တဖြည်းဖြည်း ဝေးကွာလာတဲ့ သူစိမ်းတွေ
Vol. 150 Ch. 2222
ကျီချင်းရန်၏ ခန္ဓာကိုယ် တုန်ယင်သွားသည်။ ညင်သာစွာ ကြည့်ရှုနေသည့် သူမ၏ မျက်ဝန်းထဲ ရင်နာသည့် အငွေ့အသက်တို့ ဖြတ်ပြေးသွား၏။
သူမ အတိတ်မှာ သိခဲ့တဲ့ လင်းရီက ဘယ်လိုဖြစ်ပြီး ဒီခုလိုမျိုး ဖြစ်သွားခဲ့ရတာလဲ …
သူက အမြဲတမ်း သူ ကြိုက်တာမှန်သမျှ အကုန်လုပ်ပြီး သူများတွေကို လေကုန်ခံ ရှင်းပြရတာကိုလည်း မကြိုက်ဘူးလေ …
ပြီးတော့ ယခုလို မျက်နှာပူစွာ ရှင်းပြနေဖို့ ဆိုသည်မှာလည်း ဝေလာဝေး ဖြစ်၏။
ဒီလိုတွေ ဖြစ်လာအောင်လည်း သူမကိုယ်တိုင် ပြုလုပ်ခဲ့တာ ဖြစ်သည်။ သူ့ကို ဒီလိုပုံစံမျိုး ဖြစ်လာအောင် ထိန်းကျောင်းခဲ့မိတာ ဖြစ်၏။
သိမ်မွေ့စွာဖြင့် … ကျီချင်းရန် သူမ၏ လက်ကို ဆန့်တန်းလိုက်ပြီး လင်းရီ၏ မျက်နှာကို ညင်သာစွာ ထိတွေ့လိုက်သည်။
ယခု အခိုက်အတန့်၌ သူမရင်ထဲ ခံစားချက်တွေ ဘယ်လောက်တောင် ကသောင်းကနင်း နိုင်နေလဲ ဆိုတာကို မည်သူကမျှ သိနိုင်မှာ မဟုတ်ချေ။ မရေမတွက်နိုင်သည့် ဝိရောဓိ ဖြစ်စရာ ခံစားချက်တို့က သူမရင်ထဲတွင် ဆူးချုံပင်ကဲ့သို့ အမြစ်တွယ် ကြီးထွားလာနေသည်။
၎င်းတို့က သူမခန္ဓာကိုယ်ထဲ ပြေးလွှားနေသည့် မြန်နှုန်းမြင့် ရထားနှစ်စင်း အချင်းချင်း တိုက်မိသကဲ့သို့ပင်။ ကျီချင်းရန်မှာ အောက်ထပ်တွင် ပြောနေသည့်စကားတိုင်းကို ရှင်းလင်းစွာ ကြားခဲ့ရ၏။ သူ့ရဲ့ အမူအရာကို မမြင်တွေ့သည့်တိုင် လင်းရီ ရင်ထဲရှိ ကူကယ်ရာမဲ့နေမှုကိုတော့ နားလည်နိုင်သည်။
သူ ဆယ်စုနှစ်နဲ့ချီ မသောက်ခဲ့တဲ့ ထိုဆေးလိပ်တို့က သူ့ခံစားချက်များအတွက် အကောင်းဆုံးသော သက်သေများပင်။
ဤသုံးနှစ်တာကာလအတွင်း သူမက လင်းရီဘေးနားတွင် အများဆုံး ရှိနေပြီး မည်သူကမျှ လင်းရီအကြောင်းကို သူမထက်ပိုပြီး နားလည်နိုင်မှာ မဟုတ်ချေ။
အတိတ်က လင်းရီသည် ထိုသို့သော ပြဿနာရပ်များပေါ်တွင် အချိန်ကုန်ခံနေလိမ့်မှာ မဟုတ်ပေ။
အားလုံးက သူမကြောင့်ပဲ ဖြစ်၏။ နောက်ကွယ်ကနေ ပံ့ပိုးပေးတတ်သည့် ပါတနာ တစ်ယောက် ဖြစ်လာဖို့ ကြိုးစားရင်း သူ့တိုးတက်မှုလမ်းကြောင်းတွင် ပိတ်စို့နေသည့် ခလုတ်ကန်သင်း တစ်ခု ဖြစ်လာသည်။
ကျီချင်းရန် တွေးတောလေ၊ စိတ်ထဲ ဝမ်းနည်းမိလာပြီး နောင်တရလာခဲ့၏။ သူမ ထိုသို့သော လူစားမျိုး ဆက်မဖြစ်ချင်တော့ပေ။
သူမ အကြောက်ဆုံးသော ထိုလူစား ၊ ကြောက်ခဲ့မိသည့် ထိုသို့သော ဆက်ဆံရေး ။
သို့ပေမယ့် လူဆိုသည်မှာလည်း တစ်ခါတစ်ရံ မိမိတို့ ဖြစ်လာမှာ ကြောက်သည့် ၊ သို့မဟုတ် မုန်းတီးသည့် လူစားမျိုးတို့ ဖြစ်မှန်းမသိ ဖြစ်လာတတ်ကြသည်။
ကျီချင်းရန်တွင် ပြောလိုသည့် စကားလုံးပေါင်း ထောင်သောင်းနှင့်ချီ ရှိနေသည်။ အဆုံးသတ်တွင်တော့ စကားတစ်လုံးမျှ ပြောထွက်မလာခဲ့ချေ။ အကုန်လုံးက လည်ချောင်းဝတွင် တစ်စို့နေလျက်သာ ရှိပြီး သူမကို နစ်မွန်းလာစေသည်။
သူမ ဒီလိုမျိုးတွေ ဖြစ်မလာစေချင်ပေ။ သို့ပေမယ့် သူမ တတ်နိုင်သည့်အရာကလည်း မရှိပေ။
သူမ တစ်ကိုယ်ကောင်းဆန်မိတာကို ဝန်ခံသည်။ ထိုအရာကလည်း လင်းရီကို မဆုံးရှုံးလိုသောကြောင့်ဖြစ်သည်။
သူသာ မရှိပါဘူးဆိုပါက သူမ ဘဝသည်လည်း အဓိပ္ပာယ် ရှိမှာ မဟုတ်တော့ချေ။
ရှည်လျားသည့် တိတ်ဆိတ်မှုက ကြီးစိုးနေပြီး ထိုအခိုက်အတန့်၌ အချိန်နှင့် အာကာသသည် အေးခဲနေဟန်ရသည်။
နောက်ဆုံး၌ တိတ်ဆိတ်မှုကို လင်းရီကပဲ ဖြိုခွင်းလာသည်။
“ ဘာလို့ တိတ်နေတာ … ညစာ စားမယ် ပြောခဲ့တာ မဟုတ်ဘူးလား … အပြင်ထွက်ပြီး စားမလား … ဒါမှမဟုတ် မင်းဖို့ တစ်ခုခု လုပ်ပေးရမလား …”
ကျီချင်းရန် ခေါင်းယမ်းလိုက်၏။ ကသောင်းကနင်း လှိုင်းထနေသည့် သူမ၏ ခံစားချက်များကို ပြန်တည်ငြိမ်စေရန် ကြိုးစားနေသည်။
“ ငါ မဆာဘူး … မစားတော့ဘူး … နင် အဝတ်တွေ တော်လား မတော်လား သွားဝတ်ကြည့်လိုက်….”
“ ကောင်းပြီလေ … ငါ သွားဝတ်ကြည့်လိုက်ဦးမယ် …”
လင်းရီ အဝတ်များကို ယူ၍ အဝတ်လဲခန်းထဲသို့ ဝင်သွားခဲ့သည်။
ကျီချင်းရန်က တံခါးအပြင်ဘက်တွင် ရပ်နေပြီး တိတ်ဆိတ်နေကာ လင်းရီ ထွက်လာမှာကို စောင့်ဆိုင်းနေသည်။
ဆယ်မိနစ်ခန့် ကြာပြီးနောက် လင်းရီက ကျီချင်းရန် သူ့အတွက် ဝယ်လာပေးသည့် အဝတ်သုံးစုံလုံးကို စမ်းဝတ်ကြည့်ပြီး အကုန်လုံးက သူနှင့် ကွက်တိပင်။
“ ဝတ်ကြည့်စရာ မလိုပါဘူးလို့ ပြောသားပဲ မလား … ငါ မင်းကို ယုံပါတယ်ဆို ….”
ကျီချင်းရန် အားတင်းပြုံးလိုက်ပြီး “ နင်က တစ်ချိန်လုံး ဝိတ်ထိန်းထားတော့ ပုံလည်း မပြောင်းသွားဘူးလေ …”
“ ယှဉ်ကြည့်လိုက်ရင် မင်းက မဖြစ်တော့ဘူးပဲ ...”
“ ငါက ဘယ်မှာ မဖြစ်နေလို့ … အဆင်ပြေပါတယ် … အရင်အတိုင်းပါပဲ …”
“ အခု မင်းရဲ့ တင်ပါးက အရင်ကထက်ကို ကောက်လာပြီ … အဲ့တာလည်း ပုံပြောင်းသွားတာ မဟုတ်လို့လား …”
“ တော် …၊ ငါက အခု ပိုကောင်းလာတာ … “ ကျီချင်းရန် ပြောလိုက်ပြီး “ အဝတ်တွေ တော်နေသေးသရွေ့ အဆင်ပြေတယ် … ငါအခု ရေသွားချိုးတော့မယ် …”
“ အိုကေ …”
လင်းရီ ခွန်းတုံ့ပြန်လိုက်ပြီး ကျီချင်းရန် ရေချိုးခန်းထဲ ဝင်သွားတာကို ကြည့်နေလိုက်သည်။ ထို့နောက် သူ့အခန်းထဲ ပြန်သွားလိုက်၏။
“ လင်းရီ ….”
သူ အခန်းထဲ ဝင်တော့မည့် အချိန်မှာပဲ ကျီချင်းရန်က ရေချိုးခန်း တံခါးဝတွင် ရပ်၍ သူ့အား ကြည့်လာသည်။
“ ဘာလဲ …”
“ ငါ ဒီနေ့ မလာခဲ့သင့်ဘူးလို့ ထင်လား …”
“ မင်းက ဘာလို့ မလာသင့်ရမှာ …. မင်းနေ့တိုင်းနေ့ လာရင် ပိုတောင် ကြိုက်သေးတယ် … အတူအိပ်လို့ မရတာတော့ ဆိုးတာပေါ့ ….” လင်းရီ ရယ်ကျဲကျဲဖြင့် ပြောလိုက်၏။
“ ဒါပေမယ့် မင်း သန့်ရှင်းဆေးကြောပြီးသွားရင်တော့ ငါ့ကို လာရှာလို့ ရပါတယ် …”
“ ဟွန့် … နှာဘူးကောင် …”
ရေရွတ်ပြီးနောက် ကျီချင်းရန် ရေချိုးခန်းထဲ ဝင်သွားခဲ့သည်။
လင်းရီ စက္ကန့်အနည်းငယ်ကြာအောင် ငြိမ်သက်ပြီး သူ့အခန်းထဲသို့ ဝင်၍ ကျန်ရှိသည့် ကိစ္စများကို စုစည်းရင်း စိတ်ထဲတွင် ဖြစ်ပျက်ခဲ့သည့်ကိစ္စများထဲ ပြန်သွားလည်သည်။
သူ့ အလိုလို သိစိတ်က ပြောပြနေသည်မှာ မာတဲ့ဟုန် လိမ်ညာပြီးပြောဖို့ အတော်လေး မဖြစ်နိုင် ဟူ၍ပင်။
ဟုန်မန်ဂိုဏ်းသားများကလည်း သူတို့ရဲ့ အပေးအယူသတင်း ပေါက်ကြားသွားခဲ့လိမ့်မည်လို့ မျှော်လင့်ထားမှာ မဟုတ်ချေ။
သူတို့ရဲ့ အပေးအယူကို အဆုံးသတ်ပြီး ပါဝင်ပတ်သက်သည့် လူများကို ဖမ်းဆီးဖို့က သူ စိတ်ကူးထားသလောက် မခက်ခဲတာမျိုးလည်း ဖြစ်နိုင်သည်။
ယခု ကျန်ရှိသည့် တစ်ခုတည်းသော ပြဿနာက ကျိုးဟိုင်ဘက်ခြမ်းရှိ ဝယ်လက်က မည်သူမည်ဝါလဲဆိုတာကို ရှာတွေ့ဖို့ပင်။
မာတဲ့ဟုန်ကို တိတ်တဆိတ် သတ်ဖြတ်သွားသည့်လူကတော့ … ထိုကိစ္စကို နောက်မှ ဖြည်းဖြည်းချင်း စုံစမ်းလို့လည်း ရသည်။
နာရီဝက်ခန့် ကြာပြီးနောက် ရေချိုးခန်းထဲ ရေစက်တို့ ကျဆင်းနေသည့် အသံများလည်း ရပ်တန့်သွားသည်။
မိနစ် အနည်းငယ်ကြာပြီးနောက် ကျီချင်းရန်က စိုထိုင်းသည့် ဆံနွယ်တို့နှင့် ၊ ခန္ဓကိုယ်ကို ရေချိုးပုဝါအရှည်ဖြင့် ပတ်ထားကာ နှင်းကဲ့သို့ ဖြူဖွေးသည့် ပုခုံးသားလေးများအား လှစ်ဟာပြနေသည်။
ရေချိုးခန်း တံခါးပေါက်ဝတွင် ရပ်နေရင်း ကျီချင်းရန်၏ အကြည့်က လင်းရီ အခန်းသို့ ရောက်သွားသည်။
ဝေးကွာသွားသည့် သူစိမ်းတစ်ယောက်ကို ကြည့်နေသည့်နှယ်ပင်။
……
ဖန့်ချိန် ၊ ယွဲ့ဟိုင် လက်ဖက်ရည်အိမ်တော်။
တူညီသည့် အခန်း ၊ ရင်းနှီးနေသည့် အဆိုပါ မျက်နှာများပဲ ဖြစ်၏။
လင်းဟန်က A4 စာရွက်တစ်ရွက်ကို စားပွဲပေါ်သို့ တွန်းပို့ပေးလိုက်သည်။
“ ဒါက မာတဲ့ဟုန် သေကြောင်း ထုတ်ပြန်တဲ့ အစီရင်ခံစာပဲ ….”
မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် ဆံပင်အတိုနှင့် လူက စာရွက်ကို သူ့လက်ထဲယူပြီး တစ်ချက် ကြည့်လိုက်သည်။
“ ပုဖာ ဘဏ်က ဖောက်သည်တွေရဲ့ သတင်းအချက်ရော ….”
လင်းဟန် စကားမဆိုချေ။ သူမရဲ့ အိတ်ထောင်ထဲသို့ ခေတ္တခန့် လှန်လောပြီးနောက်တွင် USB တစ်ခုကို ထုတ်၍ စားပွဲတစ်ဖက်သို့ လျှောခနဲ ပို့ပေးလိုက်သည်။
ဆံပင်အတိုနှင့် အတူပါလာသူက USB drive ကို ယူပြီး လက်တော့ထဲသို့ ထိုးသွင်းလိုက်၏။ အတွင်းရှိ အချက်အလက်များကို စစ်ဆေးပြီးနောက် ဆံပင်အတိုနှင့် အမျိုးသားက ခေါင်းညိတ်လိုက်သည်။
“ မင်းတို့နဲ့ ပူးပေါင်းရတာ အဆင်ပြေတယ် … ငါတို့ အခု စလို့ရပြီ …” ဆံပင် အတိုနှင့် အမျိုးသားက ပြောလိုက်သည်။ “ တကယ်လို့ မင်းဘက်က အဆင်သင့် မဖြစ်သေးဘူးဆိုရင် ငါတို့ မင်းကို မိနစ် နည်းနည်း ပေးလို့ ရတယ် …”
“ အခုပဲ စကြတာပေါ့ …” ပြောရင်းဖြင့် လင်းဟန်က သူမရဲ့ အင်္ကျီလက်ကို လိပ်တင်လိုက်သည်။
ဆံပင်အတိုနှင့် အမျိုးသားက လေကုန်ခံမနေဘဲ ဘေးရှိ ငွေရောင် လက်ဆွဲ သေတ္တာကို ဖွင့်ပြီး E အဆင့် ဗီဇဆေးရည်ကို ထုတ်ယူလိုက်သည်။ဆေးထိုးအပ်ထဲသို့ ထည့်ပြီးနောက် လင်းဟန်ထံသို့ ချဉ်းကပ်လာသည်။
“ ငါတို့ရဲ့ ဆေးရည်က အတော်လေး အဆင့်မြင့်တယ် … ဒါပေမယ့် မတူကွဲပြားတဲ့ ကိုယ်ခံအားပေါ် မူတည်ပြီး ဆိုးကျိုးတစ်ချို့လည်း ရှိလာနိုင်တယ် … မအီမသာ ဖြစ်တာ ၊ ပျို့အန်တာ ၊ မူးနောက်နောက်ဖြစ်တာ ဒါတွေ အကုန်လုံးက ပုံမှန် ဖြစ်ရိုးဖြစ်စဉ်တွေပဲ … အလွန်ဆုံး တစ်ပတ်ကနေ တစ်လလောက်အထိ ကြာလိမ့်မယ် … ပြီးရင် ဓာတ်ပြုမှုတွေလည်း ပြိုကွဲသွားလိမ့်မယ် ….” ဆံပင်အတိုနှင့် လူက အသံကို နိမ့်ပြီး ပြောလိုက်သည်။
“ ဒီ အတောအတွင်း လေ့ကျင့်ရေးဆင်းတာ … ဒါမှမဟုတ် တန်းထျန်အတွင်းအားကို မသုံးမိစေနဲ့ …. ဘေးထွက်ဆိုးကျိုးတွေ ပျောက်သွားတော့မှ ပုံမှန်အတိုင်း ဆက်လုပ် ….”
“ နားလည်တယ် …”
အရာအားလုံး အဆင်သင့် ဖြစ်သည်နှင့် ဆံပင်အတိုနှင့် အမျိုသားက အပြာဖျော့ဖျော့ အရည်များကို လင်းဟန်၏ ခန္ဓာကိုယ်ထဲသို့ ထိုးသွင်းလိုက်သည်။
“ ငါတို့ အပေးအယူ ပြီးပြီ … “
အမျိုးသားနှစ်ယောက်က မည်သည့် အပိုစကားတို့မျှ မပြောဆိုတော့ဘဲ ဆေးထိုးအပ်ကို ပြန်နှုတ်၍ ငွေရောင် လက်ဆွဲ သေတ္တာထဲသို့ ထည့်ပြီး လက်ဖက်ရည်အိမ်တော်ထဲက ထွက်သွားခဲ့သည်။
လင်းဟန်မှာ နဂိုပုံစံအတိုင်း ငူငူငိုင်ငိုင်ကြီး ဖြစ်နေလျက် ရှိ၏။ သူမ၏ မျက်ဝန်းတို့မှာလည်း ယခင် ရွှန်းစိုမှုတို့ ပျောက်ကင်းနေသည်။
“ ဟန်လေး … မြေးအဆင်ပြေရဲ့လား … မအီမသာ ဖြစ်သာတွေ ရှိလား ….”
လင်းဟန် ပြန်မဖြေခဲ့။ သူမမှာ ကြက်သေသေနေသကဲ့သို့ ရှိသည်။
“ ရှောင်ဟန် …”
“ အဘိုး …” လင်းဟန် ဟာလာဟင်းလင်း ဖြစ်နေသည့် အမူအရာဖြင့် ပြောလိုက်၏။
“ ဘာဖြစ်လို့လဲ …” လီဝန်ကျွင်းက အနည်းငယ် စိုးရိမ်ကြောင့်ကြနေလျက် ရှိသည်။ “ သက်တောင့်သက်သာ မဖြစ်ဘူးဆို အဖိုးကိုပြော … ဖုံးကွယ်မထားနဲ့ ….”
လင်းဟန်မှာ ရုတ်တရက်ချည်း လေလျော့သွားသည့် ပူဖောင်းနှယ် ဖြစ်သွားခဲ့သည်။
“ အဘိုး … သမီး အခုလုပ်နေတာက မှန်တယ်မလားဟင် …”
မျက်ရည်များက လင်းဟန်၏ ပါးပြင်ထက်သို့ စီးကျလာသည်။ “ သမီး အရင်က ဝတ်ခဲ့တဲ့ ယူနီဖောင်းကို အားနာမိတယ် ….”
“ ထောင်မြင်ရင် ရာစွန့်ရတယ် … အောင်မြင်မှု ကြီးကြီးမားမားရဖို့ ပေးဆပ်မှုတစ်ချို့တော့ လုပ်ရမှာပဲ … လူတိုင်းလည်း ဒီလို ရှက်ဖို့ကောင်းတဲ့ အတွေ့အကြုံတွေကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရတဲ့လူတွေချည်းပဲ … နောက်တော့မှ ပြန်ပေးဆပ်လည်း ရတယ် …”