← Chapters

ထွက်သွားစမ်း

Vol. 25 Ch. 365

ထွက်သွားစမ်း

Vol. 25 Ch. 365

~ရက်အနည်းငယ် ကြာပြီးနောက် ၊

'ပေတို' မျိုးနွယ်ကြီး၏ ခမ်းနားလှသော ခန်းမဆောင်ကြီးအတွင်း၌ ဖြစ်သည်။

"မိသားစု ခေါင်းဆောင်ကို သတင်းလာပို့ပါတယ် ၊ ဆေးဧကရာဇ်က တာဝန်ပေးလိုက်တဲ့ ကိစ္စကို ကျွန်တော်တို့ သေသေချာချာ စုံစမ်းပြီးပါပြီ"

လူတစ်ယောက်သည် လျှပ်စီးတန်း တစ်ခုပမာ ပစ်ခတ်လာပြီး လေးစားစွာ သတင်းပို့လိုက်ခြင်း ဖြစ်ဧ။်။

'ပေတိုရွှမ်း' က မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီးနောက် ပြောလိုက်၏။ "ပြောပါ.."

"ဆေးဧကရာဇ် ထင်ထားတဲ့ အတိုင်းပါပဲ ၊ ဒါ 'ရှီဟွမ်' ဂိုဏ်းရဲ့ လက်ချက်ပါ.."

"'ရှီဟွမ်' ဂိုဏ်း ..တကယ်ကို 'ရှီဟွမ်' ဂိုဏ်း ဖြစ်နေတာကိုး။"

'ပေတိုရွှမ်း' ၏ မျက်နှာသည် ဒေါသကြောင့် မည်းမှောင်သွားပြီးနောက် အေးစက်စွာ အော်ဟစ်လိုက်တော့သည်။

"ကျိုကျိုး ကိုးပြည်ထောင်မှာ ဒီလို ဆိုးယုတ်တဲ့ ကျင့်ကြံသူတွေ ရှိနေလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး၊ လူ့အသားနဲ့ သွေးကို စုပ်ယူပြီး ကျင့်ကြံကြတယ် ဟုတ်လား။ ဒါ..တိရစ္ဆာန်တွေထက်တောင် ဆိုးယုတ်နေပါလား။"

ထို့နောက် မိသားစု ခေါင်းဆောင်က ဆက်လက် အမိန့်ပေးလိုက်သည်။

"ဆေးဧကရာဇ်က အမိန့်ပေးထားပြီးသား၊ အတည်ပြုပြီးတာနဲ့ တစ်ပြိုင်နက် သနားညှာတာမှု လုံးဝ မရှိစေနဲ့တဲ့။ အခုချက်ချင်း လူလွှတ်ပြီး 'ရှီဟွမ်' ဂိုဏ်းကို အမြစ်ပြတ် ချေမှုန်းပစ်လိုက်။"

"ဟုတ်ကဲ့ပါ။"

ထိုသူသည် လေးစားစွာဖြင့် အမိန့်ကို နာခံလိုက်တော့၏။

—------

'ပေတို' မျိုးနွယ်ကြီးသည် 'ထျန်းယွမ်' ဘုံ ပညာရှင်ကြီး ဒါဇင်ပေါင်းများစွာကို ရုတ်ချည်းပင် စုစည်းလိုက်သည်။ ထို ကြောက်မက်ဖွယ်ရာ အရှိန်အဝါအရ သူတို့သည် 'ရှီဟွမ်' ဂိုဏ်းကို သွေးချောင်းစီး သုတ်သင်ပစ်ရန် သေချာနေလေ၏။

ဖုန်းဝူချန်က 'ပေတိုယန်' ကို သတင်းပို့ခိုင်းလိုက်စဉ်ကတည်းက 'ယန်ဟော် အင်ပါယာ' မှ သေဆုံးသွားသော စစ်သည်များ၏ အသွေးအသားများ ပျောက်ဆုံးနေသည့် ကိစ္စကို စုံစမ်းရန် 'ပေတို' မျိုးနွယ်ကြီးအား ညွှန်ကြားထားခဲ့ပြီးသား ဖြစ်သည်။

ဖုန်းဝူချန်သည် အစပိုင်းတွင် 'မုရုန်ထျန်း' ကို သံသယဝင်ခဲ့ပြီး၊ ထို့နောက် 'ပေမင်ခုံ' ကို ထင်ခဲ့သည်။ သို့သော် ထိုနှစ်ယောက်လုံး သေဆုံးသွားပြီ ဖြစ်သောကြောင့် သူ၏ သံသယအားလုံးသည် နောက်ဆုံးတွင် 'ရှီဟွမ်' ဂိုဏ်း အပေါ်သို့ ကျရောက်သွားတော့၏။

အဘယ်ကြောင့်ဆိုသော် 'ရှီဟွမ်' ဂိုဏ်း၏ တပည့်များအားလုံးသည် ဆိုးယုတ်သော အငွေ့အသက်များ ပိုင်ဆိုင်ထားကြသဖြင့် ထိုဂိုဏ်းသည် အဓိက သံသယရှိသူ ဖြစ်လာခဲ့သည်။

ယခု စုံစမ်းစစ်ဆေးလိုက်သောအခါ အမှန်တကယ်ပင် 'ရှီဟွမ်' ဂိုဏ်း၏ လက်ချက် ဖြစ်နေခဲ့ပါတော့သည်။

'ပေတို' မျိုးနွယ်ကြီး ကိုယ်တိုင် ဝင်ရောက်လှုပ်ရှားလာမှတော့ 'ရှီဟွမ်' ဂိုဏ်းကို သုတ်သင်ရန်မှာ မိနစ်ပိုင်းအတွင်း ပြီးပြတ်သွားမည့် ကိစ္စတစ်ခုမျှသာ ဖြစ်သည်။

သေဆုံးသွားသော စစ်သည်များ ယခုတော့ အေးချမ်းစွာ အနားယူနိုင်ကြပေတော့မည်။

****

သို့နှင့် ရက်ပေါင်း တစ်ဆယ့်ငါးရက်နီးပါး ကြာသောအခါ ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့သည် 'ကောင်းကင်ဘုံ' နယ်မြေသို့ ရောက်ရှိသွားခဲ့ကြလေ၏။

'ကိုးထပ် ချန်ခွင်း မျှော်စင်' ထဲတွင် ကျင့်ကြံနေသော ဖုန်းဝူချန်အဖို့ အပြင်လောက၏ အချိန်နှင့်ဆိုလျှင် တစ်လတိတိ ကျင့်ကြံခဲ့ပြီး 'ထျန်းယွမ်' ဘုံ ပဉ္စမအလွှာသို့ ချောမွေ့စွာ ချိုးဖြတ်တက်ရောက်နိုင်ခဲ့လေသည်။

ဖုန်းဝူချန်၏ 'ကောင်းကင်ဘုံ' နယ်မြေ ခရီးစဉ်၏ ရည်ရွယ်ချက်မှာ ပါရမီရှင်များကို စုဆောင်းရန် ဖြစ်သည်။

ကိုယ်ပိုင်အင်အားစုတစ်ခု ထူထောင်ရန် သူ ကြံရွယ်ထား၏။ ထို့အတွက် သူ့မှာ ပါရမီရှင်များ လိုအပ်သည်။ လုံးဝ သစ္စာရှိမည့်သူများ လိုအပ်သည်။ ထို့ကြောင့် သူ ကိုယ်တိုင် လိုက်လံ ရွေးချယ်ရမည်သာ ဖြစ်ပါ၏။

"ဆေးဧကရာဇ်.. 'ကောင်းကင်ဘုံ' နယ်မြေရဲ့ အင်အားက 'ကျိုကျိုး ကိုးပြည်ထောင်' ထက် အများကြီး ပိုအားကောင်းပါတယ်။"

ဟု 'ပေတိုယန်' က ဝင်ပြောလိုက်သည်။

"ကျွန်တော် 'ကောင်းကင်ဘုံ' နယ်မြေကို တစ်ခေါက်လာပြီး ပါရမီရှင်တွေကို စိန်ခေါ်ခဲ့ဖူးတယ်.. အဲ့ဒီတုန်းက ကျွန်တော် ရှုံးနိမ့်ခဲ့ရပါတယ်"

ထိုအခါ၊ ဖုန်းဝူချန်က 'ပေတိုယန်' ကို တစ်ချက် ကြည့်လိုက်ရင်း သိလိုစိတ်ကို ထုတ်ဖော်လိုက်၏။

"မင်းကိုတောင် အနိုင်ယူနိုင်တဲ့ ပါရမီရှင်ဆိုမှတော့ တော်တော်လေး အစွမ်းထက်မှာပဲ။ အဲ့ဒါ ဘယ်သူလဲ ဆိုတာ ငါလည်း သိချင်သွားပြီ"

"'ပိုင်' မိသားစုက 'ပိုင်မိ' ပါ။ သူ့ကို မတွေ့ရတာ နှစ်တွေ အများကြီး ကြာသွားပြီ..အခုချိန်လောက်ဆို သူလည်း 'ထျန်းယွမ်' ဘုံ အဋ္ဌမအလွှာကို ဝင်ရောက်နေလောက်ပြီ ထင်တယ်။ အရင်က သူက 'ကောင်းကင်ဘုံ' နယ်မြေရဲ့ လူငယ် ပါရမီရှင်အဆင့်

သတ်မှတ်ချက်မှာ အဆင့်ငါး ချိတ်ခဲ့တယ်..အခု သူ့အဆင့်အတန်း ဘယ်လိုရှိနေမလဲတော့ မသိတော့ဘူး"

'ပေတိုယန်' ၏ မျက်လုံးများထဲတွင် အရှုံးကို လက်မခံလိုသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

"သူက တကယ်ကို ရှားပါးတဲ့ ပါရမီရှင် တစ်ယောက်ပဲ"

ဖုန်းဝူချန်က သဘောတူစွာ ခေါင်းညိတ်လိုက်သည်။

"ဆရာ.. 'ပိုင်' မိသားစုက 'ကောင်းကင်ဘုံ' နယ်မြေရဲ့ ကြီးမြတ်တဲ့ အင်အားစု ခြောက်ခုထဲက တစ်ခုပါ အင်အားအဆင့် သုံးမှာ ရှိတယ်"

'ကျန်းကျွင့်လန်' က ဝင်ရှင်းပြလိုက်ပြီး 'ကောင်းကင်ဘုံ' နယ်မြေ၏ အဓိက အင်အားစုများအကြောင်းကို အကျဉ်းချုံး မိတ်ဆက်ပေးလေသည်။

'ကောင်းကင်ဘုံ' နယ်မြေ၏ ကြီးမြတ်သော အင်အားစု ခြောက်ခုတွင် 'ပိုင်' မိသားစု၊ 'ယဲ့' မိသားစု၊ 'ခရမ်းရောင် တိမ်တိုက် စံအိမ်'၊ 'ကောင်းကင် လမင်း ဂိုဏ်း'၊ 'မင် ဘုရင် ဂိုဏ်း' နှင့် 'ကောင်းကင် မီးတောင်ကြား စံအိမ်' တို့ ပါဝင်ကြ၏။

ထို အင်အားစု ခြောက်ခုထဲတွင် 'ကောင်းကင် လမင်း ဂိုဏ်း' သည် 'ကောင်းကင်ဘုံ' နယ်မြေ၏ အခိုင်မာဆုံး အဖွဲ့အစည်းအဖြစ် ရှေ့ဆုံးမှ ဦးဆောင်နေသည်။

ဒုတိယမှာ 'ကောင်းကင် မီးတောင်ကြား စံအိမ်' ဖြစ်ပြီး၊ တတိယမှာ 'ပိုင်' မိသားစု၊ စတုတ္ထမှာ 'ယဲ့' မိသားစု၊ ပဉ္စမမှာ 'ခရမ်းရောင် တိမ်တိုက် စံအိမ်' ဖြစ်ကာ 'မင် ဘုရင် ဂိုဏ်း' ကတော့ အောက်ဆုံးတွင် ရှိနေလေသည်။

ဟုတ်ပေသည်။ ဒါက အများသိ အဆင့်သတ်မှတ်ချက် တစ်ခုမျှသာ ဖြစ်သည်။ ထို အင်အားစု ခြောက်ခု၏ တကယ့် အစွမ်းအစ အမှန်တကယ်ကိုတော့ မည်သူမျှ တပ်အပ် မပြောနိုင်ကြပါပေ။

'ကောင်းကင်ဘုံ' နယ်မြေအကြောင်း အကြမ်းဖျင်း နားလည်သွားပြီးနောက် နာရီဝက်ခန့် ကြာသောအခါ လူတစ်ဒါဇင်ကျော် ပါဝင်သော အဖွဲ့သည် 'ယွဲ့ယွင်' မြို့တော်သို့ ရောက်ရှိလာခဲ့ကြ၏။

ရက်ပေါင်း တစ်ဆယ့်ငါးရက်တိုင်တိုင် ခရီးနှင်လာခဲ့ရသဖြင့် ပင်ပန်းနွမ်းနယ်နေကြပြီ ဖြစ်သောကြောင့် သူတို့သည် မြို့ထဲရှိ 'ထျန်းရှန်' စားသောက်ဆိုင်ဟု ခေါ်သော တည်းခိုခန်းတစ်ခုကို ရှာဖွေလိုက်ကြသည်။

'ထျန်းရှန်' စားသောက်ဆိုင်သည် ဧည့်သည်များဖြင့် အလွန် စည်ကားနေပြီး အလွန်တရာ ဆူညံနေ၏။

နာမည်ဂုဏ်သတင်း ကြီးမားပြီး အစွမ်းထက်သော ပုဂ္ဂိုလ်များကလည်း စားသောက်ဆိုင်ထဲသို့ တဖွဲဖွဲ ဝင်ရောက်လာကြသည်။

"'ထျန်းရှန်' စားသောက်ဆိုင်က တော်တော် စီးပွားရေးကောင်းတာပဲ။ 'မူးယစ် နတ်ဘုရား စံအိမ်' တောင် ဒီလောက် မစည်ကားဘူး။"

'တုံကျန့်ထျန်း' သည် စားသောက်ဆိုင်ထဲသို့ ဝင်လိုက်ပြီး ပတ်ပတ်လည်ကို ကြည့်ရင်း အံ့အားသင့်စွာ ပြောလိုက်သည်။

'မြောင်ချင်းချင်း' က မျက်မှောင်လေး အနည်းငယ် ကြုတ်ရင်း ပြောလိုက်၏။

"အစ်ကိုဖုန်း ..ဒီမှာ အစွမ်းထက်တဲ့ လူတွေ အများကြီးပဲ၊ ပြီးတော့ အခု ဝင်လာတဲ့ လူတွေကလည်း နာမည်ကြီးတွေချည်းပဲနဲ့ တူတယ်"

ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့သားများ ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ 'ထျန်းရှန်' စားသောက်ဆိုင်တွင် စားသောက်ပွဲတစ်ခု ကျင်းပနေမှန်း သဘောပေါက်လိုက်ကြ၏။

ကံကောင်းစွာပင် ပထမထပ်တွင် စားပွဲခုံ နှစ်ခုံစာ နေရာလွတ်သေးသဖြင့် ဖုန်းဝူချန်နှင့် သူ၏ အဖော် (၁၅) ယောက်အတွက် ထိုင်ရန် လုံလောက်နေသေးသည်။

စားပွဲထိုးကို မေးမြန်းကြည့်ပြီးနောက် ဤပွဲသည် မိသားစုတစ်ခုမှ သခင်လေးတစ်ဦး 'ထျန်းယွမ်' ဘုံ ပဉ္စမအလွှာသို့ ချိုးဖြတ်တက်ရောက်နိုင်ခဲ့ခြင်းကို ဂုဏ်ပြုသောအားဖြင့် ဆွေမျိုးများနှင့် မိတ်ဆွေများကို ဖိတ်ကြားကျွေးမွေးသော စားသောက်ပွဲ ဖြစ်ကြောင်း ဖုန်းဝူချန်တို့ သိလိုက်ရသည်။

'ထျန်းယွမ်' ဘုံ ပဉ္စမအလွှာသို့ ချိုးဖြတ်တက်ရောက်နိုင်ခြင်းသည် အမှန်တကယ်ပင် ဂုဏ်ပြုထိုက်သော အောင်မြင်မှုတစ်ခု ဖြစ်ပေသည်။

"သခင်လေး 'ဝမ်' က ဂုဏ်ပြုဖို့ ရောက်ရှိလာပါပြီ။"

"ညီလေး 'ကော' 'ထျန်းယွမ်' ဘုံ ပဉ္စမအလွှာကို တက်ရောက်နိုင်တာကို ဂုဏ်ယူပါတယ်။"

"ကျေးဇူးပြုပြီး ကြွပါ။ ကျေးဇူးပြုပြီး ကြွပါ။"

"မြို့အရှင်ရဲ့ သားတော် ကြွရောက်လာပြီး ဂုဏ်ပြုပါတယ်။"

"ညီလေး 'ကော' 'ထျန်းယွမ်' ဘုံ ပဉ္စမအလွှာကို ခြေချနိုင်ခဲ့တာ ဂုဏ်ယူပါတယ်ဗျာ။ ဂုဏ်ယူပါတယ်။"

"ခုနစ်လုံးကြယ် ဂိုဏ်းက ဂိုဏ်းချုပ်လေး ကြွရောက်လာပြီး ဂုဏ်ပြုပါတယ်။"

ဩဇာတိက္ကမကြီးမားသော သခင်လေးများနှင့် ဂိုဏ်းချုပ်လေးများက တစ်သုတ်ပြီးတစ်သုတ် ရောက်ရှိလာကာ ဂုဏ်ပြုစကား ဆိုနေကြသည်။

ယနေ့ 'ထျန်းရှန်' စားသောက်ဆိုင်သည် အစွမ်းထက် ပုဂ္ဂိုလ်ကြီးများဖြင့် ပြည့်လျှံနေပြီး 'ယွဲ့ယွင်' မြို့တော် အနီးတစ်ဝိုက်မှ မျိုးနွယ်စု သခင်လေးပေါင်းများစွာ စုဝေးရောက်ရှိနေကြတော့သည်။

'ထျန်းရှန်' စားသောက်ဆိုင်၏ ပထမထပ်တွင် စပ်စုသူ အများအပြားက ထိုမြင်ကွင်းကို မနာလိုသော မျက်လုံးများဖြင့် ကြည့်ရှုနေကြ၏။

"အဲ့ဒီ သခင်လေး 'ကော' ဆိုတဲ့တစ်ယောက်က နောက်ခံမသေးဘူးပဲ၊ ဒီလောက်တောင် အစွမ်းထက်တဲ့ လူတွေကို ဖိတ်ကြားနိုင်တာ.. တော်တော် မျက်နှာပွင့်တာပဲ"

လျိုချင်းယန်က ဒုတိယထပ်သို့ လှမ်းကြည့်ရင်း တိုးတိုးလေး မှတ်ချက်ချလိုက်သည်။

"'ထျန်းယွမ်' ဘုံ သတ္တမအလွှာက လူတွေတောင် ဖိတ်လို့ ရတယ်၊ လူပေါင်းစုံလည်း တက်ရောက်ကြတယ် ဒါ 'ကော' မိသားစုက အင်အားကြီးမှန်း ပြနေတာပဲ"

'တုံကျန့်ထျန်း' က ဖုန်းဝူချန်ကို ကြည့်ရင်း ပြောလိုက်သည်။ ထို့နောက် သူက မေး၏။

"ဆရာ ..ဆရာ ဘယ်သူ့ကို မျက်စိကျနေလဲ ကျွန်တော် သွားပြီး သူ့ကို ဒူးထောက်ခိုင်းဖို့ ဆွဲခေါ်ခဲ့ရမလား"

ထိုစကားကြောင့် ဖုန်းဝူချန်မှာ သောက်လက်စ လက်ဖက်ရည်ပင် သီးမတတ် ဖြစ်သွားရတော့သည်။

"မင်း ပါးစပ်ပိတ်ထားရင်..ဘယ်သူမှ မင်းကို အအလို့ ထင်မှာ မဟုတ်ဘူးကွ။"

'ကျန်းကျွင့်လန်' က ပြင်းထန်စွာ မျက်စောင်းထိုးလိုက်ရာ 'တုံကျန့်ထျန်း' မှာ ကြောက်လန့်တကြားဖြင့် ချက်ချင်း ပါးစပ်ပိတ်လိုက်ရတော့သည်။

'ချီဟွမ်' နှင့် အခြားသူများမှာတော့ တခွီးခွီး ကြိတ်ရယ်နေကြ၏။ 'တုံကျန့်ထျန်း' က သူတို့ကို ပြန်ပြီး မျက်စောင်းထိုး ခြိမ်းခြောက်

လိုက်သော်လည်း ဘာအကျိုးသက်ရောက်မှုမှ မရှိခဲ့ပေ။

ထိုအခိုက်အတန့်၌၊ သခင်လေး တစ်ယောက်က စားသောက်ဆိုင်ထဲသို့ ဝင်လာရင်း ထမင်းစားနေသော မျက်နှာစိမ်းများကို တွေ့သွားကာ ဒေါသတကြီး ဟိန်းဟောက်

လိုက်လေသည်။

"ဒါ..ဘာဖြစ်နေကြတာလဲ ညီလေး 'ကော' ရဲ့ စားသောက်ပွဲကို ဒီလို အညတရ အပေအတေတွေကို.. ဘယ်သူက ဝင်ခွင့်ပေးလိုက်တာလဲ၊ သူတို့မှာ ဒီနေရာမှာ ရှိနေခွင့် အရည်အချင်း ရှိလို့လား ၊ သူတို့ကို မောင်းထုတ်လိုက်စမ်း။"

ထို သခင်လေး၏ အော်ဟစ်သံကို ကြားလိုက်ရသောအခါ 'ကျန်းကျွင့်လန်'၊ 'ပေတိုယန်' နှင့် အခြားသူအချို့၏ မျက်နှာထားများမှာ အနည်းငယ် ပြောင်းလဲသွား၏။

အနီးအနားမှ စားပွဲဝိုင်း သုံးလေးခုမှ လူများမှာ ထိုသခင်လေးများကို မစော်ကားရဲသဖြင့် ကြောက်လန့်တကြားဖြင့် အပြင်သို့ ပြေးထွက်သွားကြတော့သည်။

"ငါက ညီလေး 'ကော' ရဲ့ မိတ်ဆွေတွေလို့ ထင်နေတာ ၊မဟုတ်ဘူးဆိုမှတော့ သူတို့အားလုံးကို မောင်းထုတ်လိုက်။"

အခြား သခင်လေးတစ်ယောက်ကလည်း အေးစက်စွာ အမိန့်ပေးလိုက်သည်။

"တော်တော် သတ္တိရှိတဲ့ ကောင်တွေပဲ၊ ဒီနေရာကို လာပြီး အလကား စားသောက်ဖို့ ကြိုးစားနေတာလား"

"ဆိုင်ရှင်။ ခင်ဗျား ဘယ်လို စီးပွားရေး လုပ်နေတာလဲ ၊ ခင်ဗျားက သခင်လေး 'ကော' ကို အထင်သေးနေတာလား ကြည့်ရတာ ..,ခင်ဗျားရဲ့ 'ထျန်းရှန်' စားသောက်ဆိုင်က ဆက်ဖွင့်ချင်ပုံ မရတော့ဘူးပဲ"

"ဟိတ်၊ မင်းတို့ ဘာရပ်လုပ်နေကြတာလဲ သူတို့ကို မောင်းထုတ်လိုက်လေ။ အညတရ အပေအတေတွေကို ဒီထဲမှာ ခြေချခွင့် မပေးသင့်ဘူး။"

တစ်ယောက်ပြီးတစ်ယောက် သခင်လေးများ၏ ဒေါသတကြီး ဆူပူကြိမ်းမောင်းသံများကြောင့် ဆိုင်ရှင်နှင့် စားပွဲထိုးမှာ ကြောက်လန့်တကြား ဖြစ်နေကြသည်။

ဩဇာတိက္ကမ ကြီးမားသော သခင်လေးပေါင်း ဒါဇင်ကျော်မျှ ရှိနေရာ ဆိုင်ရှင်က သူတို့ကို ဘယ်လိုလုပ် စော်ကားရဲပါမည်လဲ။

သူ့မှာ အခြား ရွေးချယ်စရာ မရှိတော့ဘဲ ကျန်ရှိနေသော ဧည့်သည်များကို မောင်းထုတ်ရန်သာ ဆုံးဖြတ်လိုက်ရ၏။

"တကယ်ကို..တောင်းပန်ပါတယ် ၊ စားသမျှအတွက် ပိုက်ဆံ ပေးစရာ မလိုပါဘူး၊ ဒီအဘိုးကြီးက သူတို့ရဲ့ ပြဿနာကို မတတ်နိုင်လို့ပါ"

ဆိုင်ရှင်က အပြုံးမမည်သော အပြုံးဖြင့် အားနာစွာ ပြောလိုက်သည်။

သို့သော် ဤအချိန်တွင် ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့မှာ စားလက်စ တစ်ဝက်တစ်ပျက်သာ ရှိသေးပြီး ဗိုက်လည်း မဝကြသေးပေ။

"ဟေ့ကောင် ဘာကြည့်နေတာလဲ၊ ငါ မင်းကို ပြောနေတာ။ အခုချက်ချင်း ထွက်သွားစမ်း။"

သခင်လေး တစ်ယောက်က လျိုချင်းယန်ကို လက်ညှိုးထိုးကာ အော်ဟစ်လိုက်သည်။

"ဒါ မင်းတို့လို ကောင်တွေ နေရာ မဟုတ်ဘူး။ မင်းတို့မှာ ဒီနေ့ ဒီနေရာမှာ ရှိနေခွင့် မရှိဘူး။ မင်းတို့ ဗိုက်မဝသေးရင်တောင် ထွက်သွားလိုက်၊ မင်းတို့ရဲ့ စားစရိတ်ကို ငါရှင်းပေးလိုက်မယ်။"

အခြား သခင်လေး တစ်ယောက်က မထီမဲ့မြင် ပြုံးရင်း ပြောလိုက်သည်။

လျိုချင်းယန်၏ မျက်လုံးများက ချက်ချင်းပင် စူးရှသွားပြီး အေးစက်စွာ ပြန်လည် ချေပလိုက်၏။

"မင်း ခုနက စကားကို နောက်တစ်ခေါက် ထပ်ပြောကြည့်လိုက်စမ်း။"

ယခု 'ထျန်းယွမ်' ဘုံ စတုတ္ထအလွှာသို့ ရောက်ရှိနေပြီ ဖြစ်သော လျိုချင်းယန်သည် အစွမ်းအစ အတော်အတန် ရှိနေပြီ ဖြစ်ရာ ထို သခင်လေး ဒါဇင်လောက်ကို ဧကန်မလွဲ ကြောက်ရွံ့နေမည် မဟုတ်ပါ။

"ငါ မင်းတို့ကို ထွက်သွားလို့ ပြောနေတယ်။"

ထိုသခင်လေးက လုံးဝ တုန်လှုပ်ခြင်းမရှိဘဲ သူ၏ မျက်လုံးများထဲတွင် မထီမဲ့မြင် အကြည့်နှင့် အေးစက်သော သတ်ဖြတ်လိုသည့် အငွေ့အသက်များ ပေါ်ပေါက်လာတော့သည်။

All Chapters