ငါ နင်တို့ကို နှောင့်ယှက်မိသွားလား
Vol. 150 Ch. 2220
“ ကျုပ်တို့ ဒီနေ့ ပြောခဲ့တာတွေကို တတိယလူ မသိစေနဲ့ ….”
“ တကယ်လို့ တစ်ယောက်ယောက်က ငါ့ကို စစ်ကြောမေးမြန်းမယ် ဆိုရင်ကော ….”
“ အဲ့လို မဖြစ်စေရဘူး … ပြီးတာနဲ့ ကျုပ် ဒီအမှုကို တခြားတစ်ယောက်ဆီ လက်လွှဲယူခိုင်းလိုက်မှာ …” လင်းရီ တီးတိုးပြောလိုက်၏။ “ ပြီးတော့ နောက်ရက်နည်းနည်းရင် ခင်များ လွတ်ပြီ …. ခင်များရဲ့ ပြစ်မှုတွေကို ကျေအောင် ချေပြီးသွားပြီ ….”
ဤသည်ကို ကြားတော့ လန်ကျန့်ရှု စိတ်သက်သာ ရသွားခဲ့ပြီး ခေါင်းဆက်တိုက်ညိတ်လျက် လင်းရီကို ထပ်ခါတလဲလဲ ဦးညွှတ်နေတော့သည်။
“ ကျေးဇူးတင်ပါတယ် … ကျေးဇူးတင်ပါတယ် အရာရှိကြီး ….”
“ ကျေးဇူးတင်ဖို့ မလိုဘူး … ဒါ ခင်များနဲ့ ထိုက်တန်တဲ့အရာပဲ …” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် … ဒီကိစ္စက မပြီးသေးဘူး … ခင်များ ပြောခဲ့တဲ့ စကားလုံးတိုင်းက စစ်မှန်နေဖို့တော့ မျှော်လင့်တယ် … အလိမ်အညာ တစ်ခုခု ပါလာခဲ့ရင်တော့ ခင်များတင် မဟုတ်ဘူး … ခင်များ တစ်မိသားစုလုံးပါ နေ့ရက်ကောင်းတွေ ရှိနိုင်မှာ မဟုတ်ဘူး… ကျုပ်က ပြောရင်ပြောတဲ့အတိုင်း ကတိတည်တယ် …”
“ ငါ … ငါ မလိမ်ရပါဘူးကွာ … ငါပြောတဲ့ စကားလုံးတိုင်းက အမှန်တွေချည်းပါ ….” လန့်ကျန့်ရှု ထိတ်ထိတ်ပျာပျာ ဖြစ်သွားခဲ့ပြီး “ အဲ့စာရွက်ကို သူ ငါ့ဆီ တကယ်ပေးထားခဲ့တာ … ငါပြောသမျှထဲလည်း အမှားတစ်လုံးမှ မပါဘူး …”
“ ခင်များအဲ့လို အာမခံနိုင်တာ ကောင်းတယ် ….” လင်းရီ ပြောလိုက်သည်။ “ ကြောက်ဖို့ မလိုပါဘူး … ခင်များ စကားလုံးတွေက မှန်ကန်နေသရွေ့ ပြဿနာကလည်း ခင်များဆီ လာရှာမှာ မဟုတ်ဘူး …”
“ ငါ ကျိန်တယ် …. ငါ ပြောသမျှ စကားလုံးတိုင်းက အမှန်တွေချည်းပဲ … တကယ်လို့ မှားယွင်းသာ တစ်ခုခု ပါလာခဲ့ရင် မိုးကြိုးပစ်ပြီး သေပါစေ ….”
“ လုံလောက်ပြီ …”
စစ်ဆေးမေးမြန်းပြီးနောက် လင်းရီ ရဲစခန်းထဲက ထွက်လာခဲ့လိုက်သည်။ အချိန်က ညနေ ခြောက်နာရီကျော်နေချေပြီ။ ကျီချင်းရန်ကို သွားကြိုမနေတော့ဘဲ ကျိုကျုံးဗီလာသို့သာ ပြန်လာခဲ့လိုက်သည်။
အပြန်လမ်းတွင် လင်းရီသည် ချိန်ပင်းချန်ထံသို့ ဖုန်းခေါ်၍ လန်ကျန့်ရှုကို အကြောင်းပြချက် တစ်ခုပေးပြီး လွှတ်ပေးဖို့ ပြောလိုက်သည်။
ဤတစ်ကြိမ် ဟုန်မန်ဂိုဏ်းနှင့် အပေးအယူလုပ်မည့် အင်အားစုက ကျိုးဟိုင်က ဖြစ်၏။
သို့သော် ကျိုးဟိုင်တွင် မည်သူကများ ထိုသို့သော အပေးအယူ ပြုလုပ်နိုင်သည့် အစွမ်းအစ ရှိနေသနည်း။ စဉ်းစားစရာပင်။
လင်းရီ ကျိုကျုံးဗီလာကို ပြန်ရောက်လာတော့ မည်သူ့ကိုမျှလည်း မမြင်တွေ့ရချေ။
ဖုန်းတစ်ချက် ဆက်ကြည့်လိုက်တော့ အကုန်လုံးက ပင်လယ်ဘက်ထွက်ပြီး ငါးသွားမျှားနေကြကြောင်း သိရှိလိုက်ရသည်။
၎င်းတို့ ပြန်ရောက်အလာကို စောင့်ဆိုင်းနေရင်း လင်းရီသည် လျိုဟုန်ထံသို့ ဝီချက်ဗွီဒီယိုကော ခေါ်ဆိုလိုက်သည်။
တစ်ဖက်တွင် လျိုဟုန်က အဖြူရောင် စွပ်ကြယ်နှင့် ပါးစပ်တွင် စီးကရက်တစ်လိပ်ကို ခဲထား၏။ ပျင်းတိပျင်းရွဲ အမူအရာဖြင့် ပုံစံကလည်း စုတ်ပြတ်နေသည်။
အကယ်၍ ဤပုံကိုသာ လိုင်းပေါ်တင်လိုက်မည်ဆိုပါက ဟွာရှ၏ လူဦးရေ ကိုးဆယ်ရာခိုင်နှုန်းကျော်ကို အမှောက်သိပ်နိုင်သည့် အစွမ်းအစနှင့်လူတစ်ယောက်ဟူ၍ မည်သူ့ကို သွားပြော၍ ယုံကြည်နိုင်ပါမည်နည်း။
လင်းရီ တစ်ခါ ခန့်မှန်းကြည့်ဖူး၏။ သူ့လက်ရှိ အဆင့်ဖြင့် လျိုဟုန်ကို အနိုင်ယူဖို့က မဖြစ်နိုင်လုနီးပါးပင်။
“ ဘာလဲ … ကိစ္စ ရှိလို့လား … ငါ ခွီးပဲ … မျိုးမစစ်လေး .. မင်း ငါ့ ကေးကို ကောက်စားဝံ့နေတယ်ပေါ့ … မင်း ဘယ်မှာနေလဲ ပြောစမ်း … သတ္တိရှိရင် မင်းဘယ်မှာနေလဲ ပြောစမ်း …. မင်းစောက်ရူးကောင် ….”
လင်းရီ “ ….. “
“ ကျိုးဟိုင်မှာ ပြဿနာ တစ်ခုတက်နေပြီ … ဂိမ်းလျှောက်ဆော့မနေနဲ့တော့ ….”
“ မိန်းမရေ ခဏလောက်ဟေ့ …”
လျိုဟုန် အော်လိုက်၏။ မကြာမီ ညအိပ်ဝတ်စုံနှင့် သက်လတ်ပိုင်း အမျိုးသမီးက အပြင်ကနေ ဝင်လာသည်။
အမျိုးသမီးက သာမန်သာ ဝတ်စားထားပြီး ဉာဏ်အမြော်အမြင်ကြီးမားသည့် ကိုယ်နေဟန်ပန်ကို မြင်တွေ့နေရသည်။
လင်းရီ စိတ်ထဲ ကြိတ်ပြီး ကျိန်ဆဲလိုက်မိသည်။
ဂေါ်ဖီထုပ်ကို ဝက်စားသွားတယ်ဆိုတာ ဒါမျိုးကို ပြောတာ ဖြစ်ရမယ် …
“ လုပ်စရာ ကိစ္စလေး ပေါ်လာလို့ ပွဲကို ခဏဆော့ထားပေးစမ်းပါ …”
“ ရတယ်လေ … ရှင်လုပ်စရာရှိတာ သွားလုပ် …”
လျိုဟုန် သူ့ဖုန်းနှင့်အတူ လေသာဆောင်သို့ ထွက်လာခဲ့၏။
“ မာတဲ့ဟုန်ဆီက တစ်ခုခု သိခဲ့ရလို့လား ….”
“ သူက သေပြီ … အိပ်မက်ထဲမှာပဲ သူ့ကို စစ်မေးလို့ရတော့မယ် …”
“ ဘာကွ … သူ သေပြီ ဟုတ်လား … ငါ ဘယ်လိုလုပ်ပြီး ဒီကိစ္စ မသိရတာပါလိမ့် …”
“ စုန့်ကျန်းရဲစခန်းက ဒီကိစ္စကို အရေးမကြီးဘူးထင်လို့ မတင်ပြတာနေမယ် …” လင်းရီပြောလိုက်ပြီး “ ဒါပေမယ့် ကျုပ် တခြား သတင်းအချက်အလက်တစ်ခုတော့ ရလာခဲ့တယ် … အီးမေးလ်ထဲဝင်လိုက် … ကျုပ် အခု ပို့ပေးလိုက်မယ် …”
ဝီချက်ကို အသုံးပြု၍ ရသော်ငြားလည်း လင်းရီသည် လုံခြုံရေးအကြောင်းပြချက်ဖြင့် ကျုံးဝေ့တပ်ဖွဲ့၏ အတွင်းအီးမေးလ်ကိုသာ ရွေးချယ်၍ မာတဲ့ဟုန် ချန်ထားခဲ့သည့် စာကို လျိုဟုန်ထံ ပေးပို့လိုက်သည်။
စာပါ အကြောင်းအရာများကို ဖတ်ရှုကြည့်ပြီးနောက် လျိုဟုန်၏ မျက်မှောင်တို့ တင်းကြပ်သွားခဲ့သည်။
“ ဒီ သတင်းက မှန်ကန်တယ်လို့ မင်း အတည်ပြုနိုင်လား ….”
“ ၇၀ ရာခိုင်နှုန်းလောက်တော့ သေချာတယ် … အသေးစိတ်ကိစ္စတော့ မသေချာဘူး … ဒါပေမယ့် လန်ကျန့်ရှု ပုံစံ ကြည့်ရတာလည်း အတော်လေး စစ်မှန်တဲ့ပုံပါပဲ … မလိမ်လောက်ပါဘူး ….”
လျိုဟုန် စက္ကန့်အနည်းငယ်ကြာအောင် တွေးတောလိုက်သည်။ “ ငါလည်း မာတဲ့ဟုန်က လှည့်ကွက်တွေနဲ့ မကစားလောက်ဘူးလို့ ထင်တယ် … လူကဖြင့် အသတ်တောင် ခံလိုက်ရပြီကို သူတို့ရဲ့ ငါးစာအနေနဲ့ ထပ်လုပ်ပေးသွားဖို့ ဆန္ဒရှိမယ်မထင်ဘူး ….”
“ ကျုပ်လည်း အဲ့လို တွေးမိတာပဲ …” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် ကျုံးဝေ့တပ်ဖွဲ့ရဲ့ ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ဟုန်မန်ဂိုဏ်းက ပြဿနာကြီးပဲ … ကျုပ်တို့ သူတို့ကို ဆက်ပြီး ဒီတိုင်းထားလို့ မဖြစ်တော့ဘူး … မဟုတ်ရင် မိနစ်သွားနေတဲ့ ချိန်ကိုက်ဗုံး ဖြစ်သွားလိမ့်မယ် ….”
“ ငါ အရင်ကလည်း အကြီးအကဲလုကို ဒီအကြောင်း ပြောပြခဲ့ဖူးတယ် … ဒါပေမယ့် သူက စောင့်ဦးတဲ့ … အဲ့တုန်းကတည်းက စောင့်လာခဲ့လိုက်တာ ဒီနေ့ထိပဲ …”
“ အရင်တုန်းက အသင်းလေးကို ပြန်ရုတ်သိမ်းလိုက်တယ် … ပြီးတော့ ဟောင်ကောင်ဆိုတာကလည်း ထိလွယ်ရှလွယ်တဲ့ နေရာ… ကျုပ်တို့သာ ဟုန်မန်ဂိုဏ်းအပေါ် လှုပ်ရှားလိုက်မယ်ဆိုရင် ရန်သူတွေ အများကြီး တိုးလာမှာကို ရှောင်လွှဲလို့ ရမှာမဟုတ်ဘူး … ဒါပေမယ့် အခုတော့ အဆင်ပြေသွားပြီလို့ ထင်တယ် … အကြီးအကဲလုဆီ ပြန်တင်ပြလိုက်တော့ …”
လျိုဟုန် ခေါင်းညိတ်လိုက်သည်။ “ မင်းတို့ အသင်း ၁ ကလူတွေ ဒီကိစ္စ ကိုင်တွယ်လိုက် … ယွီလော့ရဲ့ အသင်း ၂ ကို ရီမု(အဝေးက) အထောက်အပံ့အနေနဲ့ ပေးမယ် …”
“ နားလည်ပြီ …”
လင်းရီ အသိအမှတ်ပြု လက်ခံလိုက်ပြီး ခေါ်ဆိုမှုကို အဆုံးသတ်လိုက်သည်။
ကောင်းကင်ကြီး တဖြည်းဖြည်း နက်မှောင်လာသည်နှင့် အမျှ … လင်းရီကလည်း ကျယ်ဝန်းသည့် ဧည့်ခန်းကြီးထဲ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။
ဖော်မပြနိုင်သည့် စိတ်တိုစရာ ကိစ္စ တစ်ရပ်က သူ့ရင်ကို လေးလံအောင် ဖိနှိပ်နေပြီး အချိန်ကြာမြင်အောင် မသောက်ဖြစ်သည့် စီးကရက်များပင် လေးငါးဆယ်လိပ် ဆယ်သောက် သောက်နေမိသည်။
တစ်နာရီခန့်ကြာပြီးနောက် ရှောင်ပင်းနှင့် ကျန်သူများက ကျိုကျုံးဗီလာသို့ ပြန်ရောက်လာကြပြီး လင်းရီအတွက် ညစာပါ ပါဆယ်ဆွဲလာခဲ့ကြသေး၏။
သူတို့ အကုန်လုံးက ကျယ်လောင်စွာ စကားပြောဆိုနေကြရင်း ခြံဝန်းထဲသို့ ဝင်လာကြသည်။ ကြည့်ရသည်မှာ အချိန်ကောင်းလေးများ ပိုင်ဆိုင်နေဟန်ပင်။
“ အစ်ကိုရီ … ကိစ္စတစ်ခုခု ရှိလို့လား …” ရှောင်းပင်းက မေးလာသည်။
“ ငါ စုန့်ကျန်း ရဲစခန်းကို ရောက်သွားတော့ မာတဲ့ဟုန်က သေနေပြီ ….”
“ သေပြီ ဟုတ်လား …”
ဤသတင်းက လူတိုင်းရဲ့ အမူအရာကို ရုတ်ချည်း ပျက်ယွင်းသွားစေသည်။ ယခုလို ဖြစ်လာလိမ့်မည်ကို မည်သူကမျှ မျှော်လင့်မထားခဲ့ကြချေ။
“ သူက တိတ်တိတ်လေး သတ်ခံလိုက်ရတာ … ဘယ်သူလုပ်သွားလဲဆိုတာတော့ ခုထိ ရှာမတွေ့သေးဘူး ….”
“ သူက အချူပ်ထဲမှာ ရှိနေတာတောင် ဒီလိုမျိုး လုပ်နိုင်တယ်ဆိုတော့ အတွင်းသူလျှို ရှိနေတာ ဖြစ်နိုင်တယ် ….”
“ ဒီကိစ္စကို လောဖို့ မလိုသလို စိတ်ပူစရာလည်း မလိုဘူး …” လင်းရီ လည်ချောင်းရှင်းလိုက်ပြီး “ နေရာရှာပြီး ထိုင်ကြ … မီတင် အခုစမယ် … ငါတို့မှာ မစ်ရှင် အသစ် ရှိလာပြီ …”
ရေကြီးခွင်ကျယ်တွေ လုပ်မနေဘဲ လူတိုင်း ရှိရာ ထိုင်ခုံများတွင် ဝင်ထိုင်၍ လင်းရီ တာဝန်ခွဲဝေပေးမှာကို စောင့်ဆိုင်းနေလိုက်ကြသည်။
“ ဒီဇင်ဘာ ၂၃ မှာ ဟုန်မန်ဂိုဏ်းက E အဆင့် ဗီဇဆေးရည်ကို ကျိုးဟိုင်က ဝယ်သူ တစ်ယောက်နဲ့ အပေးအယူ လုပ်မယ်လို့ သတင်းရထားတယ် … တည်နေရာက ဟောင်ကောင် ဟက်ပီးဗယ်လီ … ည ကိုးနာရီမှာ … ခုံနံပါတ်တွေက 14-35 ၊ 14-36 … မင်းတို့ အကုန်လုံး အဲ့ဒီကို သွားဖို့ လိုလိမ့်မယ် ….”
“ သေစမ်း … ဟုန်မန်ဂိုဏ်းက အတင့်ရဲသထက်ကို ရဲလာနေပြီပဲ … သူတို့က ဟွာရှကိုတောင် မကြောက်မရွံ့ ဒီလိုကိစ္စမျိုးတွေကို ပေါ်ပေါ်ထင်ထင် လုပ်ဝံ့တဲ့အထိ သတ္တိကောင်းနေတယ် ….” စွေ့ချန် ပြောလိုက်၏။
“ အခု ငါတို့မှာ အခွင့်မှာ အခွင့်အရေး ရှိလာပြီပဲဟာ ….”ကျန်းချောင်ယွဲ့က ခစ်ကနဲ ရယ်ရင်း ပြောလိုက်ပြီး “ စကားပုံတွေအတိုင်းပဲ ကိုယ်က သေဖို့ မတောင်းဆိုရင် သေမှာ မဟုတ်ဘူးတဲ့ …. ငါတို့က ကိုင်တွယ်ဖို့ အခွင့်အရေးကောင်း ရှာနေတာကို သူတို့က အခွင့်အရေးကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး လာပေးနေတယ် ...”
“ ဒါကြောင့်မို့ … ဒီရဲ့ စစ်ဆင်ရေးက အရင်တစ်ခေါက်ကထက်ကို ပိုကြမ်းဖို့များတယ် … ကိုယ့်စိတ်ကိုယ် ပြင်ဆင်ထားကြ ….”
“ နားလည်ပါပြီ … အမြဲတမ်း ရယ်ဒီပါပဲ ….” လူတိုင်း မတ်တပ်ရပ်ပြီး ပြောလိုက်ကြသည်။
ခရိတ်ခ် ….
လင်းရီ စကားဆက်မပြောနိုင်သေးခင်မှာပဲ ခြံဝန်းအပြင်ဘက်တွင် ကားဘရိတ်အုပ်သံ တစ်သံ ကြားလိုက်ရပြီး အိမ်ထဲရှိ လူတိုင်း မသိစိတ်အလျောက် အပြင်သို့ လှမ်းကြည့်မိလိုက်ကြသည်။
အပြင်ဘက်တွင် ထိုးရပ်လာသည့်ကားက ကျီချင်းရန်၏ မာစီးတီး ဖြစ်နေသည်ကို သတိထားမိလိုက်သည်။
သူ အနည်းငယ် အံ့အားသင့်သွားခဲ့၏။ သူမ ယခုလို အချိန်မျိုးမှာ ရောက်ချလာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။
ထို့နောက် ကျီချင်းရန်က အိတ်ကြီး အိတ်ငယ် အသွယ်သွယ်ဖြင့် အထဲသို့ ဝင်လာပြီး အိမ်ထဲရှိ မြင်ကွင်းကို မြင်တော့ သူမ အင်မတန် အံ့အားသင့်သွားခဲ့သည်။ လင်းရီ၏ အိမ်တွင် ဤမျှ လူအများအပြား ရှိနေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပါချေ။
“ ငါ … ငါ နှောင့်ယှက်မိသွားသေးလား …”