← Chapters

လျှို့ဝှက်စာ

Vol. 150 Ch. 2219

လျှို့ဝှက်စာ

Vol. 150 Ch. 2219

လင်းရီ၏ လက်ချောင်းများက စားပွဲကို ဆက်တိုက် ခေါက်နေပြီး သူ့ အမူအရာကလည်း လေးနက်နေသည်။

ဗွီဒီယိုထဲတွင် သံသယဖြစ်ဖွယ် မည်သည့်အရာကိုမျှ မမြင်တွေ့ရချေ။ ယင်းကလည်း သူ မြင်တွေ့ချင်သည့် အရာပဲ ဖြစ်၏။ ဘာကြောင့်ဆိုတော့ အတွင်းလူ တစ်စုံတစ်ယောက်က သတ်သွားခြင်း ဖြစ်ကြောင်း သေချာနေသောကြောင့်ပင်။

ဤသည်က သတင်းဆိုး ဖြစ်၏။

မွန်းလွဲပိုင်း နှစ်နာရီကျော်တွင် စွန်းနင်က အပြင်စာ တစ်ထုပ်နှင့် အထဲသို့ ရောက်လာပြီး လင်းရီကို ပြုံးလျက် ကမ်းပေးလိုက်သည်။

“ အရာရှိလင်း … ရှင် အခုထိ နေ့လည်စာ မစားရသေးဘူးမလား … အရင်စားသောက်ပြီးတော့မှ အလုပ်ပြန်ဆက်လုပ်ပါလား ….”

လင်းရီ ပြုံးပြပြီး သူမကို ကျေးဇူးတင်လိုက်သည်။ ထို့နောက် သူ စကားဆော့လိုက်၏။

“ မာတဲ့ဟုန်ရဲ့ အကျဉ်းဖော်တွေကို ဆက်သွယ်ပြီးပြီလား ….”

စွန်းနင် ခေါင်းညိတ်လိုက်သည်။ “ ရှင် အရင်စားနှင့်လိုက် … ကျွန်မ သူတို့ကို နောက် မိနစ် ၂၀ လောက်နေရင် လာခဲ့ခိုင်းလိုက်မယ် ….”

“ အင်း …….” လင်းရီ ခေတ္တ အတွေးနက်သွားခဲ့ပြီး “ အခုခေါ်လိုက်တာ ပိုကောင်းမယ် … အချိန်ကို ချွေတာလို့ ရတာပေါ့ ….”

“ ကောင်းပြီလေ …”

မာတဲ့ဟုန်နှင့်အတူ အချုပ်ကျသည့် အခန်းဖော်များက စုစုပေါင်း ၆ ယောက်ရှိသည်။ စွန်းနင်၏ စီမံခန့်ခွဲမှုအောက်တွင် သူတို့တွေ တစ်ယောက်ပြီး တစ်ယောက် လင်းရီရှေ့မှောက်သို့ ရောက်လို့လာသည်။

ညနေငါးနာရီထိုးသွားခဲ့၏။

နောက်ဆုံးတစ်ယောက်အလှည့်သို့ ရောက်လာသည့်တိုင် အသုံးဝင်သည့် မည်သည့်အချက်အလက်ကိုမျှ ရှာမတွေ့သေးချေ။ နောက်ဆုံး အလှည့်ကျလာသူက လန်ကျန့်ရှု ဖြစ်သည်။

“ အရာရှိကြီး … မင်းက ဒီ အမှုကို အထူးတလှယ် စုံစမ်းနေတာလား ….”

လန်ကျန့်ရှုက သာမန်ရုပ်ရည်နှင့် ဖြစ်ပြီး ပုအိုက်သည့် အရပ်အမောင်းနှင့် ကတုံးလည်း တုံးထားသည်။ သူ့ခန္ဓာကိုယ်တွင် တက်တူးမှင်တစ်စက်ကိုမျှ မြင်တွေ့ရခြင်း မရှိသဖြင့် မကောင်းမှုလုပ်ပြီး အချုပ်ကျထားသူတစ်ဦးနှင့် မည်သို့မျှ ဆက်စပ်ရနိုင်မှာ မဟုတ်ချေ။

သူ့ဖိုင်ကို လင်းရီ ကြည့်လိုက်တော့ ဤလူက အရက်မူးပြီး ကားမောင်းမှုကြောင့် ဖမ်းခံထားရသည်ကို မြင်တွေ့လိုက်ရသည်။ သူ လွတ်လပ်တော့မည့် အချိန်ကလည်း သိပ်မကြာတော့ပေ။

လန်ကျန့်ရှုရဲ့ မေးခွန်းကို ကြားတော့ သူ့အကြည့်က လန်ကျန့်ရှုပေါ် ကျရောက်သွားခဲ့ပြီး ခြေဆုံးခေါင်းဆုံး တစ်ချက် အကဲခတ်လိုက်သည်။

“ ခင်များမှာ ဘာပြောစရာ ရှိလို့ …”

“ မရှိဘူး မရှိဘူး … ငါက ဒီတိုင်း မေးကြည့်ကြည့်တာ ….”

လင်းရီထံကနေ ရရှိနေသည့် ခြိမ်းခြောက်သည့် အငွေ့အသက်တို့က လန်ကျန့်ရှုကို ထိတ်လန့်တကြား ဖြစ်သွားစေခဲ့သည်။

“ ကျုပ်က ဒီအမှုကို အထူးစုံစမ်းနေတာ အမှန်ပဲ … ခင်များမှာ ပြောစရာတစ်ခုခုရှိတယ်ဆိုရင် ကျုပ်ကို ပြောလို့ရတယ် ….”

လန်ကျန့်ရှု ကြည့်ရသည်မှာ သက်တောင့်သက်သာ ဖြစ်နေသည့်ပုံ မပေါ်ဘဲ စိုးရိမ်ကြောင့်ကြမှုကြောင့် သူ့လက်များက အင်္ကျီစကို တင်းကျပ်စွာ လုံးချေနေသည်။ မျက်လုံးကလည်း ပတ်ဝန်းကျင်ကို မျက်ခြေမပြတ် သတိထားနေလျက်ရှိသည်။

“ အရာရှိကြီးရဲ့ ရာထူးအဆင့်ကို မေးလို့ရလား ….”

“ ကျုပ်ရဲ့ ရာထူးလား ….”

“ ဟုတ်တယ် ဟုတ်တယ် … ရာထူး ဘယ်လောက်မြင့်လဲ သိချင်လို့ ….”

လင်းရီ မျက်ဝန်းတို့ ရုတ်ချည်း အရောင်လက်လာသည်။ အဘယ်ကြောင့်ဆိုသော် ‘ပညာရှိဉာဏ်ပညာ’ကြောင့် စိတ်ပညာအပေါ်လည်း အပေါ်ယံပိုင်းလောက် နားလည်သဘောပေါက်ထားသည်။

ဤ လန်ကျန့်ရှု အမည်တွင်သည့်လူက ရိုးရှင်းသည့်လူ မဟုတ်ဘဲ အကြောင်း တစ်ခုခုကို သိထားသည်မှာ ကိုးဆယ်ရာခိုင်နှုန်းခန့် ကျိန်းသေသည်။

လင်းရီ သူ့အိတ်ထောင်ထဲ လက်နှိုက်ပြီး စစ်တပ်အိုင်ဒီကို ထုတ်ပြလိုက်သည်။

“ ဒီမှာ ကျုပ်ရဲ့ အထောက်အထားပဲ … ကျုပ်ရဲ့ ရာထူးနဲ့ အာဏာက ခင်များ စိတ်ကူးနိုင်တာထက်ကို ပိုတယ် …” လင်းရီ ပြောလိုက်ပြီး “ ခင်များ နှုတ်ပိတ်ခံလိုက်ရမှာ … ဒါမှမဟုတ် ခင်များ လွတ်မြောက်မယ့်ရက်ကို ကြန့်ကြာစေမှာတွေ စိုးရိမ်စရာ မလိုဘူး … ခင်များ သိသမျှ အကုန်လုံး ကျုပ်ကို လွတ်လွတ်လပ်လပ် ပြောလို့ရတယ် … ခင်များ အန္တရာယ်ကင်းစေရမယ်လို့ အာမခံတယ် ….”

ဤ စကားလုံးများကို ကြားတော့ လန်ကျန့်ရှုမှာ အတော်လေး စိတ်သက်သာရာ ရသွားခဲ့၏။

လင်းရီရဲ့ အထောက်အထားက စိတ်ငြိမ်ဆေးနှယ် သူ့ရဲ့ ကြောက်ရွံ့မှု တော်တော်များများကို ပြေပျောက်သွားစေသည်။

“ တကယ်တော့ ငါ့မှာ များများစားစား ပြောစရာစကား မရှိဘူး … ဒီတိုင်း မာတဲ့ဟုန် မသေခင် ငါ့ကို တစ်ခုခုပေးသွားခဲ့တ ရှိလို့ .. သူပြောတာတော့ တကယ်လို့ သူ တစ်ခုခု ဖြစ်သွားခဲ့ရင် စစ်တပ်ထဲက တစ်စုံတစ်ယောက်ကို ရှာပြီး သူတို့လက်ထဲကို ပစ္စည်းအပ်ပေးပါတဲ့ …”

သူ့ စစ်တပ်အိုင်ဒီက အဆုံးအဖြတ်ပေးသွားကြောင်း လင်းရီ သဘောပေါက်လိုက်သည်။

“ သူက ဘာပေးသွားခဲ့တာ …”

“ ဒီမှာ … ခဏလေးစောင့် ..”

လန်ကျန့်ရှုက သူ့ ရှူးဖိနပ်ကို ချွတ်ပြီး ဖိနပ်အောက်ခံပြား အောက်ထဲက စာရွက်အပိုင်းအစ သေးသေးလေးကို ထုတ်လာသည်။

“ ဒါလေးပဲ ….”

တုံ့ဆိုင်းခြင်း မရှိ၊ လင်းရီ စာရွက်ကို လှမ်းယူလိုက်သည်။

စာရွက်က ခေါက်ထားပြီး ဖွင့်ကြည့်လိုက်သောအခါ ရိုးရာ စာလုံးများဖြင့် ရေးသားထားသည်ကို မြင်တွေ့လိုက်ရသည်။

“ ဒီစာကို လက်ခံရရှိရင် ကျေးဇူးပြုပြီး စစ်တပ် အကြီးအကဲ တစ်ယောက်ယောက်ဆီ ပို့ပေးပါ … လုပ်ပိုင်ခွင့် မရှိဘဲ ဖွင့်ဖတ်မယ်ဆိုရင် အကျိုးဆက်ကို ခံယူရမယ် ..”

စာလုံး အနည်းငယ်က လင်းရီရဲ့ ကိုယ်ဟန်ကို အနည်းငယ် ပျက်ပြားသွားစေသည်။ သူ တည်ကြည်သည့် အမူအရာဖြင့် ဆက်ပြီး ဖွင့်လိုက်၏။

“ ငါက မာတဲ့ဟုန် … လက်ရှိမှာ ဟောင်ကောင် ၊ ဟုန်မန်ဂိုဏ်း သုတေသန စင်တာရဲ့ အဖွဲ့ဝင်တစ်ဦးပဲ… မင်း ဒီစာကို ဖတ်နေတဲ့အချိန်မှာ ငါသေသွားခဲ့ပြီ ….”

“ ဒီနှစ် ဒီဇင်ဘာ ၂၃ ရက်နေ့မှာ ဟုန်မန် အဖွဲ့အစည်းက ဗီဇဆေးရည်ကို ကျိုးဟိုင်က အင်အားစုတစ်ခုနဲ့ အပေးအယူလုပ်လိမ့်မယ် …. အပေးအယူက ဟောင်ကောင်ရဲ့ ဟက်ပီးဗယ်လီ ည ကိုးနာရီ ၊ ခုံနံပါတ် 14-35 နဲ့ 14-36 …”

“ ငါ့ သတင်းရဲ့ မှန်ကန်မှုကို သံသယ မရှိနဲ့ … ကျိုးဟိုင် ရဲတွေ ငါ့ကို ဖမ်းမိသွားတယ်ဆိုတာက ငါ့ရဲ့ အထောက်အထား ဖော်ထုတ်ခံလိုက်ရပြီဆိုတဲ့ သဘောပဲ … ငါ့ကို နှုတ်ပိတ်ဖို့ ဟုန်မန်က ကယ်တင်တာ … ဒါမှမဟုတ် သတ်တာမျိုး လုပ်လိမ့်မယ် …”

“ ငါသာ ရှင်လျက် ထွက်သွားနိုင်မယ်ဆိုရင်တော့ မင်း ဒီစာကို မြင်နိုင်မှာ မဟုတ်ဘူး … ဒါပေမယ့် ငါ သေသွားရမယ်ဆိုရင်တော့ လျှို့ဝှက်ချက်ကို သေရွာအထိ သယ်သွားဖို့မလိုဘူး … ကျေးဇူးပြုပြီး ဒီကိစ္စကို သေချာကိုင်တွယ်ပါ …”

စာရွက်ထဲရှိ အကြောင်းအရာများကို ဖတ်ရှုပြီးနောက် လင်းရီ စိတ်ထဲ ဗြောင်းဆန်သွားခဲ့သည်။

ဖြစ်ပျက်ခဲ့သည်များအားလုံးကို ခေါင်းထဲ ရှင်းလင်းစွာ ပြန်မြင်ယောင်ကြည့်လိုက်၏။

မာတဲ့ဟုန်က ဉာဏ်ကောင်းသည့် လူစားမျိုးဖြစ်ပြီး သူ အဖမ်းခံလိုက်ရသည့် အချိန်ကတည်းကပင် သူ့ရဲ့အထောက်အထားက ပေါက်ကြားသွားပြီဆိုတာကို သံသယ ရှိပြီး ဖြစ်လောက်၏။

ထိုအချိန်ကစပြီး သူ့ကြမ္မာသူ ရှင်းလင်းစွာ နားလည်ထားလိုက်သည်။

ထို့ကြောင့် ဤမှတ်စုစာရွက်ကို ချန်ထားခြင်း ဖြစ်၏။

အကယ်၍ ဟုန်မန်ဂိုဏ်းရှိ လူများက သူ့ကို ကယ်တင်လာခဲ့မည်ဆိုပါက အရာအားလုံးလည်း အဆင်ပြေပြေနှင့် ဆက်လက် ကျန်ရှိနေမှာ ဖြစ်ပြီး အကုန်လုံးကလည်း သူငယ်ချင်းများ အဖြစ် ဆက်ပြီး တည်ရှိနေလိမ့်မည်။

သို့သော် အကယ်၍ ဇာတ်လမ်းဆင်မှုများ ရှိလာမည်ဆိုပါက …. ထိုသို့ ဖြစ်လာခဲ့လျှင်တော့ သူ့ဘက်ကလည်း တောင်းပန်ရုံသာ တတ်နိုင်သည်။ သူ သေရမည်ဆိုလျှင်တော့ သူနှင့်အတူ အားလုံးကိုပါ ဆွဲချသွားမည်။

ဤသည်က မာတဲ့ဟုန် ပြုလုပ်ခဲ့သည့် ကိုယ့်ကိုယ်ကို ဖောက်ခွဲနည်းလမ်းပင်။

မှတ်စုစာရွက်ကို သေချာ ပြန်ခေါက်သိမ်းရင်း လင်းရီ အိတ်ထောင်ထဲ ပြန်ထည့်ထားလိုက်သည်။ ထို့နောက် လန်ကျန့်ရှုကို စိုက်ကြည့်လိုက်၏။

“ ခင်များကို ဒီစာပေးတော့ သူ တခြား ဘာပြောခဲ့သေးလဲ …”

“ ဘာမှ များများစားစားတော့ မပြောဘူး … သူ နေထိုင်မကောင်းလို့ အသက်ရှည်ရှည် မနေရလောက်ဘူးလို့ပဲ ပြောတယ် … တကယ်လို့ သူ ထောင်ထဲမှာ သေသွားခဲ့မယ်ဆိုရင် ငါ အပြင်ရောက်တာနဲ့ ဒီစာရွက်ကို စစ်တပ် အကြီးအကဲ တစ်ယောက်ယောက်ဆီ လွှဲအပ်ပေးရမယ်တဲ့ …. တကယ်လို့ သူသာ ရှင်လျက် ထွက်သွားနိုင်ခဲ့မယ်ဆိုရင်တော့ မလိုဘူး … ပြီးတော့ ငါကလည်း သူ့ကို ဒီစာပြန်ပေးမှာပဲ …”

“ ဒီလို ကျေးဇူးတင်မခံရမယ့် လုပ်ရပ်ကို ဘာလို ကူညီပေးနေတာ …”

“ ငါတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက အတော်လေး ကောင်းတယ် … သူက ဟောင်ကောင်က … ပြီးတော့ ငါကလည်း ကားတွေ တင်သွင်းတဲ့ စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်နေတာ … ဒါကြောင့်မို့ ငါတို့ချင်း စကားတွေ အများကြီး ပြောဖြစ်ကြတယ် … အဲ့နောက် ငါလည်း သူ့ကို ကူညီပေးဖို့ သဘောတူလိုက်တာပဲ ….”

“ အဲ့တာတင်ပဲလား … ကျုပ်တော့ မထင်ဘူးနော်…..” လင်းရီ အမူအရာကင်းမဲ့သည့် မျက်နှာထားဖြင့် ပြောလိုက်သည်။

“ ခင်များရဲ့ အနေအထားကို ကြည့်ရင် ခင်များက သိပ်မကြာခင်အပြင်ထွက်ရတော့မှာ …. ဒါပေမယ့် ခင်များ ကျုပ်ကို စောနက ပေးတဲ့ အရာအပေါ် အခြေခံပြီး မှန်းဆကြည့်ရင် ခင်များလည်း ကြံရာပါလို့ ယူဆလို့ ရတယ် … ကျုပ် ဖိအားပေးနေတာ မဟုတ်ဘူးဆိုပေမယ့် ခင်များကို စစ်တရားရုံးဆီ ပို့လိုက်ရင် တိုက်ရိုက်သေဒဏ်ပေးလိုက်ဖို့က ကျုပ်အတွက် ပြဿနာမရှိဘူး… ဒါကြောင့်မို့ ကျုပ်ကို အမှန်အတိုင်းပြော … အဲ့လိုဆို မျှော်လင့်ချက် ရှိဦးမယ် ….”

လန်ကျန့်ရှု ကျောရိုးတစ်လျှောက် အေးစိမ့်သွားခဲ့သည်။ သူ့ အသားအရေကလည်း လူသေတစ်ယောက်နှယ် ဖြူလျော်သွားခဲ့၏။

“ ငါ တကယ်ပဲ သူ့ရဲ့ ကြံရာပါ မဟုတ်ရပါဘူးကွာ … ငါက ဒီတိုင်း စာပို့သမားသပ်သပ်ပါပဲ … ပြီးတော့ လူဆိုးတွေ အတွက် လုပ်ပေးနေတာလည်း မဟုတ်ဘူး … ဒါ ငါ့ရဲ့ ပြစ်မှုတွေအတွက် ပြန်ပေးဆပ်နည်းတစ်မျိုးလို့ ယူဆသင့်တယ်လေ …”

“ ခင်များ ကျုပ်ကို အမှန်အတိုင်း ပြောပြမယ်ဆိုရင် အဲ့လို ထည့်တွက်ပေးမယ် ….”

“ သူ ငါ့ကို တကယ်ပဲ တခြားဘာမှ မပြောခဲ့ဘူး … ဒါပေမယ့် သူ ငါ့ကို တစ်ခု ကူညီပေးခဲ့တယ် …”

“ ဘာအကူအညီလဲ …”

စက္ကန့်အနည်းငယ်ကြာပြီးနောက် လန်ကျန့်ရှုက ပြောလိုက်သည်။ “ ငါ့သမီးက သွေးကင်ဆာဖြစ်နေတာ .. ပြီးတော့ သင့်လျော်တဲ့ ရိုးတွင်းချဉ်ဆီကိုလည်း ရှာမတွေ့သေးဘူး … ဒါပေမယ့် သူက ဖုန်းတစ်ကော ဆက်လိုက်တာနဲ့ နှစ်ရက်အတွင်းမှာပဲ တူညီတဲ့ အမျိုးအစားကို ရှာတွေ့သွားပြီး ခွဲစိတ်ဖို့လည်း အဆင်သင့် ဖြစ်သွားတယ် … ပြီးတော့ ငါတို့ချင်း ဆက်ဆံရေးကလည်း ကောင်းပြီးသားဆိုတော့ သူ့ကို မကူညီစရာ အကြောင်းလည်း မရှိဘူးလေ ….”

လင်းရီ၏ လက်ချောင်းများက စားပွဲခုံကို ဒရမ်တီးသကဲ့သို့ စည်းချက်ညီညီ ခေါက်နေသည်။ လန်ကျန့်ရှု ပြောသည့် စကားလုံးတို့က အမှားလား ၊ အမှန်လားဆိုတာကို စစ်ဆေးဖို့ အလွယ်လေးပင်။ ပြီးတော့ လင်းရီကလည်း တစ်ဖက်လူ၏ စကားများက အလိမ်အညာ ဖြစ်နေမှာကို စိုးရိမ်ပူပန်ခြင်း မရှိ။ ရှင်းပြသွားသည်ကပင် အတော်လေး ယုံကြည်ဖွယ်ရာ ဖြစ်နေပြီး ဖြစ်သည်။

မာတဲ့ဟုန်က တကယ့်ကို ရက်စက်သည့် လူတစ်ယောက် ဖြစ်၏။

ယခု ကျန်ရှိသည့် တာဝန်က ဤကိစ္စကို စီစဉ်ကိုင်တွယ်ဖို့ပင်။

ဤအကြောင်း တွေးတောမိတော့ လင်းရီ၏ မျက်လုံးတို့‌ မှေးကျဉ်းသွားလေသည်။

ဟောင်ကောင်ရှိ ဟုန်မန်ဂိုဏ်းကို ရှင်းလင်းဖို့ အချိန်ကျပြီ ဖြစ်၏။

All Chapters