ဘယ်လို သေသွားတာလဲ
Vol. 150 Ch. 2218
သုတေသန စင်တာထဲကနေ ထွက်လာခဲ့ပြီးနောက် လင်းရီ ရှန်းရှန်းရဲစခန်းသို့ မောင်းနှင်လာသည်။ ချိန်ပင်းချန် မာတဲ့ဟုန်အား လွှဲပြောင်းပေးလာသည်ကို စခန်းတွင် စောင့်ဆိုင်းရမည် ဖြစ်၏။
သို့သော် သူ မောင်းထွက်လာပြီး သိပ်မကြာခင်မှာပဲ ချိန်ပင်းချန်ထံက ဖုန်းဝင်လာသည်။
“ ခေါင်းဆောင်ချိန် … မာတဲ့ဟုန်ကို ပို့ထားပြီးပြီလား ….” လင်းရီ ပြုံးလျက် မေးလိုက်သည်။
“ မင်း ပြောတဲ့ လူက ပြဿနာ နည်းနည်းတက်နေတယ် … သူ အချုပ်ထဲမှာ သေသွားခဲ့ပြီ … ငါတို့လည်း သေသွားရတဲ့ အကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေတုန်းပဲ ….”
“ အာ … သူ သေသွားပြီ ဟုတ်လား ….”
ဤသတင်းကို ကြားတော့ လင်းရီ ခေတ္တမျှ ကြက်သေသေသွားခဲ့သည်။ ထို့နောက် ကားကို လမ်းဘေးထိုးရပ်လိုက်၏။
“ မင်း ငါ့ကို အစောပိုင်း ဖုန်းဆက်လာတုန်းက ငါ အစည်းအဝေးတက်နေတာ … အစည်းအဝေးပြီးတော့ အောက်က ဝန်ထမ်းတွေကို ညွှန်ကြားချက်ပေးလိုက်တယ် … ငါ စုန့်ကျန်းရဲစခန်းကို ရောက်တော့ မာတဲ့ဟုန်က သေသွားနှင့်ပြီ ဆိုတဲ့ သတင်း ကြားရတော့တာပဲ ….” ချိန်ပင်းချန် ပြောလိုက်သည်။ “ ငါ တစ်ချက်ကြည့်လိုက်တော့ မင်း ပြောနေတဲ့လူက ကာယိန္ဒြေ နှောင့်ယှက်မှုနဲ့ ဖမ်းခံထားရတဲ့လူ …. ဒါ အတော်လေး ရိုးရှင်းတဲ့ အမှုပဲ … ဒါပေမယ့် မင်းကိုယ်တိုင် စစ်ဆေးမေးမြန်းချင်နေတယ်ဆိုတော့ ဒီလူ့နောက်ကွယ်မှာ ပြောပြလို့ မရနိုင်တဲ့ နောက်ခံတွေ ရှိနေရမယ် မှန်တယ်မလား ….”
“ အမှန်ပဲ ….” လင်းရီ ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “ ဒါပေမယ့် အတိအကျတော့ ကျုပ်လဲ ပြောမရဘူး … ခေါင်းဆောင်ချိန် … ခင်များ စိတ်တော့ မရှိပါနဲ့ ….”
“ ပြဿနာ မရှိဘူး … ငါနားလည်တယ် …” ချိန်ပင်းချန်က ရွှင်ပြစွာ ပြောလာသည်။
“ နောက်ဆက်တွဲ ကိစ္စကို ဘယ်လိုစီစဉ်လိုက်ရမလဲ … မင်း လက်လွှဲယူမလား … ဒါမှမဟုတ် ငါပဲ လုပ်လိုက်ရမလား ….”
“ ကျုပ် သွားပြီး တစ်ချက် ကြည့်ချင်သေးတယ် ….”
“ ဒါဆိုလည်း ကောင်းပြီလေ … မင်း အကူအညီ လိုတယ်ဆိုရင် ငါ့ဆီ ဖုန်းခေါ်လိုက် …”
“ ကျေးဇူးပါ ခေါင်းဆောင်ချိန် ….”
“ ကိုယ့်အချင်းချင်းတွေကို ကျေးဇူးတင်စကားပြောဖို့ မလိုပါဘူး ….”
ပြောဆိုပြီးနောက် လင်းရီ ဖုန်းချလိုက်သည်။
သို့သော် သူ့အမူအရာက တမူထူးခြား လေးနက်နေလျက် ရှိသည်။
သေချာသည့်အရာ တစ်ခုကတော့ မာတဲ့ဟုန် သေသွားသည့်ကိစ္စက ကျိန်းသေပေါက် ပုံမှန်မဟုတ်ချေ။ သူတို့တွင် ပြောပြလို့ မရနိုင်သည့် အခြား အထောက်အထား တစ်ခု ရှိနေလောက်သည်။
ထိုသို့ဆိုလျှင်တော့ လက်ရှိပြဿနာက နဂိုကထက်ကို ပိုကြီးသွားပြီ ဖြစ်၏။
အပြင်ဘက်ရှိ တစ်စုံတစ်ယောက်က သူတို့ရဲ့ အရေးကြီးတဲ့ သတင်းအချက်အလက်တွေကို မပေါက်ကြားလိုသောကြောင့် မစွမ်းသာသည့်အဆုံး ယခုလိုနည်းလမ်းမျိုးဖြင့် နှုတ်ပိတ်လိုက်ခြင်း ဖြစ်ပေလိမ့်မည်။
သို့သော် မေးရမည့် မေးခွန်းက …. မာတဲ့ဟုန်က အချုပ်ထဲမှာ တစ်ချိန်လုံး ရှိနေပြီး အပြင်လူ ဘယ်သူနဲ့မှလည်း မဆက်သွယ်တာကို ဘယ်လိုဖြစ်ပြီး ဒီလိုကိစ္စမျိုးက ဖြစ်သွားခဲ့တာလဲ …
ဖြစ်နိုင်တာ အတွင်းသူလျှို ရှိနေလို့များလား ….
လင်းရီ ခေါင်းယမ်းပြီး ကားကို ပြန်လှည့်ကာ စုန့်ကျန်းရဲစခန်းသို့ ဦးတည်လိုက်သည်။
လင်းရီ ရောက်လာတာကို မြင်တော့ စုန့်ကျန်း ရဲစခန်းရှိ စခန်းသားများမှာ မျက်နှာအမူအရာ ကောင်းမွန်မနေချေ။
ဘာကြောင့်ဆိုတော့ လင်းရီက သူတို့ရဲ့ ကောင်းမှတ်တွေ အများကြီးကို ခိုးယူခဲ့သောကြောင့်ပင်။
“ ငါက မင်းကို ဦးထုပ်စိမ်း ဆောင်းပေးနေတာလည်း မဟုတ် … အဲ့တာကို ဘာလို့ အဲ့မျက်လုံးကြီးတွေနဲ့ လာကြည့်နေတာ ….”
လင်းရီ ကျောက်စုကို ပြောလိုက်သည်။
“ သွားစမ်းပါ … မင်းကိုယ်မင်း အမှုလေး တစ်ခု နှစ်ခု ဖြေရှင်းနိုင်တယ်ဆိုတိုင်း ငါ့ရှေ့မှာ ဖျင်ခေါင်းကျယ်နိုင်ပြီ မထင်နဲ့ … မင်းက ဒီတိုင်း ကံကောင်းသွားတဲ့ကောင်ပဲ ….”
“ ငါ့မှာ မင်းနဲ့ စကားပြောဖို့ အချိန်မရှိဘူ … မင်းတို့ ကပ္ပတိန် ဘယ်မှလဲ … ငါသူနဲ့ ဆွေးနွေးစရာ ရှိတယ် ….”
“ အခုလေးတင် ထွက်သွားပြီ ….”
“ အခုလေးတင် ထွက်သွားတယ် ဟုတ်လား ….”
“ ငါတို့ ကပ္ပတိန်က ရှေ့ရက်တွေတုန်းကတည်းကရင် နှုတ်ထွက်ချင်နေတာ … ဒါပေမယ့် အထက်က သဘောမတူဘူး … ဒါကြောင့်မလို့ သူ့ကို နားခွင့်ပေးထားတယ် …. သူ့ကြည့်ရတာတော့ စိတ်ကို ပြန်ပြင်ဆင်ပြီးတဲ့ပုံပါပဲ … ပြန်လာပြီး တာဝန်တွေ ပြန်ထမ်းဆောင်နေတယ် … အဲ့နောက်မှာ ခေါင်းဆောင်က သူ့ကို နောက်ထပ် ခွင့်တစ်ပတ် ထပ်ပေးလိုက်ပြန်တယ်လေ … တကယ်လို့ မင်းသူနဲ့ ကိစ္စရှိတယ်ဆိုရင် ဒီတိုင် ဖုန်းဆက်လိုက် …”
လင်းရီ တွေးတွေးဆဆနှင့် ခေါင်းညိတ်လိုက်သည်။
သူလည်း ဤအကြောင်း သိထားသည်။ သူမက သေသေရှင်ရှင် ကျုံးဝေ့တပ်ဖွဲ့ဝင် တစ်ဦးဖြစ်ချင်နေသည်။ သူမရဲ့ အစွမ်းအစများနှင့် ကျုံးဝေ့တပ်ဖွဲ့ထဲတွင် သူမက ဘာကောင်မျှ မဟုတ်သော်လည်းပဲ သာမန်ကမ္ဘာကြီးထဲတွင်တော့ သူမက ထိပ်တန်းကျွမ်းကျင်သူ တစ်ဦးပင်။
အခြားကဏ္ဍများကို သူ အာမ မခံဝံ့သော်လည်း အကယ်၍ သူမကသာ အလုပ်ကြိုးစားနေသရွေ့ အနာဂတ်တွင် စီနီယာ အရာရှိ ရာထူးနေရာအထိ တက်ရောက်နိုင်သည်။
လင်းရီ ဖုန်းထုတ်၍ လင်းဟန်၏ နံပါတ်ကို ဆက်သွယ်လိုက်သည်။
“ ခေါင်းဆောင်လင်း ….”
ဖုန်းဝင်သွားသည်နှင့် လင်းဟန်၏ ယဉ်ကျေးသည့် အသံက ထွက်လာသည်။
“ မင်း အခု ဘယ်မှာလဲ … ငါမင်းနဲ့ စကားပြောချင်တာ ရှိလို့ ….”
“ စကားပြောချင်လို့ ဟုတ်လား … ငါက အခုလေဆိပ် ရောက်နေတာ … အရေးကြီးလို့လား … အရေးကြီးရင် ငါ အခု ချက်ချင်း ပြန်လာခဲ့လိုက်မယ်လေ ….”
“ မင်းက လေဆိပ်ရောက်နေတယ်ဟုတ်လား …”
“ ဖန့်ချိန်ကို မိသားစုနဲ့ ခရီးထွက်နေတာလေ … လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းကပဲ ပြန်လာပြီး ကိုယ်ရေကိုယ်တာ ကိစ္စတစ်ချို့ ကိုင်တွယ်နေတာ … အခု ပြီးသွားပြီဆိုတော့ မိသားစုဝင်တွေနဲ့ ပြန်တွေ့ပြီး တခြားနေရာတစ်ခုကို ပြန်ပြောင်းမလို့လေ ….” လင်းဟန် ပြောလိုက်သည်။ “ ငါ့ကို ရှာတာက အရေးကြီးကိစ္စလား … အခုချက်ချင်း ပြန်လာခဲ့လိုက်မယ် … နင် အခု ဘယ်မှာလဲ ….”
“ ထွေထူးကိစ္စမဟုတ်ပါဘူး … မင်းလုပ်စရာရှိတာ လုပ်ပါ … ငါ တခြား တစ်ယောက် ရှာလိုက်မယ် ….”
လင်းရီ ဘာမျှ ရှည်ရှည်ဝေးဝေး မပြောတော့ဘဲ ဖုန်းကို ပြန်ချလိုက်သည်။ ထို့နောက် အပေါ်ထပ်သို့ တက်သွားပြီး စခန်းမှူး ဟန်ကျုံးယွီနှင့် တွေ့ဆုံသည်။
“ ခေါင်းဆောင်ဟန် … မာတဲ့ဟုန်လို့ခေါ်တဲ့ လူတစ်ယောက် ဒီမှာ သေသွားတယ်လို့ ကြားတယ် … ကျုပ် တစ်ချက် ကြည့်လို့ရမလား ….”
လင်းရီကို မြင်တော့ ဟန်ကျုံးယွီမှာ သိပ်ပြီး ကြိုဆိုချင်သည့်ပုံ မပေါ်ပေ။ သို့သော် မကြိုဆိုလို့လည်း မရ။ မဟုတ်ပါက သူ့ဘက်က စိတ်သဘောထားသေးသိမ်သူ ဖြစ်သွားလိမ့်မည်။
“ ခေါင်းဆောင်ချိန် အခုတင်ပဲ ငါ့ဆီ ဖုန်းဆက်လာတယ် … မင်းဖို့ စီစဉ်ထားပေးပြီးသား …”
ဟန်ကျုံးယွီက ဖုန်းတစ်ချက် ခေါ်လိုက်ပြီး အမျိုးသမီး ရဲအရာရှိ တစ်ဦးကို ဆင့်ခေါ်၍ လင်းရီကို ခေါ်သွားဖို့ အမိန့်ပေးလိုက်သည်။
“ အရာရှိလင်း … ကျွန်မ နာမည် စွန်းယင်ပါ … တစ်ခုခု လိုအပ်တာရှိရင် ကျွန်မကိုပြောနော်…”
“ မာတဲ့ဟုန်ရဲ့ အလောင်းကို ဘယ်မှာ သိမ်းထားတာ … စုံစမ်းစစ်ဆေးမှု ရလဒ်ရော ထွက်လာပြီလား …”
“ မကြာခင် ထွက်လာလောက်တယ် … ကျွန်မ ရှင့်ကို ကြည့်ဖို့ ခေါ်သွားပေးမယ်လေ ….”
“ ကောင်းပြီ ….”
နှစစ်ယောက်မှာ စခန်းနှင့် ပါတနာဖွဲ့ထားသည့် ဆေးရုံသို့ မောင်းသွားပြီး အမှုအတွက် တာဝန်ယူထားသည့် ဒေါက်တာနှင့် တွေ့ဆုံသည်။
“ ရလဒ်တွေ ထွက်လာပြီ … လူနာက ဦးနှောက်သွေးကြောပေါက်ပြီး သေသွားခဲ့တာ … ကြားထဲမှာ အချိန်အတော်လေး ကြန့်ကြာသွားတော့ ကယ်ဖို့ နောက်ကျသွားပြီ …”
မာတဲ့ဟုန်ရဲ့ ဆေးစစ်မှတ်တမ်းကို ကိုင်ထားရင်း လင်းရီ အသေးစိတ် တစ်ခုချင်းစီတိုင်းကို ကြည့်ရှုစစ်ဆေးနေသည်။ မည်သည့် လွဲချော်နေသည့် အရာကိုမျှလည်း မမြင်တွေ့ရချေ။
စကန်ထဲတွင် သွေးယိုစိမ့်နေသည့် နေရာအများအပြား ရှိနေပြီး ပင်မဦးနှောက်သွေးကြောနေရာ၌ပင် သွေးတို့ စိမ့်ပေါက်နေသည်။
စကန် ရလဒ်က ပြောပြနေသည်မှာတော့ သွေးမီလီမီတာ ၅၀ ခန့်မျှရှိသည်။ မာတဲ့ဟုန် သေသွားသည်က အံ့အားသင့်စရာတော့ မဟုတ်ပေ။
ထို့ပြင် သူ့ သွေးကြောများက ထိခိုက်ဒဏ်ရာရထားသည်ကိုလည်း စကန်ထဲ မြင်တွေ့နေရပြီး ထိုအရာက ပြဿနာဟောင်း ဖြစ်မည့်ပုံပင်။
သို့သော် တိုက်ဆိုင်ချင်းသားကောင်းစွာဖြင့် လက်ရှိ အခိုက်အတန့်တွင် ဦးနှောက်သွေးယိုစိမ့်မှုကို ပို၍ ပြန့်ကားသွားစေခဲ့သည်။ သူ့အထောက်အထားနှင့် သေသွားသည့် အချိန်ကို ထည့်သွင်းစဉ်းစားကြည့်မည်ဆိုလျှင် သူ၏ သေဆုံးမှုက အတော်လေး သံသယ ဖြစ်ဖို့ ကောင်းလွန်းလှသည်။
ဆေးမှတ်တမ်းကို လင်းရီ ပြန်ချထားလိုက်ပြီး စွန်းရင်ကို ကြည့်လိုက်၏။
“ အချုပ် ထိန်းသိမ်းရေးစင်တာကို အရင်ပြန်ရအောင် … ငါစုံစမ်း စစ်ဆေးချင်တာလေးတွေ ရှိတယ် …”
“ အိုကေလေ ….”
စွန်းရင်ကတော့ ဤကိစ္စကို စိတ်ထဲထားမနေချေ။ ဘာကြောင့်ဆိုတော့ သူတို့တွေ မာတဲ့ဟုန် မည်သူမည်ဝါဖြစ်သည်ကို သေချာ မသိသောကြောင့်ပင်။
လင်းရီကလည်း အခြေအနေ အစစ်အမှန်ကို ဖော်ထုတ်ဖို့ရာ ရည်ရွယ်ချက် မရှိပေ။
ဤအမှု၏ ရှုပ်ထွေးမှုက စိတ်ကူးယဉ်ထားသည်ထက်ကို ကျော်လွန်နေပြီး မာတဲ့ဟုန် သေသွားသည့် ကိစ္စက အချိန်ကိုက် ဖြစ်နေသည်ဟုတောင် ပြော၍ရ၏။ မည်သူမည်ဝါ သတ်ဖြတ်သွားခဲ့လဲဆိုတာ မသေချာသေးပေ။
သို့သော် သေချာသည့်အရာ တစ်ခုကတော့ လက်ရှိ ဖြစ်ရပ်တွင် ပါဝင်ပတ်သက်နေသူများက သူ စိတ်ကူးထားသည်ထက်ပင် ပို၍ လွှမ်းမိုးမှုကြီးမားနေသည်။
တစ်စုံတစ်ယောက်က စုန့်ကျန်းရဲစခန်းကို ဝယ်ထားသည်မျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ထို့ကြောင့် ယခု အခြေအနေတွင် အကောင်းဆုံး နည်းဗျူဟာက သိုသိုသိပ်သိပ် နေပြီး အမှုနှင့် သက်ဆိုင်သည့် သဲလွန်စများကို ဖြည်းဖြည်းချင်း စုဆောင်းသွားဖို့ပင်။
“ အရာရှိလင်း … ရှင် စာရွက်စာတမ်းတွေ လိုလား … လိုရင် ကျွန်မ ယူပေးလို့ရတယ် …”
“ မာတဲ့ဟုန် အသက်ရှိသေးတဲ့ အရင် ၂၄ နာရီက စောင့်ကြည့်ကင်မရာ မြင်ကွင်းရယ် ၊ သူနဲ့ တွေ့ဆုံခဲ့တဲ့ လူစာရင်းရယ် … မင်းအဲ့တာတွေ ယူပေးနိုင်လား …”
“ အိုကေ … နားလည်ပြီ …”
စွန်းနင်က အလုပ်လုပ်တာ အင်မတန်တော်သည်။ မိနစ် ၂၀ အတွင်းမှာပဲ စောင့်ကြည့်ကင်မရာ မြင်ကွင်းများ ရရှိလာခဲ့သည်။
သူ ဂရုတစိုက်နှင့် စောင့်ကြည့်သော်လည်းပဲ မည်သည့် မူမမှန်မှုကိုမျှ မတွေ့ရချေ။
အဆိုပါ ၂၄ နာရီတွင် မာတဲ့ဟုန်က မည်သည့် အပြင်လူနှင့်မျှ ဆက်သွယ်ထိတွေ့ခြင်း မရှိသကဲ့သို့ သံသယဝင်ဖို့ကောင်းသည့် မည်သည့်လူမျှလည်း ထွက်ပေါ်မလာချေ။
ဤသည်က လင်းရီကို အတော်လေး မယုံသင်္ကာဖြစ်သွားစေခဲ့သည်။
လူသတ်သမားက မာတဲ့ဟုန်ကို သွေးရုတ်ချည်း ဆောင့်တိုးစေသည့် အထူးဆေးတစ်မျိုး ကျွေးလိုက်ခြင်း ဖြစ်ရပေမည်။ ယင်းကတစ်ဆင့် ဦးနှောက်သွေးကြောတို့ ပေါက်ပြဲကာ သွေးယိုစိမ့်မှု ဖြစ်သွားခဲ့ခြင်း ဖြစ်ရမည်။
သို့သော် စောင့်ကြည့်ရေးကင်မရာ မြင်ကွင်းထဲ၌ သံသယဝင်ဖွယ်ကောင်းသည့် မည်သည့် လှုပ်ရှားမှုကိုမျှ မမြင်တွေ့ရချေ။
ဆိုတော့ …. မာတဲ့ဟုန်က ဘယ်လိုသေသွားခဲ့တာလဲ ….