ပြင်းထန်သော တိုက်ပွဲ
Vol. 25 Ch. 373
~နယ်မြေ သိုင်းပညာရပ်များသည် ပျံသန်းခြင်း သိုင်းပညာရပ်များကဲ့သို့ပင် အလွန်တရာ ရှားပါးပြီး အလွန်တန်ဖိုးကြီးမားလှ၏။ ထူးကဲသာလွန်သော အင်အားစုကြီးများပင်လျှင် ၎င်းတို့ကို ဖန်တီးနိုင်စွမ်း မရှိကြပေ။
'လေ့ထျန်းကျွယ်' က နယ်မြေ သိုင်းပညာရပ်တစ်ခုကို ရရှိထားခြင်းအချက်က သူသည် ကြီးမားသော အခွင့်အရေးကြီးတစ်ခုကို ကြုံတွေ့ခဲ့ရကြောင်း ညွှန်ပြနေသည်။
“ဆေးဧကရာဇ်..ကျွန်တော့်ရဲ့ နယ်မြေထဲမှာ ကျွန်တော် ခင်ဗျားရဲ့ စွမ်းအားကို ဖိနှိပ်ထားနိုင်တယ်။ ခင်ဗျားရဲ့ အရှိန်အဝါက ‘ထျန်းယွမ်’ ဘုံ နဝမအလွှာကို ရောက်နေရင်တောင် နဝမအလွှာရဲ့ အစွမ်းကို ထုတ်သုံးနိုင်မှာ မဟုတ်ဘူး” 'လေ့ထျန်းကျွယ်' က သူ၏ အောင်ပွဲအပေါ် ယုံကြည်မှု အပြည့်ဖြင့် ခပ်ဖျော့ဖျော့ ပြုံးရင်း ပြောလိုက်သည်။
နယ်မြေ သိုင်းပညာ၏ အစွမ်းသတ္တိမှာ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသဖြင့် ဖုန်းဝူချန်ပင်လျှင် လေးစား အသိအမှတ်ပြုလိုက်ရသည်မှာ ငြင်းမရသော အမှန်တရား ဖြစ်သည်။
နယ်မြေ နေရာလွတ်၏ အစွန်းဘက်သို့ လှမ်းကြည့်လိုက်ရင်း ဖုန်းဝူချန်သည် သူ၏ အစစ်အမှန်ယွမ်စွမ်းအားကို 'နဂါးနတ်ဘုရားဓား' ထဲသို့ ထိုးသွင်းလိုက်၏။ ချက်ချင်းပင် သူသည် ဓားကို ဘေးတိုက် ဝင့်ခုတ်လိုက်ရာ ကြောက်မက်ဖွယ် ဓားချီက လေထုကို စုတ်ဖြဲသွားလေ၏။
“ဘုန်း”
ကြောက်မက်ဖွယ် သွေးရောင် ဓားချီသည် နယ်မြေ၏ နယ်နိမိတ်ကို ကျာ်လောင်စွာ မြည်ဟည်းလျက် ရိုက်ခတ်သွားသော်လည်း 'ရေခဲ ဝိညာဉ် နယ်မြေ' ကို တုန်ခါသွားစေရန် မစွမ်းဆောင်နိုင်ခဲ့ပေ။ ထိုအစား ကြောက်မက်ဖွယ် စွမ်းအင်များက ပြန်လည် ကန်ထွက်လာပြီး ဖုန်းဝူချန်ကို ခြေလှမ်းအနည်းငယ် နောက်သို့ ဆုတ်သွားစေသည်။
'ဒါ သံနံရံကြီးတစ်ခုလိုပဲ' ဖုန်းဝူချန်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
“ဆေးဧကရာဇ် ကျွန်တော့်ရဲ့ နယ်မြေကို ချိုးဖျက်ဖို့က အဲ့ဒီလောက် မလွယ်ဘူး။ ‘ပိုင်မိ’ တောင်မှ မချိုးဖျက်နိုင်ခဲ့ဘူး နော်..”
'လေ့ထျန်းကျွယ်' က တစ်ချက်ရယ်ရင်း ပြောလိုက်သည်။
'ထျန်းယွမ်' ဘုံမှ ထိပ်တန်း ပညာရှင်များပင် မချိုးဖျက်နိုင်ခဲ့ခြင်းက 'ရေခဲ ဝိညာဉ် နယ်မြေ' ၏ အစွမ်းသတ္တိကို သက်သေပြနေလေ၏။
သူ၏ စကားဆုံးသည်နှင့် 'လေ့ထျန်းကျွယ်' သည် ကြမ်းတမ်းသော တိုက်ခိုက်မှုတစ်ခုကို စတင်လိုက်ပြီး သူ၏ ပတ်ပတ်လည်တွင် ကြောက်မက်ဖွယ် ရေခဲဓားသွား ရာပေါင်းများစွာကို စုစည်းလိုက်သည်။
“ဝှစ် ဝှစ် ဝှစ်”
သူ၏ လက်ကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်သည်နှင့် ကြောက်မက်ဖွယ် ရေခဲဓားသွား ရာပေါင်းများစွာမှာ လျှပ်စီးများကဲ့သို့ ပစ်ထွက်သွားကြ၏။
နားထဲသို့ စူးရှစွာ ထိုးဖောက်ဝင်ရောက်လာသော အသံများက နယ်မြေတစ်ခုလုံးတွင် ပဲ့တင်ထပ်သွား၏။
စွမ်းအင်ဓားသွား တစ်ခုချင်းစီတွင် 'ထျန်းယွမ်' ဘုံ သတ္တမအလွှာရှိ မည်သည့် သတ္တဝါကိုမဆို ချက်ချင်း သတ်ဖြတ်နိုင်သော အစွမ်းများ ပါရှိနေသည်။
ဖုန်းဝူချန်နှင့် တိုက်ခိုက်ရာတွင် 'လေ့ထျန်းကျွယ်' သည် ပညာကုန် ထုတ်သုံးနေခဲ့၏။ သူက ဖုန်းဝူချန်ကို 'ပိုင်မိ' နှင့် တန်းတူအဆင့်ရှိသော ပြိုင်ဘက် တစ်ဦးအဖြစ် သဘောထားနေလေ၏။
“ချွင် ချွင် ချွင်”
ဖုန်းဝူချန်၏ မျက်နှာထားမှာ တင်းမာသွားပြီး 'နဂါးနတ်ဘုရားဓား' ကို ကိုင်ကာ ကြောက်မက်ဖွယ် စွမ်းအင်ဓားသွားများကို တစ်ခုပြီးတစ်ခု အပြင်းအထန် လိုက်လံ ရိုက်ခွဲနေသည်။
ဖုန်းဝူချန်သည် ရေခဲ အခြေပြု စွမ်းအင်ဓားများ၏ တိုက်ခိုက်မှုကို လုံးဝ လျစ်လျူရှုနိုင်သော်လည်း သူ ထိုသို့ မပြုလုပ်ခဲ့ပေ။
စွမ်းအင်ဓားများတွင် အလွန် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ပါဝင်နေပြီး ဖုန်းဝူချန်က အစပိုင်းတွင် ဒါဇင်ပေါင်းများစွာကို ခံနိုင်ရည် ရှိသော်လည်း ရေခဲဓား အရေအတွက် များပြားလွန်းမှုကြောင့် သူ့ကို တဖြည်းဖြည်း နောက်သို့ ဆုတ်ခွာသွားစေ၏။
တစ်ချိန်တည်းမှာပင် 'လေ့ထျန်းကျွယ်' သည် ဖုန်းဝူချန် အားနည်းနေစဉ် အခွင့်အရေးကို အရယူကာ ကြမ်းတမ်းစွာ ရှေ့သို့ တိုးဝင်လာခဲ့ပြီး ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်း 'လေ့ထျန်းကျွယ်' သည် ဖုန်းဝူချန်၏ ဘယ်ဘက်သို့ ရောက်ရှိလာပြီး သူ၏ လက်ဖဝါးကို လက်သည်းအဖြစ် ကွေးကာ ဖုန်းဝူချန်ထံသို့ ထိုးနှက်လိုက်သည်။
တစ်ခုခုကို အာရုံခံမိလိုက်သဖြင့် ဖုန်းဝူချန်၏ နှုတ်ခမ်းထောင့်တွင် လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခု ကွေးတက်သွားစဉ်၊ 'နဂါးနတ်ဘုရားဓား' သည် တိုက်ခိုက်နေသော လမ်းကြောင်းကို ရုတ်တရက် ပြောင်းလဲလိုက်ကာ 'လေ့ထျန်းကျွယ်' ထံသို့ ဝင့်ခုတ်လိုက်သည်။
“ဟင်..”
'လေ့ထျန်းကျွယ်' ၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွား၏။ ဖုန်းဝူချန်က ရေခဲဓားများကို လျစ်လျူရှုပြီး သူ့ကို အတင်း ဝင်တိုက်ခိုက်လိုက်သည်တကား။
'ဒါ ရူးလွန်းနေပြီ မဟုတ်လား'
'ဒါက နှစ်ဦးလုံး အတူတူ ပျက်စီးသွားမယ့် နည်းဗျူဟာသက်သက်ပဲ'
'လေ့ထျန်းကျွယ်' ၏ တုံ့ပြန်မှုမှာ အလွန်တရာ လျင်မြန်လှသည်။ သူ၏ တိုက်ခိုက်မှုကို ချက်ချင်း ရပ်တန့်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို လှစ်ခနဲ ရှောင်တိမ်းလိုက်သည်။
'လေ့ထျန်းကျွယ်' ရှောင်တိမ်းလိုက်သည့် ထိုအခိုက်အတန့်တွင် သူသည် လုံးဝ တုန်လှုပ်ခြောက်ခြားသွားစေမည့် မြင်ကွင်းတစ်ခုကို တွေ့လိုက်ရ၏။
စွမ်းအင်ဓားများသည် ဖုန်းဝူချန်၏ ခန္ဓာကိုယ်ကို မည်သည့် ထိခိုက်မှုမျှ မဖြစ်စေဘဲ ဖြတ်သန်းသွားကြသည်။
“ဒါ ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ သူ သူ ဘာမှမဖြစ်ဘူး”
'လေ့ထျန်းကျွယ်' မှာ အလွန်အမင်း တုန်လှုပ်သွားပြီး သူ၏ မျက်စိရှေ့မှ ထူးဆန်းအံ့ဖွယ်ကောင်းသော မြင်ကွင်းကို မယုံကြည်နိုင် ဖြစ်နေသည်။
'လေ့ထျန်းကျွယ်' သည် ဤသည်မှာ ဖုန်းဝူချန်၏ ခန္ဓာကိုယ်အစစ် ဖြစ်ပြီး ပုံတူပွား မဟုတ်ကြောင်း အသေအချာ ယုံကြည်ထားသည်။
'ခုနက ခုနက ဘာဖြစ်သွားတာလဲ'
'လေ့ထျန်းကျွယ်' မှာ နားမလည်နိုင်သလို ရှင်းလည်း မရှင်းပြနိုင် ဖြစ်နေသည်။
“တုံ့ပြန်တာ မြန်သားပဲ” ဖုန်းဝူချန်က 'နဂါးနတ်ဘုရားဓား' ကို ကိုင်ဆောင်ကာ ရှေ့သို့ တိုးဝင်သွားရင်း ပြုံးလျက် ပြောလိုက်သည်။
ဖုန်းဝူချန်သည် သွေးရောင် လျှပ်စီးတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး 'လေ့ထျန်းကျွယ်' ၏ ရှေ့မှောက်သို့ လျှပ်တပြက် ရောက်ရှိသွားသည်။
'နဂါးနတ်ဘုရားဓား' ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လျက် ဘယ်မှ ညာသို့ ကြမ်းတမ်းသော အစွမ်းဖြင့် လွှဲခုတ်လိုက်၏။ ဓားသွားတွင် ဓားအလင်းတန်း၏ လွှမ်းမိုးနိုင်သော စွမ်းအားများ ပါရှိနေပြီး ထို ကြောက်မက်ဖွယ် ဓားစိတ်ဆန္ဒသည် လူတစ်ဦး၏ နှလုံးသားကိုပင် ထိတ်လန့် တုန်ရီသွားစေရန် လုံလောက်နေသည်။
မင်သက်မိနေရာမှ 'လေ့ထျန်းကျွယ်' သည် အန္တရာယ်ရှိသော အငွေ့အသက်ကို ခံစားမိလိုက်ပြီး ရုတ်တရက် သတိပြန်ဝင်လာသည်။
“အစစ်အမှန်ယွမ်ကာကွယ်ခြင်း” 'လေ့ထျန်းကျွယ်' က အားဖြင့် ဟိန်းဟောက်လိုက်သည်။
အဆင်သင့် မဖြစ်သေးဘဲ တန်ပြန်တိုက်ခိုက်မှု ပြုလုပ်ရန် သို့မဟုတ် သူ၏ အစစ်အမှန်ယွမ်စွမ်းအားကို ကောင်းစွာ ထုတ်ဖော်ရန် အချိန် မလုံလောက်တော့သဖြင့် 'လေ့ထျန်းကျွယ်' မှာ အလိုအလျောက် တုံ့ပြန်လိုက်ရုံသာ တတ်နိုင်တော့သည်။
“ဘုန်း”
သူ အပြာရောင် စွမ်းအင် အကာအကွယ်တစ်ခုကို ဖွဲ့စည်းလိုက်သည်နှင့် တပြိုင်နက် ဖုန်းဝူချန်၏ 'နဂါးနတ်ဘုရားဓား' က အသံကျယ်ကြီး မြည်ဟည်းလျက် ဝင့်ခုတ် ရောက်ရှိလာခဲ့ပြီး ဖြစ်သည်။
၎င်း စွမ်းအားက 'လေ့ထျန်းကျွယ်' ၏ စွမ်းအင် အကာအကွယ်ကို ချေမှုန်းပစ်လိုက်ပြီး သူ့ကို လွင့်စင်သွားစေသည်။
အခွင့်အရေးကို အရယူလျက် ဖုန်းဝူချန်သည် သူ၏ အသာစီးကို ဆက်လက် လိုက်ယူပြီး လေဟာနယ်ထဲသို့ ခြေချကာ သူ့ကိုယ်သူ သွေးရောင် လျှပ်စီးတန်းအဖြစ် တစ်ဖန် ပြောင်းလဲသွားပြန်သည်။
'ဆေးဧကရာဇ်ရဲ့ အမြန်နှုန်းက ငါ့ထက် မနိမ့်ပါလား'
'လေ့ထျန်းကျွယ်' ၏ မျက်မှောင်များ ကြုတ်သွားပြီး ချက်ချင်းပင် လေထဲ၌ ပျောက်ကွယ်သွားသည်။
ဖုန်းဝူချန်၏ ဓားချက်မှာ လေဟာနယ်ကိုသာ ဖြတ်ခုတ်လိုက်မိ၏။
“ဘုန်း”
ဖုန်းဝူချန်၏ ဓားချက် ကျဆင်းသွားသည့် ထိုအခိုက်အတန့်မှာပင် 'လေ့ထျန်းကျွယ်' က သူ၏ နောက်ကျောတွင် ပေါ်လာခဲ့ပြီး ဖြစ်သည်။ သူက လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ရာ လုံးဝ အဆင်သင့် မဖြစ်သေးသော ဖုန်းဝူချန်မှာ ရိုက်ခတ်ခံလိုက်ရပြီး လွင့်စင်သွားတော့သည်။
'လေ့ထျန်းကျွယ်' ၏ လက်ဝါးစွမ်းအားမှာ မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းလှပြီး ဖုန်းဝူချန်၏ ကျောပြင်ကို ပြင်းထန်စွာ နာကျင်သွားစေသည်။
“လျှပ်တပြက်နေရာရွှေ့ပြောင်းခြင်း”
သူ လွင့်စင်သွားသည့် ထိုအခိုက်အတန့်မှာပင် ဖုန်းဝူချန်သည် သူ၏ ကိုယ်ဖော့ပညာကို အသုံးပြုလိုက်ပြီး ထူးဆန်းစွာ ပျောက်ကွယ်သွားသည်။
“မကောင်းတော့ဘူး” 'လေ့ထျန်းကျွယ်' ၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွား၏။
နောက်တစ်စက္ကန့်တွင် ဖုန်းဝူချန်သည် 'လေ့ထျန်းကျွယ်' ၏ ရှေ့မှောက်တွင် လျှို့ဝှက်ဆန်းကြယ်စွာ ပေါ်ထွက်လာရာ 'လေ့ထျန်းကျွယ်' ၏ နှလုံးသားကို ရင်ဘတ်ထဲမှ ခုန်ထွက်သွားမတတ် ထိတ်လန့်သွားစေသည်။
“ဘုန်း”
ဖုန်းဝူချန်သည် အံ့ဖွယ်ကောင်းသော ပုံစံဖြင့် ပေါ်လာပြီး 'လေ့ထျန်းကျွယ်' ၏ ရင်ဘတ်ကို လက်သီးတစ်လုံး ပစ်ထုတ် လိုက်သည်။ ရုတ်တရက် တိုက်ခိုက်မှုကြောင့် 'လေ့ထျန်းကျွယ်' မှာ ရှောင်တိမ်းချိန် မရလိုက်ဘဲ သူ၏ ရင်ဘတ်ကို ပြင်းထန်စွာ ထိမှန်သွားကာ သူ၏ ခန္ဓာကိုယ်မှာ နောက်သို့ ပစ်လွင့်သွားသည်။
ဖုန်းဝူချန် နောက်ထပ် တိုက်ခိုက်မှုတစ်ခု ပြုလုပ်ရန် ပြင်လိုက်စဉ်မှာပင် 'လေ့ထျန်းကျွယ်' ၏ ပုံရိပ်မှာ ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့ပြီး ဖြစ်ကြောင်း သူ တွေ့လိုက်ရသည်။
ဖုန်းဝူချန်သည် 'လေ့ထျန်းကျွယ်' ၏ တည်နေရာကို မဖမ်းဆုပ်နိုင်ခဲ့ပေ။ 'လေ့ထျန်းကျွယ်' ၏ အငွေ့အသက်များက နယ်မြေ နေရာလွတ်တစ်ခုလုံးကို နေရာတိုင်းတွင် သူ ရှိနေသကဲ့သို့ ဖြည့်ဆည်းထားသည်။
“ရေခဲ ဝိညာဉ် မုန်တိုင်း”
နယ်မြေအတွင်းမှ 'လေ့ထျန်းကျွယ်' ၏ ကျယ်လောင်သော ကြွေးကြော်သံကြီး ရုတ်တရက် ပဲ့တင်ထပ်လာသည်။
ကြီးမားလှသော နယ်မြေ နေရာလွတ်ကြီးတစ်ခု ဖြစ်ပေါ်လာပြီး ထိုအထဲမှ အလွန်တရာ အစွမ်းထက်သော ရေခဲမုန်တိုင်းကြီးတစ်ခု စုစည်းလာကာ ကြောက်မက်ဖွယ် ရေခဲ အခြေပြု စွမ်းအင်များက လေထုထဲတွင် စိမ့်ဝင်နေသည်။
ထိုမုန်တိုင်းကို ကြည့်လိုက်ရုံမျှဖြင့် အတွင်း၌ ပိတ်မိသွားသူ မည်သူမဆို အစိတ်စိတ်အမွှာမွှာ စုတ်ဖြဲခံရမည်မှာ သေချာလှသည်။
နယ်မြေ နေရာလွတ်အတွင်း ပုန်းကွယ်နေရင်း 'လေ့ထျန်းကျွယ်' က လေးနက်သော လေသံဖြင့် သူ့ကိုယ်သူ ပြောလိုက်သည်။
“ခုနက ဘာဖြစ်သွားလဲဆိုတာ သေသေချာချာ ကြည့်ကြသေးတာပေါ့။ ဆေးဧကရာဇ်က ငါ့ရဲ့ တိုက်ခိုက်မှုကို လျစ်လျူရှုလိုက်တာ မဖြစ်နိုင်ဘူး”
စောစောက ထူးဆန်းသော မြင်ကွင်းက 'လေ့ထျန်းကျွယ်' ၏ စူးစမ်းလိုစိတ်ကို နှိုးဆွလိုက်လေ၏။ ဖုန်းဝူချန် ဘယ်လို လုပ်လိုက်သည်ကို သူ အဖြေရှာရန် အလွန် စိတ်အားထက်သန်နေသည်။
နယ်မြေအတွင်း ရေခဲမုန်တိုင်းမှာ တဖြည်းဖြည်း ပိုမို ကြောက်မက်ဖွယ် ကောင်းလာပြီး အချိန်တိုအတွင်း နယ်မြေ နေရာလွတ် တစ်ခုလုံးကို ရေခဲမုန်တိုင်းက လွှမ်းခြုံသွားလေ၏။
ဖုန်းဝူချန်မှာ လွတ်မြောက်စရာ နေရာ မရှိဘဲ မုန်တိုင်းအတွင်းသို့ တိုက်ရိုက် တိုးဝင်သွားတော့သည်။
မုန်တိုင်းကြီးသည် သံမဏိကိုပင် အမှုန့်ဖြစ်အောင် ကြိတ်ချေပစ်နိုင်လောက်သော ပြင်းထန်သည့် လေပြင်းများဖြင့် တဟူးဟူး တိုက်ခတ်နေသည်။
သို့သော် ကြောက်မက်ဖွယ် ရေခဲမုန်တိုင်း၏ အတွင်း အလယ်ဗဟိုတွင် ဖုန်းဝူချန်မှာ ထိခိုက်မှု တစ်စုံတစ်ရာ မရှိဘဲ ထို မုန်တိုင်းကြီးကို သူကိုယ်တိုင် ဖန်တီးလိုက်သည့်အလား လုံးဝ သက်ရောက်မှု မရှိဘဲ တည်ငြိမ်စွာ ရှိနေသည်။
“ဒါ ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ” ဤမြင်ကွင်းကို မျက်ဝါးထင်ထင် တွေ့လိုက်ရသောအခါ 'လေ့ထျန်းကျွယ်' မှာ လုံးဝ မင်သက်မိ သွားတော့သည်။
'လေ့ထျန်းကျွယ်' ၏ ပုံရိပ်သည် မုန်တိုင်းအတွင်း ရုတ်တရက် ပေါ်ထွက်လာပြီး သူ၏ မျက်လုံးများမှာ ဖုန်းဝူချန်ကို စိုက်ကြည့်ရင်း ပြူးကျယ် ထွက်မတတ် ဖြစ်နေသည်။
“ခင်ဗျား.. ဘယ်လိုလုပ် ဘာမှမဖြစ်ရတာလဲ” 'လေ့ထျန်းကျွယ်' က အနီးကပ် မြင်လိုက်ရသော မြင်ကွင်းကြောင့် ကြောင်ငေးလျက် တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။
ထိုစကားကို ကြားသောအခါ ဖုန်းဝူချန်က ခပ်ပေါ့ပေါ့ ပြုံးရင်း တုံ့ပြန်လိုက်သည်။ “ရေခဲ အခြေပြု တိုက်ခိုက်မှုတွေက ကျွန်တော့်အပေါ်မှာ သက်ရောက်မှု မရှိဘူး။ ‘နတ်ဘုရား အသွင်ပြောင်း’ ဘုံ ပညာရှင်တစ်ယောက်က သူတို့ရဲ့ ရေခဲ အခြေပြု အစွမ်းကို သုံးရင်တောင် ကျွန်တော့်ကို အနည်းငယ်လေးတောင် ထိခိုက်စေနိုင်မှာ မဟုတ်ဘူး”
“ရေခဲ အခြေပြု တိုက်ခိုက်မှုတွေကို ခုခံနိုင်စွမ်း ရှိတယ် ဟုတ်လား။ ဒါ ၊ ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ”
ဤစကားကို ကြားလိုက်ရသောအခါ 'လေ့ထျန်းကျွယ်' ၏ မျက်လုံးများမှာ ပို၍ပင် ပြူးကျယ်သွားတော့သည်။ သူ ဤသို့သော အရာမျိုးကို ဘယ်တုန်းကမှ မကြားဖူးခဲ့ပေ။
'လေ့ထျန်းကျွယ်' မှာ မယုံကြည်နိုင် ဖြစ်နေသော်လည်း ဖုန်းဝူချန်က ရေခဲမုန်တိုင်း၏ အလယ်တွင် လုံးဝ ထိခိုက်မှု မရှိဘဲ ရပ်တည်နေလေ၏။
'လေ့ထျန်းကျွယ်' ၏ တုန်လှုပ်နေသော မျက်နှာအမူအရာကို မြင်သောအခါ ဖုန်းဝူချန်မှာ စိတ်ထဲမှ ကြိတ်၍ သက်ပြင်းချလိုက်မိသည်။
သူ၏ လက်ကောက်ဝတ်ကို လှန်လိုက်ရာ ဓားသွားမှ အေးစက်သော အလင်းရောင်တစ်ချက် ဝင်းလက်လာပြီး ကြောက်မက်ဖွယ် စွမ်းအားများ သူ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲ ထွက်ပေါ်လာသည်။
“ဝင်္ကပါ ဖျက်ဆီးခြင်း ဓားသိုင်းပညာ၊ ကောင်းကင်နှင့် မြေကြီး ဝင်္ကပါ ဖျက်ဆီးခြင်း”
ဖုန်းဝူချန်က ကြမ်းတမ်းစွာ ဟိန်းဟောက်လိုက်ပြီး ဓားသွားမှ သွေးနီရောင် အလင်းတန်းများ ရုတ်တရက် တောက်ပလာကာ နယ်မြေ နေရာလွတ်တစ်ခုလုံးကို လွှမ်းခြုံသွား၏။ အလွန်တရာ ပြင်းထန်သော ဓားစိတ်ဆန္ဒများ ဖြာထွက်လာသည်။
“ဝှစ်”
“ဘုန်း ဘုန်း ဘုန်း”
ဖုန်းဝူချန်က 'နဂါးနတ်ဘုရားဓား' ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လျက် တစ်ခဏမျှ တုံ့ဆိုင်းမနေဘဲ ကြမ်းတမ်းစွာ ဝင့်ခုတ်လိုက်သည်။
သွေးရောင် ဓားစိတ်ဆန္ဒများ ပေါက်ကွဲထွက်လာပြီး မုန်တိုင်းကြီးကို တည့်တည့် ဝင်ဆောင့်ကာ နားကွဲလုမတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ် စွမ်းအင်များက မုန်တိုင်းကို ဖျက်ဆီးပစ်လိုက်ပြီး ပေါက်ကွဲထွက်လာသော စွမ်းအင်များက နယ်မြေ နေရာလွတ်ကို တဂျိမ်းဂျိမ်း တုန်ခါသွားစေသည်။
“မြေကမ္ဘာ အဆင့် ဓားသိုင်းပညာ”
ကြောက်မက်ဖွယ် ပေါက်ကွဲမှု စွမ်းအင်များ ပျံ့နှံ့လာသောအခါ 'လေ့ထျန်းကျွယ်' မှာ ရုတ်တရက် သတိပြန်ဝင်လာပြီး သူ၏ မျက်နှာတွင် ထိတ်လန့်မှုများ ပြည့်နှက်သွားကာ သူ၏ အစစ်အမှန်ယွမ်စွမ်းအားကို အလျင်အမြန် ထုတ်ဖော်လိုက်သည်။
“အစစ်အမှန်ယွမ်အကာအကွယ်” 'လေ့ထျန်းကျွယ်' က အရေးတကြီး အသံတိုးတိုးဖြင့် ကြွေးကြော်လိုက်ပြီး စွမ်းအင် အကာအကွယ်တစ်ခုကို တစ်ဖန် ထပ်မံ စုစည်းလိုက်သည်။
တစ်ချိန်တည်းမှာပင် 'လေ့ထျန်းကျွယ်' သည် သူ၏ ရှေ့မှောက်တွင် ရေခဲနံရံ တစ်ခုပြီးတစ်ခုကိုလည်း စုစည်းလိုက်ပြီး အရှိန်ပြင်းစွာ နောက်သို့ ဆုတ်ခွာသွားသည်။
ဖွဲ့စည်းလိုက်သော ရေခဲနံရံများမှာ ချက်ချင်းပင် ပျက်စီးသွားပြီး ကြောက်မက်ဖွယ် စွမ်းအင် လှိုင်းလုံးများကို ခုခံနိုင်စွမ်း မရှိဘဲ ထိုလှိုင်းလုံးများက ထိတ်လန့်ဖွယ် အမြန်နှုန်းဖြင့် ရိုက်ခတ်လာသည်။
မခံနိုင်တော့ဘဲ ရေခဲနံရံများ ပြိုကျသွားပြီး ကြောက်မက်ဖွယ် စွမ်းအင် လှိုင်းလုံးများက 'လေ့ထျန်းကျွယ်' ၏ စွမ်းအင် အကာအကွယ်ကို ဝင်ရောက် ရိုက်ခတ်ကာ အက်ကွဲကြောင်းများ လျင်မြန်စွာ ဖြာထွက်သွားစေသည်။
“မကောင်းတော့ဘူး”
'လေ့ထျန်းကျွယ်' ၏ မျက်နှာမှာ ဖြူဖျော့သွားသည်။
“ဘုန်း”
နှစ်စက္ကန့်ပင် မပြည့်သော အချိန်အတွင်း စွမ်းအင် အကာအကွယ်မှာ ကြေမွသွားပြီး 'လေ့ထျန်းကျွယ်' မှာ ပစ်လွင့်သွားကာ နယ်မြေ နေရာလွတ်၏ နယ်နိမိတ်ကို ပြင်းထန်စွာ ဝင်ဆောင့်မိတော့သည်။
“ဟင် .. ဒဏ်ရာ မရဘူးလား” ဖုန်းဝူချန်မှာ အနည်းငယ် အံ့ဩသွားပြီး 'လေ့ထျန်းကျွယ်' ၏ အစွမ်းကို မချီးကျူးဘဲ မနေနိုင် ဖြစ်သွားသည်။
ဤမျှ အစွမ်းထက်သော စွမ်းအားကို ရင်ဆိုင်ရပြီး 'လေ့ထျန်းကျွယ်' မှာ အမှန်တကယ်ပင် တားဆီးနိုင်ခဲ့သည်တကား။
'လေ့ထျန်းကျွယ်' က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ “နည်းနည်းလေးပဲ လိုသွားတာပါ”
“နယ်မြေ သိုင်းပညာရဲ့ အစွမ်းက တကယ်ကို အားကြီးတာပဲ၊ တခြားတစ်ယောက်ကိုသာ ဆိုရင် ရှုံးနိမ့်သွားနိုင်တယ်၊ ဒါပေမဲ့ ကံဆိုးတာက ခင်ဗျား.. ကျွန်တော်နဲ့ လာတွေ့မိတာပဲ” ဖုန်းဝူချန်က သူ၏ သွေးများ ဆူပွက်လာမှုကို ဖိနှိပ်လိုက်ရင်း ခပ်ဖျော့ဖျော့ ပြုံးကာ ပြန်ဖြေလိုက်သည်။
ဤစကားကို ကြားသောအခါ 'လေ့ထျန်းကျွယ်' မှာ အနည်းငယ် အံ့ဩသွားပြီး
“ဟင်၊ ဒါဆို ဆေးဧကရာဇ်မှာ.. ကျွန်တော့်ရဲ့ နယ်မြေကို ချိုးဖျက်နိုင်မယ့် နည်းလမ်း ရှိနေတာလား”
'လေ့ထျန်းကျွယ်' မှာ ဖုန်းဝူချန်၌ ထိုသို့သော အရည်အချင်း ရှိလိမ့်မည်ဟု မယုံကြည်နိုင် ဖြစ်နေသည်။ ဖုန်းဝူချန်၏ စွမ်းအားက 'လေ့ထျန်းကျွယ်' ထက် နည်းနေသည်ကို ဘေးဖယ်ထားဦး သူသာ 'ထျန်းယွမ်' ဘုံ နဝမအလွှာ၏ အစွမ်း ရှိနေလျှင်ပင် 'လေ့ထျန်းကျွယ်' ၏ နယ်မြေကို ချိုးဖျက်ရန် လုံလောက်မည် မဟုတ်ပေ။
“ဒါပေါ့” ဖုန်းဝူချန်က ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်ပြီး သူ၏ ဘယ်လက်ကို ဓားသိုင်း လက်ဟန် ဖွဲ့စည်းကာ နဖူးပေါ်သို့ တင်လိုက်သည်။
ရွှေရောင် အလင်းတန်းတစ်ခု သူ၏ နဖူးမှ ပေါက်ကွဲထွက်လာပြီး လွှမ်းမိုးနိုင်သော စွမ်းအားတစ်ခုကို ထုတ်လွှတ်လိုက်သည်။
“ဝူး…”
'ရှေးဟောင်း ရွှေနဂါး တံဆိပ်' သိုင်းဝိညာဉ်ကို နှိုးလိုက်သည်နှင့် ဝိညာဉ်ကိုပင် ဖမ်းစားနိုင်လောက်သော နဂါးဟိန်းသံ သဲ့သဲ့တစ်ခု ပဲ့တင်ထပ်လာသည်။
“သိုင်းဝိညာဉ်”
'လေ့ထျန်းကျွယ်' ၏ မျက်ခုံးများ အနည်းငယ် ကြုတ်သွား၏။ ထို တိုးမြင့်လာသော အရှိန်အဝါက သူ့ကို အနည်းငယ် သတိထားသွားစေသည်။
'ဒါ ဘယ်လို သိုင်းဝိညာဉ်မျိုးလဲ ဆိုတာ ငါတောင် မသိပါလား။ တစ်ခါမှ မမြင်ဖူးဘူး'
'လေ့ထျန်းကျွယ်' မှာ ထို သိုင်းဝိညာဉ်ကို မမှတ်မိနိုင်သော်လည်း ၎င်း၏ လွှမ်းမိုးနိုင်သော စွမ်းအားကိုမူ သူ ခံစားနေရသည်။
“ဆေးဧကရာဇ်က တကယ်ကြီး ဒီလောက် ကြောက်စရာကောင်းတဲ့ သိုင်းဝိညာဉ်ကို ပိုင်ဆိုင်ထားတာလား”
'နန်းကုန်းကျန့်' ၏ မျက်နှာမှာလည်း ချက်ချင်းပင် တုန်လှုပ်မှုနှင့် ကြောက်ရွံ့မှုများဖြင့် ဖုံးလွှမ်းသွားသည်။
“လျိုချင်းယန်.. ဆေးဧကရာဇ်မှာ ဘယ်လို သိုင်းဝိညာဉ် ရှိလဲ မင်း သိလား” 'ပေတိုယန်' က မေးလိုက်ခြင်း ဖြစ်၏။ သူ၏ မျက်လုံးများတွင်လည်း ကြောက်ရွံ့မှု အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
လျိုချင်းယန်က ခေါင်းခါလိုက်ပြီး …
“ငါလည်း မသိဘူး။ ငါ သိုင်းဝိညာဉ်တွေ အများကြီး မြင်ဖူးပါတယ် ဒါပေမဲ့ အစ်ကိုဖုန်းရဲ့ သိုင်းဝိညာဉ်ကိုတော့ တစ်ခါမှ မမြင်ဖူးဘူး။ သားရဲတစ်ကောင်နဲ့ တူသလိုလို မတူသလိုလိုနဲ့.. တော်တော် ထူးဆန်းတယ်”
“ငါတောင်မှ ဆရာ့ရဲ့ သိုင်းဝိညာဉ်ကို တစ်ခါမှ မမြင်ဖူးဘူး။ ဒါက အရမ်းကို လွှမ်းမိုးနိုင်လွန်းတယ်နော်..” 'ကျန်းကျွင့်လန်' က မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။
ဖုန်းဝူချန်၏ သိုင်းဝိညာဉ်မှာ အလွန် ထူးခြားလှပြီး မည်သူမျှ မမြင်ဖူးခဲ့ကြပေ။
စံအိမ်သခင် အကြီးအကဲများ နှင့် တပည့် သောင်းပေါင်းများစွာတို့မှာ ဖုန်းဝူချန်၏ သိုင်းဝိညာဉ်မှ ထွက်ပေါ်လာသော လွှမ်းမိုးနိုင်သည့် အရှိန်အဝါကြောင့် အားလုံး ခြိမ်းခြောက်ခံနေရသလို ခံစားနေကြရသည်။
“စုပ်ယူခြင်း”
သူ၏ မျက်လုံးများထဲတွင် ကြမ်းတမ်းသော အရောင်များ ဖြတ်ပြေးသွားပြီး ဖုန်းဝူချန်က အသံတိုးတိုးဖြင့် ကြွေးကြော်လိုက်ရာ ရွှေရောင် အလင်းတန်းတစ်ခု သူ၏ နဖူးမှ ပေါက်ကွဲထွက်လာပြီး အလွန်တရာ အားပြင်းသော စုပ်ယူခြင်း စွမ်းအားတစ်ခု တဝေါဝေါ ထွက်ပေါ်လာသည်။
“စုပ်.. စုပ်ယူခြင်း”
'လေ့ထျန်းကျွယ်' ၏ မျက်နှာအရောင်မှာ သိသိသာသာ ပြောင်းလဲသွားသည်။
နောက်တစ်စက္ကန့်တွင် 'လေ့ထျန်းကျွယ်' ကို သွေးပျက်သွားစေမည့် အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာတော့သည်။
သူ၏ ဂုဏ်ယူဝင့်ကြွားရာ နယ်မြေ ထို နယ်မြေ၏ စွမ်းအားများသည် ဖုန်းဝူချန်၏ သိုင်းဝိညာဉ်က အရူးအမူး စုပ်ယူခြင်းကို စတင် ခံလိုက်ရလေ၏။