ပါရမီရှင်
Vol. 150 Ch. 2217
“စစချင်းတုန်းကတော့ ငါလည်း အဲ့လောက်ထိ မတွေးမိဘူး … ဒါပေမယ့် နင် မာတဲ့ဟုန်အကြောင်း ပြောလာတော့မှ ဆက်စပ်မိသွားတာ ….” အာယာနဲ မစ်ဆူ ပြောလိုက်သည်။ “ သူ့ ဇစ်မြစ်က ဟောင်ကောင်ကလေ … အာရှ-ပစိဖိတ်မှာ အချမ်းသာဆုံး နိုင်ငံတွေထဲက တစ်ခုပဲ … တကယ်လို့ တစ်စုံတစ်ယောက်က ဒီလိုကိစ္စတွေ လုပ်ချင်တယ်ဆိုရင် ဟောင်ကောင်က နေရာကောင်းပဲ …”
ရုတ်တရက်ဆိုသလို တစ်စုံတစ်ခုကို စဉ်းစားမိသွားသည့်နှယ် လင်းရီ၏ မျက်လုံးတို့ ကျဉ်းမြောင်းသွားခဲ့သည်။
ဖရီးမေဆင်သည်လည်း ဗီဇဆေးရည်ကို ဖန်တီးထုတ်လုပ်နိုင်နေပြီး မစ်ဆူအုပ်စု လက်ဝယ်ပိုင်ဆိုင်ထားသည့် အရာထက်ပင် ပို၍ အဆင့်မြင့်နေသေးသည်။
ဟုန်မန်ဂိုဏ်းက သူတို့ရဲ့ နိုင်ငံခြား ဌာနခွဲတစ်ခု ဖြစ်၏။ ထို့ကြောင့် အာရှ-ပစိဖိတ်ရှိ ဗီဇဆေးရည်နှင့် ပတ်သက်သည့် စီးပွားရေးလုပ်ငန်းများ နှောင့်ယှက်ခံရသည့် ကိစ္စက သူတို့နှင့် ဆက်စပ်နေဖို့ များသည်။ ဘာကြောင့်ဆိုတော့ သူတို့တွေ မစ်ဆူအုပ်စုကို တစ်ယောက်တည်း လက်ဝါးကြီးအုပ်ထားခွင့် မပြုနိုင်သောကြောင့်ပင်။
မနေ့ညတုန်းက ချိုးယွီလော့ သတင်းပေးလာခဲ့သည်မှာ မာတဲ့ဟုန်က ယခင် ခြောက်လတွင် ဟောင်ကောင်၌ တက်ကြွလှုပ်ရှားနေခဲ့သည်ဆိုပင်။ ဆက်စပ်မှုက ပို၍ ပို၍ ကြီးမားလာနေပြီ ဖြစ်၏။
“ အိုကေ … ငါ အခု ရှင်းသွားပြီ … တကယ်လို့ တခြားရှိတယ်ဆိုရင် ငါမင်းဆီ ဆက်သွယ်လိုက်မယ် …”
“ ရတယ် … လိုအပ်ရင် အချိန်မရွေး ခေါ်လိုက် ….”
“ အင်း …”
ဖုန်းချပြီးနောက် လင်းရီ အချိန်အတော်ကြာသည်ထိအောင် စဉ်းစားခန်း ဝင်သွားခဲ့သည်။
ဟွာရှတွင် ဗီဇဆေးရည်နှင့် ပတ်သက်သည့် ကိစ္စရပ်များကို မည်မျှ တင်းကြပ်ထားကြောင်း ဟောင်ကောင်ဘက်ခြမ်းက မသိဘဲ မနေချေ။ ပုံမှန် အသိစိတ်က ပြောပြနေသည်မှာတော့ သူတို့တွေ ပြည်မကြီးထဲ လွယ်လင့်တကူ လူစေလွှတ်မှာ မဟုတ်ဟူ၍ပင်။
ထို့ကြောင့် မာတဲ့ဟုန်ကိစ္စက အတော်လေး ကြီးမားသည့် ပြဿနာတစ်ရပ်ဖြစ်၏။ သူ့တွင် လျှို့ဝှက်ချက်တော်တော်များများ ကိုင်ဆောင်ထားရမည်။ ထိုအရာများအားလုံးက သေချာစုံစမ်းစစ်ဆေးလို့ ထိုက်တန်သည့် လျှို့ဝှက်ချက်များ ဖြစ်၏။
ဤအကြောင်း စဉ်းစားမိတော့ လင်းရီ ချိန်ပင်းချန်ကို ဖုန်းခေါ်လိုက်လေသည်။
ပြောသည့် အကြောင်းအရာတို့က ရိုးရိုးရှင်းရှင်းပင်။ မာတဲ့ဟုန်ကို ရှင်းရှန်းရဲစခန်းသို့ ပြောင်းရွေ့ရန် အကြောင်းပြချက် တစ်ခု ရှာခိုင်းလိုက်ခြင်း ဖြစ်၏။
ချိန်ပင်းချန်နှင့် ဖုန်းပြောပြီးနောက် လင်းရီသည် ရှန်းထျန်းကျိုးထံသို့ ဖုန်းဆက်ကာ သုတေသန စင်တာတွင် ရှိနေကြောင်း အတည်ပြုလိုက်သည်။ ထို့နောက် မောင်းထွက်လာခဲ့လိုက်၏။
စနစ်က သူ့ကို ကာဗွန်ချစ်ပ် ဒီဇိုင်းများ ဆုချီးမြင့်ထားလေရာ ရှိထားသည်များကို အသုံးမပြုဘူးဆိုပါက အချည်းနှီး ဖြစ်သွားလိမ့်မည်။ ရှန်းထျန်းကျိုးလက်ထဲသို့ အပ်နှံလိုက်သည်က ပိုပြီး ကောင်းမွန်သည့်အရာ ဖြစ်၏။
…..
သုတေသန စင်တာထဲတွင် ရှန်းထျန်းကျိုးက သူ့ ကွန်ပျူတာရှေ့တွင် ထိုင်နေပြီး 3-nm ချစ်ပ်၏ ဆားကစ်ဒီဇိုင်းကို လေ့လာနေသည်။
(3 နာနို ၊ 5 နာနို နာမည်တွေ အသီးသီးပေးထားပေမယ့် ချစ်ပ်က တဖြည်းဖြည်း သေးသွားတာ မဟုတ်ဘဲ သူ့စွမ်းဆောင်ရည် မြင့်မားလာတာကို ဆိုလိုပါတယ်)
သူ့နောက်တွင် သုတေသန ပညာရှင်များစွာက မတ်တပ်ရပ်နေလျက် ရှိပြီး ဖုန်းကို ချပြီးနောက် ရှန်းထျန်းကျိုး မတ်တပ်ရပ်၍ သူ့လူများအား ပြောလိုက်သည်။
“ မင်းတို့ အလုပ်တွေကို လောလောဆယ် ဘေးချိတ်ထားပြီး ဓာတ်ခွဲခန်းကို သန့်ရှင်းထားလိုက် … ဒါရိုက်တာလင်းက အခုလာနေပြီ … ပရမ်းပတာ ရှုပ်ပွနေရင် ဘာမှ လုပ်လို့ရမှာ မဟုတ်ဘူး ….”
လင်းရီ အသေးစိတ် များများစားစား မပြောပြခဲ့သော်လည်း ရှန်းထျန်းကျိုးက အနှီကိစ္စရပ်များကို ကောင်းမွန်စွာ စီမံခန့်ခွဲသွားခဲ့သည်။ သူ့ရဲ့ အခန်းကဏ္ဍကို သေချာရှင်းလင်းစွာ နားလည်သောကြောင့်လည်း ကိုင်တွယ်စီမံသမျှ အရာအားလုံးက ကြီးကြီးမားမား အောင်မြင်နေသည်မှာ မထူးဆန်းတော့ပေ။
“ မြန်မြန် … မြန်မြန် … အဆင်သင့် လုပ်ထားကြ … ဒါရိုက်တာလင်း ရောက်လာမယ်တဲ့ ….”
အမျိုးသမီး သုတေသန ပညာရှင် တစ်ချို့က သူတို့အချင်းချင်း တီးတိုးပြောလိုက်ကြသည်။
“ ဒါရိုက်တာလင်းက အတော်လေး ချောတယ်လို့ ကြားမိတယ် … အဲ့တာအမှန်ပဲလား မသိဘူးနော်…”
“ ဟုတ်တာပေါ့ … အဲ့တာအမှန်ပဲ … ငါ အရင်က ဒါရိုက်တာလင်းကို တစ်ခါတွေ့ဖူးတယ် … သူက ချောရုံတင်ပဲ မဟုတ်ဘူး .. အံ့ဩဖို့လည်းကောင်းတယ် … သူ့ရဲ့ ကျော့ရှင်းတဲ့ ဟန်ပန်တိုင်းက ကောင်းကင်နဲ့ စိတ်ဝိဉာဏ်ကို လှုပ်ခါသွားစေတဲ့အထိပဲ … ရွယ်တူတွေကြားထဲမှာ သူ့လောက်ချောတဲ့လူ နှစ်ယောက် ရှိမှာမဟုတ်ဘူးလို့ ပြောရတယ် … ပြီးတော့ အရေးကြီးဆုံးက ယောက်ျားဆန်တာပဲ ….”
ထိုစကားပြောနေသည့် အမျိုးသမီးက စွန်းနင် ဖြစ်ပြီး ဆံပင်အတိုနှင့် သွက်လက်သည့် ခံစားချက်ကို ပေးစွမ်းနေသည်။
“ အဲ့လောက်ထိ ဖားယားမနေစမ်းပါနဲ့ကွာ … ငါ ကြက်သီးတွေတောင် ဖြန်းလွန်းလို့ …”
ပြောလိုက်သူက မျက်မှန်တပ်ထားသည့် အမျိုးသားတစ်ဦးပင်။ နာမည်က ဖန်းရုန်ဖြစ်ပြီး သုံးဆယ်အရွယ်မျှသာ ရှိဦးမည့်ပုံပေါ်သည်။ အတော်လေး ငယ်ရွယ်သေးသည်ဟု ပြောရမည်။
“ ငါ အမှန်တရားတွေ ပြောနေတာ … ဖားယားနေတာ မဟုတ်ဘူး ….”
“ မင်းက သူ့ကို ရုပ်ချောကြည့်ကောင်းတယ်လို့ ချီးကျူးတယ် … အဲ့ဒီအထိက ငါလက်ခံနိုင်သေးတယ် … ဒါပေမယ့် ရွယ်တူထဲမှာ သူ့လောက်ချောတဲ့လူ နှစ်ယောက်မရှိဘူးဆိုတာကတော့ နည်းနည်းများသွားပြီ ….”
“ အဲ့တာ ချဲ့ကားပြီး ပြောနေတာမှ မဟုတ်ဘဲ … ငါတော့ နင် မနာလို ဖြစ်နေတယ်လို့ ထင်တာပဲ … ဒေါက်တာလင်း ရောက်လာတဲ့ အချိန်ကျရင် သူ ဘယ်လောက်ထိ ချောလဲဆိုတာ အဲ့မှာ နင့်မျက်လုံးကြီးနဲ့ သေချာကြည့် ….” စွန်းနင် ဟွန့်ခနဲ အသံပြုပြီး ပြောလိုက်သည်။
“ အေးပါ အေးပါ … သူက ကြည့်ကောင်းတယ်ဆိုဦးတော့ အဲ့တာ ဘာဖြစ်လဲ …. အရည်အချင်းက အဓိကပဲ မဟုတ်လား ….”
“ နင် အဲ့မှာ မှားပြန်ပြီ … ဒါရိုက်တာလင်းက ရုပ်ချောရုံတင် မကဘူး … ဘော့စ်ရှန်း ပြောသံကြားရသလောက်ဆိုရင် ဒါရိုက်တာလင်းရဲ့ အရည်အချင်းတွေကလည်း ဖြုံဖို့ သိပ်ကောင်းတယ်တဲ့ ….”
“ တော်စမ်းပါကွာ ….” ဖန်းရုန် ပြောလိုက်ပြီး “ ငါတို့ အခု ဘယ်နေရာမှာ အလုပ်လုပ်နေလဲဆိုတာ ကြည့်လိုက်ဦး … ကမ္ဘာ့ထိပ်တန်း ချစ်ပ်ထုတ်လုပ်သူတွေထဲက ဓာတ်ခွဲခန်းတစ်ခုမှာနော်… နိုင်ငံထဲ ထိပ်တန်း အင်ဂျင်နီယာ အယောက် ၂၀ ထဲမှ မဟုတ်ဘူးဆိုရင် ငါတို့ စင်တာထဲ ခြေချနိုင်မှာတောင် မဟုတ်ဘူး …. ဒါရိုက်တာလင်းက အင်မော်တယ်မှ မဟုတ်တာ … သူ့အသက်က ၃၀ တောင်မရှိသေးတာကို သူ့ အရည်အချင်းတွေက ဘယ်လောက်များ မြင့်နိုင်မှာမို့လို့ … အလွန်ဆုံးသိလှ coding နည်းနည်းပါးပေါ့ … ဘာကြွားလောက်စရာမှ မရှိဘူး ….”
“ နင်ကိုက မနာလိုဖြစ်နေတာပါ … ငါပြောသမျှကို အကန်တွေချည်း လိုက်ပြောနေတယ် … ဒါရိုက်တာလင်းရောက်လာတဲ့ အခါကျတော့မှ သူ ဘယ်လောက်ထိ အစွမ်းအစရှိလဲ နင့်ဘာနင် ကြည့်တော့ …..”
“ မင်း သဘောပဲ … ငါကတော့ မင်းကိုက ချဲ့ကားလွန်းနေတယ်လို့ ထင်တယ် ….”
သူတို့ရဲ့ တီးတိုးဆွေးနွေးငြင်းခုံမှု အပြီးတွင် လူတိုင်းက စတင်ပြီး သန့်ရှင်းရေး လုပ်ကြတော့သည်။ ခေါင်းဆောင်ကြီး ရောက်လာမည်ဆိုတော့ သပ်သပ်ရပ်ရပ် ကြည့်ကောင်းနေဖို့ လိုသည်။
မကြာမီ လင်းရီရဲ့ကားက အပြင်တွင် ထိုးရပ်လာခဲ့ပြီး ရှန်းထျန်းကျိုးက သူ့ကို အထဲသို့ ဝင်ရန် ပျူငှာလိုက်သည်။
“ ဘော့စ်ရှန်း … ခင်များ လတ်တလော အလုပ်ရှုပ်နေလား မသိဘူး ….”
“ အင်း အတော်လေးပေါ့ ….”
ရှန်းထျန်းကျိုး လင်းရီကို မကွယ်ဝှက်ထားချေ။ “ 3-nm ချစ်ပ်နဲ့ ကာဗွန်ချစ်ပ်ကို ဆက်တိုက် တစ်ခုပြီး တစ်ခု သုတေသနတွေ လုပ်နေတာ … အခု ဝန်ထမ်းအင်အားတောင် နည်းနည်း ပြတ်လပ်ချင်သလို ဖြစ်နေပြီ …”
“ လူတွေ လိုအပ်တယ်ဆိုလည်း ဒီတိုင်း ငှားလိုက်လေ … တန်ကြေးကိစ္စကို စိုးရိမ်ဖို့ မလိုဘူး ….”
“ ရတယ် … ငါတို့တွေ အချိန်ပိုဆင်းပြီး အချိန်တစ်ချို့ညှစ်ထုတ်လို့ရတယ် …” ရှန်းထျန်းကျိုးက ပြုံးလျက် ပြောလိုက်သည်။ “ မင်း ဒီနေ့ ရောက်လာခဲ့တာက ကိစ္စ ရှိလို့လား ….”
“ ကျွန်တော် ကာဗွန်ချစ်ပ် ဒီဇိုင်းတစ်ခု ရလာလို့ ခင်များကို လာပြတာ … သွားစို့ … ရုံးခန်းထဲ စကားသွားပြောကြမယ် ….”
“ ကာဗွန်ချစ်ပ် ဒီဇိုင်းဟုတ်လား ….” ရှန်းထျန်းကျိုး ကြက်သေသေသွားပြီး “ မင်း တကယ်ကြီး ယူလာတာလား … နောက်နေတာတော့ မဟုတ်ဘူးမလား ….”
လင်းရီ ခေါင်းညိတ်လိုက်ပြီး ထိုသို့ ဖြစ်သင့်သည်နှယ် ခံစားနေရသည်။
“ ဒါဆို အမြန်လေး … သွားပြီး တစ်ချက် ကြည့်ကြမယ် ….”
ရှန်းထျန်းကျိုးက လင်းရီကို သူ့ရုံးခန်းထဲသို့ အားတက်သရော ဦးဆောင်သွားသည်။
အခြားသော သုတေသန ပညာရှင်များမှာ အချင်းချင်း အကြည့်ချင်း ဖလှယ်မိလိုက်ကြ၏။ သူတို့ မျက်လုံးတို့ ပြူးကျယ်နေပြီး ပါးစပ်များလည်း ပွင့်အာနေကာ နားကြားမှားလေသလောဟု ထင်ယောင်ထင်မှား ဖြစ်နေမိကြသည်။
“ နင်တို့ ကြားလိုက်ကြလား …. ဒါရိုက်တာလင်းက ကာဗွန်ချစ်ပ် ဒီဇိုင်းပါလာတယ်တဲ့ ….” စွန်းနင်က ထင်မှတ်မထားသည့်နှယ် ပြောလာသည်။
“ အင်း … အဲ့လို ပြောသွားတယ် ထင်တာပဲ ….”
“ ဒါပေမယ့် ငါတို့တွေ ဒီလောက်အကြာကြီး သုတေသန ပြုနေတာတောင် အောင်မြင်သေးတာ မဟုတ်ဘူးလေ … ဒါရိုက်တာလင်းက တာဝန်တွေ အများကြီးကိုလည်း စီမံခန့်ခွဲရသေးတယ် … ပြီးတော့ သူက တစ်ယောက်တည်း … ဒါကို သူ ဘယ်လိုမျိုး လုပ်လိုက်တာလဲတဲ့ ….”
“ ပါရမီရှင် ဖြစ်လို့နေမှာပေါ့ … ဒါပေမယ့် ငါလည်း မယုံကြည်နိုင်သေးဘူး … အလွန်ဆုံးမှ တစ်စိတ်တစ်ပိုင်းလောက်ပဲ ထင်တယ် ….”
“ ငါလည်း အဲ့လိုထင်တယ် ….” ဖန်းရုန်က ပြောလိုက်သည်။ “ အပေါ်ယံ အောင်မြင်မှုလေးပဲ နေမှာပါ … ငါတို့ကိုက တမျှော်တခေါ်ကြီးတွေ တွေးနေမိကြတာ ဖြစ်မယ် ….”
“ ငါကတော့ အဲ့လိုမဟုတ်ဘူးဆိုတာ လောင်းရဲတယ် …” စွန်းနင် ပြောလိုက်သည်။
“ ဟက် ….” ဖန်းရုန် လှောင်ပြောင်လိုက်ပြီး “ အခုချိန် ပြောနေလို့ ဘာအဓိပ္ပာယ်မှမရှိဘူး …. သူတို့ထွက်လာရင် ငါတို့ ဘော့စ်ရှန်းကို မေးကြတာပေါ့… အဲ့တာဆို အဖြေသိရပြီပဲ ….”
နာရီဝက်ခန့်ကြာပြီးနောက် လင်းရီနှင့် ရှန်းထျန်းကျိုးတို့ ရုံးခန်းထဲက ထွက်လာခဲ့ကြသည်။
လင်းရီက သက်တောင့်သက်သာ ဖြစ်နေစဉ်တွင် ရှန်းထျန်းကျိုးမှာတော့ တစ်စုံတစ်ရာကြောင့် အကြီးအကျယ် စိတ်လှုပ်ရှားနေဟန်ပေါ်သည်။
“ ဘော့စ်ရှန်း … ကျွန်တော် အခု သွားတော့မယ် … တကယ်လို့ တစ်ခုခု လိုအပ်တာရှိရင် ကျွန်တော့်ဆီ အချိန်မရွေး ဖုန်းဆက်လိုက်… အားမနာနဲ့ ….”
“ အေးပါ ….”
ရှန်းထျန်းကျိုးက လင်းရီကို အပြင်သို့ ရောက်သည်အထိ လိုက်ပို့လိုက်သည်။ သူတို့တွေ တံခါးဝသို့ ရောက်သည်အထိ စကားတွေ ပြောနေခဲ့ကြပြီး ကားသို့ ရောက်သည့်အခါမှသာ နှုတ်ဆက်၍ ထွက်ခွာသွားခဲ့သည်။
ရှန်းထျန်းကျိုး ပြန်ရောက်လာချိန်တွင်တော့ သုတေသန ပညာရှင်များ၏ ဝန်းရံခြင်းကို ခံလိုက်ရလေသည်။
“ ဘော့စ် … ဒါရိုက်တာလင်း ပေးတဲ့ ကာဗွန်ချစ်ပ် ဒီဇိုင်းက ဘယ်လိုမျိုးလဲ … ကျွန်တော်တို့ကိုလည်း မျှဝေပေးလို့ရလား … အဲ့တာက သုတေသန လုပ်ငန်းတွေကို ကူညီပေးရင် ကူညီပေးနိုင်မှာပေါ့ ….”
“ အဲ့တာက ဒီဇိုင်းအပြည့်အစုံပဲ … ပြီးတော့ သိပ်လည်း ပြီးပြည်စုံလွန်းတယ် …” ရှန်းထျန်းကျိုး သက်ပြင်းချလိုက်သည်။ “ ငါတို့ အရင် သုတေသန လုပ်နေတာတွေက မှားယွင်းတဲ့ ဦးတည်ရာလမ်းကြောင်းကို သွားနေမိကြတာပဲ … ဒါရိုက်တာလင်းရဲ့ ဒီဇိုင်းကို မြင်တွေ့ပြီးတော့မှ တကယ့်တကယ် ကာဗွန်အခြေပြု ချစ်ပ်ပုံစံက ဘယ်လိုမျိုးလဲဆိုတာ နားလည်သွားရတော့တယ် … ငါတို့ အရင် သုတေသန လုပ်ခဲ့တာတွေအကုန် အချည်းနှီးပဲ …”
ဤသည်ကို ကြားတော့ လူတိုင်း လေအေးကြီးများ ရှူရှိုက်မိသွားခဲ့ကြပြီး သတင်းကြောင့် ရှော့ခ်ရသွားခဲ့ကြ၏။
“ ဖန်းရုန် … ဒါရိုက်တာလင်းက အပေါ်ယံလေးပါလို့ နင်ပဲ စောနက ပြောခဲ့တယ်မလား … အခု ဘယ်လို နေလဲ … မျက်နှာဖြတ်ရိုက်ခံရတာ စပ်ဖျင်းဖျင်း ဖြစ်ရဲ့လား …”
ဖန်းရုန် “ ….. “