အမေနဲ့ သမီးကြားက စကားဝိုင်း
Vol. 150 Ch. 2216
စုန့်လန်၏ စကားလုံးတို့က ကျီချင်းရန်ကို ခွန်းတုံ့ပြန် စကား ကင်းမဲ့သွားစေသည်။
သူမ ထိုမေးခွန်းကို အရင်က တစ်ခါမျှ မတွေးတောခဲ့ဖူးချေ။
“ လုပ်လေ … ပြောလေ …. ဘာလို့ အခုကျ အသံမထွက်တော့တာ …”
“ သမီး မလုပ်ချင်ဘူး ….”
“ ဒါဆိုလည်း ဘာလို့ သူ့ကို ဆက်တိုက် ဖိအားပေးနေတာ … သူ လုပ်ချင်တာ လုပ်ပါစေပေါ့ … အချင်းချင်း တစ်ယောက်ကိုယ်တစ်ယောက် လွတ်လပ်မှုပေးရတယ် …. စောင်းကြိုးဆိုတာ တင်းလွန်းရင် ပြတ်တတ်တယ် …”
“ ဒါပေမယ့် သမီးက သူကောင်းဖို့အတွက် လုပ်နေတာလေ …”
“ သူကောင်းဖို့ဆိုတာက ဘာပြောချင်တာ ….” စုန့်လန် လက်ချာရိုက်လိုက်၏။
“ အဲ့တာ စိတ်ဓာတ်ရေးရာ အကြပ်ကိုင်တာလို့ ခေါ်တယ် … နင်က သူကောင်းဖို့အတွက်လို့ ပြောတယ် … တကယ့်တကယ်ကျတော့ နင်က နင့်ကိုယ်နင် ပျော်ရွှင်ဖို့ အတွက် လုပ်နေတာပဲ ….”
ထိုအခိုက်အတန့်တွင် အိုးထဲရှိ ရေညှိကြက်ဥစွပ်ပြုတ်က အဆင်သင့် ဖြစ်သွားပြီး စုန့်လန်က ပန်းကန်လုံးများထဲသို့ ခွဲထည့်လိုက်ရသည်။
“ ပြန်စဉ်းစားကြည့် … လင်းရီ နင့်ကို ချုပ်ချယ်ခဲ့ဖူးတာ ရှိလား … ငါ နင်တို့ နှစ်ယောက်အကြောင်းကို ယွမ်ယွမ်နဲ့ ကောင်းကျုံးယွမ်ဆီကနေ နည်းနည်းပါးပါး ကြားဖူးတယ် … လင်းရီက နင့်ကို မချုပ်ချယ်ရုံတင် မကဘူး … အမြဲတမ်းလည်း အနောက်ကနေ ပံ့ပိုးမှု အပြည့်ပေးတယ် … ဟုတ်တယ်နော်… အကြိမ်တိုင်းပဲ ၊ တကယ်လို့ သူသာ အဲ့ဒီ အရှုပ်အထွေးတွေကို နင့်ကိုယ်စား မဖြေရှင်းပေးဘူးဆိုရင် ချောင်ယွမ်အုပ်စုက ဒီနေ့လို အတိုင်းအတာအထိ တိုးတက်လာမယ်လို့ ထင်လား …”
ကျီချင်းရန် တိတ်ဆိတ်နေသည်။ ဘာကြောင့်ဆိုတော့ သူမ ဘာပြန်ပြောရမှန်း မသိသောကြောင့်ပင်။
ပြန်သုံးသပ်ကြည့်လိုက်တော့ ယင်းကလည်း အမှန်တရား ဖြစ်နေခဲ့သည်။
လင်းရီ၏ နောက်ကွယ်ကနေ ပံ့ပိုးကူညီပေးမှုတို့ မရှိဘူးဆိုပါက ချောင်ယွမ်အုပ်စုမှာ ယနေ့လို နေရာအမြင့်အထိ ရောက်ရှိနိုင်မှာ မဟုတ်ဘဲ နယ်ပယ်ထဲတွင် အမျိုးမျိုးသော ပြဿနာများနှင့် နပန်းလုံးနေရမှာ ဖြစ်သည်။
ယခုကဲ့သို့ ကျိုးဟိုင် ၊ ယွီဟန်နှင့် ရန်မြို့များတွင် မြေကွက်များလည်း ရရှိနိုင်မှာ မဟုတ်ချေ။
ထိုအရာများအားလုံးကို လင်းရီကပဲ သူမထံသို့ ယူဆောင်လာပေးခဲ့တာ ဖြစ်သည်။
သူက တကယ်ပဲ သူမကို မချုပ်ချယ်ခဲ့ဖူးသည့်အပြင် လွတ်လပ်မှုလည်း အပြည့်ပေးထား၏။
သူမလုပ်ချင်သည့်အရာမှန်သမျှကိုလည်း ပြည့်ပြည့်ဝဝ ပံ့ပိုးပေးသည်။
“ သူ အခု ဝတ်ထားတဲ့ အင်္ကျီတွေက အရင် နှစ်သစ်ကူးတုန်းက အင်္ကျီတွေ … တစ်နှစ်တောင် ကျော်နေပြီ … နင် သူ့ကို အင်္ကျီအသစ်လေး ဘာလေး ဝယ်မပေးဘူးလား …”
“ သူလည်း လူကြီးပဲဟာ … သူ့ပစ္စည်းတိုင်းကို လိုက်ဝယ်ပေးလို့မှ မရတာ …”
စုန့်လန်က သူ့သမီးကို ထူးဆန်းသည့် အမူအရာဖြင့် ကြည့်လာသည်။ သို့သော် ဘာမျှတော့ မပြောချေ။
“ အမေက ဘာလို့ အဲ့လိုလာကြည့်နေတာလဲ ….”
“ ငါသာ လင်းရီဆိုလို့ကတော့ နင်နဲ့ လုံးဝ မတွဲဘူး …”
“ ဟင် ….”
ဤစကားကိုတော့ ကျီချင်းရန် လက်သင့်ခံနိုင်ခြင်း မရှိပေ။ “ သမီးက ဘာဖြစ်နေလို့လဲ … သမီးနဲ့ မတွဲချင်တဲ့လူ ဘယ်သူရှိမှာလဲ …”
“ နင်က အမြဲတမ်း နင်လိုချင်တာချည်းပဲ သိတယ် ... ပြီးတော့ နင်နဲ့ ပတ်သက်လာရင် တစ်ခုမဟုတ် တစ်ခုကလည်း အမြဲဖြစ်ပျက်နေလျက်ချည်းပဲ …. နင်နဲ့ စတွဲကတည်းက သူဘာတွေများ ရဖူးလို့ …” စုန့်လန် ပြောလိုက်သည်။
“ နင်က လှတယ် … လင်းရီကလည်း ရုပ်မချောလို့လား … နင် သူ့ထက် ပိုချမ်းသာနေလို့လား …. နင့်မှာ သူ့ထက် သာတဲ့ အဆက်အသွယ်တွေ ရှိလို့လား …သူ နင်နဲ့ စတွဲပြီးကတည်းက ဘာတွေများ ရဖူးတာရှိလဲ … အမှန်အတိုင်းပြောရရင် ရီလေးတော့ နင့်ကို စိတ်တောင် ကုန်နေပြီ ထင်ပါရဲ့ ….”
ကျီချင်းရန် တိတ်ဆိတ်သွားခဲ့ပြီး စကားဆက်မပြောနိုင်တော့ချေ။
“ ပြီးတော့ စဉ်းစားကြည့် … သူက နှစ်အနည်းငယ်အတွင်းမှာပဲ ဒီနေ့လို အနေအထားမျိုး ရောက်လာနိုင်တယ် …. အမေတို့ မိသားစု ဆယ်စုနှစ် တစ်ခုကျော် ရုန်းကန်ခဲ့တဲ့ ရလဒ်ကိုတောင် ကျော်လွန်သွားသေးတယ် … ဒါတွေ အကုန်လုံးက သူ့ကိုယ်ပိုင် အစွမ်းအစကြောင့်ပဲ မဟုတ်ဘူးလား ….” စုန့်လန် ပြောဆိုလိုက်ပြီး “ နင် တွေးကြည့်နော် … တကယ်လို့ သူသာ ဒီတိုင်း သာမန် ရဲအရာရှိတစ်ယောက်ဆိုရင် ဒီလောက်အများကြီးတွေ စွမ်းဆောင်နိုင်မယ်ထင်လား … တစ်ချို့အရာတွေက တန်ဖိုးတစ်ခုတည်းကို ကြည့်လို့ မရဘူး …. လောကကြီးထဲ အဖြစ်အပျက်တစ်ခုချင်းစီတိုင်းက ခြေတစ်လှမ်း လွဲချော်သွားတာနဲ့ မိုင်သောင်းသိန်းမက ဝေးကွာတဲ့ ရလဒ်တွေ ထွက်လာနိုင်တယ်….”
ထိုသို့ ပြောပြီးနောက် စုန့်လန်က ပေါက်စီပူပူနှင့် ဆန်ပြုတ်ကို လင်ဗန်းပေါ်သို့ တင်လိုက်သည်။
“ ဘယ်လိုပဲ ဖြစ်ဖြစ် ငါသာ လင်းရီဆိုလို့ကတော့ သေချာပေါက် နင်နဲ့ ဝေးဝေးနေတယ် … စိတ်ကုန်ချင်စရာပဲ ….”
ကျီချင်းရန် ငူငူငိုင်ငိုင်ကြီး ရပ်နေမိပြီး အချိန်တစ်ခုကြာသည်ထိတိုင် စကားမပြောနိုင် ဖြစ်သွားခဲ့သည်။
သူမ ရင်ထဲတွင် စိတ်ခံစားချက်တို့ ကသောင်းကနင်း ဖြစ်လို့နေသည်။
“ အဲ့မှာပဲ ကျောက်ရုပ်ကြီးလို ရပ်မနေနဲ့ … ကျန်တာတွေ ယူလာခဲ့ … မနက်စာ စားကြမယ် ….”
ဟင်း ….
ကျီချင်းရန် အသက်ပြင်းပြင်း ရှူထုတ်လိုက်သည်။ ထို့နောက် ကျန်သည့် ဟင်းပွဲများကို ထမင်းစား စားပွဲသို့ ယူဆောင်သွားလိုက်၏။
“ လင်းရီ … မနက်စာ ရပြီ … သားပြီးရင် ဆင်းခဲ့လိုက်တော့ ….”
“ ဟုတ် အန်တီ …” လင်းရီ အပေါ်ထပ်ကနေ ပြန်ထူးလိုက်၏။
ထိုအချိန်မှာပဲ ကျီအန်းထိုက်က သန့်စင်ခန်းသုံးပြီး၍ အောက်ထပ်သို့ ဆင်းလာသည်။ စားပွဲပေါ်တွင် ဖွယ်ဖွယ်ရာရာ အစားအသောက်များကို မြင်တော့ ရွှင်မြူးတက်ကြွသည့် လေသံဖြင့် ပြောလိုက်၏။
“ မနက်အစောကြီးကို ဒီလောက် အများကြီး ပြင်ဆင်ထားတယ် ဆိုတော့ ငါ့သားမက်အစွမ်းကတော့ တယ်ဟုတ်လှပါလားကွ ….”
“ သူ့ မိဘတွေက ဒီမှာမှ မရှိတာ … ကျွန်မတို့မှ သူ့ကို ဂရုမစိုက်ပေးရင် ဘယ်သူက သူ့ကို ဂရုစိုက်ပေးမှာ … ရှင့်သမီးလား …” စုန့်လန်က ပြန်ပက်လိုက်၏။
“ ကျွန်မ ရှေ့ရက်တုန်းက ဆေးခန်းသွားတော့ ဒေါက်တာပြောတာ မနက်စာက သုံးနပ်စာထဲမှာ အရေးကြီးဆုံးပဲတဲ့ … မဟုတ်ရင် ရောဂါတွေ ရလာတတ်တယ် ….”
ကျီချင်းရန်မှာ ရင်ထဲ ရှုပ်ထွေးနေသည့် ခံစားချက်တို့နှင့် အတူ နားထောင်နေကာ သူမ၏ အမူအရာကလည်း ဖော်မပြတတ်လောက်အောင် ဖြစ်နေသည်။
မကြာမီ လင်းရီ အောက်ထပ်သို့ ဆင်းလာခဲ့ပြီး မိသားစု မနက်စာ ထမင်းဝိုင်းလည်း စတင်တော့သည်။
စုန့်လန်က ထုံးစံအတိုင်း နွေးနွေးထွေးထွေးနှင့် လင်းရီကို သူ့သား အရင်းတစ်ယောက်ကဲ့သို့ သဘောထား ဆက်ဆံသည်။
စားသောက်ပြီးနောက် လင်းရီနှင့် ကျီချင်းရန်တို့က အလုပ်သို့ အတူသွားသည်။ ထုံးစံအတိုင်းပဲ သူမကို ကုမ္ပဏီရှေ့သို့ ချပေးလိုက်လေသည်။
“ နင် ဒီည အလုပ်များမယ်ဆိုရင် ငါ့ကို လာကြိုပေးဖို့ မလိုဘူး … ငါ့ဘာငါ မောင်းပြီး အိမ်ပြန်လိုက်မယ် ….”
လင်းရီ ခေတ္တ အတွေးနက်သွား၏။ “ စခန်းမှာ ဘယ်လောက် အလုပ်များလဲ ကြည့်လိုက်ဦးမယ် … တကယ်လို့ သိပ်မများဘူးဆိုရင်တော့ လာကြိုပေးမယ်လေ ….”
“ အလုပ်က အရေးကြီးတယ် ….”
“ နားနဲ့ပဲ ထောင်လိုက်မယ် …” လင်းရီ ပြုံးလိုက်ပြီး “ ကောင်းပြီ ငါ အခုသွားပြီနော်….”
“ သေချာလည်း မောင်းသွားဦး ….”
“ အိုကေ …”
ခွန်းတုံ့ပြန်ပြီးနောက် လင်းရီ မောင်းထွက်သွားခ့သည်။ ကျီချင်းရန်က ထွက်ခွာသည့် လင်းရီ၏ကား သူမရဲ့ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားချိန်အထိ ငေးကြည့်နေမိသည်။ ထို့နောက် လေးလံသည့် စိတ်တို့နှင့်အတူ ဓာတ်လှေကားထဲ ဝင်သွားခဲ့သည်။
စုန့်လန်၏ စကားလုံးတို့က ကျီချင်းရန်၏ အရှိုက်ကို ထိုးနှက်လိုက်သကဲ့သို့ နာကျင်လှ၏။ သို့သော် သူမကို ပိုပြီး အခက်တွေ့စေသည်က မနေ့ညက လင်းရီ ပြောခဲ့သည့် စကားတစ်ခွန်းပင်။
‘ ဒီနှုန်းအတိုင်းသာဆိုရင်တော့ အသက် လေးဆယ်ကျော်တောင် ကလေးအဖေဖြစ်ဖို့ ခဲယဉ်းဦးမယ် ထင်တယ် ….’
သူလည်း သူမကို ကျိန်းသေပေါက် စိတ်ပျက်နေလောက်သည်။
သူမ အမေ ဤမနက်ခင်းတွင် ပြောသကဲ့သို့ အရာရာတိုင်းက အကြောင်းအရင်း တစ်ချက်ကြောင့် ဖြစ်လာခဲ့ခြင်း ဖြစ်၏။
လင်းရီရဲ့ စိတ်ခံစားချက်ကတော့ ကျီချင်းရန်ကဲ့သို့ ရှုပ်ထွေးမနေချေ။ မောင်းထွက်လာပြီးနောက် အာယာနဲ မစ်ဆူထံ ဆက်သွယ်လိုက်သည်။
“ လူကြီးမင်းရီ ….”
အာယာနဲမစ်ဆူ၏ အသံက ညင်သာဆဲ ညင်သာမြဲ ဖြစ်ပြီး ဆယ်ကျော်သက် ကောင်မလေး တစ်ယောက်ကဲ့သို့ပင်။
“ ငါမင်းကို တစ်ခု မေးချင်လို့ ….”
“ အင်း မေးလေ …”
“ မာတဲ့ဟုန်လို့ ခေါ်တဲ့ တစ်ယောက်ကို သိလား ….”
“ မာတဲ့ဟုန်လား …”
အာယာနဲ မစ်ဆူ၏ လေသံက လင်းရီ မျှော်လင့်ထားသည့်အတိုင်း အံ့အားသင့်သွားခဲ့သည်။
“ သူနဲ့ ပတ်သက်ပြီး နည်းနည်းပါးပါးတော့ သိထားတယ် …” သူမ ပြောလိုက်ပြီး “ သူက ဒီရစ်ဓာတ်ခွဲခန်းမှာ အလုပ်လုပ်ဖူးတဲ့လူလေ … မျိုးရိုးဗီဇနဲ့ ပတ်သက်တဲ့ သုတေသနတွေကို အထူးပြုတယ် …. ငါတို့ သူ့ကို ငှားရမ်း အလုပ်ခန့်ဖို့ တစ်ခါ ကြိုးစားခဲ့ဖူးတယ် … ဒါပေမယ့် သူ့ဘက်က လက်မခံဘူး ….”
“ သူက ဗီဇဆေးရည်အကြောင်းတွေ သုတေသနလုပ်တာမလား ….”
“ အင်း …” အာယာနဲ မစ်ဆူ အတည်ပြုပေးလိုက်၏။ “ ဒါပေမယ့် ငါကြားတာတော့ သူက အရင် ၂ နှစ်တုန်းကတည်းကရင် ဒီရစ်ဓာတ်ခွဲခန်းကနေ အလုပ်ထွက်သွားပြီတဲ့ … ငါတို့လည်း အဲ့ကတည်းက သူနဲ့ ဆက်သွယ်ဖို့ ကြိုးစားခဲ့တာပဲ … ဒါပေမယ့် မရဘူး … အဲ့နောက်ပိုင်းကျ သူပျောက်သွားတယ် … သူ အခု ဘာတွေလုပ်နေလဲ ငါတို့လည်း မသိဘူး ….”
“ သိပြီ …”
“ လူကြီးမင်းရီက ဘာလို့ သူ့အကြောင်း မေးလာတာလဲ ….”
“ သူ တလောတင်ပဲ ကျိုးဟိုင်မှာ ပေါ်လာလို့ …. သူ့ရဲ့ နောက်ခံသမိုင်းတွေကြောင့် ငါတို့ သူ့ကို ဖမ်းထားတယ် … သူ့ကို စစ်မေးဖို့ပေါ့ …” လင်းရီ ရှင်းပြလိုက်သည်။ “ တကယ်လို့ သူသာ ဟွာရှရဲ့ နယ်နိမိတ်ထဲမှာ ဇယားလာရှုပ်ချင်နေတယ်ဆိုရင်တော့ သူ့ကို ချိတ်ကနေ လွှတ်ပေးလိုက်လို့ ဘယ်ဖြစ်မှာ ….”
အာယာနဲ မစ်ဆူမှာ တစ်ခဏမျှ တိတ်ဆိတ်သွား၏။
“ တကယ်လို့ အဲ့လိုသာဆိုရင်တော့ သူ့ကို သေချာလေး စုံစမ်းသင့်တယ် ….”
“ ဘာလို့ … မင်းလည်း သူ့ကို မူမမှန်ဘူး ထင်တာလား ….”
“ ဘာလို့ဆို အာရှ-ပစိဖိတ် မှာ မစ်ဆူအုပ်စုကပဲ ဗီဇဆေးရည်ရဲ့ အဓိက နည်းပညာကို ဆုပ်ကိုင်ထားတာလေ … ဒါပေမယ့် အရင်နှစ်ကစပြီး ငါတို့ရဲ့ နိုင်ငံခြား အမှာစာတွေက ရာနှုန်း ၄၀ လောက် လျော့ကျသွားတယ် … အတော်လေး ပုံမှန် မဟုတ်ဘူး ….”
“ မင်းကိုက ဆတ်ဆတ်ထိမခံ ဖြစ်လွန်းနေတာ မဟုတ်ဘူးလား … လူတွေ ဝယ်လို့ရတဲ့ တခြားလမ်းကြောင်းတွေလည်း ရှိနေတာပဲလေ … မစ်ဆူမိသားစု တစ်ခုတည်းပဲ ရှိတာမှ မဟုတ်တာ … တခြားနေရာကနေ ဝယ်ချင်လည်း ဝယ်မှာပေါ့ ….”
“ လူကြီးမင်းရီ … နင် ဒီကိစ္စကို နားမလည်ပါဘူး … လူမျိုး ကွဲပြားတာကြောင့် မတူကွဲပြားတဲ့ ဒေသတွေမှာ ရောင်းတဲ့ ဗီဇဆေးရည်တွေကလည်း မတူဘူး … ငါတို့ မစ်ဆူမိသားစုရဲ့ ဗီဇဆေးရည်က အာရှ-ပစိဖိတ် လူမျိုးတွေနဲ့ ပိုပြီး သင့်လျော်တယ် … ဒါကြောင့်မို့ သူတို့မှာ တခြားလမ်းကြောင်းဆိုတာ မရှိဘူး …. သေချင်လို့ စွန့်စားချင်နေကြတယ်ဆိုရင်တော့ မပြောတတ်ဘူးပေါ့ …”
ခေတ္တမျှ ချင့်ချိန် စဉ်းစားပြီးနောက်တွင် လင်းရီ ပြောလိုက်သည်။ “ ဧကန္တ တစ်စုံတစ်ယောက်ကများ အာရှ-ပစိဖိတ်မှာရှိတဲ့ မင်းတို့ ဈေးကွက်ကို ခိုးယူနေတာများလား …”