ရေခဲ ဝိညာဉ် နယ်မြေ
Vol. 25 Ch. 372
~ဖုန်းဝူချန်၏ ကိုယ်မှ အတိုင်းအဆမရှိ ဖိနှိပ်လွှမ်းမိုးနိုင်သော စွမ်းအားများက အဆက်မပြတ် ဖြာထွက်လာပြီး 'ခရမ်းရောင် တိမ်တိုက် စံအိမ်' တစ်ခုလုံးကို သိမ့်သိမ့်ခါသွားအောင် လှုပ်ယမ်း နေလေသည်။
'လေ့ထျန်းကျွယ်' သည် ဖုန်းဝူချန်၏ အစွမ်းကို အကြမ်းဖျင်း ခန့်မှန်းထားခဲ့သော်ငြားလည်း ဤအခြေအနေသည် သူ၏ မျှော်လင့်ထားမှုထက် များစွာ ကျော်လွန်နေခဲ့၏။
'ထျန်းယွမ်' ဘုံ ပဉ္စမအလွှာ ကျင့်ကြံမှုအဆင့်မှ အဋ္ဌမအလွှာ အထွတ်အထိပ်သို့ ရုတ်တရက် ခုန်တက်သွားခြင်း။ ဤမျှ အံ့မခန်း တိုးတက်မှုမျိုးမှာ အမှန်တကယ်ပင် တုန်လှုပ်ခြောက်ခြားဖွယ် ကောင်းလှပေသည်။
'လေ့ထျန်းကျွယ်' ၏ မျက်နှာထားမှာ အလွန်အမင်း တင်းမာသွားလေ၏။ ယခင်က 'ပိုင်မိ' ကို ရင်ဆိုင်ရစဉ်ကပင် ဤမျှ ကြီးမားသော ဖိအားမျိုးကို သူ မခံစားခဲ့ရဖူးပေ။
ဖုန်းဝူချန်၏ တိုးမြင့်လာသော အရှိန်အဝါသည် အခြားသူများကို ဟန့်တားစေပြီး သူတို့၏ ဝိညာဉ်များကိုပင် ဖမ်းစားထားသကဲ့သို့ ဖြစ်နေသည်။
အကြောင်းပြချက် တစ်စုံတစ်ရာ မရှိဘဲ 'လေ့ထျန်းကျွယ်' သည် ဖုန်းဝူချန်ကို ရင်ဆိုင်လိုက်ရတိုင်း ရှင်းပြမရနိုင်သော သတိထားမှုတစ်ခုကို ခံစားနေရသည်။
ဤရှင်းမပြနိုင်သော သတိထားမှုသည် ဖုန်းဝူချန်၏ ဂုဏ်ပုဒ်၊ သို့မဟုတ် ကြောက်မက်ဖွယ် စွမ်းအားကြောင့် မဟုတ်ဘဲ ကမ္ဘာလောကကြီးကို အထက်စီးမှ ကြည့်ရှုနေသော သူ၏ ထူးကဲသည့် အမူအရာကြောင့်သာ ဖြစ်ပေတော့သည်။
'ငါ့ရဲ့ အစွမ်းက တကယ်ကြီး ဒီလောက်တောင် တိုးတက်လာတာပဲ'
ဖုန်းဝူချန် ကိုယ်တိုင်ပင် အနည်းငယ် ဆတ်ခနဲ ဖြစ်သွားသည်။ 'အထွတ်အထိပ် နဂါးနတ်ဘုရားဓား' ကိုပင် အသုံးမပြုရသေးဘဲ သူသည် 'ထျန်းယွမ်' ဘုံ အဋ္ဌမအလွှာ အထွတ်အထိပ်၏ စွမ်းအားကို ပိုင်ဆိုင်နေခဲ့လေ၏။
'နဂါး သွေးမျိုးဆက်' သည် တဖြည်းဖြည်း ရင့်ကျက်လာနေပြီ ဖြစ်ကြောင်း ထင်ရှားလှသည်။
“ဆေးဧကရာဇ်ရဲ့ အစွမ်းက ကျွန်တော့် မျှော်လင့်ချက်ထက် ကျော်လွန်နေပါတယ်”
'လေ့ထျန်းကျွယ်' က လေးနက်စွာ ပြောလိုက်ပြီး သူ၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအားများကို စတင် ထုတ်ဖော်လိုက်သည်။
'ထျန်းယွမ်' ဘုံ နဝမအလွှာ၏ ပြင်းထန်သော စွမ်းအားများက တဝေါဝေါ ပေါက်ကွဲထွက်လာ၏။ ၎င်း၏ အစွမ်းမှာ အလွန်တရာ ကြီးမားလှပြီး မျက်စိကျိန်းမတတ် တောက်ပသော အပြာရောင် အလင်းတန်းများက လေဟာနယ်ကို လင်းထိန်သွားစေသည်။ 'လေ့ထျန်းကျွယ်' ၏ စွမ်းအားမှာ ကြမ်းကြုတ်သော သားရဲတစ်ကောင်ပမာ အလွန်တရာ ပြင်းထန်လှပြီး လူတိုင်းကို ကြောက်ရွံ့စေ၏။
“'လေ့ထျန်းကျွယ်' ရဲ့ အစွမ်းက တကယ်ကို အားကြီးတာပဲ ..‘ခရမ်းရောင် တိမ်တိုက် စံအိမ်’ ရဲ့ နံပါတ်တစ် ပါရမီရှင် ဖြစ်ထိုက်တန်ပါတယ်”
ဟု 'မြောင်ချင်းချင်း' က အံ့ဩတကြီး ပြောလိုက်မိသည်။
“သူ့ခွန်အားက ငါ့ထက် ပိုမြင့်တယ်။ သူ့ရဲ့ သိုင်းပညာတွေ ဘယ်လောက် အစွမ်းထက်မလဲ.. ဆရာက သူ့ကို အနိုင်ယူနိုင်ပါ့မလား မသိဘူး”
'တုံကျန့်ထျန်း' က 'လေ့ထျန်းကျွယ်' ၏ အရှိန်အဝါ တစ်ခုတည်းကို ကြည့်၍ အနည်းငယ် အားငယ်သလို ခံစားလိုက်ရသည်။
ဖုန်းဝူချန်၏ မျက်နှာမှာလည်း တင်းမာသွား၏။ ဤမျှ အစွမ်းထက်သော ပြိုင်ဘက်ကို လျှော့တွက်၍ မရနိုင်မှန်း သူ သိပေသည်။
“ကိုးထပ် ချန်ခွင်း မျှော်စင်”
ဖုန်းဝူချန်၏ အတွေးတစ်ချက်ဖြင့် သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ ရွှေရောင် အလင်းတန်းတစ်ခု သူ၏ ခန္ဓာကိုယ်အတွင်းမှ ပျံထွက်သွားပြီး 'ကိုးထပ် ချန်ခွင်း မျှော်စင်' သည် ကောင်းကင်ယံသို့ ပျံတက်သွားလေသည်။ 'ခရမ်းရောင် တိမ်တိုက် စံအိမ်' မှ တပည့် သောင်းပေါင်းများစွာ၏ အံ့ဩတုန်လှုပ်နေသော မျက်လုံးများရှေ့တွင် ပေပေါင်း ဒါဇင်များစွာ မြင့်မားသော ဧရာမ မျှော်စင်ကြီးအဖြစ်သို့ ပြောင်းလဲသွား၏။
ထို တောက်ပသော ရွှေရောင်အလင်းတန်းများမှာ ရှားပါးပြီး ပြိုင်ဘက်ကင်းသော ရတနာတစ်ခု ပေါ်ထွက်လာသကဲ့သို့ပင်။
ရွှေရောင် အခင်းအကျင်းတစ်ခုက အောက်သို့ ကျဆင်းလာပြီး 'လေ့ထျန်းကျွယ်' ၏ အပေါ်သို့ အလွန်တရာ လွှမ်းမိုးနိုင်သော ဖိနှိပ်မှု စွမ်းအားတစ်ခုကို သက်ရောက်စေသည်။ ထိုစွမ်းအားမှာ ခုခံနိုင်စွမ်း မရှိလောက်အောင်ပင် ပြင်းထန်လှသည်။
'လေ့ထျန်းကျွယ်' ၏ အရှိန်အဝါမှာ ချက်ချင်းပင် အလွှာတစ်လွှာစာ ဖိနှိပ်ခံလိုက်ရပြီး သူ့ကို အလွန်အမင်း ထိတ်လန့်သွားစေတော့သည်။
'ဒါက ညီလေး လုအို.. ပြောတဲ့ ‘ကိုးထပ် ချန်ခွင်း မျှော်စင်’ ပဲ ဖြစ်ရမယ်'
'လေ့ထျန်းကျွယ်' က တုန်လှုပ်စွာ အော်ဟစ်လိုက်မိသည်။ 'ကိုးထပ် ချန်ခွင်း မျှော်စင်' ၏ ကြောက်မက်ဖွယ်ရာကို ကိုယ်တိုင် ကြုံတွေ့လိုက်ရမှသာ သူ အတပ်သိသွားလေသည်။
'‘ကိုးထပ် ချန်ခွင်း မျှော်စင်’ ရဲ့ အခင်းအကျင်း အပြင်ဘက်ကို ငါ နောက်ဆုတ်လိုက်ရင် ဖိနှိပ်ခံရမှာ မဟုတ်တော့ဘူး'
ဤ ပြင်းထန်သော ဖိနှိပ်မှု စွမ်းအားကို ခံစားမိသောအခါ 'ကျောက်ချန်ရှန်' နှင့် အကြီးအကဲများ၏ မျက်နှာများမှာ သိသိသာသာ ပြောင်းလဲသွားပြီး ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားသည်။
“ငါတို့ စီနီယာအစ်ကို ရဲ့ ကျင့်ကြံမှုအဆင့် တစ်လွှာ တစ်လွှာတောင် ဖိနှိပ်ခံလိုက်ရတယ်”
“ငါတို့ရဲ့ ကျင့်ကြံမှုအဆင့်တွေတောင် နည်းနည်း ဖိနှိပ်ခံလိုက်ရသလိုပဲ၊ ကြောက်စရာကောင်းတဲ့ ဝိညာဉ် ရတနာကြီး.. ဒါ ..ဒုတိယ စီနီယာ အစ်ကို လုအို ပြောတဲ့ မျှော်စင်ကြီးလား”
“စီနီယာအစ်ကိုရဲ့ အရှိန်အဝါက ဆေးဧကရာဇ်ထက် အများကြီး အားနည်းသွားပြီ…”
'ခရမ်းရောင် တိမ်တိုက် စံအိမ်' မှ တပည့်များမှာ ထိတ်လန့်သွားကြ၏။
ပေ ငါးရာ၊ ခြောက်ရာမျှ မြင့်သော လေဟာနယ် အကွာအဝေးမှပင် သူတို့သည် မျှော်စင်ကြီး၏ လက်ကျန် အစွမ်းအစများ၏ ဖိနှိပ်မှုကို ခံစားနေကြရသည်။
“ဘုန်း”
'လေ့ထျန်းကျွယ်' က ကြမ်းတမ်းစွာ စတင် တိုက်ခိုက်လိုက်၏။ မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်လိုက်ပြီး သူ၏ ခန္ဓာကိုယ်သည် အပြာရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ပစ်ထွက်သွား၏။ သူ၏ အရှိန်အဟုန်မှာ ကြီးမားပြီး အစွမ်းထက်လှသည်။
ဖုန်းဝူချန်ကတော့ မလှုပ်မယှက် ရပ်နေဆဲ…။
'လေ့ထျန်းကျွယ်' ၏ လက်ဝါးက ကြောက်မက်ဖွယ် စွမ်းအားများဖြင့် ဖုန်းဝူချန်ထံသို့ ရိုက်ခတ်လာသည်။ လက်ဝါးလေများက ကောင်းကင်နှင့် မြေကြီးကိုပင် တုန်ခါစေနိုင်သည့် အစွမ်းဖြင့် ကြမ်းတမ်းစွာ တိုက်ခတ်နေသည်။
'လေ့ထျန်းကျွယ်' နီးကပ်လာမှ ဖုန်းဝူချန်က လက်ဝါးအားလှိုင်တနစ်ခု ရိုက်သွင်းလိုက်သည်။
“အုန်း”
ကောင်းကင်ယံကိုပင် တုန်ခါသွားစေသော အသံကြီး ထွက်ပေါ်လာပြီး ၎င်းက လေဟာနယ်ကို သိမ့်သိမ့်ခါသွားအောင် လှုပ်ယမ်းလိုက်သည်။
ပြင်းထန်သော ထိတွေ့မှုတွင် 'လေ့ထျန်းကျွယ်' ၏ စွမ်းအားသည် ဖုန်းဝူချန်ကို အနည်းငယ်မျှပင် တုန်ခါသွားစေရန် မစွမ်းနိုင်ခဲ့ပေ။
'လေ့ထျန်းကျွယ်' ၏ မျက်နှာ အနည်းငယ် မည်းမှောင်သွား၏။ ထိုလက်ဝါး တစ်ချက်တည်းဖြင့်ပင် ဖုန်းဝူချန်၏ မြင့်မားသော ခွန်အားကို သူ အတပ်သိလိုက်လေ၏။
ထိုခွန်အားက ကျင့်စဉ်အဆင့်များ၏ ကန့်သတ်ချက်ကို လုံးဝ အဖက်မလုပ်ခဲ့ပေ။
“ခင်ဗျားရဲ့ အစွမ်းအစစ်ကို ထုတ်ပြတော့”
ဖုန်းဝူချန်က အေးစက်စက် ပြောလိုက်သည်။
'ကိုးထပ် ချန်ခွင်း မျှော်စင်' ၏ ဖိနှိပ်မှု ခံထားရသော်လည်း 'လေ့ထျန်းကျွယ်' ၏ ခွန်အားက ဖုန်းဝူချန်ထက် အားနည်းနေမည် မဟုတ်ပေ။
ဤစကားကို ကြားသောအခါ 'လေ့ထျန်းကျွယ်' မှာ အနည်းငယ် မင်သက်မိသွားပြီး ထို့နောက် သူ၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာ၏။ သူ၏ တိုက်ခိုက်လိုစိတ်များ ပိုမို ပြင်းထန်လာကာ သွေးများ ဆူပွက်လာသလို ခံစားလိုက်ရသည်။
'လေ့ထျန်းကျွယ်' သည် နောက်သို့ လှစ်ခနဲ ဆုတ်ခွာလိုက်ပြီး သူ၏ အစွမ်းအကုန်ကို ထုတ်ဖော်လိုက်ရာ ပြင်းထန်သော အရှိန်အဝါများက တစ်ဖန် ထိုးတက်လာပြန်သည်။
“'ကောင်းကင်ဘုံ' နယ်မြေမှာ ငါ့ကို အစွမ်းကုန် ထုတ်သုံးစေနိုင်တဲ့ တစ်ဦးတည်းသောသူက ပါရမီရှင် အဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံး သုံးယောက်ပဲ”
'လေ့ထျန်းကျွယ်' က သူ၏ အရည်အချင်းအပေါ် အကြွင်းမဲ့ ယုံကြည်မှုဖြင့် ကြေညာလိုက်သည်။
“ပါရမီရှင် အဆင့်သတ်မှတ်ချက်မှာ ခင်ဗျားက အဆင့် ဘယ်လောက်လဲ”
“တတိယ ‘ပိုင်မိ’ နဲ့ တန်းတူပဲ”
“ဒါဆို အဆင့်တစ်နဲ့ နှစ်က ‘ကောင်းကင်ဘုံ လူသား’ ဘုံကို ခြေချပြီးလောက်ပြီပေါ့”
ဖုန်းဝူချန်က ခေါင်းညိတ်လိုက်ပြီး ထိုနည်းတူပင် သူ၏ အစွမ်းအကုန်ကို စတင် ထုတ်ဖော်လိုက်သည်။
နှစ်ဦးသား သူတို့၏ အစွမ်းအကုန် ထုတ်သုံးလိုက်ကြသောအခါ လေဟာနယ်မှာ ပိုမို ပြင်းထန်စွာ တုန်ခါလာပြီး ရိုင်းစိုင်းသော လှိုင်းလုံးများ တလိမ့်လိမ့် တက်လာ၍.. 'ခရမ်းရောင် တိမ်တိုက် စံအိမ်' ကြီးတစ်ခုလုံးပင် တုန်ခါနေသကဲ့သို့ လူတိုင်း ခံစားလိုက်ကြရသည်။
“နက်နဲခြင်း အဆင့် အမြင့်စား သိုင်းပညာ။ ‘ရွှမ်းမင်’ နတ်ဘုရား လက်သည်း”
'လေ့ထျန်းကျွယ်' ၏ ကြမ်းတမ်းသော ကြွေးကြော်သံနှင့်အတူ သူ၏ လက်များကို ချိတ်ဆက်လိုက်ရာ အရိပ်ပေါင်းများစွာ ပေါ်ထွက်လာသည်။ နောက်ဆုံးတွင် သူ၏ လက်များကို ပူးကပ်လိုက်ပြီး ကြောက်မက်ဖွယ် စွမ်းအားများကို စုစည်းကာ သူ၏ ခေါင်းအထက် ပေပေါင်း ဒါဇင်များစွာ ကြီးမားသော အပြာရောင် စွမ်းအင် လက်သည်းကြီးတစ်ခုကို ဖန်တီးလိုက်သည်။
“ရှုး”
တုံ့ဆိုင်းမနေဘဲ 'လေ့ထျန်းကျွယ်' က သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ စွမ်းအင် လက်သည်းကြီးသည် နားထဲသို့ စူးရှစွာ ထိုးဖောက်ဝင်ရောက်လာသော အသံဖြင့် အရှိန်ပြင်းစွာ ပစ်ထွက်သွားသည်။ ၎င်း ဖြတ်သန်းသွားရာ လမ်းတစ်လျှောက် လေဟာနယ်ကြီးမှာ စုတ်ပြဲသွားမတတ် ပြင်းထန်စွာ တုန်ခါသွားလေ၏။
“ကောင်းပြီ”
ဖုန်းဝူချန်က အော်ဟစ်လိုက်ပြီး လက်ကွက်များ ဖော်လိုက်သည်။
“နတ်သတ်.. ဝိညာဉ်ဖြတ် လက်ညှိုး”
ဖုန်းဝူချန်က ကောင်းကင်ယံကို တုန်ခါသွားစေလောက်သော မာန်ဖြင့် ဟိန်းဟောက်လိုက်ပြီး သူ၏ လက်ညှိုးကို အဝေးသို့ ညွှန်လိုက်သည်။
“ဝှစ်”
လက်မောင်းတစ်လုံးစာ လုံးပတ်ရှိသော သွေးရောင် အလင်းတန်းတစ်ခုသည် သူ၏ လက်ညှိုးထိပ်မှ ပေါက်ကွဲထွက်သွား၏။ လေဟာနယ်ကို စုတ်ဖြဲသွားသော အသံမှာ အလွန် စူးရှပြီး နားအူစေ၏။ လေဟာနယ်ကြီးကိုပင် ထိုးဖောက်သွားနိုင်သည့် အစွမ်း ရှိနေသကဲ့သို့ ထင်ရသည်။
'မြေကမ္ဘာ အဆင့် သိုင်းပညာ'
'လေ့ထျန်းကျွယ်' ၏ မျက်ခုံးများ အနည်းငယ် ကြုတ်သွားသည်။
“ဘုန်း”
ကြောက်မက်ဖွယ် စွမ်းအားနှစ်ခုသည် မျက်စိတစ်မှိတ်အတွင်း ထိတိုက်မိသွားပြီး နားကွဲလုမတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။
အထိန်းအကွပ်မဲ့စွာ လွင့်စ
အားလှိုင်း အကြွင်းအကျန်များက ဖြာထွက်သွားပြီး သူတို့၏ ပတ်ဝန်းကျင် ပေတစ်ရာခန့် နေရာလွတ်ကို သိမ့်သိမ့်ခါသွားအောင် လှုပ်ယမ်းလိုက်သည်။
“ဆေးဧကရာဇ်က မြေကမ္ဘာ အဆင့် သိုင်းပညာကို သုံးနေတာ၊ သူ့အစွမ်းက စီနီယာအစ်ကိုနဲ့ တန်းတူပဲ”
“'ထျန်းယွမ်' ဘုံ ပဉ္စမအလွှာမှာပဲ ရှိသေးတာ ဒီလောက် ကြောက်စရာကောင်းတဲ့ တိုက်ခိုက်ရေး အစွမ်း ရှိနေတယ်”
“ဆေးဧကရာဇ်က တကယ်ကို ကြောက်စရာကောင်းတာပဲ၊ငါတို့ .. သူ့ကို လျှော့တွက်ခဲ့ကြတာ”
ပြင်းထန်သော တိုက်ပွဲက အခုမှ စတင်ရုံသာ ရှိသေးသော်လည်း 'ခရမ်းရောင် တိမ်တိုက် စံအိမ်' မှ တပည့်များမှာ တုန်လှုပ်နေကြပြီး ဖုန်းဝူချန်ကို မမှိတ်မသုန်
ငေးကြည့်နေကြသည်။
စွမ်းအင် လှိုင်းလုံးများ တဖြည်းဖြည်း ပျောက်ကွယ်သွားသောအခါ ဖုန်းဝူချန်၏ မျက်လုံးများက 'လေ့ထျန်းကျွယ်' ထံသို့ လှည့်သွားပြီး သူက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
“ခင်ဗျားရဲ့ အစွမ်းက ကျွန်တော့်ကို စိတ်မပျက်စေခဲ့ဘူး ..ခင်ဗျားရဲ့ နက်နဲသော အဆင့် သိုင်းပညာနဲ့ ကျွန်တော့်ရဲ့ မြေကမ္ဘာ အဆင့် သိုင်းပညာကို ယှဉ်တိုက်ပြီး ဒဏ်ရာမရသွားဘူးပဲ..”
“ဒါဆို ဆေးဧကရာဇ်ကို ကျွန်တော့်ရဲ့ မြေကမ္ဘာ အဆင့် သိုင်းပညာကိုလည်း မြည်းစမ်းခိုင်းရသေးတာပေါ့”
'လေ့ထျန်းကျွယ်' ၏ မျက်ခုံးများ ထိစပ်သွားပြီး ပြင်းထန်သော စွမ်းအားများ သူ့ကိုယ်အတွင်းမှ ပေါက်ကွဲထွက်လာသည်။
“ဝှစ်”
'လေ့ထျန်းကျွယ်' က သူ၏ လက်များကို ချိတ်ဆက်လိုက်ရာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများက ရေလွှမ်းမိုးသကဲ့သို့ တိုးဝင်လာသည်။
“မြေကမ္ဘာ အဆင့် အခြေခံ သိုင်းပညာ။ ‘ရေခဲ ဝိညာဉ်’ နယ်မြေ”
'လေ့ထျန်းကျွယ်' ကြမ်းတမ်းစွာ ဟိန်းဟောက်လိုက်သည်နှင့် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော ရေခဲ အခြေပြု အအေးငွေ့များက သူ့ထံမှ မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် လျင်မြန်စွာ ပြန့်ကားသွားသည်။ ၎င်း ဖြတ်သန်းသွားရာ လမ်းတစ်လျှောက် လေဟာနယ်ကိုပင် ခဲသွားစေ၏။
ထို ကြောက်မက်ဖွယ် ရေခဲ အအေးငွေ့များက ပေ ငါးဆယ်၊ ခြောက်ဆယ် အကျယ်အဝန်းအထိ ခမ်းနားထည်ဝါသော ရေခဲတောင်ကြီးတစ်ခုအဖြစ် သူတို့နှစ်ဦးလုံးကို အတွင်း၌ ပိတ်လှောင်လိုက်သည်။
'လေ့ထျန်းကျွယ်' သည် ရေခဲ အခြေပြုနှင့် ပြည့်နှက်နေသော ဧရာမ နယ်မြေတစ်ခုကို ဖန်တီးလိုက်ခြင်း ဖြစ်သည်။
'နယ်မြေ'
ဖုန်းဝူချန်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး သူ၏ စိတ်ထဲ၌ တုန်လှုပ်သွားသည်။
'သူ့မှာ ရှားပါးတဲ့ နယ်မြေ သိုင်းပညာ ရှိနေတာကိုး'
ကျယ်ပြန့်လှသော ရေခဲ အခြေပြု နယ်မြေအတွင်း အစွမ်းထက်သော စွမ်းအားများက နေရာအနှံ့ ပျံ့နှံ့နေပြီး 'လေ့ထျန်းကျွယ်' ၏ အရှိန်အဝါမှာ သိသိသာသာ ထိုးတက်လာကာ ယခုအခါ 'ထျန်းယွမ်' ဘုံ အဋ္ဌမအလွှာ အထွတ်အထိပ်သို့ နီးကပ်သွားသည်။
သို့သော် ဤသည်မှာ အစမျှသာ ရှိသေး၏။
ရေခဲ အခြေပြု နယ်မြေအတွင်း 'လေ့ထျန်းကျွယ်' ၏ အရှိန်အဝါသည် 'ကိုးထပ် ချန်ခွင်း မျှော်စင်' ၏ ဖိနှိပ်မှုကို လုံးဝ အဖက်မလုပ်တော့ဘဲ တစ်ဖန် ထိုးတက်သွားပြန်သည်။
'ကိုးထပ် ချန်ခွင်း မျှော်စင်' ၏ ဖိနှိပ်မှု စွမ်းအားမှာ နယ်မြေ၏ အပြင်ဘက်တွင် တားဆီးခံလိုက်ရလေ၏။
'ဒီနယ်မြေက ‘ကိုးထပ် ချန်ခွင်း မျှော်စင်’ ရဲ့ ဖိနှိပ်မှု စွမ်းအားကို တကယ်ကြီး တားဆီးနိုင်တာပဲ'
ဖုန်းဝူချန်၏ နှလုံးသားမှာ တုန်လှုပ်မှုဖြင့် လှုပ်ခါသွားသည်။
ဒါ ဒုက္ခတော့ တွေ့ပြီ။
'ကိုးထပ် ချန်ခွင်း မျှော်စင်' ၏ ဖိနှိပ်မှု မရှိဘဲ 'လေ့ထျန်းကျွယ်' ၏ စွမ်းအားမှာ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှပေသည်။
အပြင်မှ ကြည့်ရှုနေသူများကလည်း 'လေ့ထျန်းကျွယ်' ၏ အရှိန်အဝါ ချက်ချင်း 'ထျန်းယွမ်' ဘုံ နဝမအလွှာသို့ ပြန်ရောက်သွားသည်ကို တုန်လှုပ်စွာ ခံစားမိလိုက်ကြသည်။
“'ထျန်းယွမ်' ဘုံ နဝမအလွှာ အထွတ်အထိပ်။ ဘ ဘာတွေ ဖြစ်ကုန်တာလဲ”
လျိုချင်းယန်က တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။
“'လေ့ထျန်းကျွယ်' ရဲ့ သိုင်းပညာက သူ့ရဲ့ အစွမ်းကို ဒီလောက် ကြီးကြီးမားမား တိုးတက်သွားစေနိုင်မှာ မဟုတ်ဘူး”
'ပေတိုထျန်းယဲ့' ၏ မျက်လုံးများ ပြူးကျယ်သွားသည်။
“မဟုတ်ဘူး၊ ဒါ သိုင်းပညာရဲ့ စွမ်းအား မဟုတ်ဘူး။ နယ်မြေတစ်ခုက တိုက်ခိုက်ရေး စွမ်းအားကို တိုးမြှင့်ပေးနိုင်ပေမဲ့ ဒီလောက်ထိတော့ မများဘူး၊ ဖြစ်နိုင်ခြေ အများဆုံးကတော့ နယ်မြေက ‘ကိုးထပ် ချန်ခွင်း မျှော်စင်’ ရဲ့ ဖိနှိပ်မှု စွမ်းအားကို ပိတ်ဆို့လိုက်တာ ဖြစ်ရမယ်”
'ပေတိုယန်' က ခန့်မှန်းလိုက်သည်။
“ဆေးဧကရာဇ် ‘လေ့ထျန်းကျွယ်’ ကို ခုခံနိုင်တော့မှာ မဟုတ်ဘူး”
'နန်းကုန်းကျန့်' က မျက်မှောင် အပြင်းအထန် ကြုတ်လိုက်ပြီး သူ၏ မျက်နှာထားမှာ တင်းမာနေသည်။
'လေ့ထျန်းကျွယ်' ၏ စွမ်းအားမှာ အလွန်တရာ ကြီးမားလှ၏။ 'ကိုးထပ် ချန်ခွင်း မျှော်စင်' ၏ ဖိနှိပ်မှု မရှိဘဲ ဖုန်းဝူချန်သည် သူ၏ ပြိုင်ဘက် မဟုတ်နိုင်တော့ပေ။
'ခရမ်းရောင် တိမ်တိုက် စံအိမ်' မှ တပည့်များ၏ မျက်နှာများတွင် စိတ်လှုပ်ရှားမှုများ စတင် ပေါ်ပေါက်လာသည်။
ရေခဲ အခြေပြု နယ်မြေအတွင်း 'လေ့ထျန်းကျွယ်' ၏ စွမ်းအားက ဖုန်းဝူချန်ကို လုံးဝ ဖိနှိပ်ထားနိုင်ခဲ့၏။ စွမ်းအား ကွာဟချက်မှာ ထင်ရှားနေလေ၏။
“ဆေးဧကရာဇ် ၊ ခင်ဗျားရဲ့ ရတနာ မျှော်စင်က အသုံးမဝင်တော့ဘူးနဲ့ တူတယ်”
'လေ့ထျန်းကျွယ်' က အနည်းငယ် ပြုံးလိုက်ပြီး ဖိနှိပ်မှု စွမ်းအား မရှိဘဲ ဖုန်းဝူချန်ကို အနိုင်ယူရန် ယုံကြည်မှု အပြည့် ရှိနေသည်။
“တကယ်ပဲ ၊ ခင်ဗျားရဲ့ နယ်မြေက အစွမ်းထက်တယ်”
ဖုန်းဝူချန်က 'ကိုးထပ် ချန်ခွင်း မျှော်စင်' ၏ အကူအညီ မရှိဘဲ လုံးဝ မကြောက်ရွံ့ဘဲ တည်ငြိမ်စွာ တုံ့ပြန်လိုက်သည်။
ပြောပြောဆိုဆိုနှင့် သူက လက်တစ်ဖက် ဆန့်တန်းလိုက်ရာ 'အထွတ်အထိပ် နဂါးနတ်ဘုရားဓား' သည် အလိုအလျောက် ပေါ်ထွက်လာ၏။ ကြမ်းတမ်းသော အရှိန်အဝါများ ထိုးတက်လာပြီး ဖုန်းဝူချန်၏ ကိုယ်ပိုင် အရှိန်အဝါမှာလည်း တစ်ဖန် ထပ်မံ မြင့်တက်သွားပြန်သည်။
'အဆင့်မြင့် ဝိညာဉ် လက်နက်။ ဒုတိယ အဆင့် ပုံသွင်းခြင်း'
ဖုန်းဝူချန်၏ လက်ထဲမှ 'နဂါးနတ်ဘုရားဓား' ကို မြင်လိုက်ရသောအခါ 'လေ့ထျန်းကျွယ်' ၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားရ၏။ ဖုန်းဝူချန်က ဤမျှ အစွမ်းထက်သော လက်နက်ကို ပိုင်ဆိုင်ထားလိမ့်မည်ဟု မထင်မှတ်ထားသဖြင့် သူ တုန်လှုပ်သွားသည်။
'အထွတ်အထိပ် နဂါးနတ်ဘုရားဓား' ကို ဆင့်ခေါ်လိုက်သည်နှင့် ဖုန်းဝူချန်၏ အရှိန်အဝါသည် 'ထျန်းယွမ်' ဘုံ နဝမအလွှာသို့ ချိုးဖြတ် တက်လှမ်းသွားခဲ့လေ၏။
“နဂါးနတ်ဘုရား အရိပ်”
ဖုန်းဝူချန်က ခပ်တိုးတိုး ကြွေးကြော်လိုက်ပြီး 'နဂါးနတ်ဘုရားဓား' ကို ကိုင်ကာ သူ၏ ကိုယ်ဖော့ပညာဖြင့် တဟုန်ထိုး တိုးဝင်သွားသည်။
“ဝှစ် ဝှစ် ဝှစ်”
ဖုန်းဝူချန်၏ ကိုယ်ဖော့ပညာမှာ ကြိုတင်ခန့်မှန်း၍ မရနိုင်ဘဲ သူ၏ အမြန်နှုန်းမှာ အံ့မခန်း ဖြစ်လှသည်။
ရေခဲ နယ်မြေ နေရာလွတ် အတွင်း ထင်ရှားလှသော အရိပ်ပေါင်းများစွာ ဖြစ်ပေါ်လာလေ၏။
“ရှပ်”
ဖုန်းဝူချန် ချက်ချင်း ပေါ်လာပြီး 'နဂါးနတ်ဘုရားဓား' ဖြင့် 'လေ့ထျန်းကျွယ်' ၏ ခန္ဓာကိုယ်ကို ဖြတ်ခုတ်လိုက်ရာ ဓားဒဏ်ရာကြီး ဖြစ်ပေါ်သွားသည်။
သို့သော် 'လေ့ထျန်းကျွယ်' ၏ ပုံရိပ်မှာ ဝေဝါးသွားပြီး ပျောက်ကွယ်သွား၏။
'နယ်မြေ ကိုယ်ပွား'
ဖုန်းဝူချန်၏ မျက်မှောင်များ တစ်ဖန် ထပ်မံ ကြုတ်သွားပြီး သူ၏ စိတ်ထဲ၌ တွေးလိုက်မိသည်။
'ဒီနယ်မြေထဲက နေရာတိုင်းက ‘လေ့ထျန်းကျွယ်’ ရဲ့ အရှိန်အဝါတွေနဲ့ ပြည့်နေတာပဲ၊ အစစ်နဲ့ အတုကို ခွဲခြားလို့ မရဘူး သူ့ရဲ့ တည်နေရာကိုလည်း ဖမ်းဆုပ်လို့ မရဘူး၊ သူက ဒီနယ်မြေ နေရာလွတ်ကို သူ့စိတ်တိုင်းကျ ထိန်းချုပ်နေတာ'
“ဘုန်း”
ဖုန်းဝူချန် သုံးသပ်နေစဉ်မှာပင် 'လေ့ထျန်းကျွယ်' က သူ၏ နောက်ကျောတွင် ရုတ်တရက် ပေါ်လာပြီး လက်သီးတစ်လုံး ပစ်ထုတ် လိုက်သည်။ လုံးဝ အဆင်သင့် မဖြစ်သေးသော ဖုန်းဝူချန်မှာ ထို ရိုက်ချက်ကြောင့် အရှိန်ဖြင့် လွင့်စင်သွားတော့သည်။
'လေ့ထျန်းကျွယ်' ၏ စွမ်းအားမှာ အလွန်အမင်း ပြင်းထန်လှ၏။ 'ချီလင် ချပ်ဝတ်' ရှိနေသော်လည်း ဖုန်းဝူချန်၏ သွေးများ ပြင်းထန်စွာ ဆူပွက်သွားသည်ကို ခံစားလိုက်ရသည်။ သူ၏ သန်မာသော ခန္ဓာကိုယ်ကြောင့်သာ ထိုလက်သီးချက်ကြောင့် ဒဏ်ရာ မရခဲ့ခြင်း ဖြစ်သည်။
'နယ်မြေ သိုင်းပညာတွေက တကယ်ကို အစွမ်းထက်တာပဲ'
ဖုန်းဝူချန်က စိတ်ထဲမှ အံ့ဩတကြီး မှတ်ချက်ချလိုက်သည်။ 'လေ့ထျန်းကျွယ်' က သူ ရင်ဆိုင်ခဲ့ဖူးသမျှထဲမှာ အခက်ခဲဆုံး ပြိုင်ဘက်ပင်။
ဤမျှ အစွမ်းထက်သော နယ်မြေကို ချိုးဖျက်ရန် ဧရာမ စွမ်းအား တစ်ခု လိုအပ်ပေလိမ့်မည်။