှိန်အဝါများက သူ၏ ပတ်ဝန်းကျင်တွင် ပြန့်ကားလာသည်။
'လေ့ထျန်းကျွယ်' ၏ မျက်လုံးများက ယုံကြည်မှုများဖြင့် ပြည့်နှက်နေပြီး သူက ဆက်ပြောသည်။
“ကျွန်တော် ‘ခရမ်းရောင် တိမ်တိုက် စံအိမ်’ မှာ ခုနစ်နှစ်သားကတည်းက ကျင့်ကြံခဲ့တာ။ ဆယ့်ခြောက်နှစ်မှာ ‘ယွမ်တန်’ ဘုံ နဝမအလွှာကို ရောက်ခဲ့ပြီး ‘ခရမ်းရောင် တိမ်တိုက် စံအိမ်’ ရဲ့ ပထမ ပါရမီရှင်လို့ သတ်မှတ်ခံခဲ့ရတယ်။ အသက် နှစ်ဆယ့်ငါးနှစ်မှာ ကျွန်တော် အခု လက်ရှိ ကျင့်ကြံမှုအဆင့်ကို ရောက်ခဲ့တာ၊ ‘ထျန်းယွမ်’ ဘုံ နဝမအလွှာကို ချိုးဖြတ်ဖို့ ကျွန်တော် တံခါးပိတ် ကျင့်ကြံခဲ့တာ နှစ်နှစ်တိတိ ကြာခဲ့တယ်”
“'ခရမ်းရောင် တိမ်တိုက် စံအိမ်' ရဲ့ နံပါတ်တစ် ပါရမီရှင် ဖြစ်ထိုက်တန်ပါပေတယ်၊ တကယ် ထူးခြားတဲ့ အရည်အချင်းပဲ”
ဖုန်းဝူချန်က ချီးကျူးလိုက်ရင်း ပြင်းထန်သော တိုက်ခိုက်လိုစိတ် အရှိန်အဝါများကလည်း လေထုထဲတွင် စိမ့်ဝင်လာသည်။
ထိုသို့ ပြောလိုက်သည်နှင့် ဖုန်းဝူချန်သည် အမြင့်တနေရာသို့ ပျံလွှား တက်သွားခဲ့ပြီး သူ၏ အစစ်အမှန်ယွမ်စွမ်းအားများက သိပ်သည်းလာသည်။
'ထျန်းယွမ်' ဘုံ ပဉ္စမအလွှာနှင့် သက်ဆိုင်သော အားကောင်းသည့် အရှိန်အဝါတစ်ခုသည် ဖုန်းဝူချန်၏ ခန္ဓာကိုယ်မှ ဖြာထွက် လာတော့သည်။
“ပဉ္စမအလွှာ”
'လေ့ထျန်းကျွယ်' မှာ အနည်းငယ် အံ့ဩ သွားသည်။
“ဆေးဧကရာဇ်က ခြောက်လလေး အတွင်းမှာ အလွှာနှစ်လွှာ တက်သွားတာ ဘယ်လို ကြောက်စရာကောင်းတဲ့ ကျင့်ကြံခြင်း အမြန်နှုန်းမျိုးလဲ” 'လီချင်းရှန်' က အံ့ဩတကြီး အော်ဟစ်လိုက်မိ၏။
'ပဉ္စမအလွှာ ကျင့်ကြံမှုနဲ့ ဒီလောက် ကြောက်စရာကောင်းတဲ့ အမြန်နှုန်း ရှိနေတာ ဘယ်လို ဖြစ်နိုင်မှာလဲ။ ဆေးဧကရာဇ်က ဘယ်လို ကိုယ်ဖော့ပညာမျိုးကို သုံးလိုက်တာလဲ။ ပဉ္စမအလွှာ ကျင့်ကြံမှုနဲ့ သူက ‘လေ့ထျန်းကျွယ်’ ကို အနိုင်ယူဖို့ ယုံကြည်မှု ရှိနေတာလား'
'ကျောက်ချန်ရှန်' မှာ တစ်ဖန် ထပ်မံ၍ တုန်လှုပ် သွားရပြန်သည်။
“ဆေးဧကရာဇ်က
က ‘ထျန်းယွမ်’ ဘုံ ပဉ္စမအလွှာမှာပဲ ရှိသေးတာလား။ စွမ်းအားကွာဟချက်က ကြီးလွန်းတယ်.. သူ ငါတို့ စီနီယာအစ်ကို ကို ဘယ်လိုလုပ် ယှဉ်တိုက်နိုင်မှာလဲ”
“ဆေးဧကရာဇ်က သူ့ကိုယ်သူ အထင်ကြီးလွန်းနေပြီ။ ‘ထျန်းယွမ်’ ဘုံ ပဉ္စမအလွှာ ကျင့်ကြံမှုနဲ့ ငါတို့ စီနီယာအစ်ကိုကြီးကို နိုင်ဖို့ အခွင့်အရေး မရှိဘူး”
“ဒါ ..ဒါ သိပ် မသေချာဘူး။ မင်းတို့ မမေ့နဲ့ ငါတို့ ဒုတိယ စီနီယာအစ်ကို ပြောတာ လွန်ခဲ့တဲ့ ခြောက်လက ဗိမာန်သခင်က တတိယအလွှာ ကျင့်ကြံမှုနဲ့ သတ္တမအလွှာ ပညာရှင် တစ်ယောက်ကို အနိုင်ယူခဲ့တယ် အဲ့ဒီတုန်းက သူက အစွမ်းထက်တဲ့ ဖိနှိပ်ခြင်း ရတနာတစ်ခုကို သုံးခဲ့တာကွ”
“ဟုတ်တယ်၊ ဟုတ်တယ်။ ဗိမာန်သခင်က သူ့ရဲ့ တကယ့် ခွန်အားကို ဖုံးကွယ်ထားတာ”
“သူ.. ဘယ်လောက် အစွမ်း ဖုံးကွယ်ထားပါစေ၊ ငါတို့ စီနီယာအစ်ကို ကို ယှဉ်နိုင်မှာ မဟုတ်ဘူး၊ မမေ့နဲ့ ..ငါတို့ စီနီယာအစ်ကို က ‘ပိုင်မိ’ နဲ့တောင် တန်းတူ တိုက်ခိုက်နိုင်ခဲ့တဲ့ ပါရမီရှင်ကွ”
'ခရမ်းရောင် တိမ်တိုက် စံအိမ်' မှ တပည့်များမှာ ဖုန်းဝူချန်၏ ကျင့်ကြံမှုအဆင့်ကြောင့် တုန်လှုပ်သွားကြသော်လည်း သူ၏ အနိုင်ရနိုင်ခြေကိုတော့ ယုံကြည်ခြင်း မရှိကြသေးပေ။
ဒါ ဖုန်းဝူချန်က အလွန် အားနည်းနေ၍ မဟုတ်။ 'လေ့ထျန်းကျွယ်' ၏ ခွန်အားက အလွန်အမင်း ကြီးမားလွန်း
နေသောကြောင့် ဖြစ်သည်။
'လေ့ထျန်းကျွယ်' ကလည်း ဖုန်းဝူချန်အကြောင်း အနည်းငယ် နားလည်ထားပြီး ဖုန်းဝူချန်က 'ထျန်းယွမ်' ဘုံ ပဉ္စမအလွှာသာ ရှိနေလျှင်ပင် သူ့ကို လျှော့တွက်ရန် မဝံ့ရဲခဲ့ပေ။
စောနက ပြသခဲ့သော ကြောက်မက်ဖွယ် ကိုယ်ဖော့ပညာ တစ်ခုတည်းကပင် 'လေ့ထျန်းကျွယ်' ကို အလေးအနက် ထားစေရန် လုံလောက်နေခဲ့လေ၏။
'လေ့ထျန်းကျွယ်' က လေဟာနယ်ထဲသို့ ပျံတက် လိုက်ရင်း တင်းမာသော မျက်နှာထားဖြင့် ပြောလိုက်သည်။
“ဆေးဧကရာဇ်.. ခင်ဗျားရဲ့ အစွမ်းအစစ်ကို ထုတ်ပြပါ။ 'လုအိုယန်' က ခင်ဗျားအကြောင်း ကျွန်တော့်ကို ပြောပြထားတယ်..ကျွန်တော် ခင်ဗျားရဲ့ အရည်အချင်းတွေကို အကြမ်းဖျင်း သိထားပြီးသားပါ”
“ဒါဆို ဒီလိုကိုး”
ဖုန်းဝူချန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး သူ၏ အရှိန်အဝါများက ရုတ်တရက် ပြောင်းလဲသွားလေသည်။
သူ၏ သွေးကြောစွမ်းအားနှင့် 'အထွတ်အထိပ် ခန္ဓာကိုယ် ဒုတိယအဆင့်' စွမ်းအားများကို တစ်ပြိုင်နက်တည်း နှိုးဆော်လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှ မှိန်ဖျော့သော ရွှေရောင်အလင်းများ ထွက်ပေါ်နေရာမှ ယခုအခါ မျက်စိကျိန်းမတတ် သွေးဆာနေသည့် အလင်းများအဖြစ် ပြောင်းလဲသွားပြီး ထူးဆန်းသော သွေးစွမ်းအင်များက သူ၏ တစ်ကိုယ်လုံးမှ ထိုးတက်လာသည်။ ကြောက်မက်ဖွယ် စွမ်းအားများက လေဟာနယ်ကို တုန်ခါသွားစေပြီး ဖုန်းဝူချန်၏ အရှိန်အဝါသည် မျက်စိတစ်မှိတ်အတွင်း 'ထျန်းယွမ်' ဘုံ သတ္တမအလွှာကို ချိုးဖြတ် ကျော်လွန်သွားတော့သည်။
“ဘုရားရေ…”
ဖုန်းဝူချန်၏ အရှိန်အဝါက တစ်ခဏအတွင်း အလွှာနှစ်လွှာ ခုန်တက်သွားသည်ကို မြင်လိုက်ရသောအခါ 'ခရမ်းရောင် တိမ်တိုက် စံအိမ်' မှ တပည့်များမှာ ထိတ်လန့်သွားကြပြီး အသက်ရှူမှားသွားကြသည်။
ကျင့်ကြံမှုအဆင့်က ချက်ချင်း အလွှာနှစ်လွှာ တိုးမြင့်သွားသည်တဲ့။
ဒါက ဘာကို ဆိုလိုနေပါသနည်း။
'ကျောက်ချန်ရှန်'၊ 'လီချင်းရှန်' နှင့် 'ခရမ်းရောင် တိမ်တိုက် စံအိမ်' မှ အဆင့်မြင့် ပုဂ္ဂိုလ်များအားလုံး မင်သက်မိ သွားကြသည်။
“ချီလင် ချပ်ဝတ်”
ဖုန်းဝူချန်၏ အတွေးတစ်ချက်ဖြင့် 'ချီလင် ချပ်ဝတ်' ကို ဆင့်ခေါ်လိုက်ပြီး သူ၏ ကျောပြင်ပေါ်တွင် နက်မှောင်သော အတောင်ပံအား ဖြန့်ကျက် လိုက်သည်။ အလွန်တရာ ထက်ရှပြီး သွေးဆာနေသည့် အရှိန်အဝါများက လေထုထဲတွင် လွှမ်းခြုံသွားပြီး ဝိညာဉ်ကိုပင် ဆွဲဆောင်
နိုင်လောက်ပေသည်။
ထိုအခိုက်အတန့်တွင် ဖုန်းဝူချန်၏ အရှိန်အဝါသည် တစ်ဖန် ထိုးတက်သွားပြန်ပြီး မျက်စိတစ်မှိတ်အတွင်း 'ထျန်းယွမ်' ဘုံ အဋ္ဌမအလွှာ၏ အထွတ်အထိပ်သို့ တက်လှမ်းသွားတော့၏။
အလွှာသုံးလွှာစာ စွမ်းအားများက တစ်ပြိုင်နက်တည်း ပေါက်ကွဲ ထွက်ပေါ်လာခဲ့သည်တကား။
ဤမြင်ကွင်းကို သူတို့၏ မျက်စိရှေ့တွင် တပ်အပ် မြင်လိုက်ရသောအခါ 'လေ့ထျန်းကျွယ်' ပင်လျှင် ရင်ထဲ၌ တစ်ချက် လှုပ်ခါသွားရလေသည်။
ဒါ ..သဘာဝလွန် သတ္တဝါတစ်ကောင်ပဲ။
လုံးဝကို သဘာဝလွန် သတ္တဝ တတစ်ကောင်ပင် ဖြစ်ပေတော့သည်။