← Chapters

ကလေးမွေးတာဖို့ မကြန့်ကြာစေနဲ့

Vol. 150 Ch. 2224

ကလေးမွေးတာဖို့ မကြန့်ကြာစေနဲ့

Vol. 150 Ch. 2224

“ ဘာအစီအစဉ်မှတော့ မရှိထားဘူးရယ် …” ကျီချင်းရန် လှည့်ကြည့်၍ ပြန်ပြောလိုက်ပြီး “ အမေ့ စိတ်ထဲ တစ်ခုခု ရှိလို့လား ….”

“ ငါလည်း မရှိဘူး … ဒါပေမယ့် နင် အန်တီဝမ်ကို မှတ်မိသေးလား … အမေ့ရဲ့ ကျောင်းတုန်းက သူငယ်ချင်းလေ … “

ကျီချင်းရန် ခေတ္တ စဉ်းစာလိုက်ပြီး သူမ အမှန်တကယ်လည်း အနည်းငယ် မှတ်မိနေကြောင်း သိရှိလိုက်သည်။

“ သိတယ် … ဆေးရုံမှာ အလုပ်လုပ်တဲ့ အန်တီမလား … သူက ဘာဖြစ်နေလို့ … ”

“ ဟုတ်တယ် ဟုတ်တယ် … သူက အခုဆို ဆေးရုံရဲ့ လက်ထောက် ဒါရိုက်တာတောင် ဖြစ်နေပြီ … သူပြောတာ ဆေးရုံက အခုတလော ပရိုမိုးရှင်းရှိတယ်တဲ့ … ပြီးတော့ အမေ့ကိုလည်း ကျန်းမာရေး အလကားစစ်ဆေးလို့ရမယ့် ကတ်တွေ ပေးလာတယ် … သိမ်းထားနေလည်း အလကား ဖြစ်မယ့်အတူတူ အမေတို့ လေးယောက်လုံး ကျန်းမာရေး သွားစစ်ကြရင် ကောင်းမလားလို့ …”

“ သမီးကတော့ တော်ပါပြီ … ငယ်သေးတယ်ဆိုတော့ ဘာကျန်းမာရေး ပြဿနာမှ ရှိမှာမဟုတ်ဘူး … အမေပဲ အဖေ့ကိုခေါ်ပြီး သွားလိုက် …” ပြောပြီးနောက် ကျီချင်းရန် ထပ်မံ ဖြည့်စွက်ပြောလိုက်သည်။ “ မဟုတ်လည်း မနက်ဖြန် အမေတို့နှစ်ယောက်ကို ခေါ်သွားပေးမယ်လေ …”

“ အဲ့လို မပြောစမ်းနဲ့ … နင့်အမေနဲ့ ငါကလည်း နေ့တိုင်း လေ့ကျင့်ခန်း ပုံမှန်လုပ်ပါတယ်ကွ … မင်းတို့ လူငယ်တွေသာ နေ့တိုင်းနေ့ ရုံးခန်းထဲ ထိုင်ရာက မထ အလုပ်တွေ လုပ်၊ ပြီးရင်လည်း အပြင်စာတွေ မှာစား … အဲ့တာတွေက ကျန်းမာရေးအတွက် မကောင်းဘူး … မင်းတို့နှစ်ယောက် မနက်ဖြန် အချိန်ရှိတယ်မလား … အတူသွားပြီး ကျန်းမာရေး သွားစစ်ဆေးလိုက် … တစ်ခုခုဆို အချိန်မီ ကုသလို့ ရတာပေါ့ ….”

“ အာ … သမီးတို့က ဘာများ ဖြစ်နိုင်မှာမို့လို့လဲ …”

“ အဲ့လိုတော့ ဘယ်ပြောလို့ ရမှာ … ဒီနေ့ခေတ် မင်းတို့လူငယ်တွေက လူကြီးထက်ကို ပိုပြီး ရောဂါထူကြသေးတယ် … မနက်ဖြန် အတူသွားကြမယ် …”

“ သမီးတော့ မသွားဘူး … ကျန်းမာရေး စစ်ဆေးတာက အချိန်ပေးရတယ် … ကုမ္ပဏီမှာ လုပ်စရာတွေ အများကြီး ရှိတယ် …”

“ ကုမ္ပဏီက နင်မရှိလို့လည်း ပြိုမကျသွားပါဘူးအေ … ပြီးတော့ ….”

“ အန်တီ … ၊ ကျွန်တော်နဲ့ ချင်းရန်တို့ နှစ်ယောက်လုံး အရင်က ကျန်းမာရေး စစ်ဆေးပြီးသားမို့ပါ … ကောင်းကောင်းမွန်မွန် ကလေးယူနိုင်တဲ့အထိ ကျန်းမာပြီးသား … ဒီတော့ အများကြီး စိတ်ပူမနေပါနဲ့ … “ လင်းရီ ရယ်မောရင်း ပြောလိုက်ပြီး ကျီချင်းရန်၏ ပခုံးကို ဖက်ထားလိုက်သည်။

ကျီချင်းရန် “ …. “

“ အဲ့တာဆိုလည်း မသွားနဲ့တော့ .. နင်တို့နှစ်ယောက် သွားအိပ်ကြတော့ … ဆယ်နာရီတောင် ကျော်နေပြီ … နောက်ကျတဲ့အထိ နေမနေကြနဲ့ ….”

“ အိုကေ အိုကေ … ဒါဆို ကျွန်တော် သွားအိပ်တော့မယ် … နောက်နှစ်ကျရင် အန်တီ မြေးချီနိုင်အောင် အမြန်ဆုံးကြိုးစားပေးမယ် …”

“ ကောင်းတယ် ကောင်းတယ် … ငါလည်း အိမ်မှာချည်း နေရတာ ပျင်းလာပြီ … နင်ကလည်း မငယ်တော့ဘူးဆိုပြီး မြန်မြန်လုပ်ပြီး ကလေးတစ်ယောက်မွေးတော့ …”

“ ဟုတ် အန်တီ … စိတ်ချပါဗျ … ကျွန်တော် ဒီမစ်ရှင်ကို ကျေပွန်အောင် ထမ်းဆောင်မှာပါ ….”

စုန့်လန်၏ လောဆော်တိုက်တွန်းမှုအောက်တွင် နှစ်ယောက်မှာ အိပ်ခန်းထဲသို့ ရောက်လာခဲ့ကြ၏။ သူတို့နှစ်ယောက်ကိုလည်း ကလေးမြန်မြန်ရပါစေဟု ဆုတောင်းပေးနေသည်။

ကျီချင်းရန်မှာ တစ်ချိန်လုံး နှုတ်ဆိတ်နေပြီး ကိုယ့်ကိုယ်ကို အရူးတစ်ယောက်နှယ် ခံစားနေရသည်။

သူမ အမေပေးသည့် အရိပ်အမြွက်တို့က ရှင်းလင်းသိသာနေသည့်တိုင် သူမကတော့ ကောင်းမွန်စွာ မဆုပ်ကိုင်နိုင်ခဲ့ချေ။

အခန်းထဲ ရောက်တော့ လင်းရီက သူ့ အိပ်ရာခင်းသူ ထုတ်ပြီး ကြမ်းပြင်တွင် ခင်းလိုက်၏။

“ နောက်တစ်ထည်လောက် ထပ်ခင်းလိုက် … အခုတလော ညပိုင်းတွေ အရမ်း အေးလာပြီ ….” ကျီချင်းရန် ပြောလိုက်သည်။

“ မလိုဘူး … ငါ့ခန္ဓာကိုယ်က အအေးဒဏ်ခံနိုင်တယ်လေ … ငါ့ကို မပူနဲ့ … မင်းသာ သွားပြီး ဆေးကြောချည် …”

“ အိုး … အိုကေလေ …”

ကျီချင်းရန် လှည့်ပြီး ထွက်ခွာသွားခဲ့၏။ ထို့နောက် လင်းရီလည်း ဖုန်းထုတ်၍ ဟောင်ကောင်ရှိ အခြေအနေကို စစ်ဆေးလိုက်သည်။ ပုံမှန် မဟုတ်သည့် မည်သည့် ဖြစ်ရပ်မျှ ဖြစ်ပွားခြင်း မရှိသေးချေ။

နောက်တစ်နေ့ နံနက်သည်လည်း ပုံမှန်အတိုင်းပင်။

ညနေခင်း အချိန်ရောက်တော့ လင်းရီသည် ထုံးစံအတိုင်း ကျီချင်းရန်ကို အလုပ်က သွားကြိုပေးသည်။ သို့သော် ကျီချင်းရန်၏ အိမ်သို့ ရောက်ပြီးနောက်တွင် ချက်ချင်း ထွက်ခွာဖို့ စီစဉ်ထား၏။ သူ့ အသင်း၏ ညပိုင်းတာဝန်များကြောင့် ကျီချင်းရန်၏ အိမ်တွင် ညအိပ်မည်ဆိုပါက သိပ်အဆင်မပြေလှပေ။

“ လာတောင် လာပြီးနေပြီကို ဘာလို့ ပြန်တော့မှာလဲ …. ဒီမှာ ထမင်းတွေလည်း ပြင်ထားတာကို ….” စုန့်လန် ပြောလိုက်၏။

“ ဒီတိုင်း အိမ်မှာ ကိစ္စနည်းနည်း ရှိလို့ပါ အန်တီ …”

“ ဒါဆိုလည်း ထမင်းတော့ စားသွား … ပြီးရင် နင်တို့နှစ်ယောက် အတူပြန်ကြ … မဟုတ်ရင် ဒီလောက် အများကြီး ချက်ထားတာ အလကား ဖြစ်သွားလိမ့်မယ် …”

စုန့်လန်၏ အားတက်သရော ဖြစ်နေသည့် ပုံစံကို မြင်တော့ လင်းရီလည်း ငြင်းရအခက် ဖြစ်သွားခဲ့၏။ ထို့ကြောင့် ကျီချင်းရန်နှင့် အတူ အိမ်ထဲသို့ ဝင်လာခဲ့သည်။

ညစာစားပြီးနောက် လင်းရီတွင် လုပ်စရာ ကိစ္စများ ရှိသည်ကို နားလည်သဖြင့် စုန့်လန်က ထပ်ပြီး မဆွဲထားတော့ချေ။

“ နင်လည်း အိမ်မှာ မနေနဲ့ … သွားပြီး လင်းရီနဲ့ သွားနေပေးလိုက် …”

“ အာ … ဘာလို့လဲ … သမီး ဒီမှာနေတာလည်း အကောင်းကြီးပဲကို …” ကျီချင်းရန်၏ စိတ်ထဲတွင် ခုခံလိုစိတ်တို့ အနည်းငယ် ကျန်ရှိနေဆဲပင်။

“ နင်တို့နှစ်ယောက် မလုပ်ရသေးဘဲ ကျန်တာက လက်ထပ်တာ တစ်ခုတည်းပဲ ကျန်တယ် … နင်တို့နှစ်ယောက်နဲ့ လက်ထပ်ပြီးတဲ့ စုံတွဲတွေကြား ဘာမှကွာတာ မရှိဘူး .. နေ့တိုင်းနေ့ အတူနေပြီး အိမ်တောင် ပြန်မလာချင်တာကို အခုမှဘာတွေ လာပြီး ရှက်ပြနေတာ … တကယ်ပါပဲ ….”

စုန့်လန်၏ သဘောထားက အတော်လေး ခိုင်မာသည်။ ကျီချင်းရန် တုံ့ဆိုင်းနေတာကို ဂရုစိုက်မနေဘဲ နှစ်ယောက်လုံးကို အပြင်သို့ လိုက်ပို့လိုက်သည်။

ကျီချင်းရန်လည်း ရွေးချယ်စရာ မရှိပါဘဲ လင်းရီ၏ ကားထဲသို့ မဝင်ချင် ဝင်ချင်ဖြင့် ဝင်လိုက်ရသည်။ ပြီးနောက် သူတို့တွေ အိမ်က အတူထွက်ခွာလာခဲ့ကြပြီး ကျိုကျုံးဗီလာသို့ ဦးတည်လိုက်၏။

“ ငါ့ကို ယွမ်ယွမ်ရဲ့ အိမ်မှာ ချခဲ့ပေးလိုက် … ငါနင်နဲ့ မလိုက်ဘူး ….”

“ မင်းအဲ့ဒီကို ပထမဆုံး အကြိမ် သွားမှာလည်း မဟုတ်တာကို ဘာလို့လဲ …”

“ နင် အလုပ်လုပ်တာကို မနှောင့်ယှက်ချင်လို့ … ငါ ရှိနေရင် နင့်အတွက်လည်း အဆင်မပြေဘူးလေ …”

“ ဘာလို့ အဆင်မပြေရမှာ … ငါက မူးယစ်ဆေးတွေ ရောင်းဝယ်နေတာလည်း မဟုတ် ….”

ကျီချင်းရန် အသံတိတ်သွားခဲ့ပြီး လင်းရီနှင့်အတူ ကျိုကျုံးဗီလာသို့ ရောက်လာသည်။

အိမ်သို့ ပြန်ရောက်သည်နှင့် သူမကိုယ်သူမ အိမ်သန့်ရှင်းရေးကို စတင်ပြုလုပ်သည်။

စီးကရက်တိုများနှင့် ဆေးလိပ်ပြာများကို ကြည့်ရင်း ကျီချင်းရန် တစ်ခုခု ပြောချင်ပါသော်လည်း လျောက်ပတ်သည့် စကားလုံးများကို မရှာဖွေနိုင်ခဲ့ချေ။

လင်းရီကတော့ သတိပြုမိဟန် မပေါ်ပေ။ ဘာတစ်ခုမျှ လွဲချော်နေခြင်း မရှိသကဲ့သို့ သူမ သန့်ရှင်းရေးလုပ်သည်ကို ကူညီပေးနေလျက် ရှိသည်။

….

ဟောင်ကောင် ။

ဟက်ပီးဗယ်လီက ဟောင်ကောင်၏ တောင်ဘက်ဒေသ အလယ်ပိုင်းတွင် တည်ရှိပြီး တာပတ်ကွင်းတို့ အများအပြား ရှိရာ ဒေသတစ်ခုပင်။

မြင်းပြိုင်ပွဲများ ကြည့်ရသည်ကို နှစ်သက်သည့် ဟောင်ကောင်သားများ အဖို့ ထိုနေရာက သွားကို လည်သင့်သည့် နေရာတစ်ခု ဖြစ်၏။

တာပတ်ကွင်းကို အထပ်မြင့် အဆောက်အဦးကြီးများက ဝန်းရံထားပြီး တောင်တန်းများ ပတ်လည်ဝိုင်းရံနေသည်ဟူသော ခံစားချက်များကို ရရှိစေသည်။

နေရာက ကျယ်ပြောသည် ဆိုသော်လည်း ကျဉ်းကြုတ်သည်ဟူသော ခံစားချက်ကိုလည်း ခံစားနေရသည်။

မတတ်နိုင်ပေ။ မြေဈေးကွက် တန်ဖိုးကြီးသည့် ဟောင်ကောင်တွင် မြေတစ်လက်ကိုမျှ ဖြုန်းတီး၍ မဖြစ်ပေ။

ယင်းက နေရာကို ပြွတ်သိပ်သယောင် ခံစားရစေပြီး ကျဉ်းကြုတ်မှုကို ကြောက်ရွံ့တတ်သူများဆိုလျှင် အသက်ရှူရ ခဲယဉ်းလာနိုင်သည်။

ကျိုးဟိုင်တွင် ဆိုပါက ယခုလို ခံစားချက်မျိုးကို ဘယ်တော့မှ ခံစားနိုင်မှာ မဟုတ်ချေ။

ပြိုင်ပွဲက ည ၈ နာရီခွဲတွင် စတင်မည်။

သို့သော် ၇ နာရီဝန်းကျင်မှာပဲ ဧည့်သည်များကို စပြီး လက်ခံနေပြီ ဖြစ်၏။

ဝင်ငွေ တိုးပွားစေရန်အတွက်လည်း အတွင်းတွင် ဧည့်သည်များအတွက် အခြား ပိုက်ဆံသုံးနိုင်သည့် အရာများကိုလည်း စနစ်တကျ ထည့်သွင်းပေးထားသည်။

ထိုအတောအတွင်း စွေ့ချန် ၊ ရှောင်ပင်း၊ လော့ချီ ၊ ကျောက်ယွင်ဟူနှင့် ရှောင်းယွင်ဖုန်းတို့က ပွဲကျင်းပရာ နေရာထဲသို့ ရောနှောဝင်ရောက်နေပြီး သူတို့ကိုယ်သူတို့ ပွဲနေရာနှင့် ရင်းနှီးစေရန် လည်ပတ်လေ့လာနေကြသည်။

စစ်ဆင်ရေးက အပြစ်အနာအဆာ ကင်းမဲ့နေဖို့ လိုအပ်၏။

၇ နာရီဝန်းကျင်တွင် လာရောက်လည်ပတ်သူတို့က ပင်လယ်ထဲ စီးဝင်လာသည့် စမ်းချောင်းများနှယ် မပြတ် စီးဝင်လာခဲ့ကြသည်။

မြင်းပြိုင်ပွဲများကို အပတ်တိုင်းတွင် ကျင်းပလေ့ ရှိသော်လည်းပဲ ပွဲတိုင်းက လူတို့ ကြပ်ပိတ်သိပ်နေသည်။ ဤသည်ကပင် ဟောင်ကောင်သားတို့ မြင်းပြိုင်ပွဲအပေါ် မည်မျှ စွဲလမ်းရူးသွပ်ကြသည်ကို ဖော်ပြနေလျက် ရှိသည်။

ယွီစီယင်နှင့် ကျန်းချောင်ယွဲ့တို့လည်း လူအုပ်ကြီးထဲသို့ ရောနှော၍ အခြားသော လည်ပတ်သူများကဲ့သို့ ပွဲကျင်းပရာ နေရာထဲ ဝင်ရောက်လာသည်။

သူတို့ရဲ့ လှုပ်ရှားမှုကို အဆင်ပြေစေရန်အတွက် ယွီစီယင်နှင့် ကျန်းချောင်ယွဲ့တို့က သာမန် အဝတ်အစားများ လဲပြောင်းပြီး မိတ်ကပ် အနည်းငယ်တို့ကာ စုံတွဲများအဖြစ် ဟန်ဆောင်၍ သတ်မှတ်ထားသည့် ထိုင်ခုံများသို့ ရောက်လာသည်။

သူတို့ရဲ့ ထိုင်ခုံက 14-35 နှင့် 14-36 အနောက်တွင် ဖြစ်သည်။

မာတဲ့ဟုန်၏ သတင်းအချက်အလက်အတိုင်း ဆိုပါက ဤထိုင်ခုံနှစ်ခုံက အပေးအယူ ဖလှယ်မည့်နေရာပင်။

“ အစ်ကိုချန် … ရှင့်ဘက်ခြမ်းက အခြေအနေဘယ်လို ရှိလဲ …” သူတို့နေရာကို ရောက်ပြီးနောက် ဝေါ်ကီတော်ကီ အသေးစားလေးကတစ်ဆင့် လှမ်းမေးလိုက်၏။

“ အားလုံးပုံမှန်ပဲ …”

“ ဆက်ပြီးစောင့်ကြည့်နေဦး …”

“ အစ်မယင် … ခေါင်းဆောင်က ကျွန်မတို့နှစ်ယောက်ကို ဘာလို့ တွဲပေးတယ်ထင်လဲ … သူ ရည်ရွယ်ချက်ရှိရှိ လုပ်တယ်လို့ မထင်ဘူးလား ….”

“ ရည်ရွယ်ချက် ရှိရှိ ဆိုတာက နင် ဘာကို ပြောချင်တာ ….”

“ ဟိုလို ရည်ရွယ်ချက်ရှိရှိလေ …” ကျန်းချောင်ယွဲ့က ချစ်စဖွယ်လေး ပြောလိုက်ပြီး “ ကျွန်မအထင် အစ်ကိုရီက ကျွန်မတို့နှစ်ယောက်ကို လိုက်ဖက်လို့ စုံတွဲတွေလို ဟန်ဆောင်ခိုင်းတယ် ထင်တာပဲ … ချစ်သူနှစ်ယောက် ပုံစံက ကျွန်မတို့ နှစ်ယောက်နဲ့ ကိုက်ညီတော့ အသွင်ယူပြီး လူအုပ်နဲ့ ရောထွေးခိုင်းတာလို့ အဆင်ပြေတယ်လေ …”

“ နင် အတွေးလွန်နေပြီ … ငါက နင့်လို ‘ မောင်လေး’ တွေကို စိတ်မဝင်စားဘူး … ကိုယ့်အလုပ်ကိုယ် အာရုံစိုက်… ဒီည မစ်ရှင်က အရေးကြီးတယ် … တစ်ခုခု မှားယွင်းသွားရင် အသင်း သိက္ခာကျတယ် …”

All Chapters