← Chapters

ကြွားလေ ပိုဆိုးလေ

Vol. 25 Ch. 361

ကြွားလေ ပိုဆိုးလေ

Vol. 25 Ch. 361

~'ကြွားဝါခြင်း နယ်ပယ်မှာ တုံကျန့်ထျန်း တစ်ယောက် အကြွားသန်သော လူတွေကို တွေ့ဖူးသော်လည်း ဖုန်းဝူချန်လောက် ကြွားသော လူမျိုးကိုတော့ တစ်ခါမှ မမြင်ဖူးသေးပါ။

လျိုချင်းယန်က ဆက်တိုက် ကြွားဝါနေချိန်မှာ ဖုန်းဝူချန်၏ တုံ့ပြန်မှုတွေက ကြွားဝါခြင်းထက်ပင် ပို၍ ဒေါသထွက်စရာ ကောင်းနေသည်။ လျိုချင်းယန်က ကြွားလုံးထုတ်ပြီး ဖုန်းဝူချန်က ပြီးပြည့်စုံအောင် ပံ့ပိုးပေးနေ၏။ သူက တကယ့်ကို နံပါတ်တစ် ကြွားဝါသူပါတကား။

'ဟွန့်..ငါ့ကို လာပြီး ကြွားပြိုင်ချင်သေးတာလား။ မင်း ဘယ်လို သေသွားမှန်းတောင် သိလိုက်ရမှာ မဟုတ်ဘူး'

လျိုချင်းယန်က ယုံကြည်မှု အပြည့် ရှိသော အပြုံးဖြင့် စိတ်ထဲမှ တွေးလိုက်သည်။ သူ့ ဘေးတွင် ရှိသော လင်ရှောင်ရှောင်က စားပွဲအောက်မှနေ၍ လျိုချင်းယန်အား လက်မ ထောင်ပြလိုက်လေ၏။

'တုံကျန့်ထျန်း' မှာ သူ၏ အတွင်းမှ ပွက်ပွက်ဆူနေသော ဒေါသကို ထိန်းချုပ်ရန် ကြိုးစားနေရပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် အတင်း ကြိုးစားနေရသည်။ သူ လုံးဝ ရှုံး၍ မဖြစ်ပေ။

'ဒီတစ်ခါတော့ ငါ တကယ့် ကြောက်စရာကောင်းတဲ့ ပြိုင်ဘက်နဲ့ တွေ့နေပြီ'

'တုံကျန့်ထျန်း' က ကြီးမားသော ရန်သူ တစ်ဦးနှင့် ရင်ဆိုင်နေရသကဲ့သို့ လေးနက်သော မျက်နှာထား ဖြစ်သွား၏။

ဖုန်းဝူချန် 'အင်မော်တယ် လက်နက်' များ သွင်းလုပ်နိုင်သည် ဆိုသည်ကို 'တုံကျန့်ထျန်း' မှာ သေချာပေါက် မယုံကြည်ခဲ့ပါ။ သို့သော် သူ၏ ချီးကျူးမှုများမှာ အလွန် ကြွယ်ဝစွာ ထွက်ပေါ်လာသည်။

"အိုး…ညီအစ်ကိုဖုန်းက တကယ်ပဲ ကောင်းကင်ဘုံက မျက်နှာသာပေးခံရသူပဲ။ 'အင်မော်တယ် လက်နက်' တွေကိုတောင် သွင်းလုပ်နိုင်တယ်။ 'အင်မော်တယ် လက်နက် စံအိမ်' နဲ့ တန်းတူပဲပေါ့…"

ထိုအခါ၊ ဖုန်းဝူချန်က ခပ်ရေးရေး ပြုံးကာ ပြန်ဖြေသည်။

"ညီအစ်ကို 'တုံ' က ကျွန်တော့်ကို မြှောက်လွန်းနေပါပြီ"

"ဟားဟား..ညီအစ်ကိုဖုန်းက နှိမ့်ချလွန်းတာပါ" 'တုံကျန့်ထျန်း' က လျိုချင်းယန်အား တစ်ချက် ကြည့်ရင်း ရယ်မောလိုက်သည်။

လျိုချင်းယန်၏ မျက်နှာတွင် အနိုင်ရသူ၏ အပြုံးကို ဆင်မြန်းထား၏။ 'မင်း တံပိုးကို ကြိုက်သလောက် မှုတ်။ ငါ အဲ့ဒီပေါ်ကနေ ဆက်ယူသွားမယ်'

'တုံကျန့်ထျန်း' မှာ စိတ်ထဲမှ မယုံကြည်ကြောင်း ထင်ရှားလှသည်။

ဖုန်းဝူချန်၊ လင်ရှောင်ရှောင်နှင့် မြောင်ချင်းချင်းတို့မှာ ဝင်ရောက် မစွက်ဖက်ရန် ရွေးချယ်လိုက်ကြပြီး ထိုအစား ဖြစ်ပေါ်လာမည့် မြင်ကွင်းကိုသာ ထိုင်ကြည့်နေကြတော့သည်။

လုံးဝ မသိကျွမ်းသော သူစိမ်း နှစ်ယောက် ပထမဆုံး တွေ့ဆုံမှုမှာပင် ကြွားဝါခြင်း တိုက်ပွဲ ဆင်နွှဲနေကြသည်ကို တွေ့မြင်ရခြင်းမှာ အမှန်တကယ်ပင် ရှားပါးပြီး ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်ပါ၏။

သူတို့၏ အကြည့်များ ဆုံမိသွားကြပြီး ထို အကြည့်များကြားမှ ပွတ်တိုက်မှုကြောင့် မီးပွားများပင် ထွက်လာနိုင်လုနီးပါး ဖြစ်နေသည်။

"ညီအစ်ကို 'တုံ' စကားပဲ မပြောဘဲ တစ်ခုခုလည်း စားဦးလေ" လျိုချင်းယန်က သူ၏ ရှေ့မှ အစားအစာကို အရသာခံရင်း ပျော်ရွှင်စွာ ဆိုလိုက်သည်။

ဤစကားကို ကြားသောအခါ 'တုံကျန့်ထျန်း' က ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"ညီလေး လျို… ပြောတာ မှန်တယ်။ ကျွန်တော် စကားပြောရတာနဲ့ နစ်မျောပြီး စားဖို့တောင် မေ့နေတာဗျာ။ လာ..လာ..စားကြပါ။ ဒီစားပွဲက ကျွန်တော် တာဝန်ယူတာ။ အားမနာကြနဲ့။ ကျွန်တော်က အင်အားကြီး အဖွဲ့အစည်းက သခင်လေး မဟုတ်ပေမဲ့ ရွှေဒင်္ဂါး သန်း ရာဂဏန်း အနည်းငယ်လောက်တော့ အချိန်မရွေး ပစ်ပေါက် သုံးနိုင်ပါသေးတယ်"

"အိုး…ချမ်းသာလိုက်တာဗျာ။ အစ်ကို 'တုံ' က တကယ် ပိုက်ဆံ မရှားဘူးပဲ။ တိုက်တိုက်ဆိုင်ဆိုင် အစ်ကိုဖုန်းနဲ့ ကျွန်တော်လည်း ခုနက လေလံပွဲမှာ သက်တမ်း နှစ်ငါးဆယ် ရှိတဲ့ 'မြေကမ္ဘာ နှလုံးသား မြင့်မြတ်သော ကြာပန်း' တစ်ခု ဝယ်ခဲ့တယ်။ သိပ် ဈေးမကြီးပါဘူး။ ရွှေဒင်္ဂါး ကုဋေ ခုနစ်ထောင်ပဲ" လျိုချင်းယန်က လုံးဝ ပေါ့ပါးသော အရာတစ်ခုကို ပြောနေသကဲ့သို့ ပေါ့ပေါ့ပါးပါး ဆိုလိုက်သည်။

'ကုဋေ ခုနစ်ထောင်။ သူ ဘယ်လောက်တောင် ကြွားရဲတာလဲ။ လူ အများစုက ရွှေဒင်္ဂါး ဆယ်သန်း ဆိုတာကိုတောင် အထင်ကြီးနေကြတာ။ ငါ့လို အဆင့်အတန်းနဲ့တောင် သန်း အနည်းငယ်လောက် ကြွားတာကို လွန်တယ်လို့ ထင်နေတာ။ သူကတော့ ကုဋေ ခုနစ်ထောင်တဲ့'

'တုံကျန့်ထျန်း' မှာ ရူးသွပ်သွားတော့မတတ် ဖြစ်နေ၏။

လျိုချင်းယန် အသုံးပြုလိုက်သော "ပဲ" ဆိုသည့် စကားလုံးမှာ အထူးသဖြင့် ကျွမ်းကျင် ပိုင်နိုင်လှပေသည်။

"ကြည့်ရတာ အစ်ကိုဖုန်းရဲ့ နောက်ခံက ကုဋေ ခုနစ်ထောင်ကို ပေါ့ပေါ့ပါးပါး ပြောနိုင်လောက်အောင် မယုံနိုင်လောက်အောင် အစွမ်းထက်ရမယ်"

'တုံကျန့်ထျန်း' က လျိုချင်းယန် လိမ်ညာနေမှန်း အသိအကျ သိသော်လည်း ထပ်မံ ချီးကျူးလိုက်သည်။ ဤအရာက သူ့အား မထိခိုက်စေဘဲ သူ၏ နောက်ထပ် ကြွားလုံးအတွက် အကြံထုတ်နေသည်။

'တုံကျန့်ထျန်း' တစ်ယောက် အစားစားနေစဉ် သူ၏ အဖြေကို ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်သည်။

သူက ပြုံးလိုက်သည်။

"ညီလေးလျို ..အစ်ကိုဖုန်း ခင်ဗျားတို့ ဘယ်အဆင့် သိုင်းပညာတွေကို လေ့ကျင့်ကြလဲ မေးလို့ ရမလား။ ကျွန်တော်ကတော့ 'မြေအဆင့် သိုင်းပညာ' တွေကို လေ့ကျင့်နေတာ။ လွန်ခဲ့တဲ့ ရက် အနည်းငယ်ကပဲ ကျွန်တော့်ဆရာက ကျွန်တော့်ကို 'အဆင့်မြင့် မြေအဆင့် သိုင်းပညာ' စာလိပ် တစ်လိပ် ပေးခဲ့တယ်။ ဒါနဲ့ဆို ကျွန်တော် သင်ယူပြီးသမျှ 'မြေအဆင့် သိုင်းပညာ' ငါးခု ရှိသွားပြီ"

"အစ်ကို 'တုံ' မှာ 'မြေအဆင့် သိုင်းပညာ' တွေ သင်ပေးတဲ့ ဆရာ တစ်ယောက် ရှိတယ်ပေါ့.. တကယ် အားကျတာပဲဗျာ" လျိုချင်းယန်က ချက်ချင်း ဝင်ပြောလိုက်ပြီး ရယ်မောလိုက်သည်။ "ကျွန်တော် လေ့ကျင့်ထားတဲ့ သိုင်းပညာတွေကတော့ 'အင်မော်တယ် ကျင့်စဉ်' တွေပါ။ 'မြေအဆင့် သိုင်းပညာ' စာလိပ် ဒါဇင်လောက်ပဲ ရှိတာ။ သိပ် မများပါဘူး။ အာ..အစ်ကိုဖုန်း အကြောင်းကတော့ ပြောဖို့တောင် မလိုတော့ဘူး။ သူ့မှာ 'အင်မော်တယ် ကျင့်စဉ်' စာလိပ်တွေ အများကြီး ရှိတယ်"

' 'အင်မော်တယ် ကျင့်စဉ်' ဒီကောင်စုတ်လေး သောက်ကြွားသန်လှချည်လား၊ 'အင်မော်တယ် ကျင့်စဉ်' ဆိုတာ 'ကျန်း' မိသားစုတောင် မထုတ်လုပ်နိုင်တဲ့ ရတနာတစ်ခု'

'တုံကျန့်ထျန်း' တစ်ယောက် ရင်ထဲမှာတော့ ဒေါသထွက်နေတော့သည်။

'ငါသာ 'အင်မော်တယ် ကျင့်စဉ်' တွေ လေ့ကျင့်တယ်လို့ ပြောခဲ့ရင် သူက 'နတ်ဘုရား ပညာရပ်' တွေ လေ့ကျင့်တယ်လို့ ပြောမှာလား'

'တုံကျန့်ထျန်း' က အလွန် အံ့အားသင့်သွားဟန် ဟန်ဆောင်လိုက်ပြီး လက်နှစ်ဖက် ဆုပ်ကာဖြင့် ဆိုလိုက်သည်။

"မယုံနိုင်စရာပဲ။ အစ်ကိုဖုန်းက 'အင်မော်တယ် ကျင့်စဉ်' တွေကိုတောင် ပိုင်ဆိုင်ထားတယ်။ အထင်ကြီးစရာပဲ။ တကယ် အထင်ကြီးစရာပါပဲ"

'တုံကျန့်ထျန်း' မှာ လျိုချင်းယန် ကြွားဝါနေမှန်းသာ သိပြီး လျိုချင်းယန် ပြောခဲ့သည်မှာ အမှန်တရား ဖြစ်ကြောင်း မသိခဲ့ပေ။

"အစ်ကိုဖုန်း ..ညီလေး လျို..ခင်ဗျားတို့ 'ကြယ်တာရာ နယ်မြေ' မှာ အခက်အခဲ ကြုံလာခဲ့ရင် ကျွန်တော့်ကို ရှာဖို့ အားမနာနဲ့။ 'ကြယ်တာရာ နယ်မြေ' မှာ ကျွန်တော့်ကို စော်ကားရဲတဲ့သူ ဘယ်သူမှ မရှိဘူး။ ကျွန်တော့်ဆရာက တော်တော် ကြီးမားတဲ့ နောက်ခံ ရှိတယ်ဗျ" 'တုံကျန့်ထျန်း'က သူ၏ ရင်ဘတ်ကို ပုတ်ရင်း ရယ်မောလိုက်သည်။

ထိုအခါ၊ လျိုချင်းယန်က ပခုံးတွန့်လိုက်သည်။

"အစ်ကို 'တုံ' ကို ဒုက္ခ မပေးတော့ပါဘူး။ 'ဝူကျိ' နယ်မြေမှာ ကျွန်တော်တို့ အစ်ကိုဖုန်းကို ဘယ်သူမှ ရန်မစရဲပါဘူး"

'တုံကျန့်ထျန်း' ၏ မျက်နှာ အနည်းငယ် တွန့်သွားသည်။ 'ငါ့ကိုယ်ငါ တော်တော် ကြွားတတ်တယ် ထင်နေတာ။ ဒီကမ္ဘာပေါ်မှာ အတွေးမရှိဘဲ ဒီထက် ပို ဆိုးဆိုးရွားရွား ကြွားဝါတတ်တဲ့သူ ရှိသေးတယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး'

"အိုး။ အစ်ကိုဖုန်းရဲ့ နောက်ခံက ဘာမို့လို့ 'ဝူကျိ' နယ်မြေမှာ ဘယ်သူမှ သူ့ကို မစော်ကားရဲတာလဲ။ ကျွန်တော့်ဆရာက တခြားသူ မဟုတ်ဘူး။ ပြည်မကြီးရဲ့ နံပါတ်တစ် ပါရမီရှင် လက်နက်သန့်စင်သူ 'ကျန်းကျွင့်လန်' ပဲ"

'တုံကျန့်ထျန်း' က ထိတ်လန့်သွားဟန် ဟန်ဆောင်ရင်း မေးလိုက်ပြီး သူ၏ ဆရာ မည်သူမည်ဝါ ဖြစ်သည်ကို ပါးနပ်စွာ ထုတ်ဖော်လိုက်သည်။

'ကျန်း' မိသားစု၏ အင်အားမှာ လုံးဝ ကြောက်မက်ဖွယ် ကောင်းလှပြီး သူတို့နှင့် ရန်သူ ဖြစ်ဝံ့သူမှာ 'အင်မော်တယ် လက်နက် စံအိမ်' တစ်ခုတည်းသာ ရှိသည်။ 'တုံကျန့်ထျန်း' မှာ ဖုန်းဝူချန်၏ ဇာစ်မြစ်ကို အမှန်တကယ် သိချင်နေခဲ့သည်။

'တုံကျန့်ထျန်း' ၏ ဤ လှုပ်ရှားမှုက လျိုချင်းယန်၏ ဆုတ်ခွာရာ လမ်းကြောင်းကို ထိထိရောက်ရောက် ပိတ်ဆို့လိုက်သည်။

'ဟီးဟီး။ ဆက်ပြီး လှုပ်ရှားစရာ မရှိတော့ဘူး မဟုတ်လား။ 'ဝူကျိ' နယ်မြေက လူတွေကို ဘယ်သူမှ မစော်ကားရဲဘူး ဟုတ်လား။ မင်းမှာ ဘယ်လို အဆင့်အတန်းမျိုး ရှိလဲ ဆိုတာ ငါ တကယ် မြင်ချင်သေးတယ်' 'တုံကျန့်ထျန်း' က စိတ်ထဲမှ ကျိတ်၍ ကျေနပ်နေပြီး သူ၏ မျက်နှာတွင် ပျော်ရွှင်သော အပြုံးတစ်ခု ပေါ်လာသည်။

'တကယ့်ကို လိမ်လည် လှည့်ဖြားခြင်းရဲ့ ဆရာတစ်ဆူပဲ' လျိုချင်းယန်က အတွင်းစိတ်မှ အံ့အားတကြီး အော်ဟစ်လိုက်သော်လည်း သူ အနည်းငယ်မျှပင် စိုးရိမ်ပူပန်ခြင်း မရှိခဲ့ပေ။

သူ၏ အတွင်းစိတ်မှ အော်ဟစ်မှု အပြီးမှာပင် လျိုချင်းယန်၏ မျက်နှာအမူအရာ ရုတ်တရက် အေးခဲသွားသည်။

ဖုန်းဝူချန်၊ လင်ရှောင်ရှောင်နှင့် မြောင်ချင်းချင်းတို့လည်း သူတို့၏ အံ့အားသင့်သော အကြည့်များကို ပထမဆုံး အခွင့်အရေး၌ လွှဲပြောင်းလိုက်ကြသည်။

'တုံကျန့်ထျန်း' ၏ ဆရာမှာ အမှန်တကယ်ပင် 'ကျန်းကျွင့်လန်' ဖြစ်နေသည်။

"'ကျန်းကျွင့်လန်' က မင်းရဲ့ ဆရာ ဟုတ်လား" လျိုချင်းယန်က အံ့အားသင့်စွာ မေးလိုက်သည်။

ဖုန်းဝူချန်နှင့် အခြားသူများ၏ တုန်လှုပ်နေသော မျက်နှာအမူအရာများကို မြင်သောအခါ 'တုံကျန့်ထျန်း' မှာ ပို၍ပင် ကြည်နူးသွားပြီး ပျော်ရွှင်စွာ ရယ်မောလိုက်သည်။

“ဒါ ထင်ရှားနေတာပဲ.. မဟုတ်ဘူးလား။ 'ကြယ်တာရာ နယ်မြေ' မှာ ဘယ်သူက ငါ 'တုံကျန့်ထျန်း' 'ကျန်း' မိသားစုရဲ့ သခင်လေးရဲ့ တပည့်တစ်ယောက် ဆိုတာ မသိဘဲ နေမှာလဲ”

'တုံကျန့်ထျန်း' က သူ့ကိုယ်သူ ကျေနပ်စွာ ရယ်မောလိုက်သည်။

'ဒီတစ်ခါတော့ ငါ ကြွားနေတာ မဟုတ်ဘူး။ 'ကျန်းကျွင့်လန်' က ငါ့ဆရာ အမှန်ပဲ။ မင်း ကောင်စုတ်လေး။ အခု မင်း ဘာများ ဆက် ကြွားနိုင်သေးလဲ ကြည့်ကြတာပေါ့'

"အစ်ကို 'တုံ' ကို တကယ် အားကျတာပဲ။ ပြည်မကြီးရဲ့ နံပါတ်တစ် ပါရမီရှင် လက်နက်သန့်စင်သူရဲ့ တပည့် တစ်ယောက် ဖြစ်ရတယ်လို့" လျိုချင်းယန်က ချက်ချင်းပင် 'တုံကျန့်ထျန်း' အား လက်မ ထောင်ပြလိုက်သည်။

ဤသည်ကို မြင်သောအခါ 'တုံကျန့်ထျန်း' မှာ သူ အနိုင်ရသွားပြီဟု ထင်မှတ်လိုက်ပြီး ပို၍ပင် ပျော်ရွှင်သွားကာ ရယ်မောလိုက်သည်။ "အနာဂတ်မှာ အခွင့်အရေး ရှိခဲ့ရင် ငါ့ဆရာနဲ့ မင်းတို့ကို သေချာပေါက် မိတ်ဆက်ပေးမယ်"

"ကံမကောင်းစွာနဲ့ပဲ အစ်ကိုဖုန်းက 'ကျန်းကျွင့်လန်' ရဲ့ ဆရာ ဖြစ်နေတယ်" လျိုချင်းယန်က ထို့နောက် 'တုံကျန့်ထျန်း' အား ကြည့်ရင်း ကောက်ကျစ်သော မျက်နှာအမူအရာဖြင့် ပေါက်ကွဲထွက်လာသည်။

ဤ ဝါကျက 'တုံကျန့်ထျန်း' ၏ ကျေနပ်နေသော အပြုံးကို ချက်ချင်း အေးခဲသွားစေသည်။

'တုံကျန့်ထျန်း' မှာ အံ့အားသင့်စွာ မျက်တောင် ပုတ်ခတ် ပုတ်ခတ် လုပ်လိုက်ပြီး သူ ကြားလိုက်သည်မှာ မှားယွင်းနေရမည်ဟု တွေးလိုက်မိသည်။

'အမ်..ငါ့ဆရာရဲ့ ဆရာ….'

'တုံကျန့်ထျန်း' က ဖုန်းဝူချန်အား တုန်လှုပ်သော မျက်နှာဖြင့် ကြည့်လိုက်သည်။ သို့သော် သူ ဘယ်လိုပင် ကြည့်နေပါစေ ဖုန်းဝူချန်မှာ ထိုသို့သော ပုံစံ မပေါက်နေခဲ့ပေ။

ဤသည်မှာ အမှန်တကယ်ပင် ကြီးမားသော ကြွားဝါမှုကြီး ဖြစ်သည်။

'တုံကျန့်ထျန်း' မှာ 'ကျန်းကျွင့်လန်' တွင် အခြား ဆရာတစ်ဦး ရှိသည်ဟု တစ်ခါမျှ မကြားဖူးခဲ့ပေ။

လျိုချင်းယန်က ဤမျှ ရိုင်းစိုင်းစွာ ကြွားဝါလိမ့်မည်ဟု သူ၏ ဆရာကိုပင် ထည့်သွင်း၍ ကြွားဝါလိမ့်မည်ဟု 'တုံကျန့်ထျန်း' စိတ်ကူးပင် မယဉ်နိုင် ဖြစ်နေသည်။

'တုံကျန့်ထျန်း' မှာ တုန်လှုပ်ခြောက်ခြားနေဆဲမှာပင် လမ်းမ အောက်ဘက်မှ ကျိန်ဆဲသံ တစ်ခု ရုတ်တရက် ထွက်ပေါ်လာလေသည်။

"'တုံကျန့်ထျန်း'.. ခွေးကောင်.. ဘယ် ငရဲကို ရောက်နေတာလဲ။ လာ ကူညီဦးဟ"

ထိုအသံကို ကြားလိုက်သည်နှင့် 'တုံကျန့်ထျန်း' ၏ ခန္ဓာကိုယ် တောင့်တင်းသွားပြီး သူ၏ မျက်နှာ သိသိသာသာ ပြောင်းလဲသွားသည်။

"သွားပြီ။ ငါ့ဆရာ ဒုက္ခ အကြီးအကျယ် တွေ့နေတုန်းပဲ"

လမ်းမမှ ကျိန်ဆဲသံမှာ အမှန်တကယ်ပင် 'ကျန်းကျွင့်လန်' ၏ အသံ ဖြစ်လေသည်။

ဤအခိုက်အတန့်တွင် 'ကျန်းကျွင့်လန်' မှာ မိန်းမပျို တစ်စု၏ အရူးအမူး လိုက်ဖမ်းခြင်းကို ခံနေရပြီး လမ်းမပေါ်မှ လူအုပ်ကြီးမှာလည်း လမ်းဖယ်ပေးရန် ရှောင်တိမ်းနေကြရလေသည်။

'ကျန်းကျွင့်လန်' ..လမ်း မည်မျှ ပြေးလာခဲ့ပြီးပြီကို မည်သူမျှ မသိကြတော့ပေ။

All Chapters